အခန်း (၂၅၄၅-၂၅၄၆)
Vol. 255 Ch. 2545-2546
အခန်း (၂၅၄၅) - ငါ့ပန်းပွင့်ချိန်ရောက်လျှင် ကျန်ပန်းပွင့်ဟူသမျှ ကြွေလွင့်ပျက်စီးရလိမ့်မည်
စင်မြင့်ပတ်ဝန်းကျင်တစ်ခုလုံးမှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်။ ဂိုဏ်းကြီးအသီးသီးမှ တပည့်များထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ နှုတ်ခမ်းဟအသံပင် မထွက်ရဲကြဘဲ မျက်လုံးထောင့်မှနေ၍ တာ့ဟွမ်ဂိုဏ်းရှိရာဘက်သို့သာ မသိမသာ လှမ်းကြည့်နေကြတော့သည်။
ယူတန့်ဟယ်ပင်လျှင် ဒူးထောက်ရှုံးနိမ့်သွားခဲ့ရပြီဖြစ်ရာ စင်မြင့်ထက်မှ ထိုလူကို ရှင်းလင်းသုတ်သင်ရန်အတွက် တာ့ဟွမ်ဂိုဏ်းဘက်ကသာ ကိုယ်တိုင်ကိုယ်ကျ လက်ရွေးစင်ထုတ်ပြီး အရေးယူရတော့မည် ဖြစ်သည်။
ဤကိစ္စသည် သူတို့နှင့် မည်သို့မျှ မသက်ဆိုင်တော့ချေ။
“ဖန်ရွှေက ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး…… သူကလည်း အဆင့်အတန်းချင်း ကွာဟလွန်းတဲ့ ထိပ်သီးပါရမီရှင်တစ်ယောက် ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များနေပြီ”
ရင်တန့်သည် ဖန်ရွှေ၏ ဝင့်ကြွားလှသော အမူအရာကို ကြည့်ရင်း မျက်လုံးထဲတွင် မနာလိုဝန်တိုမှု အငွေ့အသက်များ ဖြတ်ပြေးသွားကာ စိတ်အာရုံဖြင့် တိုးညှင်းစွာ လှမ်းပြောလိုက်သည်။
“လောဘကြီးတဲ့ နတ်ဆိုးမျိုးနွယ်စုရဲ့ ဒီမျိုးဆက်အနည်းငယ်အတွင်းမှာ အဆင့်အတန်းချင်း ကွာဟလွန်းတဲ့ ထိပ်သီးတည်ရှိမှုမျိုး ပေါ်ထွက်မလာတော့ဘူးလို့ ထင်ထားခဲ့တာ၊ ကြည့်ရတာ သူတို့ကို အထင်သေးမိသွားတာပဲ”
“အစ်မ ယာယာ…… တကယ်လို့ အစ်မသာ ဖန်ရွှေနဲ့ လက်ရည်ယှဉ်ရမယ်ဆိုရင် အနိုင်ရဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ”
လဲ့လဲ့က ဖူယာယာကို လှမ်းကြည့်လိုက်ရာ မျက်လုံးထဲတွင် မျှော်လင့်ချက်အရောင်အဝါများ ထိန်လင်းနေခဲ့သည်။
ဖူယာယာ၏ မျက်နှာထက်တွင် လေးနက်တည်ကြည်မှုများ ဖုံးလွှမ်းသွားပြီးနောက် စိတ်အာရုံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ငါ သူ့ရဲ့ နည်းလမ်းတွေကို လုံးဝ နားမလည်နိုင်ဘူး။ တကယ်လို့ တိုက်ခိုက်ခြင်း မရှိသေးဘူးဆိုရင်တော့ လောလောဆယ် ဘယ်လိုကောက်ချက်မှ ချလို့မရသေးဘူး”
“……”
လဲ့လဲ့သည် ရင်ထဲတွင် သက်ပြင်းတစ်ချက်ကိုသာ မချိတင်ကဲ ချလိုက်မိတော့သည်။ ကောင်းကင်ဘုံငါးပါးထဲမှ ကောင်းကင်အရှင်သခင် ရာထူးဆက်ခံမည့်သူများမှာ တစ်ယောက်ထက်တစ်ယောက် ပို၍ စိတ်ပျက်စရာကောင်းသည်ဟု သူ ခံစားနေရသည်။
အစွမ်းအစရှိနေပါလျက်နှင့် ဘာကြောင့် ယခင်က ထုတ်မပြခဲ့ကြတာလဲ။ ဘာအတွက်ကြောင့် ဒီလောက်အထိ လျှို့ဝှက်ဖုံးကွယ်ထားကြတာလဲ။
“စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်အထိ လျှောက်လှမ်းနိုင်ခဲ့ပြီး နေမင်းခုနှစ်ပါးခန်းမမှာ ဆက်လက်တည်ရှိနေနိုင်တယ်ဆိုကတည်းက သေချာပေါက် ဘယ်သူမှ ရိုးရှင်းတဲ့ ဇာတ်ကောင်တွေ မဟုတ်ကြဘူး။ ကြည့်ရတာ ငါတို့တွေ အရင်တုန်းက ကောင်းကင်ဘုံငါးပါးထဲက ကောင်းကင်အရှင်သခင် ဆက်ခံသူတွေကို အထင်သေးမိသွားကြတာ ထင်တယ်”
ရှန်းရှိုယွမ်က ဖူယွမ်ဖေးကို လှမ်းကြည့်လိုက်ရာ မျက်နှာထက်တွင် လေးနက်တည်ကြည်မှုများ ပြည့်နှက်နေခဲ့သည်။
ဖူယွမ်ဖေးကလည်း သဘောတူသည့်အလား ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
ဖန့်ကျစ်ရွှယ်နှင့် အခြားသူများ၏ စိတ်ထဲတွင်လည်း အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
မူလက လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှ ဤကောင်းကင်အရှင်သခင် ဆက်ခံသူသည် ဖန့်အစ်ကိုကြီးနှင့် နေရာတကာတွင် ဆက်ဆံရေးကောင်းမွန်အောင် ပြုမူနေခြင်းမှာ သူ၏ အစွမ်းအစ နိမ့်ပါးလွန်းသဖြင့် အားကိုးအားထားပြုနိုင်မည့် နောက်ခံအကာအကွယ်တစ်ခုကို ရှာဖွေနေခြင်း ဖြစ်ရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော်လည်း သူကိုယ်တိုင်ကပင် အားကိုးအားထားပြုလောက်သည့် အရှိန်အဝါကြီးမားသော တည်ရှိမှုတစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
“သခင်လေး…… ရှင် လျှို့ဝှက်ပြီး ဝင်စွက်ဖက်လိုက်တာမလား”
နတ်မိမယ်ယွီ၏ စိတ်အာရုံက လှုပ်ရှားသွားခဲ့သည်။
သူမအနေဖြင့် အခြေအနေတစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိသော်လည်း ထိုးထွင်း၍ မမြင်နိုင်ချေ။ သို့သော် မသိစိတ်အရ ဤကိစ္စသည် ဖန့်ချန်နှင့် သေချာပေါက် ဆက်စပ်မှု ရှိနေလိမ့်မည်ဟု တွေးတောမိလိုက်ခြင်း ဖြစ်သည်။
“ငါ တစ်ချက် စမ်းသပ်ကြည့်လိုက်တာ။ ငါ့ရဲ့ လူ့လောကနယ်ပယ် က ဒီစင်မြင့်ထက်မှာ သက်ရောက်မှုရှိနိုင်တာကို တွေ့လိုက်ရတယ်”
ဖန့်ချန်က စိတ်အာရုံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
နတ်မိမယ်ယွီ၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်သွားသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သို့ဆိုလျှင် နောက်ပိုင်းတွင် သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ဤဂိုဏ်းသားများ၏လက်ထဲတွင် ရှုံးနိမ့်သွားကြတော့မည် မဟုတ်ချေ။
“ဘာလဲ…… မင်းတို့တွေ ဒီလောက်နဲ့တင် စင်မြင့်ထက်ကို မတက်ရဲကြတော့ဘူးလား”
“တစ်ခါလာလည်း တာအိုနိယာမ ခိုးယူသူတွေဆိုပြီး တစာစာ အော်နေကြတာ မဟုတ်ဘူးလား”
“အခုကျတော့ ကြောက်ဒူးတုန်သွားကြပြီလား”
“တာ့ဟွမ်ဂိုဏ်းက လုကျိုယွမ်…… မင်းက ငါတို့ကို ဒီနေရာကနေ ထွက်သွားခိုင်းနေတာ မဟုတ်ဘူးလား။ မင်းရဲ့ ညီငယ်လေး ရှုံးသွားပြီဆိုတော့ မင်းကိုယ်တိုင် တက်လာပြီး ငါနဲ့ လက်ရည်တစ်ချက်လောက် စမ်းကြည့်ပါဦးလား”
ဖန်ရွှေက လုကျိုယွမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ နက်မှောင်သော ဆံပင်အလိပ်အလွှားများသည် ရေတံခွန်တစ်ခုအလား ကျောပြင်ထက်တွင် ဖြန့်ကျက်လျက် လေပြေထဲ၌ တဖျတ်ဖျတ် လှုပ်ခတ်နေခဲ့သည်။ သူ၏ အကြည့်များထဲတွင် လောကတစ်ခုလုံးကို အထင်မြင်သေးဟန်ပြုသော အာဏာရှင်ဆန်သည့် အရှိန်အဝါများ ပြည့်နှက်နေတော့သည်။
လုကျိုယွမ်က ဖန်ရွှေကို စိုက်ကြည့်နေသော်လည်း စကားတစ်ခွန်းမျှ မဆိုချေ။
တာ့ဟွမ်ဂိုဏ်းမှ တပည့်များမှာမူ မျက်နှာများ တစ်ပြင်လုံး နီမြန်းလျက် ရင်ထဲတွင် မွန်းကြပ်အောင့်အည်းနေကြရသည်။ အခုနတင် သူတို့ဘက်က ကြုံးဝါးသံများ ထုတ်ဖော်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ယူတန့်ဟယ်က ဤကောင်၏လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်သည်။ သို့သော်လည်း စီနီယာအစ်ကိုဖြစ်သူ လုကျိုယွမ်ကမူ မည်သည့်စကားမျှ မဆိုဘဲ တိတ်ဆိတ်နေသည်ဖြစ်ရာ ဤသည်မှာ မည်သို့သော သဘောတရားနည်း။
ထိုကဲ့သို့ ဖြစ်ပျက်လာမည်ကို ကြိုတင်သိရှိခဲ့ပါက အစကတည်းက ခေါင်းပြူပြီး လူပေါ်လူဇော် မလုပ်ခဲ့ဘဲ အေးအေးဆေးဆေးသာ နေခဲ့သင့်ပေသည်။
“ဟူး…… ရယ်စရာကောင်းလိုက်တာ”
ဖန်ရွှေက နှာခေါင်းတစ်ချက် ရှုံ့လျက် လှောင်ပြုံးလိုက်ပြီးနောက် ဟင်းလင်းပြင်ထက်တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ကာ လက်နှစ်ဖက်ကို ဒူးထက်တွင် တင်လျက် မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်တော့သည်။
တစ်အောင့်မျှ ကြာပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာခဲ့သည်။
“ငါ့နှယ်……”
အော်ဟစ်မြည်တမ်းသံတစ်ခုနှင့်အတူ တန်ခယ်ရွှမ်၏ ဘေးနားရှိ ကောင်းကင်အရှင်သခင် ဆက်ခံသူတစ်ဦးသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် စင်မြင့်ထက်သို့ ရောက်ရှိသွားခဲ့ရသည်။
ဖန်ရွှေသည် အနည်းငယ် ကြောင်အသွားခဲ့ရပြီး တစ်ဖက်လူနှင့် မျက်နှာချင်းဆိုင်လျက် ကြည့်လိုက်မိကြသည်။
“တော်သေးတာပေါ့…… လင်ယောင်ဂိုဏ်းက ကောင်တွေ အချင်းချင်း ကိုက်ကြတော့မယ်”
“ဒီတစ်ကြိမ်တော့ သူတို့ရဲ့ နည်းလမ်းတွေက ဘယ်လောက်အထိ ဆန်းကြယ်ထူးဆန်းလဲဆိုတာကို သေသေချာချာ စောင့်ကြည့်ရမယ်”
စင်မြင့်ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများအားလုံး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်ခဲ့ကြသည်။
“မင်းဘာသာမင်း ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပါ”
ဖန်ရွှေက တည်ငြိမ်အေးစက်စွာ ပြောလိုက်သည်။
“ငါ့ရဲ့ စွမ်းအင်တွေကို လာပြီး မဖြုန်းတီးစမ်းပါနဲ့”
လင်ယောင်ဂိုဏ်းမှ ထိုကောင်းကင်အရှင်သခင် ဆက်ခံသူ၏ မျက်လုံးထဲတွင် လေးနက်တည်ကြည်မှုများ ထင်ဟပ်သွားခဲ့ပြီး ခဏမျှ တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ နှုတ်ဟလိုက်သည်။
“တိုက်ရိုက် ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ဖို့ကတော့ စိတ်ထဲမှာ မကျေနပ်နိုင်ဘူး။ ငါလည်း မင်းရဲ့ နည်းလမ်းတွေကို တစ်ချက်လောက် မြင်ဖူးချင်သေးတယ်”
“သတ္တိရှိလှချည်လား”
ဖန်ရွှေက ချက်ချင်းပင် ဒေါသတကြီး ကြုံးဝါးလိုက်သည်။
“မင်း ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပါ။ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ရင် ဘယ်လိုရလဒ်မျိုး ထွက်လာမလဲဆိုတာကို ကြည့်ရအောင်၊ ဖြစ်နိုင်ရင် ပြိုင်ပွဲကနေ ပယ်ဖျက်ခံရမှာ မဟုတ်လောက်ဘူး”
ဖန့်ချန်၏ အသံသည် ထိုကောင်းကင်အရှင်သခင် ဆက်ခံသူ၏ နားစည်ထဲသို့ တိုးညှင်းစွာ စီးဝင်သွားခဲ့သည်။
“ဘာဖြစ်လို့ ငါ့ကို ရှုံးနိမ့်ကြောင်း ဝန်ခံခိုင်းရတာလဲ”
တစ်ဖက်လူ၏ ရင်ထဲတွင် ဒေါသအငွေ့အသက်များနှင့်အတူ မကျေမနပ်ဖြစ်မှုများ ပေါ်ထွက်လာခဲ့ပြီး ဖန့်ချန်ကို မကျေမနပ် လှမ်းကြည့်လိုက်သည်။ သို့သော်လည်း ဖန့်ချန်၏ တည်ငြိမ်အေးစက်လှသော အကြည့်များနှင့် ဆုံစည်းမိလိုက်ရချိန်တွင်မူ သူ၏ စိတ်ထဲ၌ အကြောင်းပြချက်မရှိဘဲ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့ရသည်။
အတန်ကြာ စိတ်ထဲတွင် ရုန်းကန်နေပြီးနောက်တွင်မူ သူသည် မကျေမနပ်ဖြင့် စိတ်အာရုံမှနေ၍ လှမ်းပြောလိုက်သည်။
“ဖန့်…… ဒီတစ်ကြိမ်တော့ ငါ မင်းစကားကို တစ်ခွန်း နားထောင်ပေးလိုက်မယ်”
ထို့နောက်တွင်မူ သူသည် ‘ရှုံးနိမ့်ကြောင်း ဝန်ခံပါသည်’ ဟူသော စကားလုံးကို ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
ထိုခဏချင်းမှာပင် မိုးကြိုးလျှပ်စီးတစ်ချက် ဝုန်းကနဲ ကျဆင်းလာခဲ့ပြီး သူ့ကို ပြာမှုန့်ဘဝရောက်အောင် တိုက်ရိုက် ရိုက်ခတ်ချေမှုန်းပစ်လိုက်တော့သည်။
ဖန်ရွှေအနေဖြင့် တစ်ဖက်လူက ထိုကဲ့သို့ အမှန်တကယ်ပင် ရှုံးနိမ့်ကြောင်း ဝန်ခံလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤနေရာတွင် သူ၏ စွမ်းအင်များကို မဖြုန်းတီးချင်သည်မှာ အမှန်ပင် ဖြစ်သည်။ အကြောင်းမူကား ဤနေရာတွင် အတွင်းကမ္ဘာနယ်ပယ် မရှိသဖြင့် ဖြုန်းတီးလိုက်သော စွမ်းအင်များကို မည်သို့မျှ ပြန်လည်ဖြည့်တင်းရန် လမ်းစမရှိခြင်းကြောင့် ဖြစ်သည်။
‘ဒီမိုးကြိုးစွမ်းအင်က…… စွမ်းအင်ပြင်းမိုးကြိုး မဟုတ်ဘူးလား’
ဖန့်ချန်သည် အနည်းငယ် ကြောင်အသွားခဲ့ရပြီး မသိစိတ်အလျောက် ခေါင်းကိုမြှောက်ကာ ကောင်းကင်ယံ ဟင်းလင်းပြင်ကြီးကို စိုက်ကြည့်လိုက်မိရာ ရင်ထဲတွင် အံ့ဩတုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
မိုးကြိုးလျှပ်စီးဟူသည်မှာလည်း အမျိုးအစားများစွာ ကွဲပြားပြီး အငွေ့အသက်ချင်း မတူညီကြချေ။ သို့သော် အခုနက ကျဆင်းလာခဲ့သော မိုးကြိုးလျှပ်စီး၏ အငွေ့အသက်မှာ သူ ပိုင်ဆိုင်ထားသော စွမ်းအင်ပြင်းမိုးကြိုးနှင့် လွန်စွာ သဏ္ဌာန်တူနေခဲ့သည်။
ဤသည်မှာ မည်သို့သော အကြောင်းအရာနည်း။
သို့ဆိုလျှင် စွမ်းအင်ပြင်းမိုးကြိုး၏ အရင်းအမြစ်သည်လည်း သံသရာမသေမျိုးဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်ပါသလော။
ဂိုဏ်းသားများနှင့် ဆွေ့ထျန်းဟွမ်တို့မှာမူ ဤမိုးကြိုးလျှပ်စီးအပေါ် စိတ်ဝင်စားမှု ရှိမနေကြချေ။ ဖန့်ချန်၏ မျက်နှာထက်တွင် လေးနက်တည်ကြည်မှုများ ထင်ဟပ်နေသည်ကို မြင်တွေ့ရသော်လည်း အသေးစိတ်ကိုမူ လိုက်လံတွေးတောခြင်း မရှိခဲ့ကြချေ။
လင်ယောင်ဂိုဏ်းဘက်က အချင်းချင်း သတ်ဖြတ်မည့် အရိပ်အယောင် မရှိသည်ကို မြင်လိုက်ရသည့်အခါ ဂိုဏ်းသားများသည် နောက်တစ်ကြိမ် တိတ်ဆိတ်ခြင်းထဲသို့ နစ်မြုပ်သွားကြပြန်သည်။
သူတို့အနေဖြင့် နောက်ထပ် တစ်အောင့်မျှ ထပ်မံစောင့်ဆိုင်းရဦးမည်ဟု ထင်မှတ်နေကြစဉ်အတွင်းမှာပင် လုကျိုယွမ်က ရုတ်တရက် နှုတ်ဟလိုက်သည်။
သူသည် မိမိ၏ ညီငယ်တစ်ဦးကို လက်ညှိုးထိုးပြလျက် ဆိုလိုက်သည်။
“မင်း တက်သွားပြီး သူ့ရဲ့ အောက်ခြေအခြေအနေကို စမ်းသပ်ကြည့်လိုက်စမ်း”
“တကယ်လို့ ရှုံးသွားခဲ့ရင်တောင် နောက်ပိုင်း အပြင်ကမ္ဘာကို ရောက်တဲ့အခါ ငါတို့ တာ့ဟွမ်ဂိုဏ်းက မင်းအတွက် ဒီအရှက်တရားကို သေချာပေါက် ပြန်ပြီး တောင်းဆိုပေးမယ်”
“စီနီယာအစ်ကို…… ငါ့ကို တကယ်ပဲ သွားခိုင်းတာလား”
ထိုသူက မလိုလားအပ်ဟန်ဖြင့် ပြောလိုက်သည်။
လုကျိုယွမ်က ခေါင်းညိတ်ပြလိုက်သည်။
“အခြေအနေ အရပ်ရပ်အတွက်ပဲ၊ ပြီးတော့ မင်းအနေနဲ့ ဒီရွေးချယ်ပွဲကို အောင်မြင်ဖို့ အခွင့်အရေးက သိပ်ပြီး မရှိလှဘူး မဟုတ်လား”
ထိုသူသည် ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိပြီးနောက် စင်မြင့်ထက်သို့ အာရုံစိုက်လျက် တက်လှမ်းသွားခဲ့တော့သည်။
ဖန်ရွှေသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရင်ထဲတွင် ‘ဒိန်း’ ကနဲ ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း မျက်နှာပြင်ထက်တွင်မူ အားနည်းချက်မပြဘဲ ဆိုလိုက်သည်။
“တာ့ဟွမ်ဂိုဏ်းက အမှိုက်တွေကတော့…… စင်မြင့်ထက်ကို တက်လာပြီး လူပြက်လုပ်နေကြပြန်ပြီလား”
“တာအိုနိယာမ ခိုးယူသူ…… မာနမထောင်လွှားစမ်းနဲ့၊ ငါ မင်းရဲ့ နည်းလမ်းတွေကို တစ်ချက်လောက် စမ်းသပ်ကြည့်ရသေးတာပေါ့”
တစ်ဖက်လူက အေးစက်စွာ လှောင်ပြုံးလိုက်ပြီး တာ့ဟွမ် လောကနှိမ်နင်း လက်ဝါးချက်ကို ထုတ်ဖော်လိုက်တော့သည်။
သို့သော်လည်း ယခင်အတိုင်းပင် လေထုကိုသာ ရိုက်ခတ်မိသကဲ့သို့ ဖြစ်သွားခဲ့ပြီး မည်သည့်အရာမျှ ဖြစ်ပေါ်မလာခဲ့ချေ။
ဖန်ရွှေသည် ထိုအခြေအနေကို မြင်သည်နှင့် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ လေထုထဲသို့ ဝုန်းကနဲ ခုန်တက်လိုက်ကာ မျိုးနွယ်စု ကံကြမ္မာ မဟာစွမ်းအားကိုပင် ထုတ်ဖော်ခြင်းမပြုတော့ဘဲ လက်သီးချက်အချို့ဖြင့် တစ်ဖက်လူကို နေရာတင် အသေသတ်ပစ်လိုက်တော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကျီးကန်းတစ်ကောင်မျှပင် အသံမထွက်ရဲလောက်အောင် တိတ်ဆိတ်သွားခဲ့ရပြီ ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးကို နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့လိုက်ရပြီးနောက်တွင်မူ သူတို့သည် ဖန်ရွှေ၏ နည်းလမ်းများမှာ ဆန်းကြယ်လွန်းသဖြင့် မည်သို့မျှ အကဲဖြတ်၍ မရနိုင်ကြောင်း အပြည့်အဝ ယုံကြည်သွားကြရပြီ ဖြစ်သည်။
တာ့ဟွမ်ဂိုဏ်းသည် တပည့်နှစ်ဦးတိုင်တိုင် ဆက်တိုက် ရှုံးနိမ့်သွားခဲ့ရပြီဖြစ်ရာ နောက်ထပ် မည်သူတစ်ဦး တက်လာသည်ဖြစ်စေ ရလဒ်မှာ အတူတူပင် ဖြစ်ပေလိမ့်မည်။
“မှန်းကြည့်ရရင်တော့…… လုကျိုယွမ် ကိုယ်တိုင် စင်မြင့်ထက်ကို တက်လာမှသာ အခြေအနေကို ပြောင်းလဲပစ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ ဒါကလည်း ပြောရခက်သေးတယ်”
ဂိုဏ်းသားတစ်ဦးက တီးတိုးရေရွတ်လိုက်ရင်း မျက်လုံးများက လုကျိုယွမ်ထံသို့ အဆက်မပြတ် ဝဲပတ်ကြည့်ရှုနေခဲ့ပြီး တစ်ခုခုကို အရိပ်အမြွက်ပြနေသည့်အလား ထင်မှတ်ရသည်။
သို့သော် လုကျိုယွမ်ကမူ မည်သို့မျှ လှုပ်ရှားခြင်း မရှိချေ။ မိမိ၏ ညီငယ်နှစ်ဦးစလုံး ဖန်ရွှေ၏လက်ထဲတွင် ရှုံးနိမ့်သွားသည်ကို ကြည့်ရင်း တည်ငြိမ်အေးစက်စွာဖြင့်သာ ဆိုလိုက်သည်။
“တာအိုနိယာမ ခိုးယူသူမှာ နည်းလမ်းအချို့ ရှိနေတာပဲ၊ တကယ့်ကို ထူးခြားဆန်းပြားလှတယ်။ ဒါပေမဲ့ သူ့ရဲ့ အားနည်းချက် အလှည့်အပြောင်းကို ရှာဖွေတွေ့ရှိသွားတာနဲ့ တစ်ပြိုင်နက် သူ့ကို သေသေချာချာ နှိမ်နင်းပစ်လို့ရတယ်”
“စီနီယာအစ်ကို…… ဒါဆိုရင် အခုနက အစ်ကို အားနည်းချက်ကို တွေ့လိုက်ရပြီလား”
လုကျိုယွမ်က ပြန်လည်ဖြေကြားလိုက်သည်။
“မတွေ့ဘူး”
“……”
ဖန်ရွှေသည် ထိုနေရာမှ စကားပြောသံများကို အမြဲတစေ လျှို့ဝှက်နားထောင်နေခဲ့ခြင်း ဖြစ်သည်။ လုကျိုယွမ်ပင်လျှင် မိမိ၏ အားနည်းချက်ကို ထိုးထွင်းမမြင်နိုင်ကြောင်း သိရှိလိုက်ရသည့်အခါ ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိပြီး ကျယ်လောင်စွာ တဟားဟား ရယ်မောလျက် ကြုံးဝါးလိုက်တော့သည်။
“ဆောင်းဦးရာသီ ရောက်ရှိလို့ ကိုးလပိုင်း ကိုးရက်နေ့ကို ရောက်တဲ့အခါ…… ငါ့ရဲ့ ပန်းပွင့်ချိန်ရောက်ရင် ကျန်တဲ့ ပန်းပွင့်ဟူသမျှ ကြွေလွင့်ပျက်စီးရလိမ့်မယ်။
တာ့ဟွမ်ဂိုဏ်းက လုကျိုယွမ်…… အသက်အသေခံဖို့အတွက် စင်မြင့်ထက်ကို တက်လာခဲ့စမ်း ”
ပတ်ဝန်းကျင်တစ်ခုလုံး သေခြင်းတရားကဲ့သို့ ငြိမ်သက်သွားခဲ့ရသည်။
လုကျိုယွမ်သည် ထိုကဲ့သို့သော ပြင်းထန်လှသော စိန်ခေါ်မှုကို ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရချိန်တွင် ဂိုဏ်းကြီးအသီးသီးမှ တပည့်များအားလုံး တိတ်ဆိတ်ခြင်းကိုသာ ရွေးချယ်လိုက်ကြတော့သည်။
လုကျိုယွမ်က မျက်ခွံကို အနည်းငယ် ပင့်တင်လိုက်ပြီး အေးစက်စွာ လှောင်ပြုံးလျက် ဆိုလိုက်သည်။
“မလောပါနဲ့ဦး…… ငါ နောက်ထပ် အနည်းငယ်လောက် ထပ်ပြီး စောင့်ဆိုင်းဦးမယ်”
အခန်း (၂၅၄၆) - မဟာကပ်ကမ္ဘာ ထာဝရမီးအိမ်
လုကျိုယွမ်သည် ထိုကဲ့သို့ စောင့်ဆိုင်းနေလိုက်ရာ ဆက်တိုက်ဆိုသလိုပင် ကိုးပွဲတိတိ ကြာမြင့်သွားခဲ့သည်။
ဖန်ရွှေသည် မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ စင်မြင့်ထက်မှ ဖြည်းညှင်းစွာ လျှောက်လှမ်းဆင်းလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထက်တွင်မူ ‘လူ့လောကနယ်ပယ်’ ၏ အသိစိတ်အာရုံ အငွေ့အသက်တစ်ခု တိုးဝင်ကပ်ငြိလျက် ရှိနေခဲ့ပြီ ဖြစ်သည်။
သူ လျှောက်လှမ်းလာရာ လမ်းတစ်လျှောက်တွင် ဂိုဏ်းသားတစ်ဦးတစ်ယောက်မျှ သူ၏ ရှေ့မှောက်၌ လာရောက်ပိတ်ဆို့ ဟန့်တားရဲခြင်း မရှိကြဘဲ အားလုံးက နှုတ်ဆိတ်လျက် ဖန်ရွှေတစ်ယောက် ဖန့်ချန်တို့နှင့် သွားရောက်ပူးပေါင်းသည်ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေကြတော့သည်။
“ကံကောင်းထောက်မစွာနဲ့ပဲ တာဝန်ကျေပွန်ခဲ့ပါတယ် အားလုံးပဲ”
ဖန်ရွှေက တည်ငြိမ်အေးစက်စွာဖြင့် လက်နှစ်ဖက်ကို အသာအယာ ဆုပ်ကိုင်၍ ဂါရဝပြုလိုက်သည်။
“ဖန်ရွှေ…… မင်းမှာ ဒီလိုနည်းလမ်းမျိုး ရှိနေလိမ့်မယ်လို့ တကယ့်ကို ငါတို့ မျှော်လင့်မထားခဲ့ဘူး။ ငါ့အမြင်အရဆိုရင်တော့ ဒီကောင်းကင်ဘုံငါးပါးထဲမှာ အဆင့်တူချင်း ယှဉ်ရင် မင်းကို အနိုင်တိုက်နိုင်မယ့်သူ လက်ချိုးရေလို့တောင် ရမယ် ထင်တယ်”
ရင်တန့်က ထူးဆန်းအံ့ဩဖွယ်ရာ အမူအရာဖြင့် စိတ်အာရုံမှနေ၍ လှမ်းပြောလိုက်သည်။
“မင်းရဲ့ ရင်ထဲမှာ ရှိနေတဲ့ မနာလိုမှု အနည်းငယ်နဲ့ အားကျမှု အနည်းငယ်ကို ငါ အာရုံခံမိတယ်၊ ဒါက သဘာဝကျပါတယ်လေ။ အဆင့်အတန်းချင်း ကွာဟလွန်းတဲ့ ကောင်းကင်အရှင်သခင် ဆက်ခံသူဆိုတာ မူလကတည်းက အနည်းငယ်ပဲ ရှိတာကိုး။ ဒါပေမဲ့ ငါက ဖန့်အစ်ကိုကြီးရဲ့ ပြိုင်ဘက်တော့ ဖြစ်နိုင်ဦးမယ် မထင်ဘူး”
ဖန်ရွှေက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီးနောက် ဖန့်ချန်ကို ကြည့်ကာ သွားလေးဖြဲလျက် လွန်စွာ ဖော်ရွေလှသော အပြုံးဖြင့် ဆိုလိုက်သည်။
“ဖန့်အစ်ကိုကြီး…… ဒီနေရာကနေ ထွက်သွားပြီးတာနဲ့ ငါ့ရဲ့ စင်ကြယ်သော ဗောဓိသီး ဆယ်လုံးကို အစ်ကိုကြီးဆီ ခဏ ငှားပေးမယ်နော်”
“ဟုတ်ပါပြီ”
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖန့်ချန်ကို ကြည့်သည့် အကြည့်များထဲတွင် သံသယစိတ် အနည်းငယ်နှင့် နက်နက်နဲနဲ တွေးတောနေသည့် အမူအရာများ ပါဝင်နေခဲ့သည်။
ထိုကဲ့သို့ပင် အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
ထိုစင်မြင့်ထက်မှ စမ်းသပ်ချက်ကို ဖြတ်ကျော်ရန်မှာ အမှန်တကယ်ပင် ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ကြောင်း ဖန့်ချန်တို့ သတိပြုမိလိုက်ကြသည်။ ဂိုဏ်းသားအချို့သည် ဆက်တိုက် ခုနစ်ပွဲ ရှစ်ပွဲခန့် အနိုင်ရရှိခဲ့လျှင်ပင် နောက်ဆုံးတွင်မူ စင်မြင့်အောက်သို့ အလွယ်တကူပင် ရိုက်ချခြင်းကို ခံလိုက်ကြရသည်။
ဤအတောအတွင်း၌ လုကျိုယွမ်သည် စိုးစဉ်းမျှ လှုပ်ရှားခြင်း မရှိဘဲ စင်မြင့်ထက်သို့ တက်ရောက်ရန် အကြံအစည် ရှိမနေခဲ့ချေ။
လူတိုင်းကလည်း အခြေအနေကို အထူးတလည် တွေးတောနေစရာမလိုဘဲ နားလည်သဘောပေါက်သွားကြသည်။ လုကျိုယွမ်သည် မိမိကိုယ်တိုင် စင်မြင့်ထက်သို့ တက်လှမ်းမိပါက လင်ယောင်ဂိုဏ်းမှ ဤတာအိုနိယာမ ခိုးယူသူများ၏လက်ထဲတွင် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ပယ်ဖျက်ခံရမည်ကို သိသိသာသာပင် ကြိုတင်ကာကွယ်နေခြင်း ဖြစ်သည်။
ထိုအချက်ကို နားလည်သဘောပေါက်သွားကြပြီးနောက် ထိုဂိုဏ်းသားများသည် ဖန့်ချန်တို့အပေါ် ပိုမို၍ စိုးရိမ်ထိတ်လန့်သော အမူအရာများ ပြသလာခဲ့ကြတော့သည်။
မျက်တောင်ခတ်ရုံမျှဖြင့်ပင် ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းသားအများအပြားမှာ ပြိုင်ပွဲမှ ပယ်ဖျက်ခြင်းကို ခံလိုက်ကြရပြီ ဖြစ်သည်။
ဆွေ့ထျန်းဟွမ်တို့အနေဖြင့် အချိန်အခါသည် အတော်အတန် သင့်တော်ပြီဟု ခံစားလိုက်ရသည်။ အကြောင်းမူကား ထိုအစွမ်းထက်သော ကျင့်ကြံသူ အများစုမှာ နောက်ထပ် စမ်းသပ်ချက်များဆီသို့ ဆက်လက်တက်လှမ်းခွင့် အရည်အချင်းများကို ရရှိသွားကြပြီ ဖြစ်သောကြောင့်ပင်။ ကျန်ရှိနေသော သူများကိုမူ သူတို့အနေဖြင့် တကယ်ပဲ မယှဉ်နိုင်တော့လျှင်ပင် ဆက်လက်၍ ငုတ်တုတ်ထိုင်စောင့်နေရန် အကြောင်းမရှိတော့ဘဲ စင်မြင့်ထက်သို့ တက်ရောက်ကာ အစွမ်းကုန် တိုက်ခိုက်ကြည့်ရုံသာ ရှိတော့သည်။
“အားလုံးပဲ…… ငါ တက်သွားတော့မယ်”
ဆွေ့ထျန်းဟွမ်က လေးနက်တည်ကြည်စွာ ဆိုလိုက်သည်။
စကားဆုံးသည်နှင့် သူသည် စင်မြင့်ရှိရာ အရပ်ဆီသို့ ဦးတည်၍ လျှောက်လှမ်းသွားခဲ့တော့သည်။
စင်မြင့်ထက်တွင်မူ ဂိုဏ်းသားတစ်ဦး ရပ်တန့်နေခဲ့သည်။ သူသည် ဆွေ့ထျန်းဟွမ် မိမိထံသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည့်အခါ မျက်လုံးထဲတွင် လေးနက်ခက်ထန်သော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ပြီး ရင်ထဲတွင်လည်း တီးတိုးကျိန်ဆဲနေမိတော့သည်။
မကြာမီမှာပင် ဆွေ့ထျန်းဟွမ်သည် စင်မြင့်ထက်သို့ ရောက်ရှိသွားခဲ့သည်။
တစ်ဖက်လူသည် အေးစက်လှသော အကြည့်များနှင့်အတူ အနည်းငယ် စိုးရိမ်ထိတ်လန့်မှုများ ရောပြွမ်းနေသည့် အမူအရာဖြင့် ဆွေ့ထျန်းဟွမ်ကို စိုက်ကြည့်လိုက်သည်။
ဆွေ့ထျန်းဟွမ်၏ မျက်နှာမှာ တည်ငြိမ်လျက် ရှိနေခဲ့ပြီး သူသည် မိမိ၏ ရှေ့မှောက်ရှိ လူ၏ အစွမ်းအစမှာ အလွန်ဆုံးရှိလှ မိမိနှင့် အဆင့်တူမျှသာ ရှိကြောင်း အကဲဖြတ်မိလိုက်သည်။ သို့သော်လည်း တစ်ဖက်လူတွင် အတွင်းကမ္ဘာနယ်ပယ် စွမ်းအင်များကို အဆက်မပြတ် ဖြည့်တင်းနိုင်သည့် အားသာချက် ရှိနေသည်။ မိမိ၏ တစ်ခုတည်းသော အားနည်းချက်မှာမူ အတွင်းကမ္ဘာနယ်ပယ် စွမ်းအင်များကို ပြန်လည်မဖြည့်တင်းနိုင်ခြင်းပင် ဖြစ်သည်။
တကယ်လို့ အတွင်းကမ္ဘာနယ်ပယ်ကိုသာ ဖွင့်လှစ်နိုင်ခဲ့မယ်ဆိုရင် ထိုဂိုဏ်းသားကို ရှင်းလင်းသုတ်သင်ရန်မှာ မည်သို့မျှ ခက်ခဲလိမ့်မည် မဟုတ်ပေ။
‘အခုအချိန်မှာတော့…… တစ်ဖက်လူကို ငါနဲ့ အချိန်ဆွဲပြီး တိုက်ခိုက်ခွင့် မပေးဘဲ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့အတွက် အစွမ်းကုန် တိုက်ခိုက်ရုံပဲ ရှိတော့တယ်’
‘ငါသာ နိုင်သွားခဲ့ရင် နောက်ထပ် ကိုးပွဲစလုံးကလည်း ဒီအတိုင်းပဲ ဖြစ်သွားမှာပဲ’
ဆွေ့ထျန်းဟွမ်သည် စိတ်ထဲတွင် အတွေးများ လျှပ်စီးအလား လက်သွားခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ အငွေ့အသက်များသည် ဟုန်းကနဲ မြင့်တက်လာခဲ့တော့သည်။
သူ၏ ရှေ့မှောက် ဟင်းလင်းပြင်ထက်တွင်မူ အတွင်းကမ္ဘာနယ်ပယ် စွမ်းအင်များဖြင့် ပုံဖော်ထုဆစ်ထားသည့်အလား ထင်မှတ်ရသော စိမ်းဖန့်ဖန့် မီးအိမ်တစ်လုံး ပေါ်ထွက်လာခဲ့သည်။
ထိုစိမ်းဖန့်ဖန့် မီးအိမ်ကလေး ထိန်လင်းတောက်ပလာသည်နှင့်အမျှ ဆန်းကြယ်လှသော စွမ်းအင်လှိုင်းများသည် အရပ်မျက်နှာ အနှံ့အပြားဆီသို့ အဆက်မပြတ် လွှမ်းခြုံရိုက်ခတ်သွားခဲ့တော့သည်။ ဆွေ့ထျန်းဟွမ်၏ အရှိန်အဝါသည်လည်း ဤအခိုက်အတန့်တွင် ယခင်ကနှင့် လုံးဝ ခြားနားသွားခဲ့ရပြီ ဖြစ်သည်။
“ဒါက ယန်တန်းမျိုးနွယ်စုရဲ့ ‘မဟာကပ်ကမ္ဘာ ထာဝရမီးအိမ်’ ပဲ။ ဒီမီးအိမ်ကို ထွန်းညှိလိုက်ပြီးတာနဲ့ မီးအိမ် မငြိမ်းမချင်း တစ်ဖက်လူရဲ့ အစွမ်းအစကို သုံးပုံပုံ တစ်ပုံ အထိ လျော့ကျစေပြီး မိမိရဲ့ အစွမ်းအစကိုတော့ သုံးပုံပုံ တစ်ပုံ အထိ ရုတ်တရက် မြင့်တက်သွားစေလိမ့်မယ်”
“ဒါ့အပြင်…… မီးအိမ်မငြိမ်းသရွေ့ သူက မသေနိုင်ဘူး”
ရှန်းရှိုယွမ်၏ မျက်လုံးထဲတွင် လေးနက်တည်ကြည်သော အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
မီးအိမ်မငြိမ်းသရွေ့ မသေနိုင်ဘူး ဟုတ်လား။
ဖန့်ချန်သည် စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် စင်မြင့်ထက်ကို စူးစမ်းလေ့လာလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် ‘လူ့လောကနယ်ပယ်’ ၏ အသိစိတ်အာရုံကို လောလောဆယ် အသုံးမပြုသေးဘဲ ယန်တန်းမျိုးနွယ်စု၏ မျိုးနွယ်စု ကံကြမ္မာ နတ်ဘုရားစွမ်းအားသည် မည်မျှအထိ ဆန်းကြယ်ထူးဆန်းသလဲဆိုသည်ကို သေသေချာချာ မြင်တွေ့ချင်နေခဲ့ခြင်း ဖြစ်သည်။
“ဒါက ဘာနတ်ဘုရားစွမ်းအားလဲ”
“ထျန်းယွမ်ဒေသရဲ့ အပြင်ဘက်က နတ်ဘုရားစွမ်းအားတွေကတော့ သေချာပေါက် ကောလာဟလတွေအတိုင်းပဲ၊ ထူးဆန်းအံ့ဩဖို့ တကယ်ကောင်းတာပဲ”
“သူ့ရဲ့ အရှိန်အဝါက ပိုပြီး အားကောင်းလာသလိုပဲ၊ တစ်ဖက်လူရဲ့ အရှိန်အဝါကကျတော့ လျော့နည်းသွားတာလား”
တီးတိုးရေရွတ်သံများမှာ အဆက်မပြတ် ထွက်ပေါ်လာခဲ့တော့သည်။
ဆွေ့ထျန်းဟွမ်သည် ဤစကားများကို အာရုံစိုက်နေရန် အချိန်မရှိတော့ချေ။ ‘မဟာကပ်ကမ္ဘာ ထာဝရမီးအိမ်’ ထိန်လင်းတောက်ပလာသည်နှင့်တစ်ပြိုင်နက် သူသည် တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။
တစ်ဖက်လူကလည်း ချက်ချင်းပင် တုံ့ပြန်လာခဲ့ပြီး ပြန်လည်ခုခံ တိုက်ခိုက်လာခဲ့သည်။
ဤဂိုဏ်းသားသည်လည်း သေချာပေါက် အစွမ်းအစ မနိမ့်ပါးလှချေ။ သူ ထုတ်ဖော်လိုက်သော မဟာစွမ်းအားသည် ‘မဟာကပ်ကမ္ဘာ ထာဝရမီးအိမ်’ ၏ စွမ်းပကားကို ချေဖျက်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း ကံဆိုးစွာဖြင့် မီးအိမ်၏ လွှမ်းမိုးမှုကို ခံလိုက်ရသဖြင့် သူ၏ အစွမ်းအစမှာ အတန်ငယ် ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး ဆွေ့ထျန်းဟွမ်၏ တိုက်ခိုက်မှုအောက်တွင် တုန်လှုပ်ချောက်ချားလျက် နေရာတကာတွင် အားနည်းချက်များ ပြသကာ အောက်စီးသို့ လုံးဝ ရောက်ရှိသွားခဲ့ရတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အရပ်မျက်နှာအသီးသီးမှ ဂိုဏ်းသားများသည် ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်ကြသည်။
ဖန်ရွှေကဲ့သို့ ယူတန့်ဟယ်ကို အလွယ်တကူ နှိမ်နင်းပစ်နိုင်သော ကြောက်မက်ဖွယ်ရာ နတ်ဘုရားစွမ်းအားမျိုး မဟုတ်လျှင်ပင် တော်သေးသည်ဟု သူတို့ တွေးတောမိလိုက်ခြင်းကြောင့် ဖြစ်သည်။
ဤသို့ကြည့်ရလျှင် လင်ယောင်ဂိုဏ်းမှ လူတိုင်းသည် ထိုသုံးယောက်ကဲ့သို့ အစွမ်းထက်လွန်းနေခြင်းမျိုး မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ သူတို့၏ ရင်ထဲတွင် ဆွေ့ထျန်းဟွမ်တို့အပေါ် ထားရှိသော စိုးရိမ်ထိတ်လန့်မှုများမှာလည်း ဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့ရပြီ ဖြစ်သည်။
“ဆွေ့ထျန်းဟွမ်ရဲ့ အစွမ်းအစက တကယ့်ကို မသေးလှဘူးပဲ၊ ဒီလိုအခြေအနေမျိုးမှာတောင် တစ်ဖက်လူကို ဖိနှိပ်ပြီး ရိုက်နှက်နိုင်သေးတယ်”
ဖန်ရွှေက ရင်ထဲတွင် တီးတိုးအံ့ဩသွားခဲ့ရသည်။
ဤသည်မှာ အတွင်းကမ္ဘာနယ်ပယ်ကို မဖွင့်လှစ်နိုင်သေးသော အခြေအနေမျိုးသာ ဖြစ်သေးသည်။ တကယ်လို့ ဆွေ့ထျန်းဟွမ်သာ အတွင်းကမ္ဘာနယ်ပယ်ကို ဖွင့်လှစ်ခွင့် ရရှိခဲ့မည်ဆိုလျှင် ဤဂိုဏ်းသားသည် ရှုံးနိမ့်ရန် ရာခိုင်နှုန်း တော်တော်များနေပြီ ဖြစ်သည်။
ရှန်းရှိုယွမ်နှင့် အခြားသူများမှာမူ ဆွေ့ထျန်းဟွမ်၏ နည်းလမ်းများမှာ မရိုးရှင်းကြောင်း ကြိုတင်၍ ရိပ်မိထားခဲ့ကြပြီးဖြစ်၍ ဤမြင်ကွင်းကို မြင်တွေ့ရသည့်အခါ ထူးထူးခြားခြား အံ့ဩခြင်း မရှိကြချေ။
ရင်တန့်က သက်ပြင်းတစ်ချက်ချလျက် ဆိုလိုက်သည်။
“ယန်တန်းမျိုးနွယ်စုရဲ့ ‘မဟာကပ်ကမ္ဘာ ထာဝရမီးအိမ်’ က အတိုင်းအတာတစ်ခုအထိ ပြောရရင်တော့ တခြား မျိုးနွယ်စု ကံကြမ္မာ မဟာစွမ်းအား အများစုထက်ကို တစ်ဆင့် ပိုပြီး အစွမ်းထက်တယ်။ ဒါပေမဲ့ အဓိကကတော့ မိမိရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းအပေါ်မှာပဲ မူတည်တာပေါ့။ ဒီမီးအိမ်ကို ဆက်လက်ထိန်းထားနိုင်ဖို့အတွက် အတွင်းကမ္ဘာနယ်ပယ် စွမ်းအင်တွေကို ဖြုန်းတီးမှုက ပြင်းထန်လွန်းတယ်”
ကောင်းကင်အရှင်သခင် ဆက်ခံသူများအားလုံးက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံးကလည်း ‘မဟာကပ်ကမ္ဘာ ထာဝရမီးအိမ်’ ၏ စွမ်းအားမှာ အခြားသော မဟာစွမ်းအားများထက် သာလွန်ကြောင်း အသိအမှတ်ပြုထားကြခြင်း ဖြစ်သည်။
“ဒါပေမဲ့ ‘မဟာကပ်ကမ္ဘာ ထာဝရမီးအိမ်’ ရဲ့ အားနည်းချက်ကလည်း အလွန် ထင်ရှားလှတယ်။ တကယ်လို့ နည်းလမ်းတစ်ခုခု သုံးပြီး ဒီမီးအိမ်ကို မှုတ်ပိတ်ပစ်နိုင်မယ်ဆိုရင်တော့ ဒီနတ်ဘုရားစွမ်းအား ပျက်စီးသွားတာနဲ့အမျှ ဆွေ့ထျန်းဟွမ်လည်း ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်”
ဖန်ရွှေက စိတ်အာရုံဖြင့် လှမ်းပြောလိုက်သည်။
ဒီမီးအိမ်ကို မှုတ်ပိတ်ပစ်ရမယ် ဟုတ်လား။
ဖန့်ချန်သည် စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် ကောင်းကင်ယံထက်တွင် လွင့်မျောလျက် တစ်ခုလုံးသော ကြယ်တာရာ စင်မြင့်တစ်ခုလုံးကို အလင်းရောင် ပေးစွမ်းနေသည့် ‘မဟာကပ်ကမ္ဘာ ထာဝရမီးအိမ်’ ကို စိုက်ကြည့်လိုက်မိသည်။
“ဒါဆိုရင်တော့ မင်းအနေနဲ့ နက်ရှိုင်းတဲ့ ဟင်းလင်းပြင်အလွှာ ထဲကို တိုးဝင်နိုင်တဲ့ စွမ်းရည်မျိုး ရှိနေဖို့ လိုအပ်လိမ့်မယ်။ ဆွေ့ထျန်းဟွမ်ရဲ့ အခုရှိနေတဲ့ အစွမ်းအစအရဆိုရင် ဒီမီးအိမ်က အနည်းဆုံးတော့ တတိယအလွှာ ဟင်းလင်းပြင်၊ ဒါမှမဟုတ် စတုတ္ထအလွှာ ဟင်းလင်းပြင်ထဲမှာ တည်ရှိနေတာ”
တန်ခယ်ရွှမ်က လေးနက်တည်ကြည်စွာ ဆိုလိုက်သည်။
“ဒီလိုစွမ်းရည်မျိုး မရှိဘူးဆိုရင်တော့ မှုတ်ပိတ်ပစ်ဖို့ နေနေသာသာ၊ မီးအိမ် သူ့ဘာသာသူ လောင်ကျွမ်းပြီး ကုန်ဆုံးသွားမယ့် အချိန်ကိုပဲ စောင့်ဆိုင်းရုံ ရှိတော့တယ်”
ဖန့်ချန်သည် ရင်ထဲတွင် နားလည်သဘောပေါက်သွားခဲ့ရသည်။ ထို့ကြောင့်လည်း ထိုမီးအိမ်ကို ကြည့်ရသည်မှာ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
အမှန်စင်စစ် ၎င်းသည် နက်ရှိုင်းသော ဟင်းလင်းပြင်အလွှာထဲတွင် တည်ရှိနေခြင်း ဖြစ်ပြီး ယခုအခါတွင်မူ မြင်ရုံသာ မြင်နိုင်ပြီး အလွယ်တကူ မှုတ်ပိတ်ပစ်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။
သေချာပေါက်ပင် ဆွေ့ထျန်းဟွမ်၏ ပြိုင်ဘက်ကလည်း ဤမီးအိမ် တည်ရှိနေသရွေ့ မိမိအနေဖြင့် တစ်ဖက်လူကို အနိုင်ယူရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် တိုက်ခိုက်မှုများတွင် သူသည် ထိုမီးအိမ်ကို ဖျက်ဆီးပစ်ရန်သာ အာရုံစိုက်လာခဲ့တော့သည်။
သို့သော်လည်း ဆွေ့ထျန်းဟွမ်ကမူ စိုးစဉ်းမျှ ဂရုမစိုက်ချေ။ ထိုသူ၏ ပြင်းထန်လှသော တိုက်ခိုက်မှုလှိုင်းများသည် မဟာကပ်ကမ္ဘာ ထာဝရမီးအိမ်ထက်သို့ ဖြတ်သန်းသွားခဲ့သော်လည်း မည်သို့မျှ သက်ရောက်မှု မရှိသည်ကို မြင်လိုက်ရချိန်တွင်မူ ဆွေ့ထျန်းဟွမ်၏ အစွမ်းထက်လှသော တိုက်ခိုက်မှုများသည် အားနည်းချက်များစွာ ဗလာကျင်းနေသော ထိုသူ၏ ခန္ဓာကိုယ်ထက်သို့ လုံးဝ ကျရောက်သွားခဲ့ရတော့သည်။
“မင်း တကယ့်ကို စွမ်းတာပဲ။ နောက်ပိုင်း အပြင်ကမ္ဘာမှာ ငါနဲ့ မဆုံစေနဲ့၊ မဟုတ်ရင် မင်းကို အသေရိုက်သတ်ပစ်မယ်”
တစ်ဖက်လူက မကျေမနပ်ဖြင့် ကြုံးဝါးသံတစ်ခု ချန်ထားခဲ့ပြီးနောက် ချက်ချင်းပင် ပြာမှုန့်ဘဝသို့ ရောက်ရှိပျက်စီးသွားခဲ့ရတော့သည်။
ဆွေ့ထျန်းဟွမ်၏ အကြည့်များမှာ အတန်ငယ် လေးနက်တည်ကြည်သွားခဲ့ရသည်။ တိုတောင်းလှသော အချိန်ကာလအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ အတွင်းကမ္ဘာနယ်ပယ် စွမ်းအင်များသည် ငါးပုံပုံ နှစ်ပုံ အောက်သို့ လျင်မြန်စွာ ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။
ဤစွမ်းအင်ပမာဏမှာ ကျန်ရှိနေသေးသော ကိုးပွဲစလုံးကို အဆုံးတိုင် တိုက်ခိုက်ရန်အတွက် မည်သို့မျှ လုံလောက်လိမ့်မည် မဟုတ်ပေ။
“သူ့ရဲ့ စွမ်းအင်တွေ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ”
ဂိုဏ်းသားတစ်ဦး၏ မျက်လုံးများက ဖျတ်ကနဲ ထိန်လင်းသွားခဲ့ပြီး ဆိုလိုက်သည်။
“နောက်ထပ် တစ်ယောက်ယောက် တက်သွားပြီး သူ့ကို ထပ်ပြီး စွမ်းအင်တွေ ကုန်အောင် နှိပ်စက်လိုက်ဦး၊ ဒါဆိုရင် ဒီကောင် သေချာပေါက် ရှုံးပြီပဲ”
ပတ်ဝန်းကျင်တစ်ခုလုံးမှာမူ လွန်စွာ တိတ်ဆိတ်လျက် ရှိနေခဲ့ပြီး ‘မင်းတက်ချင်ရင် မင်းဘာသာမင်း တက်လှမ်းပါ’ ဟူသော အမူအရာမျိုးသာ ပြသနေကြတော့သည်။
မည်သူတစ်ဦးတစ်ယောက်မျှ သူတစ်ပါးအတွက် ခြေနင်းတုံးအဖြစ် အသုံးချခံရန် မလိုလားကြသည်မှာ အမှန်ပင် ဖြစ်သည်။