အခန်း (၂၅၄၉-၂၅၅၀)
Vol. 255 Ch. 2549-2550
အခန်း (၂၅၄၉) - သူတော်စင်ဧကရာဇ်
ရင်တန့်သည်လည်း အခုနတင်က ဖန့်ချန်နှင့် လုကျိုယွမ်တို့ ပြောဆိုခဲ့သည့် အရောင်းအဝယ် ကိစ္စကို ကြားသိထားခဲ့ပြီး ဖြစ်သည်။
ယခုအခါ တာ့ဟွမ်ဂိုဏ်းမှ တပည့်တစ်ဦး စင်မြင့်ထက်သို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်ကို မြင်လျှင် သူသည် မည်သို့လျှင် အချိန်ဖြုန်းရဲပါတော့မည်နည်း။ ချက်ချင်းပင် ပြစ်ဒဏ်ပေး နတ်ဆိုးမျိုးနွယ်စု ၏ မျိုးနွယ်စုကံကြမ္မာ နတ်ဘုရားစွမ်းအားဖြစ်သော တစ္ဆေ နှိမ်နင်းရေး နတ်ဆိုးမျက်လုံးကို ထုတ်ဖော်လိုက်တော့သည်။
သူသည် တကယ်လို့သာ ပြိုင်ဘက်ကို အမြန်ဆုံး မနှိမ်နင်းနိုင်ခဲ့လျှင် ဖန့်ချန်က သူ့ကို တာ့ဟွမ်ဂိုဏ်းထံ တမင်သက်သက် ရှုံးနိမ့်ပေးရန် ခိုင်းစေမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် တကယ့်ကို စိတ်ပျက်စရာ ကောင်းလှပေလိမ့်မည်။
တစ္ဆေ နှိမ်နင်းရေး နတ်ဆိုးမျက်လုံး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် တာ့ဟွမ်ဂိုဏ်းမှ တပည့်သည် မိမိ၏ ပတ်ဝန်းကျင်တွင် လွန်စွာ အင်အားကြီးမားပြီး အာဏာဆန်သော စွမ်းအားတစ်ခုက သူ့ကို ချည်နှောင်ရန် ကြိုးပမ်းနေသကဲ့သို့ ချက်ချင်းပင် ခံစားလိုက်ရသည်။
ထိုသို့သော စွမ်းအားများ ဖိစီးလာမှုအောက်တွင် တာ့ဟွမ်ဂိုဏ်းမှ တပည့်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်ထက်၌ ရွှေရောင်အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော မန္တန်အဆောင် များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
ထိုအဆောင်များသည် တာ့ဟွမ်ဂိုဏ်းမှ တပည့်၏ ပတ်ပတ်လည်တွင် လှည့်ပတ်အကာအကွယ်ပေးနေကြပြီး နတ်ဆိုးမျက်လုံး၏ စွမ်းအားများကို အပြင်ဘက်၌ အံ့ဩစရာကောင်းလောက်အောင် ပိတ်ဆို့တားဆီးထားနိုင်ခဲ့သည်။
“တာ့ဟွမ်မိစ္ဆာနှိမ်နင်းရေးအဆောင်”
“အခုလို အချိန်မျိုးမှာ တာ့ဟွမ်ဂိုဏ်းထဲမှာ ဒီလောက်အထိ လူသိနည်းပြီး အေးစက်လှတဲ့ ဆန်းကြယ်စွမ်းအင်ကို ကျင့်ကြံတဲ့ တပည့် ရှိနေသေးတယ်လို့ မထင်ထားမိဘူး”
“ငါ ကြားဖူးတာကတော့ တာ့ဟွမ်မိစ္ဆာနှိမ်နင်းရေးမန္တန်ကို ကျင့်ကြံမယ်ဆိုရင် လူပျိုစင်ဘဝ ဒါမှမဟုတ် အပျိုစင်ဘဝကို ဖျက်ဆီးလို့မရဘူးတဲ့။ ဒီကောင် အသက်ရှင်နေတာ ဘာအဓိပ္ပာယ် ရှိဦးမှာလဲ……”
“……”
ရင်တန့်သည် နတ်ဆိုးမျက်လုံး၏ စွမ်းအားအောက်တွင်ပင် ပြိုင်ဘက်က လွတ်လပ်စွာ ပြန်လည်လှုပ်ရှားနိုင်စွမ်း ရှိလာသည်ကို မယုံကြည်နိုင်လောက်အောင် ငေးကြည့်နေမိသည်။
သူ့၏ မျိုးနွယ်စု နတ်ဘုရားစွမ်းအင်က ဤကဲ့သို့ပင် တစ်ဖက်လူ၏ ဖြိုခွဲခြင်းကို ခံလိုက်ရသည်လား။
ထိုအခိုက်အတန့်တွင် သူသည် ဆွေ့ထျန်းဟွမ် အခုနက ပြောခဲ့သည့် စကားများကို ပြန်လည်သတိရသွားပြီး ချက်ချင်းပင် သွားကို တင်းတင်းကြိတ်ကာ ဘာမှမပြောဘဲ ကြိုတင်ပြင်ဆင်ထားသည့် ဒိန်းရွှမ်အသီး အနည်းငယ်ကို ပါးစပ်ထဲသို့ ကောက်ထည့်လိုက်တော့သည်။
ထို့နောက်တွင်မူ တာ့ဟွမ်ဂိုဏ်းမှ တပည့်နှင့်အတူ တစ်ယောက်မကျန် သေကြေပျက်စီးမည့် ပုံစံမျိုးဖြင့် အစွမ်းကုန် လုံးထွေးသတ်ပုတ်ကြတော့သည်။
ဤနှစ်ယောက်စလုံး၏ တိုက်ခိုက်ပုံမှာ လွန်စွာ ရက်စက်ကြမ်းကြုတ်လှပြီး ပြိုင်ဘက်မသေလျှင် မိမိသေရမည်ဟူသော အမူအရာမျိုး ရှိနေကြသည်။
သို့သော်လည်း ဂိုဏ်းအသီးသီးမှ တပည့်များကို အံ့အားသင့်သွားစေသည်မှာ ဤလင်ယောင်ဂိုဏ်းမှ တပည့်၏ အစွမ်းအစက သိပ်ပြီး မခိုင်မာလှဘဲ အားနည်းနေသည်ဟုပင် ပြော၍ရသည်။
အနည်းဆုံးတော့ တာ့ဟွမ်ဂိုဏ်းမှ တပည့်နှင့် လက်ရည်ယှဉ်ထိုးသည့် ဖြစ်စဉ်အတွင်းမှာ အစပိုင်းတွင် တာ့ဟွမ်ဂိုဏ်းမှ တပည့်က တိုက်ခိုက်ပုံ အနည်းငယ် သတိကြီးလွန်းနေ၍သာ ရှေ့ကလူက အသာစီး အနည်းငယ် ရရှိခဲ့ခြင်း ဖြစ်သည်။
တာ့ဟွမ်ဂိုဏ်းမှ တပည့်၏ တိုက်ခိုက်ပုံက ပိုမိုပြင်းထန် ရဲတင်းလာသည့်အခါတွင်မူ ထိုလင်ယောင်ဂိုဏ်းမှ တပည့်မှာ သိသိသာသာပင် အောက်စီးသို့ ရောက်ရှိသွားခဲ့ရသည်။
“ဒီကောင်တွေက ဘယ်ကနေ ရောက်လာကြတာလဲ။ ရင်တန့်ရဲ့ နတ်ဆိုးမျက်လုံးကတောင် သူတို့ကို မနှိမ်နင်းနိုင်ဘူးလား”
ဖန်ရွှေ၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှု အလင်းရောင်တစ်ခု ဖျတ်ကနဲ ဖြတ်ပြေးသွားခဲ့သည်။
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများ၏ အကြည့်များတွင်လည်း လေးနက်တည်ကြည်မှုများ အနည်းငယ် ပါဝင်လာခဲ့ရပြီ ဖြစ်သည်။
“လဲ့လဲ့…… ညီမက နတ်ဆေးစာမျိုးနွယ်စု ကပဲ။ တာ့ဟွမ်ဂိုဏ်း တပည့်ရဲ့ နည်းလမ်းတွေက ညီမတို့မျိုးနွယ်စုနဲ့ အနည်းငယ် ဆင်တူနေသလိုပဲနော်”
ဖူယာယာက လဲ့လဲ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
လဲ့လဲ့သည် ကြယ်တာရာစင်မြင့်ထက်မှ တိုက်ပွဲအခြေအနေကို တည်ကြည်လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေရင်း -
“မမယာယာ…… အနည်းငယ်တော့ ဆင်တူပါတယ်၊ ဒါပေမဲ့ စွမ်းအင်အရှိန်အဝါကတော့ လုံးဝကို ကွာခြားတယ်”
ထိုအချိန်တွင် တာ့ဟွမ်ဂိုဏ်းမှ တပည့်သည် ဘက်စုံအသာစီးရမှု အကျိုးသက်ရောက်မှုကို ရရှိနေပြီ ဖြစ်သည်။
ရင်တန့်သည် ဤမျှပြင်းထန်လှသော တိုက်စစ်အောက်တွင် သူတော်စင်အဆင့် ကန့်သတ်ချက်ကျော်လွန်ခြင်း ၏ အရိပ်အယောင် စိုးစဉ်းမျှ မရှိသည့်အပြင် တုန်လှုပ်ချောက်ချားကာ မကြာမီ ရှုံးနိမ့်တော့မည့် အခြေအနေသို့ ဆိုက်ရောက်နေခဲ့ရပြီ ဖြစ်သည်။
လုကျိုယွမ်က မပြုံးဘဲ မနေနိုင်တော့ဘဲ ဆိုလိုက်သည်။
“ယဲ့ထျန်းကူ…… မင်းတို့ လင်ယောင်ဂိုဏ်းသားတွေရဲ့ အစွမ်းအစ ကွာခြားချက်က အတန်ငယ် ကြီးမားလွန်းနေတာပဲ”
“ဟုတ်လို့လား”
ဖန့်ချန်က ဟုတ်သည်မဟုတ်သည်ကို မပြောဘဲ ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်သည်။
နောက်တစ်စက္ကန့်တွင် တာ့ဟွမ်ဂိုဏ်းမှ တပည့်၏ တစ်ကိုယ်လုံးရှိ မန္တန်အဆောင်များသည် ပြိုကွဲပျက်စီးသွားသကဲ့သို့ လက်မဝက်မကျန် တဖြည်းဖြည်းချင်း ကွယ်ပျောက်သွားခဲ့ရတော့သည်။
ထိုသို့ ဖြစ်သွားရသဖြင့် သူသည် နတ်ဆိုးမျက်လုံး၏ စွမ်းအားကို ဆက်လက်မတွန်းလှန်နိုင်တော့ဘဲ ထိုနေရာမှာတင် တိုက်ရိုက် နှိမ်နင်းချုပ်နှောင်ခြင်းကို ခံလိုက်ရတော့သည်။
ရင်တန့်သည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချက်ချင်းပင် ရှေ့သို့တိုးကာ ဦးခေါင်းကို ဖြတ်တောက်လိုက်တော့သည်။
တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
တာ့ဟွမ်ဂိုဏ်းမှ တပည့် ထိုနေရာတင် ရှုံးနိမ့်သွားသည်ကို ကြည့်ရင်း လုကျိုယွမ်၏ မျက်လုံးများထဲမှ အပြုံးများမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
ဂိုဏ်းအသီးသီးမှ တပည့်များသည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာထားများမှာ လွန်စွာ ဆန်းကြယ်နေကြတော့သည်။
ဒီလိုမျိုး ထူးဆန်းဆန်းပြားတဲ့ နည်းလမ်းမျိုး ထပ်ဖြစ်ပြန်ပြီ။
အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်ပြီးသွားသည်နှင့် ဤတာအိုနိယာမ ခိုးယူသူများအုပ်စုက ပြိုင်ဘက်ကို သာလွန်ထူးကဲသော စွမ်းအားများ လုံးဝ ဆုံးရှုံးသွားအောင် ပြုလုပ်နိုင်ကြသည် မဟုတ်ပါလော။
“လုကျိုယွမ်…… ဆန်းနယဲ့နယ်ပယ်အကြောင်းကို မင်း အခု ပြောပြလို့ရပြီ”
ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများ၏ မျက်လုံးများထဲတွင် ဂုဏ်ယူဝင့်ကြွားသော အသွင်အပြင်များ ပေါ်ထွက်လာခဲ့ကြသည်။
တာ့ဟွမ်ဂိုဏ်းမှ တပည့်များသည် ဖန့်ချန်နှင့် အခြားသူများကို ကြည့်သည့် အကြည့်များထဲတွင် ပြင်းထန်လှသော ရန်လိုမုန်းတီးမှုများနှင့်အတူ နက်ရှိုင်းလှသော စိုးရိမ်ထိတ်လန့်မှုများ ပါဝင်နေခဲ့ကြပြီ ဖြစ်သည်။
လုကျိုယွမ်သည် စက္ကန့်ဝက်ခန့် နှုတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ ပါးစပ်ဖွင့်လိုက်သည်။
“ပုံမှန်အားဖြင့်ဆိုရင် မင်းတို့က ဆန်းနယဲ့နယ်ပယ်အကြောင်းကို သိသင့်တာ၊ ဒါပေမဲ့ မင်းက မေးလာမှတော့…… လျှို့ဝှက်ချက်မဟုတ်တဲ့ ဒီမေးခွန်းကို ငါ မင်းကို ဖြေပေးနိုင်ပါတယ်”
“ဆန်းနယဲ့နယ်ပယ် ဆိုတာကတော့ ‘လင်နယဲ့’ ၊ ‘ရွှန်နယဲ့’ နဲ့ ‘ကျဲနယဲ့’ တို့ပဲ ဖြစ်တယ်”
“ဒါက ငါတို့လို သူတော်စင်တွေရဲ့ ပါရမီ၊ အရည်အချင်းနဲ့ တခြား ဘက်စုံစွမ်းဆောင်ရည်တွေကို ကိုယ်စားပြုတာပဲ”
ဤနေရာသို့ ရောက်သောအခါ သူသည် ရင်တန့်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဆွေ့ထျန်းဟွမ်၊ နတ်မိမယ်ယွီနှင့် အခြားသူများကို ဆက်လက်ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
“မင်းရဲ့ ဒီဂျူနီယာညီအစ်ကို ညီအစ်မတွေကတော့ အားလုံး ‘လင်နယဲ့အဆင့်’ ကောင်းကင်ကျော်ပါရမီရှင်တွေ ဖြစ်ကြပုံပဲ မဟုတ်လား”
“ဆန်းနယဲ့နယ်ပယ်ဆိုတာ ကောင်းကင်ပါရမီရှင်တွေရဲ့ အဆင့်အတန်းကို ခွဲခြားသတ်မှတ်ဖို့အတွက် အသုံးပြုတာလား”
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများ၏ မျက်နှာထားများမှာ မှင်တက်သွားခဲ့ရသည်။
မူလက သူတို့သည် ဤသည်မှာ ကျင့်ကြံခြင်းဆိုင်ရာ အဆင့်အတန်းတစ်ခုဟု ထင်မှတ်ထားခဲ့ကြသော်လည်း ပါရမီရှင်များကို အသေးစိတ် ခွဲခြားသတ်မှတ်ခြင်း ဖြစ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ကြချေ။
သို့သော်လည်း ဤကဲ့သို့သော ခွဲခြားမှုမျိုးမှာ ကောင်းကင်ဘုံငါးပါးထဲတွင် တည်ရှိခြင်းမရှိသကဲ့သို့ သူတို့အနေဖြင့်လည်း ဆန်းနယဲ့နယ်ပယ်ဟူသောအရာကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ကြချေ။
“ဒါဆိုရင် မင်းကရော။ မင်းက လင်နယဲ့အဆင့် ကောင်းကင်ကျော်ပါရမီရှင်တစ်ယောက်လား”
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
လုကျိုယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး -
“ငါက ဆန်းနယဲ့နယ်ပယ်နဲ့ ယှဉ်ရင်တော့ အားနည်းချက် အနည်းငယ် လိုအပ်နေသေးတယ်။ တကယ်လို့ ငါသာ ဆန်းနယဲ့နယ်ပယ် ကောင်းကင်ကျော်ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် သံသရာမသေမျိုးဂိုဏ်းရဲ့ ရွေးချယ်ပွဲကို ဘာလို့ လာပါတော့မလဲ”
ဖန်ရွှေနှင့် အခြားသူများသည် အေးစက်လှသော အသက်ရှူသံများကို ပြိုင်တူ ရှူသွင်းလိုက်မိကြတော့သည်။
လုကျိုယွမ်ဟူသော ဤကောင်သည် ဖုန်းယွမ်ဝူတောက်၊ ချန်နန်ခယ်တို့ထက် သေချာပေါက် ပိုမိုအစွမ်းထက်လှသည်။
ယနေ့ ထိုနေရာတွင် ရှိနေကြသော ဂိုဏ်းအသီးသီးမှ တပည့်များထဲတွင် လုကျိုယွမ်ကိုသာ အကြီးအကဲအဖြစ် ထားရှိရပေလိမ့်မည်။
ရလဒ်အနေဖြင့် ဤမျှ အစွမ်းထက်လှသောသူပင် လင်နယဲ့အဆင့် ကောင်းကင်ကျော်ပါရမီရှင် မဟုတ်သေးဘူးလား။
ဒါဆိုရင် ၎င်း၏နောက်က ရွှန်နယဲ့၊ ကျဲနယဲ့ နယ်ပယ်တွေဆိုရင်…… ဘယ်လောက်အထိ ထူးခြားဆန်းပြားမည့် အခြေအနေမျိုး ဖြစ်နေလိမ့်မည်နည်း။
“သူတို့က ငါတို့ကို လှည့်စားနေတာလား”
“ဖြစ်နိုင်မလား”
“လှည့်စားနေတာဆိုရင်တော့ အကောင်းဆုံးပဲ၊ တကယ်လို့ မဟုတ်ဘူးဆိုရင်တော့…… သူတို့ရှိနေတဲ့ နယ်မြေက ငါတို့ ကောင်းကင်ဘုံငါးပါးထက် အများကြီး ပိုပြီး အစွမ်းထက်လွန်းနေလိမ့်မယ်။ ဆန်းနယဲ့နယ်ပယ်ဆိုတာက ချီကွမ်းယိ ဒါမှမဟုတ် ဝူရှီတို့လို အဆင့်မျိုးကို ပြောတာ မဟုတ်ပါဘူးနော်”
ရုတ်တရက်ဆိုသလိုပင် သူတို့အားလုံး ဖန့်ချန်ကို ပြိုင်တူ လှမ်းကြည့်လိုက်ကြပြီး အကြည့်များမှာ အတန်ငယ် ဆန်းကြယ်နေကြတော့သည်။
ငါတို့ရှေ့က ထိုလူကတော့…… သေချာပေါက် စစ်မှန်သော ဆန်းနယဲ့နယ်ပယ် ကောင်းကင်ကျော်ပါရမီရှင်တစ်ယောက် ဖြစ်နေမလားပဲ။
“လုကျိုယွမ်…… မင်းတို့နဲ့ ငါတို့လို တာအိုနိယာမ ခိုးယူသူတွေရဲ့ ကျင့်ကြံခြင်းနယ်ပယ်က အတူတူပဲ ဖြစ်ရမယ် မဟုတ်လား”
ဖန့်ချန်သည် လုကျိုယွမ်ထံမှ ရရှိလာသော အချက်အလက်များကို ရင်ထဲတွင် မှတ်သားပြီးနောက် ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။
လုကျိုယွမ်ကမူ ခေါင်းကို အသာအယာ ခါယမ်းပြလိုက်ပြီး -
“ဒီမေးခွန်းကို ဖြေဖို့ အဆင်မပြေဘူး။ မင်းက ငါတို့ တာ့ဟွမ်ဂိုဏ်းသားတွေ အကုန်လုံးကို ပြိုင်ပွဲကနေ မောင်းထုတ်မယ်ဆိုရင်တောင် ငါတို့ ပြောမှာ မဟုတ်ဘူး”
“တကယ်လို့ မင်း သိချင်တယ်ဆိုရင်တော့ တစ်နေ့နေ့မှာ မင်းတို့ ငါတို့ရှိတဲ့ နယ်မြေကို တကယ် ရောက်လာတဲ့အခါကျရင် အလိုအလျောက် သိရှိသွားလိမ့်မယ်”
“ရပြီ”
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး -
“ဒါဆိုရင် ငါတို့ လင်ယောင်ဂိုဏ်းက မင်းတို့ တာ့ဟွမ်ဂိုဏ်းကို ပြိုင်ပွဲကနေ မောင်းထုတ်ပစ်လိုက်မယ်”
“……”
လုကျိုယွမ်၏ မျက်နှာမှာ ပျက်သွားခဲ့ရပြီး -
“ငါ မင်းကို ဆန်းနယဲ့နယ်ပယ်အကြောင်း ပြောပြပြီးပြီပဲ၊ မင်းက ကတိမတည်ဘူးလား”
“မေးခွန်းသုံးခုမှာ မင်းက တစ်ခုပဲ ဖြေခဲ့တာလေ၊ ငါ့ကို ဘယ်လိုမျိုး ကတိတည်စေချင်တာလဲ”
ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
“ရတယ်…… ဘာပဲဖြစ်ဖြစ် ဒါကလည်း လျှို့ဝှက်ချက်တစ်ခု မဟုတ်ပါဘူး။ ငါ မင်းကို ငါတို့ဆီက ‘ကြီးမားတဲ့ နယ်ပယ်ခြောက်ခု’ အကြောင်း ပြောပြမယ်။ ကျန်တဲ့အရာတွေကိုတော့ မင်း ထပ်ပြီး မေးဖို့ မစဉ်းစားနဲ့တော့၊ ငါလည်း မသိဘူး၊ မင်းကိုလည်း ပြောပြမှာ မဟုတ်ဘူး”
“ဒါက မင်းရဲ့ နောက်ဆုံးမေးခွန်းပဲ၊ တကယ်လို့ မင်း သဘောတူတယ်ဆိုရင် ငါ အခုပဲ ပြောမယ်”
လုကျိုယွမ်က လေးနက်စွာ ဆိုလိုက်သည်။
ကြီးမားတဲ့ နယ်ပယ်ခြောက်ခု ဟုတ်လား။
ဖန်ရွှေနှင့် အခြားသူများ၏ စိတ်အာရုံများ ချက်ချင်းပင် လှုပ်ရှားသွားခဲ့ရပြီး ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရသည်။
“ကောင်းပြီ…… ဒါက နောက်ဆုံးမေးခွန်းပဲ”
ဖန့်ချန်က ဆိုလိုက်သည်။
“မင်း ပြောစမ်းပါ”
“ကမ္ဘာငယ် ၊ ကမ္ဘာကြီး ၊ ကောင်းကင်နိမိတ်ဖြစ်စဉ် ၊ အထွတ်ထိပ်တာအို ၊ ကောင်းကင်အရှင်သခင် ၊ သူတော်စင်ဧကရာဇ်…… ဒါတွေက ငါတို့ရဲ့ ကြီးမားတဲ့ နယ်မြေခြောက်ခုပဲ”
“မင်းတို့ တာအိုနိယာမ ခိုးယူသူတွေက တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ တာအိုကို ရရှိထားကြတာ ဖြစ်လို့ ကောင်းကင်အရှင်သခင် အဆင့်မှာတင် လမ်းဆုံးရမှာပဲ၊ သူတော်စင်ဧကရာဇ် ရာထူးနေရာကိုတော့ လုံးဝကို စိန်ခေါ်ဖို့ မစဉ်းစားနဲ့”
လုကျိုယွမ်၏ မျက်လုံးများထဲတွင် မထင်မှတ်သော လှောင်ပြောင်မှု အသွင်အပြင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သူတော်စင်ဧကရာဇ် ……
ရှန်းရှိုယွမ် အပါအဝင် ကောင်းကင်အရှင်သခင် ဆက်ခံသူများ အားလုံးမှာ လုံးဝကို နှုတ်ဆိတ်သွားခဲ့ကြရတော့သည်။
အကြောက်ရွံ့ဆုံး အခြေအနေတစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ဘယ်နေရာမှာ တည်ရှိနေမှန်းမသိရတဲ့ ဒီပုရွက်ဆိတ်အုံလို နယ်မြေထဲမှာ တကယ်ပဲ ကောင်းကင်အရှင်သခင်ထက် ပိုမိုအစွမ်းထက်လှတဲ့ ဖြစ်တည်မှုတွေ ရှိနေတာလား။
တကယ်လို့သာ ကောင်းကင်ဘုံငါးပါးအကြောင်းကို သူတို့ သိရှိသွားခဲ့ကြမယ်ဆိုရင်…… တစ်ညတာအတွင်းမှာတင် ပြာအဖြစ် ပြောင်းလဲ ပျက်စီးသွားရမှာ မဟုတ်ပါလော။
ဖန့်ချန်၏ စိတ်အာရုံထဲတွင် မူလက ကရုဏာတောင်တန်း သို့ စတင်ဝင်ရောက်စဉ်တုန်းက ကျန်းေတာက်ယွဲ့ သူ့ကို ပြောခဲ့ဖူးသည့် စကားများ ရုတ်တရက် ပေါ်ထွက်လာခဲ့ရတော့သည်။
“ငါတို့ ကရုဏာတောင်တန်းက အပြင်ပန်း သူတော်စင်၊ အတွင်းပိုင်းမှာတော့ ဧကရာဇ်ဖြစ်ရမယ်လို့ လမ်းညွှန်ထားတာပဲ ”
အခန်း (၂၅၅၀) - သူတို့ကို မြန်မြန် ဖမ်းဆီးကြစမ်း
“ဒါက တိုက်ဆိုင်မှုတစ်ခု ဖြစ်နေတာလား……”
ဖန့်ချန်သည် နှလုံးသားထဲတွင် တိတ်တဆိတ် ရေရွတ်ရင်း နက်နက်နဲနဲ တွေးတောနေမိသည်။
ကရုဏာတောင်တန်း၏ ယခင်က ကြွေးကြော်သံသည် ဤနေရာ၏ ဆဋ္ဌမမြောက် ကြီးမားသော နယ်ပယ်နှင့် အံကိုက် ထပ်တူကျနေခဲ့သည်။
သို့သော်လည်း ဤကဲ့သို့သော ကြွေးကြော်သံမျိုးမှာ ကောင်းကင်ဘုံငါးပါးထဲတွင်လည်း တစ်ဦးတည်း ထူးခြားနေခြင်းမျိုး မဟုတ်ဘဲ ပုရွက်ဆိတ်အုံလို နယ်မြေထဲတွင်ပင် ထိုသို့ လိုက်လံအော်ဟစ်နေကြသူများ ရှိနေနိုင်ပေသည်။
“ယဲ့ထျန်းကူ…… မင်း သိချင်တဲ့အရာကို ငါ ဖြေပေးပြီးပြီ။ အခုနတင်က မင်း ငါ့ကို ကတိပေးခဲ့တဲ့ ကိစ္စကရော အတည်ဖြစ်သေးရဲ့လား”
လုကျိုယွမ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
“လုကျိုယွမ်…… တာအိုနိယာမ ခိုးယူသူတွေက ဘယ်လိုလုပ်ပြီး ကတိတည်ပါ့မလဲ။ သူတို့က ခိုးကြောင်ခိုးဝှက်နဲ့ ကြက်ခိုးအိမ်မြှောင်ခိုးတဲ့ လူအုပ်စုသက်သက်ပဲလေ၊ မင်းက သူတို့ကို လှည့်စားပြီး အချိန်ဆွဲဖို့ မျှော်လင့်နေသေးတာလား။ ဒါက မိမိကိုယ်ကိုယ် ပြန်ပြီး အန္တရာယ်ပြုတာပဲ ဖြစ်လိမ့်မယ်”
ဂိုဏ်းသားတစ်ဦးက အေးစက်စွာ လှောင်ပြောင် သရော်လိုက်သည်။
သူတို့သည် လုကျိုယွမ်၏ လုပ်ရပ်အပေါ် လွန်စွာ မကျေမနပ် ဖြစ်နေကြချေပြီ။
“တာ့ဟွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေပြီးတော့ ရှေ့ကနေ စံပြအဖြစ် မလုပ်ဆောင်တဲ့အပြင်၊ တာအိုနိယာမ ခိုးယူသူတွေနဲ့ သဘောတူ ညှိနှိုင်းဖို့ ထွက်လာရဲသေးတယ်။ မင်းတို့ တာ့ဟွမ်ဂိုဏ်းရဲ့ မျက်နှာကတော့ တကယ့်ကို အရှက်ခွဲခံလိုက်ရတာပဲ”
အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းမှုများနှင့် လှောင်ပြောင်သရော်မှုများသည် တာ့ဟွမ်ဂိုဏ်း တပည့်များ၏ နားထဲသို့ စဉ်ဆက်မပြတ် ဝင်ရောက်လာခဲ့သည်။
သူတို့၏ မျက်နှာထားများမှာ အနည်းငယ် ပြောင်းလဲသွားပြီး နှလုံးသားထဲမှ ဒေါသများကို ဖိနှိပ်ကာ ဘာမှမပြောဘဲ နှုတ်ဆိတ်နေကြသည်။
နောက်သို့ ဆက်လက်လျှောက်လှမ်းနိုင်မည့် အခွင့်အရေးကို ရရှိနိုင်သရွေ့ အနည်းငယ် အဆဲခံရရုံမျှဖြင့် ဘာဖြစ်မည်နည်း။ ဘာပဲဖြစ်ဖြစ် အမွှေးတစ်ပင်မျှပင် ကျွတ်ကျသွားမည် မဟုတ်ချေ။
“သေချာပေါက် အတည်ဖြစ်တာပေါ့”
ဖန့်ချန်က လွတ်လပ်ပေါ့ပါးစွာ ဆိုလိုက်ရင်း -
“မင်းတို့ဆီမှာ သူတော်စင်ဧကရာဇ် ဘယ်နှစ်ယောက် ရှိနေပြီလဲ”
“……”
လုကျိုယွမ်သည် စက္ကန့်အနည်းငယ်မျှ နှုတ်ဆိတ်သွားပြီးနောက်၊ သူ့ရှေ့ရှိ လူကို ဆက်လက်အဖတ်လုပ်ရန် ပျင်းရိသွားဟန်ဖြင့် မျက်လုံးများကို မှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်တော့သည်။
“ကြည့်ရတာ သူ ငါတို့ကို တခြားအရာတွေ ထပ်ပြီး ပြောပြတော့မှာ မဟုတ်ဘူး ထင်တယ်”
ရှန်းရှိုယွမ်က အသံလှိုင်းဖြင့် သတင်းပို့လိုက်သည်။
“လူတိုင်း ဘယ်လိုမြင်လဲ။ ဒီနယ်မြေထဲမှာ တကယ်ပဲ ကောင်းကင်အရှင်သခင်ထက် ပိုပြီး အစွမ်းထက်တဲ့ ဖြစ်တည်မှု ရှိနေတာပဲ။ တကယ်လို့ တစ်နေ့နေ့မှာ ကောင်းကင်ဘုံငါးပါးနဲ့ ထိပ်တိုက်တွေ့ခဲ့ရင်၊ ငါတို့ ကောင်းကင်ဘုံငါးပါး ပူးပေါင်းရင်တောင် သူတို့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား”
“ကိစ္စမရှိပါဘူး၊ သူတို့က သေချာပေါက် အလွန်ဝေးကွာတဲ့ နေရာမှာ ရှိနေကြမှာပါ။ သူတို့နဲ့ ထိတွေ့နိုင်တဲ့ တစ်ခုတည်းသော ကြားခံက ကန့်သတ်ချက်ကျော်လွန်ခြင်းတောင်တန်း ပဲလေ”
ဖန်ရွှေက အသံလှိုင်းဖြင့် နှစ်သိမ့်လိုက်သည်။
“ဖြစ်နိုင်တာက ငါတို့တစ်သက်လုံးမှာ သူတို့ကို တွေ့ရမှာ မဟုတ်ဘူး၊ အများကြီး တွေးမနေပါနဲ့”
ထိုနေရာရှိ ကောင်းကင်အရှင်သခင် ဆက်ခံသူများသည် နှလုံးသားထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြပြီး ဖန်ရွှေ၏ စကားကို လက်ခံလိုက်ကြသည်။
သို့သော်လည်း သူတို့က ပိုမိုနက်ရှိုင်းစွာ တွေးတောနေကြသည်။ ယခုဘဝတွင် မတွေ့ရလျှင်ပင်၊ နောက်ဘဝတွင်ရော။
ထိုနောက်ဘဝတွင်ရော။
“ဖန်ရွှေ ပြောတာ မှန်တယ်၊ လောလောဆယ် ဒါတွေကို ထည့်စဉ်းစားဖို့ မလိုသေးဘူး။ အခု ချက်ချင်း လုပ်ရမှာက ကန့်သတ်ချက်ကျော်လွန်ခြင်းတောင်တန်းထဲမှာ သူတော်စင်အဆင့် ကန့်သတ်ချက်ကျော်လွန်ခြင်းကို ရယူဖို့ပဲ”
“ငါ သံသယဖြစ်တာကတော့ ဆန်းနယဲ့နယ်ပယ်ဟာ သူတော်စင်အဆင့် ကန့်သတ်ချက်ကျော်လွန်ခြင်းနဲ့ ဆက်စပ်မှု ရှိနေလိမ့်မယ်။ ဖြစ်နိုင်တာက သူတော်စင်အဆင့် ကန့်သတ်ချက်ကျော်လွန်ခြင်းကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ပြီးမှသာ သူတို့ပြောတဲ့ ‘လင်နယဲ့အဆင့်’ ကောင်းကင်ကျော်ပါရမီရှင် ဖြစ်လာနိုင်တာ ဖြစ်လိမ့်မယ်”
ဖန့်ချန်က အသံလှိုင်းဖြင့် ပြောဆိုလိုက်သည်။
သူ့အမြင်အရ လုကျိုယွမ်နှင့် ဖုန်းယွမ်ဝူတောက်တို့သည်လည်း သေချာပေါက် သူတော်စင်အဆင့် ကန့်သတ်ချက်ကျော်လွန်ခြင်းကို ကြုံတွေ့ခဲ့ဖူးကြပေလိမ့်မည်။
လုကျိုယွမ်က မိမိကိုယ်ကိုယ် ‘လင်နယဲ့’ မဟုတ်ဟု ပြောခြင်းမှာ လင်နယဲ့၏ စံနှုန်းသို့ မမီသေးခြင်းကြောင့် ဖြစ်နိုင်သည်။
သူတော်စင်အဆင့် ကန့်သတ်ချက်ကျော်လွန်ခြင်းကို အကြိမ်ပေါင်းများစွာ ဟုတ်လား။
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများ၏ နှလုံးသားထဲတွင် အေးစိမ့်သွားခဲ့ရသည်။
သူတော်စင်အဆင့် ကန့်သတ်ချက်ကျော်လွန်ခြင်းသည် မည်မျှအထိ ခက်ခဲလွန်းလှသနည်း။
တကယ်လို့သာ အကြိမ်ပေါင်းများစွာ ကန့်သတ်ချက်ကျော်လွန်မှ ‘လင်နယဲ့’ ဖြစ်နိုင်မည်ဆိုလျှင်၊ ၎င်း၏နောက်က ရွှန်နယဲ့နှင့် ကျဲနယဲ့တို့သည် မည်သည့်အဆင့်အတန်းမျိုး ဖြစ်နေကြလိမ့်မည်နည်း။
ခဏတာအတွင်းမှာပင် ကောင်းကင်အရှင်သခင် ဆက်ခံသူတိုင်း၏ စိတ်ခံစားမှုမှာ လေးလံထိုင်းမှိုင်းသွားခဲ့ရသည်။
ထို့နောက်တွင်မူ လင်ယောင်ဂိုဏ်း၏ ပြသကွက်များ စတင်ခဲ့ချေပြီ။
ရင်တန့်သည် စင်မြင့်ထက်မှ တိုက်ပွဲကို အောင်မြင်စွာ အဆုံးသတ်ပြီးနောက်၊ ဖန့်ချန်က ဖန်ကျစ်ရွှယ်နှင့် အခြားသူများကို စင်မြင့်ထက်သို့ တစ်ဦးပြီးတစ်ဦး တက်ရောက်စေခဲ့သည်။
ဖန့်ချန် သတိပြုမိသည်မှာ ဖန်ကျစ်ရွှယ်တို့ သုံးဦး၏ အစွမ်းအစမှာ အမှန်တကယ်ပင် ဆွေ့ထျန်းဟွမ်နှင့် ရင်တန့်တို့၏ အဆင့်အတန်းသို့ အကန့်အသတ်မရှိ နီးကပ်နေပြီ ဖြစ်သည်။
သို့သော်လည်း ထိုသုံးဦးမှာ အသက်အရွယ် ငယ်ရွယ်လွန်းသေးသဖြင့် အနည်းငယ် ပိုမိုသွေးတင်ကျောက်တင်ရန် လိုအပ်နေသေးသည်။
တကယ်လို့သာ သူတော်စင်အဆင့် ကန့်သတ်ချက်ကျော်လွန်ခြင်းကို တစ်ကြိမ်မျှ ပြီးမြောက်နိုင်ခဲ့လျှင်၊ အစွမ်းအစမှာ ရင်တန့်တို့၏ အထက်တွင် ရှိနေပေလိမ့်မည်။
ဤသည်မှာ မွေးရာပါ အထွတ်ထိပ်တာအိုအဆင့် အတွင်းကမ္ဘာပိုင်ရှင်များ၏ အားသာချက်ပင် ဖြစ်တော့သည်။
လင်ယောင်ဂိုဏ်း၏ တပည့်များသည် တစ်ဦးပြီးတစ်ဦး စင်မြင့်ထက်မှ တိုက်ပွဲများကို ပြီးမြောက်အောင်မြင်လာကြသည်နှင့်အမျှ။
ထိုနေရာရှိ ဂိုဏ်းအသီးသီးမှ တပည့်များသည် လုံးဝ နှုတ်ဆိတ်သွားကြချေပြီ။
သူတို့သည် အစပိုင်းတွင် မထောက်မညှာ နှာခေါင်းရှုံ့လှောင်ပြောင်ခဲ့ကြရာမှ၊ နောက်ပိုင်းတွင်မူ မည်သည့်ခံစားချက်မျှမရှိသော မျက်နှာသေများ ဖြစ်သွားကြရသည်။
ထိုမှတစ်ဆင့် မျက်လုံးများ လှုပ်ရှားလာကာ စိုးရိမ်ပူပန်သော မျက်နှာထားများ ဖြစ်ပေါ်လာကြတော့သည်။
ဤကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာရခြင်းမှာ လင်ယောင်ဂိုဏ်း၏ တပည့်တိုင်းသည် ပြိုင်ဘက်ကို ပြန်လည်ခုခံနိုင်စွမ်း လုံးဝ ဆုံးရှုံးသွားအောင် ပြုလုပ်နိုင်ခြင်းကြောင့် ဖြစ်သည်။
သူတို့သည် ဤသည်မှာ မည်သည့်နည်းလမ်းမျိုး ဖြစ်သည်ကို ခန့်မှန်း၍မရကြသော်လည်း၊ လင်ယောင်ဂိုဏ်း၏ တပည့်များက ထိုကဲ့သို့သော နည်းလမ်းကို အမြဲတမ်း ပိုင်ဆိုင်ထားနိုင်သရွေ့ ဤတစ်ကြိမ် သံသရာမသေမျိုးဂိုဏ်း၏ ရွေးချယ်ပွဲတွင် သူတို့သည် နောက်ပိုင်း၌ လင်ယောင်ဂိုဏ်း၏ မောင်းထုတ်ခြင်းကို အမှန်တကယ် ခံရနိုင်ကြောင်း ကောင်းကောင်း နားလည်သဘောပေါက်သွားကြချေပြီ။
“သံသရာမသေမျိုး ဂိုဏ်း ရဲ့ နတ်ဘုရားစွမ်းအင်ကြီး သုံးခုက တာအိုနိယာမ ခိုးယူသူတွေရဲ့ လက်ထဲကို တကယ်ပဲ ကျရောက်သွားတော့မှာလား”
“ဒီသံသရာမသေမျိုးဂိုဏ်းရဲ့ သူတော်စင်တွေက ဘာလို့ ထွက်မလာကြတာလဲ။ ပုံမှန်အတိုင်းဆိုရင် ခြေရာဖျောက်နေကြတာ ထားလိုက်ပါတော့။ အခု တာအိုနိယာမ ခိုးယူသူတွေတောင် ရောက်လာပြီလေ၊ သူတို့က ထွက်ပြီး မတားဆီးကြဘူးလား”
ဂိုဏ်းအသီးသီးမှ တပည့်များသည် တိတ်တဆိတ် ဆွေးနွေးနေကြပြီး၊ ရံဖန်ရံခါ ဖန့်ချန်တို့ထံ လှမ်းကြည့်သည့် အကြည့်များမှာလည်း လေးနက်တည်ကြည်မှုများနှင့် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
မကြာမီ ကောင်းကင်ဘုံငါးပါးမှ ကောင်းကင်အရှင်သခင် ဆက်ခံသူများ အားလုံး စင်မြင့်ထက်မှ တိုက်ပွဲကို ပြီးမြောက်အောင်မြင်သွားခဲ့ကြသည်။
လင်ယောင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ ဘက်တွင်မူ တန်ခယ်ရွှမ် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး ကျန်ရှိသောသူများမှာ အားလုံး ရှုံးနိမ့်နှင်ထုတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
မငြိမ်မသက်ဒေသ မှလည်း ရှောင်ရိချန် မှလွဲ၍ ကျန်ရှိသောသူများ အားလုံး စင်မြင့်ထက်မှ တိုက်ပွဲစစ်ဆေးမှုကို ချောမွေ့စွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။
ထိုကဲ့သို့သော အောင်မြင်မှုနှုန်းထားကြောင့် ဂိုဏ်းတပည့်များသည် ချက်ချင်းပင် ပါးစပ်ပိတ်သွားကြရပြီး၊ စိတ်ဆန္ဒ ရှိလျှင်ပင် လှောင်ပြောင် သရော်နိုင်စွမ်း မရှိတော့ချေ။
ထိုအချိန်တွင် ဖူယာယာပင်လျှင် တစ်ခုခု မမှန်ကန်ကြောင်း ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။
သူတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင် အကြည့်များအားလုံး ဖန့်ချန်၏ ခန္ဓာကိုယ်ထက်သို့ ပြိုင်တူ ကျရောက်သွားခဲ့ကြတော့သည်။
“ဖန့်ချန်…… အခုနတင်က ငါ စင်မြင့်ထက်မှာ ရှိနေတုန်းက ပြိုင်ဘက်ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ ရုတ်တရက် ဆုတ်ယုတ်သွားတာကို သတိထားမိတယ်။ ဒါက နင့်ရဲ့ နည်းလမ်း မဟုတ်လား”
ဖူယာယာက အသံလှိုင်းဖြင့် မေးမြန်းလိုက်သည်။
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများကလည်း ဖန့်ချန်ကို သေချာပေါက် စိုက်ကြည့်နေကြပြီး မျက်လုံးများထဲတွင် တုန်လှုပ်ခြောက်ချားမှု၊ မယုံကြည်နိုင်မှုနှင့် ရိုသေခန့်ညားမှု အလင်းရောင်များ ယှဉ်တွဲလျက် ရှိနေကြသည်။
“ဒီတစ်ဆင့် စစ်ဆေးမှု ပြီးဆုံးသွားလို့ မင်းတို့ ဆုလာဘ်တွေ ရရှိတဲ့အခါကျရင်၊ ငါ့ကို အကုန် ခဏ ချေးပေးဖို့ မှတ်ထားကြပါ”
ဖန့်ချန်က အသံလှိုင်းဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
ထိုစကားမှာ တိုက်ရိုက် ပြန်လည်ဖြေကြားခြင်း မဟုတ်သော်လည်း၊ သူတို့ လိုချင်နေသည့် အဖြေကိုမူ ရရှိသွားစေခဲ့ပြီ ဖြစ်သည်။
“ဖန့်ချန်မိတ်ဆွေ…… မင်း စိတ်ချပါ၊ ကန့်သတ်ချက်ကျော်လွန်ခြင်းတောင်တန်းထဲမှာ ရသမျှ ဆုလာဘ်မှန်သမျှကို ငါ မင်းကို အကုန် ချေးပေးမယ်။ မင်း မှတ်မိတဲ့ အချိန်ကျမှ ပြန်ပေးပေါ့၊ ငါ့ရဲ့ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စု က မင်းရဲ့ရှန်းဟုန်းမျိုးနွယ်ကို ထောက်ခံတယ်လို့ မှတ်ယူလိုက်ပါ”
“အင်း…… ငါ့ရဲ့ ပြစ်ဒဏ်ပေး နတ်ဆိုးမျိုးနွယ်စု ကလည်း မင်းရဲ့ ရှန်းဟုန်းအနွယ်အဆက်ကို ထောက်ခံပါတယ်”
“ယန်တန်းမျိုးနွယ်စု ကလည်း အတူပါပဲ”
“အသက်ကိုးသက်နဂါးမျိုးနွယ်စု ကလည်း……”
ဖန်ရွှေနှင့် အခြားသူများသည် ချက်ချင်းဆိုသလိုပင် သဘောထားများကို ဖော်ပြလိုက်ကြတော့သည်။
ဤသို့ သဘောထား မဖော်ပြလျှင် မဖြစ်တော့ချေ။
ဖန့်ချန်၏ နည်းလမ်းမှာ သူတို့၏ စိတ်ကူးစိတ်သန်းများကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
သူတို့သည် ယခုအခါ ထိုလူကို ကြည့်ရသည်မှာ ကောင်းကင်အရှင်သခင်ကြီး တစ်ပါးကို ကြည့်နေရသကဲ့သို့ ခံစားနေကြရသည်။
ဤကဲ့သို့သော နေရာမျိုးတွင် သူတို့ကို တိတ်တဆိတ်နှင့် အသံတိတ် ကူညီပေးပြီး စင်မြင့်ထက်မှ တိုက်ပွဲကို အနိုင်ရရှိစေနိုင်ခဲ့သည်။
ထိုနည်းလမ်းကို ဖော်ပြရန်အတွက် စကားလုံးများစွာ ထပ်မံသုံးစွဲနေရန် မလိုတော့ချေ။
သူတို့ သေချာပေါက် အတည်ပြုနိုင်သည်မှာ ချီကွမ်းယိပင်လျှင် ဤလူ၏ ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်ကြောင်းနှင့်၊ ဤလူသည်သာ စစ်မှန်သော ‘ဝူရှီ’ ဖြစ်ကြောင်း ပိုမို သေချာသွားခဲ့ကြချေပြီ။
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး -
“ဒါဆိုရင်တော့ မင်းတို့ရဲ့ စေတနာကို ငါ လက်ခံလိုက်ပါ့မယ်”
“ပြောဖို့ မလိုပါဘူး…… ရပါတယ်”
ဖန်ရွှေနှင့် အခြားသူများ၏ မျက်လုံးများမှာ အနည်းငယ် တောက်ပသွားခဲ့ကြသည်။
တာ့ဟွမ်ဂိုဏ်းဘက်မှလူများသည် လင်ယောင်ဂိုဏ်းက ကတိကဝတ်အတိုင်း အမှန်တကယ် လိုက်နာသည်ကို မြင်လျှင်၊ သူတို့သည်လည်း စင်မြင့်ထက်သို့ စတင် တက်ရောက်ကြတော့သည်။
အချိန်များသည် တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူရိပ်လူခြေများသည် တဖြည်းဖြည်း နည်းပါးသွားခဲ့ရပြီး အားလုံး နှင်ထုတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
နောက်ဆုံးတွင်မူ လွန်စွာ ကျယ်ပြောလှသော စင်မြင့်ထက်တွင် လူရိပ်တစ်ရာကျော်မျှသာ ကျန်ရှိတော့သည်။
ထိုအထဲတွင် ကောင်းကင်ဘုံငါးပါးဘက်က လူအများစုကို သိမ်းပိုက်ထားခဲ့သည်။
ဂိုဏ်းတပည့်များ၏ စုစုပေါင်း အရေအတွက်မှာ ကောင်းကင်ဘုံငါးပါးဘက်က လူများထက်ပင် နည်းပါးနေခဲ့ချေပြီ။
“ငါတို့ ပထမဆုံးတစ်ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ယူဆရမယ်။ နောက်ပိုင်းကျရင် ဒုတိယမြောက် ကန့်သတ်ချက်ကျော်လွန်ခြင်း ကျောက်စာတိုင်ကို ရှာဖွေဖို့အတွက် ဒုတိယမြောက်အဆင့်ကို အတူတူ သွားကြရမယ်”
“မင်းတို့ အဆုံးထိ လျှောက်လှမ်းနိုင်မလား၊ ဒါမှမဟုတ် ငါတို့ အဆုံးထိ လျှောက်လှမ်းနိုင်မလားဆိုတာ စောင့်ကြည့်ရုံပဲပေါ့”
လုကျိုယွမ်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။
ဖန့်ချန် ပါးစပ်မဟရသေးမီမှာပင်၊ ကောင်းကင်ယံထက်မှ ရွှေရောင်အလင်းတန်းများ ကျဆင်းလာခဲ့သည်။
ဤနေရာတွင်သာမက၊ အဝေးဆီရှိ ဆင်တူလှသော စင်မြင့်အချို့ထက်တွင်လည်း ရွှေရောင်အလင်းတန်းများ ကျဆင်းလာခဲ့ချေပြီ။
သူတို့သည်လည်း စင်မြင့်ထက်မှ တိုက်ပွဲစစ်ဆေးမှုကို စောစီးစွာ ပြီးမြောက်ခဲ့ကြပုံရပြီး၊ နောက်သို့ ဆက်လက်လျှောက်လှမ်းနိုင်မည့် တပည့်များကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ရွှေရောင်အလင်းတန်းများ ခန္ဓာကိုယ်ထက်သို့ ဖုံးလွှမ်းသွားပြီးနောက်၊ လူတိုင်းသည် မိမိတို့မျက်စိရှေ့ရှိ မြင်ကွင်းများမှာ လျင်မြန်စွာ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရပြီး မျက်စိပင် လည်မတတ် ဖြစ်သွားခဲ့ရသည်။
လက်ဖက်ရည်တစ်ခွက်စာခန့် အချိန်ကြာမြင့်ပြီးနောက်တွင်မူ၊ သူတော်စင်အားလုံး မိမိတို့သည် ယခင်က ကန့်သတ်ချက်ကျော်လွန်ခြင်း ကျောက်စာတိုင် ၏ အနီးအနားသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။
ကွာခြားချက်မှာ ဤပတ်ဝန်းကျင်တွင် စိမ်းသက်လှသော လူရိပ်များစွာ ထပ်မံတိုးပွားနေခြင်း ဖြစ်သည်။
ဖန့်ချန်သည် လုကျိုယွမ်အပြင်၊ ပတ်ဝန်းကျင်တွင် မျက်နှာစိမ်း ဂိုဏ်းတပည့် ရာပေါင်းများစွာ ရှိနေသည်ကို သတိပြုမိလိုက်သည်။
လူတိုင်းသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။
အတိအကျပင် ထိုအချိန်၌ ဂိုဏ်းတပည့်တစ်ဦးက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်တော့သည်။
“စီရင်ရေးရုံးတော် ရဲ့ ‘ရှောင်ဟုန်လျန်ရှန်း’ လည်း ရှိနေတာပဲ ဒီမှာ တာအိုနိယာမ ခိုးယူသူတွေ ရှိနေတယ်၊ သူတို့ကို မြန်မြန် ဖမ်းဆီးကြစမ်း ”