← Chapters

အခန်း (၂၅၄၃-၂၅၄၄)

Vol. 255 Ch. 2543-2544

အခန်း (၂၅၄၃-၂၅၄၄)

Vol. 255 Ch. 2543-2544

အခန်း (၂၅၄၃) - တာ့ဟွမ်ဂိုဏ်းမှ လုကျိုယွမ်

“မင်း စကားမှားပြောမိတာ သေချာတာပေါ့၊ ဒါကြောင့်လည်း ငါတို့ ဘယ်နေရာမှာ ရှိလဲဆိုတာကို လာပြီး စုံစမ်းချင်နေတာကိုး။ ငါတို့ဆီက အခြေအနေတွေကို တကယ့်ကို သိချင်နေတာ မဟုတ်လား”

ယွီဟိန်ဂိုဏ်းသား၏ နှုတ်ခမ်းအစုံတွင် အေးစက်လှသော လှောင်ပြုံးတစ်ခု ပေါ်ထွက်လာသည်။

ဖန်ရွှေက မျက်မှောင်ကုတ်လိုက်ပြီး

“ပြောချင်လည်းပြော၊ မပြောချင်လည်းနေ၊ ငါက အရမ်းသိချင်နေတယ်လို့ ထင်နေလား။ မင်းတို့ ယွီဟိန်ဂိုဏ်းက ဂိုဏ်းသားတွေက တကယ့်ကို ယဉ်ကျေးမှု မရှိကြတာပဲ” ဟု ဆိုလိုက်သည်။

ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရုတ်တရက် လှောင်ရယ်သံများ စုပြုံထွက်ပေါ်လာခဲ့သည်။

ဂိုဏ်းသားတစ်ဦးက နှာခေါင်းရှုံ့လျက် အေးစက်စွာ ကဲ့ရဲ့လိုက်သည်။

“မင်းတို့လို ထျန်းယွမ်ဒေသရဲ့ အပြင်ဘက်က တာအို ခိုးယူသူတွေက ဘယ်အချိန်မဆို ငါတို့ဆီကို လာဖို့ပဲ တွေးနေကြတာ၊ ပုံစံအမျိုးမျိုးနဲ့ လာစုံစမ်းတယ်၊ လှည့်ကွက်အမျိုးမျိုး သုံးကြတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘယ်သူမှ ကောင်းတဲ့နိဂုံးနဲ့ အဆုံးသတ်ရမှာ မဟုတ်ဘူး။ မင်းတို့ ဘယ်လိုနည်းနဲ့ သံသရာမသေမျိုးဂိုဏ်းရဲ့ ရွေးချယ်ပွဲထဲကို ခိုးဝင်လာကြလဲဆိုတာ ငါတို့လည်း မသိဘူး၊ ရွေးချယ်ပွဲ ပြီးဆုံးတာနဲ့ ငါတို့က အထက်ကို အစီရင်ခံပြီး မင်းတို့လို တာအိုနိယာမ ခိုးယူသူတွေကို အကုန် အမဲလိုက်သတ်ဖြတ်ပစ်ခိုင်းမယ်”

“အစ်ကိုကြီး…… မင်းတို့ ထျန်းယွမ်ဒေသကို ဘယ်လို ဖြတ်ကျော်လာခဲ့လဲဆိုတာလေးကို ပြောပြပါဦးလား။ ဒါမှမဟုတ် မင်းတို့က ထျန်းယွမ်ဒေသရဲ့ အပြင်ဘက်ကနေ ဒီနေရာကို ဝင်လာခဲ့ကြတာလား၊ ဘာနည်းလမ်းတွေ သုံးခဲ့ကြလဲ”

အခြားသော ဂိုဏ်းသားတစ်ဦးက ပြုံးရွှင်စွာဖြင့် မေးမြန်းလာသည်။ သူသည် ပြုံးနေသော်လည်း သူ၏ အကြည့်များမှာမူ လွန်စွာ အေးစက်နေခဲ့သည်။

‘ထျန်းယွမ်ဒေသ…… တာအိုနိယာမ ခိုးယူသူ……’

ဖန့်ချန်၏ စိတ်အာရုံက လှုပ်ရှားသွားခဲ့ရပြီး ဖန်ရွှေသည် အရေးကြီးသော အချက်အလက်အချို့ကို စုံစမ်းမိသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ ဤဂိုဏ်းသားများ၏ မျက်လုံးထဲတွင် သူတို့ကို ‘တာအိုနိယာမ ခိုးယူသူများ’ ဟု ခေါ်ဆိုနေကြသည် မဟုတ်ပါလား။

‘တာအိုနိယာမ ခိုးယူသူဆိုတော့…… ဒီလောက်အထိ ရန်လိုမုန်းတီးနေတာကို ကြည့်ရင် သူတော်စင်တွေက သူတို့ရဲ့ အရာတစ်ခုခုကို ခိုးယူသွားတယ်လို့ ဆိုလိုတာလား။ တာအိုက သူတို့ပိုင်တာပေါ့……’

‘ဒါကြောင့်မို့လို့ သံသရာမသေမျိုးဂိုဏ်းက မူလကတည်းက ကောင်းကင်ငါးပါးရဲ့ ဂိုဏ်း မဟုတ်ခဲ့ဘူးပဲ……’

ထိုအချိန်တွင် ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများသည် ဖန့်ချန်နှင့် အခြားသူများကို ဆက်တိုက်ဆိုသလို ရွဲ့စောင်းလှောင်ပြောင်ကာ သရော်နေကြပြီ ဖြစ်သည်။ စိတ်တိုတတ်သော အချို့သူများကမူ တိုက်ရိုက်ပင် ဆဲဆိုအော်ဟစ်လာကြတော့သည်။

“မင်းတို့လို တာအိုနိယာမ ခိုးယူသူတွေက တကယ့်ကို အောက်တန်းကျတာပဲ၊ အရိပ်လိုပဲ မခွာနိုင်မခွာရက် ဖြစ်နေကြတာ”

“ထျန်းယွမ်ဒေသရဲ့ အပြင်ဘက်မှာ ကောင်းကောင်းမနေဘဲ ဘာလို့ ငါတို့ဆီကို အတင်းတိုးဝင်ဖို့ ကြိုးစားနေရတာလဲ၊ ကြွက်သူခိုးတွေ”

“ငါကလည်း ဘာလို့ လင်ယောင်ဂိုဏ်းအကြောင်း တစ်ခါမှ မကြားဖူးရတာလဲလို့ တွေးနေတာ၊ အချိန်အတော်ကြာမှ မင်းတို့က တာအိုနိယာမ ခိုးယူသူတွေ ဖြစ်နေတာကိုး၊ ဒါဆိုရင်တော့ မဆန်းတော့ပါဘူး။ မင်းတို့လို ခိုးယူသူတွေထဲမှာ ဒီလို ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်နှစ်ယောက် ထွက်ပေါ်လာတာ သဘာဝကျပါတယ်။ ဒါပေမဲ့ မင်းတို့ သေချာမှတ်ထားဦး၊ ငါတို့ရဲ့ နယ်မြေက မင်းတို့လို တာအိုနိယာမ ခိုးယူသူတွေ ခြေချနိုင်တဲ့ နေရာမဟုတ်ဘူး၊ အထက်က လူကြီးတွေ ဒေါသထွက်လို့ မင်းတို့ လင်ယောင်ဂိုဏ်းကို တိုက်ရိုက် လာရောက်နင်းခြေဖျက်ဆီးပစ်မှာကို သတိထားဦး”

“ကောင်းပြီလေ…… ငါတို့ကို လာပြီး နင်းခြေဖျက်ဆီးပစ်လိုက်ပါဦး”

ဖန့်ချန်က ရုတ်တရက် ဝင်ရောက်ပြုံးရယ်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းတို့ ထျန်းယွမ်ဒေသကနေ အပြင်ကို ထွက်နိုင်လို့လား”

ခဏချင်းမှာပင် ထိုဂိုဏ်းသားများအားလုံး တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြရပြန်သည်။

‘သူတို့က ထျန်းယွမ်ဒေသကနေ အပြင်ကို ထွက်လို့မရဘူးပေါ့၊ ပြီးတော့ သူတို့ရဲ့ အမြင်မှာ တာအိုနိယာမခိုးယူသူတွေကလည်း ထျန်းယွမ်ဒေသကို ဖြတ်ကျော်ပြီး သူတို့ရှိတဲ့ နယ်မြေကို လာဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲတယ်လို့ ယူဆထားကြတာလား’

ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။

“တော်ပြီ…… ဒီီီီီီ တာအိုနိယာမခိုးယူသူတွေနဲ့ စကားအရှည်ကြီး ပြောမနေနဲ့တော့၊ သူတို့က သံသရာမသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းသား ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ အခု ဒီနေရာကို ရောက်နေတာကလည်း စိတ်ကူးယဉ် အိမ်မက်မက်နေကြတာသက်သက်ပဲ”

ဂိုဏ်းသားတစ်ဦးက အေးစက်စွာ လှောင်ပြောင်လိုက်သည်။

အခြားသူများ၏ စိတ်နှလုံးမှာမူ လွန်စွာ လေးလံညှိုးငယ်နေခဲ့ပြီ ဖြစ်သည်။ ထိုသူတို့၏ စကားအနည်းငယ်ကို ထောက်ချင့်ကြည့်ခြင်းအားဖြင့် ထိုသူများသည် ကောင်းကင်ငါးပါး တည်ရှိမှုကို သိရှိထားကြသည့် အလားအလာ အလွန်ပင် ကြီးမားလှသည်။ သို့သော်လည်း ကောင်းကင်ငါးပါးကကော…… သူတို့ တည်ရှိနေသည်ကို တကယ်ပဲ သိရှိထားကြပါသလား။

‘နှမြောစရာကောင်းတာက ငါတို့က ဒီမှတ်ဉာဏ်တွေကို မှတ်မိနေမှာ မဟုတ်ဘူး၊ တကယ်လို့သာ မှတ်မိနေမယ်ဆိုရင် အပြင်ရောက်တဲ့အခါ အဲဒီ ကောင်းကင်အရှင်သခင်တွေကို မေးမြန်းကြည့်လို့ ရဦးမယ်။ အခုတော့ မှတ်မိနေမှာ မဟုတ်တဲ့အတွက် မေးမြန်းဖို့ အရည်အချင်းတောင် ရှိမှာမဟုတ်တော့ဘူး……’

ဤအချက်ကို တွေးမိသည့်အခါ ရင်တန့်နှင့် အခြားသူများ၏ အကြည့်များက ပိုမို၍ လေးနက်တည်ကြည်လာခဲ့ရသည်။

အတိအကျ ထိုအချိန်တွင် အရပ်မျက်နှာအသီးသီးမှ လူရိပ်အနည်းငယ်က တစ်နေရာတည်း၌ လာရောက်စုစည်းလိုက်ကြပြီးနောက် ဖန့်ချန်တို့ရှိရာ အရပ်ဘက်သို့ ဖြည်းညှင်းစွာ လှမ်းလျှောက်လာခဲ့ကြသည်။ နှစ်ဖက်စလုံး ဆယ်ပေခန့်အကွာအဝေးသို့ ရောက်ရှိလာချိန်တွင် သူတို့က ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။

ထိုသူအနည်းငယ်၏ မျက်နှာသွင်ပြင်များက တဖြည်းဖြည်း ပြောင်းလဲလာခဲ့ကြရာ သူတို့သည် ယခင်ကတည်းက ရုပ်ဖျက်ထားပြီး သူတို့၏ မူလလက္ခဏာကို ဖုံးကွယ်ထားခဲ့ကြခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများသည် သူတို့၏ မူလရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ တစ်ယောက်ပြီးတစ်ယောက် အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြရတော့သည်။

“တာ့ဟွမ်ဂိုဏ်းက လုကျိုယွမ် မဟုတ်လား……”

“ပြီးခဲ့တဲ့အကြိမ်တုန်းက နယ်မြေကြီး ရာဂဏန်းရဲ့ ဂိုဏ်းပေါင်းစုံ မျိုးဆက်သစ် ပါရမီရှင်တွေရဲ့ အဆင့်သတ်မှတ်ပွဲမှာ ပထမရခဲ့တဲ့သူတောင် လုကျိုယွမ်ရဲ့ လက်ချက်နဲ့ ဆယ်ကွက်ပဲ ခံပြီး ရှုံးနိမ့်သွားခဲ့ရတာ……”

“သူက အခုနကတည်းက ဒီနေရာမှာ ရှိနေတာလား။ ဒါပေမဲ့…… သူတို့ တာ့ဟွမ်ဂိုဏ်းက ဘာလို့ ဒီနေရာကို လာပြီး လူစုလူဝေး လုပ်နေရတာလဲ”

ဂိုဏ်းသားများ၏ စိတ်အာရုံက ဖန့်ချန်တို့ တာအိုနိယာမခိုးယူသူများအဖွဲ့ထံမှနေ၍ ရုတ်တရက် ထိုလူစု၏ ခေါင်းဆောင်ဖြစ်သူထံသို့ တစ်ပြိုင်နက်တည်း ပြောင်းလဲကျရောက်သွားကြသည်။

ဖူယာယာနှင့် အခြားသူများသည် ထိုတီးတိုးပြောဆိုသံများကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် မျက်နှာအမူအရာများ လေးနက်သွားကြရသည်။ သူတို့၏ ရှေ့မှောက်တွင်ရှိသော ဤသူသည် ဖုန်းယွမ်ဝူတောက်နှင့် ချန်နန်ခယ်တို့ထက်ပင် ပိုမို၍ အစွမ်းထက်နေပါသလော။ တာ့ဟွမ်ဂိုဏ်း ဟု ဆိုရာ၊ သို့ဆိုလျှင် ၎င်းက နယ်မြေစောင့်ရှောက်သည့် ထိပ်တန်းဂိုဏ်းကြီးများထဲမှ တစ်ခု ဖြစ်ပြီး သံသရာမသေမျိုးဂိုဏ်းနှင့် အဆင့်အတန်း တူညီနေ၍လော။

လုကျိုယွမ်သည် မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ ဖန့်ချန်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက် နတ်မိမယ်ယွီကို တစ်ချက်လှမ်းကြည့်ကာ ဆွေ့ထျန်းဟွမ် နှင့် အခြားသူများကို အကြည့်ဖြင့် ဝှေ့ယမ်းလိုက်ရင်း တည်ငြိမ်အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့ တာအိုနိယာမခိုးယူသူတွေ ဆုတ်ခွာသွားကြပါ”

“ဘာအကြောင်းပြချက်နဲ့လဲ”

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

“သံသရာမသေမျိုးဂိုဏ်းက မင်းတို့လို တာအိုနိယာမခိုးယူသူတွေကို ဂိုဏ်းသားအဖြစ် သေချာပေါက် လက်ခံမှာ မဟုတ်ဘူး၊ ဒါတင်မကဘဲ မင်းတို့ ဒီနေရာရဲ့ ထိပ်တန်း မဟာစွမ်းအား သုံးရပ်ကို နားလည်သဘောပေါက်ခွင့် ရဖို့ဆိုတာကလည်း လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ”

“အခုအချိန်မှာ မဆုတ်ခွာရင် ဘယ်အချိန်မှ ဆုတ်ခွာမလဲ။ အခုချက်ချင်း ဆုတ်ခွာသွားမယ်ဆိုရင် ငါတို့ တာ့ဟွမ်ဂိုဏ်းက အပြစ်ရှာမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အခုချက်ချင်း မထွက်သွားဘူးဆိုရင်တော့ နောင်တစ်ချိန် ထျန်းယွမ်ဒေသကို ဖြတ်ကျော်လာတဲ့အခါ မင်းတို့ လင်ယောင်ဂိုဏ်းကို သေချာပေါက် အမှုန့်ခြေပစ်မယ်”

လုကျိုယွမ်၏ အမူအရာက အေးစက်ခက်ထန်လွန်းလှသည်။

“ငါတို့ကတော့ ဆုတ်ခွာမှာ မဟုတ်ဘူး၊ အစွမ်းရှိရင် စင်မြင့်ထက်မှာ ငါတို့ကို အနိုင်တိုက်လိုက်ပေါ့။ ဒါပေမဲ့ အခုနက ငါတို့ စင်ပေါ်တက်တုန်းက မင်းတို့ တာ့ဟွမ်ဂိုဏ်းက…… ဘာလို့ ရှေ့ထွက်မလာခဲ့ကြတာလဲ”

နတ်မိမယ်ယွီက ပြုံး၍ ပြောလိုက်သည်။

“ငါကြည့်ရသလောက်တော့ ပတ်ဝန်းကျင်က ပျော့ညံ့တဲ့ကောင်တွေက နင်တို့ကို တော်တော်လေး ရိုသေကိုင်းညွတ်နေကြတာပဲ၊ တာ့ဟွမ်ဂိုဏ်းက နယ်မြေစောင့်ရှောက်တဲ့ ဂိုဏ်းကြီးလား”

ဤစကား ထွက်လာသည်နှင့်အမျှ ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများသည် နတ်မိမယ်ယွီကို ဆူညံစွာဖြင့် ဝိုင်းဝန်းဆဲဆိုကြတော့သည်။

လုကျိုယွမ်က မျက်မှောင်အနည်းငယ် ကုတ်လိုက်ပြီး

“တာ့ဟွမ်ဂိုဏ်းက တကယ့်ကို နယ်မြေစောင့်ရှောက်တဲ့ ဂိုဏ်းကြီးပါပဲ” ဟု ဆိုသည်။

“လုအစ်ကိုကြီး…… ဒီမိန်းမယုတ်ရဲ့ စကားကို ဂရုစိုက်မနေပါနဲ့၊ ဒီတစ်ကြိမ် သူတို့ မဆုတ်ခွာဘူးဆိုရင် နောက်တစ်ဆင့် ခရီးလမ်းကျမှ သူတို့ကို အသေရိုက်သတ်ပစ်လိုက်မယ်”

လုကျိုယွမ်၏ နောက်ကွယ်မှ အသားအရေ ဖြူဖွေးနုနယ်သော လူငယ်တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။

ဖန်ရွှေနှင့် အခြားသူများက မည်သို့မျှ သည်းခံနိုင်ခြင်း မရှိကြတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်၍ ဒေါသတကြီး ဆဲဆိုကြတော့သည်။

“ငတုံးကောင်…… ဘယ်သူ့ကို မိန်းမယုတ်လို့ ပြောတာလဲ”

“မင်းတို့ တာ့ဟွမ်ဂိုဏ်းကလည်း ဒီလောက်ပါပဲ၊ နတ်မိမယ်ယွီ ပြောတာ မှန်တယ်၊ ခုနတုန်းက မင်းတို့ ဘာလို့ စင်ပေါ်တက်ပြီး ဖန့်ချန် နဲ့ မတိုက်ရဲခဲ့ကြတာလဲ”

“အခု သူတို့နှစ်ယောက်စလုံးက စင်မြင့်တိုက်ပွဲမှာ နိုင်သွားပြီဆိုမှ မင်းတို့က ဒီကိုလာပြီး ဘာလာဆရာလုပ်နေတာလဲ”

ဖန့်ချန်က လက်တစ်ဖက်ကို အသာအယာ မြှောက်လိုက်သည့်အခါ ဖန်ရွှေနှင့် အခြားသူများမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြရသည်။

သူသည် ထိုလူငယ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

“မင်းကလည်း တာ့ဟွမ်ဂိုဏ်းကပဲလား၊ နာမည် ဘယ်လိုခေါ်လဲ”

“ငါ့ရဲ့ နာမည်ရင်းက ယူတန့်ဟယ် ပဲ”

ယူတန့်ဟယ်က သရော်ပြုံး ပြုံးလိုက်ရင်း

“ဘာလဲ…… မင်းတို့ တာအိုနိယာမ ခိုးယူသူတွေက ထျန်းယွမ်ဒေသကို ခိုးဝင်လာပြီး ငါ့ကို လာပြဿနာရှာချင်လို့လား။ ဒါဆိုရင်တော့ ငါ တော်တော်လေး ပျော်ရတော့မှာပဲ”

ဟု ဆိုသည်။

“ငါတို့မှာ ရေစက်ရှိရင် သေချာပေါက် ပြန်ဆုံကြမှာပါ”

ဖန့်ချန်ကလည်း ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး

“အဲဒီအချိန်ကျရင် ငါ မင်းရဲ့ ပါးစပ်ကို စုတ်ပြဲသွားအောင် အရင်ဆုံး လုပ်ပေးမယ်” ဟု ဆိုလိုက်သည်။

ယူတန့်ဟယ်၏ မျက်နှာက ချက်ချင်းပင် ပျက်ယွင်းသွားပြီး

“စကားကြီး စကားကျယ်တွေ လာပြောမနေနဲ့” ဟု အော်ဟစ်လိုက်သည်။

“တော်တော့……”

လုကျိုယွမ်က လက်ဝှေ့ယမ်းလိုက်ပြီး ယူတန့်ဟယ်ကို ဆက်လက်ပြောဆိုခြင်း မပြုရန် တားဆီးလိုက်သည်။ ထို့နောက်တွင် သူသည် ဖန့်ချန်ကို နက်ရှိုင်းစွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

“စင်မြင့်ပေါ်ကို တက်လို့ရပြီ”

တာ့ဟွမ်ဂိုဏ်းသား အနည်းငယ်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ယူတန့်ဟယ်က အေးစက်စွာ လှောင်ပြုံးလျက် “ငါ အရင်သွားမယ်” ဟု ဆိုကာ စင်မြင့်ထက်သို့ ဖျတ်ခနဲ ခုန်တက်သွားတော့သည်။

ထိုအချိန်တွင် စင်မြင့်ထက်၌ ကိုးပွဲဆက်တိုက် အနိုင်ရရှိထားပြီးဖြစ်သော ဂိုဏ်းသားတစ်ဦးမှာ ယူတန့်ဟယ် စင်ပေါ်တက်လာသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး “ငါ့ကို လာနောက်နေတာလား” ဟု ညည်းတွားလိုက်မိသည်။

ယူတန့်ဟယ်သည် တစ်ဖက်လူနှင့် စကားအရှည်ကြီး ပြောမနေဘဲ သုံးကွက်ငါးကွက်အတွင်းမှာတင် တိုက်ပွဲကို အပြတ်အသတ် အဆုံးသတ်ပစ်လိုက်ပြီးနောက် ဖန့်ချန်တို့ရှိရာ အရပ်ဘက်သို့ စိန်ခေါ်သည့် အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်သည်။

“ရှောင်ယွီ…… ဒီလို ကောင်မျိုးကိုဆိုရင် ငါ သုံးကွက်ငါးကွက်အတွင်းမှာတင် အသေရိုက်သတ်ပစ်လို့ ရတယ်၊ နောက်တစ်ဆင့် ခရီးလမ်းကျရင် မင်းအတွက် ငါ သတ်‌ပေးမယ်”

ဖန့်ချန်က နတ်မိမယ်ယွီကို လှည့်၍ ပြုံးကာ ပြောလိုက်သည်။

“သခင်လေး…… ဒါဆိုရင်တော့ ကျွန်မ သေချာပေါက် စောင့်ကြည့်ရတော့မှာပေါ့”

နတ်မိမယ်ယွီကလည်း ပြုံး၍ ဆိုသည်။

ယူတန့်ဟယ်၏ မျက်နှာက ပိုမို၍ မည်းမှောင်သွားခဲ့ရပြီး မည်သည့်အမူအရာမျှ မပြဘဲ နောက်ထပ် တိုက်ပွဲများကို ဆက်လက်ဆင်နွှဲနေတော့သည်။

လုကျိုယွမ်ကမူ ဖန့်ချန်ကို တွေးတောမြော်မြင်သော အကြည့်ဖြင့် အနည်းငယ်မျှ စိုက်ကြည့်လိုက်ပြီးနောက် ဤအရပ်ဘက်သို့ ထပ်မံ၍ အာရုံမစိုက်တော့ချေ။

ယူတန့်ဟယ်၏ ကိုးပွဲမြောက် တိုက်ပွဲသို့ ရောက်ရှိလာချိန်တွင် ရွှေရောင်အလင်းတန်းက ဖန်ရွှေ၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်လာခဲ့သည်။

“ဖန့်အစ်ကို…… ငါ့အတွက် ကလဲ့စားချေပေးဦး”

ဖန်ရွှေသည် ဝမ်းနည်းဒေါသထွက်ဖွယ် ကောင်းသော စကားတစ်ခွန်းကို ချန်ထားရစ်ခဲ့ပြီးနောက် စင်မြင့်ထက်သို့ ဖျတ်ခနဲ ပေါ်ပေါက်သွားတော့သည်။

အခန်း (၂၅၄၄) - နောက်ထပ် ဘယ်သူရှိသေးလဲ

“ဟားဟားဟား”

လင်ယောင်ဂိုဏ်းက ကောင် စင်မြင့်ထက်ကို ပစ်တင်ခံလိုက်ရတာကို မြင်လိုက်ရတဲ့အခါ ယူတန့်ဟယ်က ချက်ချင်းပင် ကျယ်လောင်စွာ တဟားဟား ရယ်မောလိုက်တော့သည်။

ဖန်ရွှေသည် အလွန်တရာ အရှက်ရပြီး နှိမ့်ချခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ တစ်ဖက်လူ၏ ရယ်မောသံမှာ သူ့ကို အပိုင်တွက်ထားသည့် သဘောဖြစ်ကြောင်း အထင်အရှားပင်။

ဆွေ့ထျန်းဟွန်းနှင့် ရှန်းရှိုယွမ်တို့မှာမူ မချိတင်ကဲဖြင့် သက်ပြင်းမချဘဲ မနေနိုင်ကြတော့ချေ။

သူတို့ ဖန်ရွှေကို သိနားလည်ထားသည့် အတိုင်းအတာအရဆိုလျှင် ဤနေရာတွင် ရှိနေသော ဂိုဏ်းသားများထဲမှ အနည်းငယ်သော အစိတ်အပိုင်းကိုသာ ဖန်ရွှေအနေဖြင့် အနိုင်ရရန် အခွင့်အလမ်းရှိပေလိမ့်မည်။ ကျန်ရှိသော အများစုကိုမူ ဖန်ရွှေ မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

၎င်းအပြင် တာ့ဟွမ်ဂိုဏ်းမှ ထိုယူတန့်ဟယ်ဆိုသော လူငယ်သည် ဘိုင်လျန့်ဂိုဏ်းမှ ချန်နန်ခယ်နှင့် ရင်ကျန့်ဂိုဏ်းမှ ဖုန်းယွမ်ဝူတောက်တို့ထက်ပင် တစ်ဆင့် ပိုမိုအစွမ်းထက်နိုင်ခြေ ရှိပေသည်။

ယူတန့်ဟယ် ကျယ်လောင်စွာ ရယ်မောနေစဉ်အတွင်းမှာပင် ဖန်ရွှေက ရုတ်တရက် ထင်မှတ်မထားသော တိုက်ခိုက်မှုကို စတင်လိုက်သည်။

သူသည် မျိုးနွယ်စု ကံကြမ္မာ မဟာစွမ်းအားဖြစ်သော ဟွမ်ချွမ်တွင်းနက် ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။

ကြယ်တာရာ စင်မြင့်ထက်တွင် မရှိအပ်သော ဧရာမ ပါးစပ်ကြီးတစ်ခု ပေါ်ထွက်လာသည့်အလား ထင်မှတ်ရပြီး ယူတန့်ဟယ်ကို ဝါးမြိုပစ်ရန် ကြိုးပမ်းလာခဲ့သည်။

“ကလေးကလား လှည့်ကွက်တွေပဲ”

ယူတန့်ဟယ်၏ မျက်လုံးထဲတွင် အထင်အမြင်သေးသော လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားပြီးနောက် နှာခေါင်းတစ်ချက် ရှုံ့လျက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ထိုခဏချင်းမှာပင် ပတ်ဝန်းကျင်ရှိ အသက်ရှူသံများနှင့် စွမ်းအင်အားလုံးသည် သူ၏ ဤလက်ဝါးချက်ထက်တွင် လာရောက်စုစည်းသွားသကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။ ဖန်ရွှေ၏ ခန္ဓာကိုယ်ထဲမှ အတွင်းကမ္ဘာစွမ်းအင်များပင်လျှင် လျှံကျထွက်ပေါ်လာပြီး ယူတန့်ဟယ် အသုံးပြုရန်အတွက် စီးဆင်းသွားတော့သည်။

“တောက်…… တကယ့်ကို အာဏာရှင်ဆန်လွန်းတာပဲ”

ဖန်ရွှေက အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။

ဂိုဏ်းသားတစ်ဦးက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း

“ဒါက တာ့ဟွမ်ဂိုဏ်းရဲ့ တာ့ဟွမ် လောကနှိမ်နင်း လက်ဝါးချက် ပဲ။ အလွန် အာဏာရှင်ဆန်တဲ့ မဟာစွမ်းအားတစ်ခုပေါ့” ဟု ဆိုသည်။

ထိုအချိန်တွင် တန်ခယ်ရွှမ်နှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။ ဤမဟာစွမ်းအား၏ ပြင်းထန်ရက်စက်မှုမှာ သူတို့ ပိုင်ဆိုင်ထားသော မျိုးနွယ်စု ကံကြမ္မာ မဟာစွမ်းအားများထက်ပင် ပိုမို၍ အစွမ်းထက်နေသည်။ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှပေစွ။

ဖန့်ချန်၏ စိတ်အာရုံက လှုပ်ရှားသွားခဲ့ပြီး လူ့လောကနယ်ပယ် ၏ အသိစိတ်အာရုံကို ရုတ်တရက် ဖြန့်ကြက်လိုက်သည်။

၎င်းသည် တစ်ခုလုံးသော ကြယ်တာရာ စင်မြင့်တစ်ခုလုံးကို အသံတိတ် ဖုံးလွှမ်းသွားခဲ့သည်။ ဤဖြစ်စဉ်အတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ စိုးစဉ်းမျှ ရိပ်မိခြင်း မရှိခဲ့ကြချေ။ လုကျိုယွမ်ပင်လျှင် နှုတ်ခမ်းတွင် ပြုံးယောင်သန်းလျက် မကြာမီ ရှုံးနိမ့်တော့မည့် ဖန်ရွှေကိုသာ စိုက်ကြည့်နေခဲ့သည်။

“မင်းမေဘိုးပဲ……”

ဖန်ရွှေသည် မိမိ၏ ဟွမ်ချွမ်တွင်းနက် မှာ စွမ်းအင်များ ယိုစိမ့်သွားပြီး ‘ချယ်ရီသီးနှုတ်ခမ်းလေး’ အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲကနေသာ အဆက်မပြတ် ကျိန်ဆဲနေမိတော့သည်။ ထို့နောက်တွင်မူ သူသည် ပြန်လည်မခုခံတော့ဘဲ မိမိကိုယ်မိမိ ပြိုင်ပွဲမှ နုတ်ထွက်ရမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်တော့သည်။

‘အပြင်ကို ရောက်သွားရင်လည်း ငါက ဒီနေရာက အကြောင်းအရာတွေကို မှတ်မိနေမှာ မဟုတ်ဘူး၊ ဒါဆိုရင် ဒီနေရာက ကိစ္စတွေက မဖြစ်ပျက်ခဲ့သလိုပဲပေါ့။ တစ်နည်းအားဖြင့် ပြောရရင် ငါမရှုံးဘူး၊ ရှုံးတာ ငါမဟုတ်ဘူး……’

ဤအချက်ကို တွေးမိသည်နှင့်အမျှ ဖန်ရွှေသည် အနိုင်ရရှိသူတစ်ဦးကဲ့သို့သော အပြုံးကို ဖော်ကျူးလိုက်ပြီး ယူတန့်ဟယ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဤတိုက်ပွဲတွင် သူက အားနည်းသူမဟုတ်ဘဲ ယူတန့်ဟယ်ကသာ အားနည်းသူဖြစ်နေသည့်အလား။

‘သူ့မှာ နောက်ထပ် ဖဲချပ်တစ်ခုခု ကျန်နေသေးတာလား။ ဘာပဲဖြစ်ဖြစ် သူက တာအိုနိယာမ ခိုးယူသူပဲလေ……’

ယူတန့်ဟယ်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်သွားသော်လည်း တာ့ဟွမ် လောကနှိမ်နင်း လက်ဝါးချက်က တစ်ဖက်လူကို နစ်မြုပ်ပစ်ရန် နီးကပ်နေပြီဖြစ်၍ သူ ဆက်လက်၍ မတွေးတောတော့ချေ။

“ဒီကောင်က ဘာလို့ ပြုံးနေသေးတာလဲ”

“သေချာပေါက် ဖဲချပ်တစ်ခုခု ရှိနေလို့ ဖြစ်ရမယ်။ ငါပြောရရင်တော့ တာအိုနိယာမ ခိုးယူသူဖြစ်နေတာတောင် ကောင်းကင်အရှင်သခင်တွေတောင် ပျက်စီးသွားနိုင်တဲ့ ထျန်းယွမ်ဒေသကို ဖြတ်ကျော်ပြီး ငါတို့ဆီကို ရောက်လာနိုင်တယ်၊ ပြီးတော့ သံသရာမသေမျိုးဂိုဏ်းရဲ့ ရွေးချယ်ပွဲမှာ ပါဝင်နိုင်တယ်ဆိုကတည်းက သူတို့မှာ အနည်းနဲ့အများတော့ ဖဲချပ်ရှိကြမှာပဲ”

“ခုနတုန်းက ဒီလူက ဖန့်ချန်နဲ့ ဆက်ဆံရေး အကောင်းဆုံးပဲ၊ ဖြစ်နိုင်တာကတော့ သူ့မှာ တစ်ခုခု ရှိနေလို့ ဖြစ်လိမ့်မယ်”

စင်မြင့်ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများ၏ မျက်လုံးထဲတွင် လေးနက်တည်ကြည်သော အမူအရာများ ပေါ်ထွက်လာခဲ့သည်။ တာ့ဟွမ်ဂိုဏ်းမှ ဂိုဏ်းသားများပင်လျှင် မသိစိတ်အလျောက် လုကျိုယွမ်ကို လှည့်ကြည့်လိုက်မိကြသည်။

“ကိစ္စမရှိဘူး၊ ယူညီလေး မရှုံးနိုင်ပါဘူး”

လုကျိုယွမ်က တိုးညှင်းစွာ ပြောလိုက်သည်။

နောက်တစ်စက္ကန့်တွင် တာ့ဟွမ် လောကနှိမ်နင်း လက်ဝါးချက်သည် ကောင်းကင်ယံ ဒီရေလှိုင်းကြီးအလား ဖန်ရွှေကို လွှမ်းခြုံနစ်မြုပ်သွားခဲ့သည်။ ဖန်ရွှေကမူ ထိုအတိုင်းပင် အေးစက်စွာ လှောင်ပြုံးနေဆဲ ဖြစ်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်။

‘ငါမသေသေးဘူးလား……’

ဖန်ရွှေ၏ စိတ်အာရုံက လှုပ်ရှားသွားခဲ့ရပြီး အခုနတုန်းက မိမိ၏ ခန္ဓာကိုယ်ထက်သို့ လွန်စွာ အေးမြသော လေပြေညင်းတစ်ချက် ဖြတ်တိုက်သွားသကဲ့သို့သာ ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ ပူပြင်းလှသော နွေရာသီတွင် တောင်ပေါ်မှ တိုက်ခတ်လာပြီး စိမ့်စမ်းရေ၏ အေးမြမှုကို ဆောင်ကြဉ်းလာသည့် လေပြေညင်းတစ်ခုကဲ့သို့ပင် ဖြစ်သည်။ အပူဒဏ်ကို ပြေပျောက်စေပြီး လန်းဆန်းစေလှသည်။

“ဒါ ဘာဖြစ်တာလဲ”

ဆွေ့ထျန်းဟွန်းနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် နားမလည်နိုင်ခြင်းများ ထင်ဟပ်နေခဲ့သည်။ သို့သော်လည်း ချက်ချင်းပင် တုန်လှုပ်အံ့ဩသော အမူအရာများ ပေါ်ထွက်လာခဲ့ပြန်သည်။

ဒါဆိုရင်…… ဤဖန်ရွှေကလည်း မိမိကိုယ်မိမိ အလွန်အမင်း ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ပါသလော။

“မဖြစ်နိုင်တာ၊ ဒါက ဘာအကြောင်းပြချက်မှ မရှိဘူး……”

ရင်တန့်သည် ဖန်ရွှေကို ကြည့်လိုက်ရာ သူ့ကို ပထမဆုံးနေ့ကမှ စတင်သိကျွမ်းခဲ့ရသည့်အလား ခံစားလိုက်ရသည်။

ပိလော့ မဟာမိတ်အဖွဲ့တွင် လူတိုင်းသည် ကောင်းကင်အရှင်သခင် ရာထူးကို ဆက်ခံမည့်သူများ ဖြစ်ကြရာ ဖန်ရွှေသည် လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုတွင် အတော်အတန် နာမည်ကျော်ကြားမှု ရှိကြောင်း သူသိရှိထားသည်။ သို့သော်လည်း ထိုကျော်ကြားမှုမှာ ကောင်းကင်အရှင်သခင် ဆက်ခံသူများ၏ အောက်တွင်သာ ကန့်သတ်ထားခြင်း ဖြစ်သည်။ အဆင့်တူ ကျင့်ကြံသူများထဲတွင် ဖန်ရွှေ၌ မည်မျှအထိ အစွမ်းထက်သော နည်းလမ်းများ ရှိနေသည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။

သို့သော်လည်း ခုနက တာ့ဟွမ် လောကနှိမ်နင်း လက်ဝါးချက်မှာ အမည်ကို ကြားရရုံမျှဖြင့်ပင် သူတို့ကို ရင်တုန်ပန်းတုန် ဖြစ်စေခဲ့သည်။ စွမ်းအင်များကလည်း လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှပါလျက်နှင့် ဘာကြောင့် ဖန်ရွှေကို မသတ်နိုင်ခဲ့ရတာလဲ။

တစ်ဖက်လူက လက်လျှော့ပေးလိုက်ခြင်းလော။ မဖြစ်နိုင်ပေ။

သို့ဆိုလျှင် ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက် တစ်ခုတည်းသာ ရှိတော့သည်။ ဖန်ရွှေသည် ဝက််််ယောင်ဆောင်ပြီး ကျားကို အမိဖမ်းနေခြင်း ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်လည်း အခုနက တာ့ဟွမ် လောကနှိမ်နင်း လက်ဝါးချက်ကို ရင်ဆိုင်ရချိန်တွင် သူက ပြုံးနေနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက အောင်ပွဲကို လက်ဝါးကြီးအုပ်ထားနိုင်ပြီး ရင်ထဲတွင် အပိုင်တွက်ထားသည့် လက္ခဏာ မဟုတ်ပါလား။

ဤအတွေး ပေါ်ပေါက်လာပြီးနောက် ဆွေ့ထျန်းဟွန်းနှင့် အခြားသူများက ဖန်ရွှေကို ကြည့်သည့် အကြည့်များမှာ ယခင်ကနှင့် လုံးဝ ခြားနားသွားခဲ့ရပြီ ဖြစ်သည်။

စင်မြင့်ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများသည်လည်း စိတ်ထဲကနေ မသိမသာ အံ့ဩတုန်လှုပ်သွားကြရပြီး ဖန်ရွှေကို ကြည့်သည့် အကြည့်များမှာ လွန်စွာ လေးနက်တည်ကြည်သွားခဲ့ရသည်။

“ဒီတာအိုနိယာမ ခိုးယူသူမှာ တကယ့်ကို နည်းလမ်းအချို့ ရှိနေတာပဲ”

“ယူတန့်ဟယ်ရဲ့ တာ့ဟွမ် လောကနှိမ်နင်း လက်ဝါးချက်ကို အေးဆေးသက်သာစွာနဲ့ ချေဖျက်နိုင်တယ်ဆိုတော့ သူ့ရဲ့ နည်းလမ်းတွေက ဖန့်ချန်နဲ့ နတ်မိမယ်ယွီတို့ထက် မလျော့ဘူးပဲ”

“တကယ့်ကို ထူးဆန်းအံ့ဩဖို့ကောင်းတာပဲ၊ တာအိုနိယာမ ခိုးယူသူတွေ ရှိတဲ့နေရာက အလွန် ဆင်းရဲမွဲတေပြီး အမွေအနှစ်တွေတောင် မပြည့်စုံဘူးလို့ ပြောကြတာ မဟုတ်လား။ ဘာလို့ ဒီကောင်တွေက တစ်ယောက်ပြီးတစ်ယောက် ဒီလောက်အထိ စွမ်းလာတာလဲ”

ခဏချင်းမှာပင် သူတို့သည် ဖန်ရွှေကို ကြည့်သည့် အကြည့်များ လွန်စွာ လေးနက်တည်ကြည်ပြီး နက်ရှိုင်းသော စိုးရိမ်ထိတ်လန့်မှုများ ပါဝင်လာရုံတင်မကဘဲ ဆွေ့ထျန်းဟွန်းနှင့် အခြားသူများကို ကြည့်သည့် အကြည့်များပင်လျှင် ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွားခဲ့ရတော့သည်။

“အစ်ကိုကြီး…… ဒါ ဘာဖြစ်တာလဲ”

တာ့ဟွမ်ဂိုဏ်းသားတစ်ဦးက မသိစိတ်အလျောက် လုကျိုယွမ်ကို လှည့်ကြည့်လိုက်သည်။

“အခြေအနေကို ဆက်ပြီး စောင့်ကြည့်ရအောင်”

လုကျိုယွမ်က မျက်မှောင်အနည်းငယ် ကုတ်လိုက်ပြီး မျက်လုံးထောင့်မှနေ၍ ဖန့်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ ဖန့်ချန်က မိမိကို ကြည့်ပြီး ပြုံးနေသည်ကို မြင်လိုက်ရသဖြင့် သူ၏ အကြည့်များက ပိုမို၍ အေးစက်သွားခဲ့ရသည်။

……

……

ယူတန့်ဟယ်သည် မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ စကားတစ်ခွန်းမှ မဆိုဘဲ ဖန်ရွှေကို စိုက်ကြည့်နေခဲ့သည်။ သို့သော် သူ၏ စိတ်အာရုံမှာမူ အလျင်အမြန် လည်ပတ်နေခဲ့ပြီ ဖြစ်သည်။

သူသည် အခုနတုန်းက တာ့ဟွမ် လောကနှိမ်နင်း လက်ဝါးချက်ကို တစ်ဖက်လူက မည်သို့သော နည်းလမ်းဖြင့် ချေဖျက်သွားခဲ့သလဲဆိုသည်ကို ခွဲခြမ်းစိပ်ဖြာနေခြင်း ဖြစ်သည်။ စိုးစဉ်းမျှသော အစအနကိုပင် ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ချေ။

ထိုအချိန်တွင် ဖန်ရွှေသည် အခြေအနေကို ရိပ်မိသွားခဲ့ပြီဖြစ်၍ မရယ်ဘဲ မနေနိုင်တော့ဘဲ ဆိုလိုက်သည်။

“ငါပြောမယ် ကောင်လေး…… မင်းက ငါ့ကို အရမ်းပူနေတယ်လို့ ထင်ပြီး လာခတ်ပေးနေတာလား။ နောက်ထပ် လက်ဝါးတစ်ချက်လောက် ထပ်ပြီး ရိုက်ထုတ်ပေးပါဦးလား”

“ဒါဆိုရင်လည်း နောက်ထပ် လက်ဝါးတစ်ချက် ထပ်ပြီး ခံစားကြည့်လိုက်ဦးပေါ့”

ယူတန့်ဟယ်၏ မျက်လုံးထဲတွင် အေးစက်သော အငွေ့အသက်တစ်ခု ဖြတ်ပြေးသွားပြီးနောက် လက်ကိုမြှောက်ကာ လက်ဝါးတစ်ချက် ထပ်မံရိုက်ထုတ်လိုက်သည်။

သူသည် တစ်ဖက်လူက မည်သို့သော နည်းလမ်းကို သုံးပြီး မိမိ၏ အစွမ်းထက်ဆုံး မဟာစွမ်းအားကို ချေဖျက်သွားခဲ့သည်ကို သေသေချာချာ မြင်တွေ့ချင်နေခဲ့ခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာမူ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်လျက် ရှိသည်။

ဂိုဏ်းသားတိုင်း၏ မျက်သူငယ်အိမ်ထဲတွင် တူညီသော ပုံရိပ်တစ်ခုသာ ထင်ဟပ်နေခဲ့သည်။

၎င်းမှာ ယူတန့်ဟယ်က လက်မြှောက်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သော်လည်း ဘာတစ်ခုမျှ ဖြစ်မလာခဲ့ခြင်းပင် ဖြစ်သည်။

ဖန်ရွှေက ခဏမျှ ကြောင်အသွားခဲ့ရသည်။

ထိုအချိန်တွင် ဖန့်ချန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“မင်းရဲ့ တကယ့်အရည်အချင်းကို ပြသပြီးပြီပဲ၊ တစ်ဖက်လူကို ဘာလို့ ဆက်ပြီး လှောင်ပြောင်နေဦးမှာလဲ။ ငါတို့ လင်ယောင်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေက သူတစ်ပါးကို အရှက်ခွဲတဲ့ ကိစ္စမျိုးကို မလုပ်ကြဘူး”

“ဒါဆို…… ငါ သူ့ကို အသေရိုက်သတ်ပစ်လိုက်ရမလား”

ဖန်ရွှေက ဖန့်ချန်ကို လှည့်ကြည့်လိုက်ရာ စိတ်ထဲတွင် သိပ်ပြီး မရေမရာ ဖြစ်နေသည့်အလား ထင်ရသည်။

“အင်း” ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင်တော့ ငါ မင်းကို အသေရိုက်သတ်ပစ်မယ်၊ မဟုတ်သေးဘူး…… ငါ မင်းကို ဝါးမြိုပစ်မယ်”

ဖန်ရွှေက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း မျိုးနွယ်စု ကံကြမ္မာ မဟာစွမ်းအားဖြစ်သော ဟွမ်ချွမ်တွင်းနက် ကို နောက်တစ်ကြိမ် ထပ်မံနှိုးဆွလိုက်တော့သည်။

ထိုခဏချင်းမှာပင် ဟင်းလင်းပြင်တစ်ခုလုံးတွင် စွမ်းအင်များ မြင့်တက်လာခဲ့ပြီး ဒီရေလှိုင်းကြီးအလား ယူတန့်ဟယ်ထံသို့ လွှမ်းခြုံကျရောက်သွားခဲ့သည်။

ထိုအခိုက်အတန့်သို့ ရောက်ရှိလာချိန်မှသာ ယူတန့်ဟယ်သည် မိမိ၏ မဟာစွမ်းအားများအားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် သတိပြုမိလိုက်တော့သည်။ သူ၏ မဟာစွမ်းအားများ ပျောက်ကွယ်သွားရုံတင်မကဘဲ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းများပင်လျှင် မူလကတည်းက တည်ရှိမနေခဲ့ဖူးသည့်အလား ဖြစ်ပေါ်နေခဲ့သည်။

သူ၏ အမြင်တွင် ကလေးကလား လှည့်ကွက်မျှသာ ဖြစ်သင့်သော နည်းလမ်းသည် ယခုအချိန်တွင်မူ သူ့အတွက် တောင်ပြိုပင်လယ်ကူးကဲ့သို့သော ကြောက်မက်ဖွယ်ရာ ဘေးဒုက္ခကြီးတစ်ခုကို ဆောင်ကြဉ်းလာခဲ့ပြီ ဖြစ်သည်။

သူ၏ သတ္တိဗျတ္တိအားလုံးသည် ဤအခိုက်အတန့်တွင် လုံးဝ အရည်ပျော် ပျက်စီးသွားခဲ့ရသည့်အလား ထင်မှတ်ရသည်။

ယူတန့်ဟယ်သည် ပြင်းထန်စွာ တုန်ရီလာခဲ့ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အော်ဟစ်သံတစ်ခုနှင့်အတူ ဟွမ်ချွမ်တွင်းနက် ၏ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရတော့သည်။

‘သေချာတာပေါ့…… ငါက သူ့ကို တကယ် ဝါးမြိုလိုက်တာ မဟုတ်ဘူး၊ လေထုကို တစ်ချက် ကိုက်လိုက်ရသလိုပဲ’

ဖန်ရွှေသည် မိမိ၏ စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်ပြီးနောက် စင်မြင့်ပတ်ဝန်းကျင်ကို တည်ငြိမ်အေးစက်စွာ လှည့်ပတ်ကြည့်ရှုလျက် ဆိုလိုက်သည်။

“နောက်ထပ် ဘယ်သူရှိသေးလဲ”

All Chapters