အခန်း (၂၅၅၇-၂၅၅၈)
Vol. 256 Ch. 2557-2558
အခန်း (၂၅၅၇) - ငါအခု လက်ရှိမှာ အရေခွံခွာတာ နည်းသွားပါပြီ
“မင်းတို့ အလုံးစုံသိဂိုဏ်းက အခုဆိုရင် မဟာနယ်ပယ်ဂိုဏ်းကြီး တစ်ခု ဖြစ်နေပြီပဲဥစ္စာ၊ စကားပြောရင် နည်းနည်းပါးပါး ယုံကြည်စိတ်ချရအောင် ပြောလို့မရဘူးလား။ အပြင်ကို ထွက်ပြီးမှ ပြန်ဝင်လာရမယ် ဟုတ်လား။ ငါတို့အတွက် ဒီထဲကို တစ်ခေါက် ဝင်လာဖို့က တကယ့်ကို လွယ်ကူနေတယ်လို့ မင်း ထင်နေတာလား”
“အဲဒီနီရဲတဲ့တောင်က အလွန်တရာ အန္တရာယ်များတယ်လို့ မင်း ပြောတယ်နော်။ အပြင်က ကောလာဟလ သတင်းတွေကို မင်းတို့ အလုံးစုံသိဂိုဏ်းကပဲ လျှောက်ဖြန့်ထားတာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ဘာပဲဖြစ်ဖြစ် ငါကတော့ လုံးဝမယုံဘူး”
“ဘာကောင်ကြီးလဲဆိုတဲ့ အလုံးစုံသိဂိုဏ်းလဲ၊ နယ်ပယ်စောင့်ရှောက်ရေးဂိုဏ်းကြီး ရဲ့ မြှောက်စားပံ့ပိုးမှုကြောင့်သာ မဟာနယ်ပယ်ဂိုဏ်း ဖြစ်လာခဲ့တာ။ ဂိုဏ်းထဲမှာ တိုက်နိုင်ခိုက်နိုင်တဲ့ကောင် တစ်ယောက်မှ မရှိဘဲနဲ့၊ အသံလေးတွေကတော့ တကယ့်ကို ကောင်းနေတာပဲ”
တစ်ခွန်းပြီးတစ်ခွန်း ဆဲဆိုသံများနှင့် အရှက်ခွဲစကားသံများက မိုးပြိုမတတ် အလိပ်လိုက် ထွက်ပေါ်လာခဲ့တော့သည်။
ချန်ရှုရှုသည် ပထမဦးစွာ အံ့ဩမှင်တက်သွားသည့် အမူအရာ ဖြစ်သွားခဲ့ပြီးမှ၊ ထို့နောက်တွင် ဒေါသတကြီးဖြင့် ပြန်လည်အော်ဟစ်လိုက်တော့သည်။
“တောက်… အာပလာကောင်တွေ၊ ပါးစပ်ကို နည်းနည်းပါးပါး သန့်သန့်ရှင်းရှင်း ထားပြီး ပြောစမ်း။ ငါတို့ အလုံးစုံသိဂိုဏ်း ဒီနေ့ဒီလို ရာထူးအဆင့်အတန်းမျိုး ရောက်လာတာဟာ၊ ငါတို့ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ တိုက်ပွဲဝင်ခဲ့လို့ ရလာတာကွ။
ဒါဟာ ဝမ် ဒုဂိုဏ်းချုပ်ကြီး နယ်ပယ်စောင့်ရှောက်ရေးဂိုဏ်းဆီကို ယောက်ဖဝင်လုပ် (ဇနီးသည်အိမ်သို့ လိုက်နေ) တာနဲ့ လုံးဝ လုံးဝ မသက်ဆိုင်ဘူး ”
“……”
ပတ်ဝန်းကျင် တစ်ပြင်လုံးမှာ ချက်ချင်းပင် သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်သွားခဲ့ရပြီး၊ အဘက်ဘက်က ဂိုဏ်းတပည့်များသည် ချန်ရှုရှုကို အလွန်တရာ ထူးဆန်းဆန်းပြားသော မျက်လုံးများဖြင့် ဝိုင်း၍ ကြည့်လိုက်ကြတော့သည်။
ချန်ရှုရှု၏ ဘေးနားရှိ အလုံးစုံသိဂိုဏ်းက တပည့်ဟု သံသယရှိရသော အဖော်နှစ်ဦးပင်လျှင်၊ သူ့ကို ကြောင်အစွာဖြင့် စိုက်ကြည့်နေမိကြသည်။
ဖန့်ချန်က ဘေးကနေ သတိပေးလိုက်ရသည်။
“ချန်ရှုရှု… သူတို့က အဲဒီ ဝမ်ဒုဂိုဏ်းချုပ် ယောက်ဖဝင်လုပ်တဲ့ ကိစ္စကို ဘာတစ်ခုမှ မပြောရသေးပါဘူး”
“ဟမ်… ဟုတ်လား”
ချန်ရှုရှု၏ မျက်နှာအမူအရာမှာ တစ်ချက် ပျက်သွားခဲ့ပြီးမှ၊ ချက်ချင်းပင် တည်ငြိမ်စွာဖြင့် ပြန်ဆိုလိုက်သည်။
“ဒါဆိုရင် ငါ နားကြားလွဲသွားတာ ဖြစ်လိမ့်မယ်၊ ဒီကိစ္စကို ဒီတင်ပဲ တစ်ခန်းရပ်လိုက်ကြရအောင်၊ မင်းတို့တွေ ထပ်ပြီး မဟကြနဲ့တော့။
မဟုတ်ရင် ဝမ်ဒုဂိုဏ်းချုပ်သာ သိသွားရင် မင်းတို့နဲ့ အသက်လုဖို့ လာရှာလိမ့်မယ်။ သူက နောက်ထပ် နှစ်အနည်းငယ် ကြာရင် ကောင်းကင်အရှင်သခင်အဆင့်ကို တက်လှမ်းနိုင်တော့မှာ၊ မင်းတို့တွေ အကြောင်းမရှိ အကြောင်းရှာပြီး ပြဿနာမရှာကြနဲ့။
သူ့ရဲ့ ဇနီးသည်ကလည်း တကယ့်ကို လှပချောမောလွန်းတဲ့အပြင်၊ နှစ်တိုင်း သူ့အတွက် ကျင့်စဉ်အရင်းအမြစ်တွေကို အများကြီး ပံ့ပိုးပေးနေတာလေ၊ သူ ကောင်းကင်အရှင်သခင် မဖြစ်ရင် ဘယ်သူ ဖြစ်ရမှာလဲ”
“ငါတို့ ဒါတွေကို မမေးပါဘူးဆို……”
“မင်းအနေနဲ့ တကယ် အသုံးဝင်မယ့် အချက်အလက်လေး တစ်ခုလောက် ပြောပေးရင် မရဘူးလား”
“ချန်စီနီယာအစ်ကိုကြီး… ထပ်ပြီး မပြောပါနဲ့တော့၊ ဒုဂိုဏ်းချုပ်ရဲ့ နားထဲ ရောက်သွားရင် နားထောင်လို့ သိပ်ကောင်းမှာ မဟုတ်ဘူး”
ချန်ရှုရှု၏ မျက်နှာမှာ နောက်တစ်ကြိမ် ထပ်မံ ပျက်ယွင်းသွားခဲ့ရပြီးနောက်၊ တည်ငြိမ်အေးဆေးစွာဖြင့်သာ ဆိုလိုက်တော့သည်။
“ကဲပါ… မင်းတို့ ဘာလုပ်ချင်လုပ်ကြ၊ သဘောရှိသာ လုပ်ကြတော့။ ဘာပဲဖြစ်ဖြစ် ငါကတော့ ဒီနေရာမှာပဲ ကျောက်ရုပ်လို မတ်တတ်ရပ်နေပြီး အရည်အချင်း ပျက်ပြယ်သွားမယ့်အချိန်ကိုပဲ စောင့်နေတော့မယ်၊ ငါကတော့ ဒီထဲမှာ အသက်မသေချင်ဘူး။
သံသရာမသေမျိုးဂိုဏ်းက ပျက်စီးသွားခဲ့ပြီဆိုတော့၊ ဒီထဲမှာ သေဆုံးသွားရင် အမှန်တကယ်ပဲ အသက်ပျောက်သွားမှာ၊ အတိတ်တုန်းက စမ်းသပ်မှုတွေလိုမျိုးလို့ မင်းတို့ ထင်နေသေးတာလား။ ဟက်”
လူတိုင်းသည် နောက်တစ်ကြိမ် ပြန်လည်တိတ်ဆိတ်သွားကြရပြီး၊ မျက်ဝန်းများထဲတွင် လေးနက်တည်ကြည်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ချန်ရှုရှု၏ စကားများက သူတို့ကို ကောင်းကောင်းကြီး သတိပေးလိုက်ခြင်း ဖြစ်သည်။ အခုလက်ရှိ ဤနေရာမှာ ပိုင်ရှင်မဲ့ နယ်မြေတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်ရာ၊ ဘေးအန္တရာယ် အမြောက်အမြားကို ထိန်းချုပ်၍ မရနိုင်တော့ပေ။
ဒီထဲမှာ သေဆုံးသွားခဲ့လျှင်၊ အမှန်တကယ်ပင် လုံးဝ သေဆုံးသွားခြင်း ဖြစ်ပေလိမ့်မည်။
“မဖြစ်နိုင်တာ…… ဒါဆိုရင် ငါတို့တွေသာ ဒီထဲမှာ သေသွားခဲ့ရင်၊ အဲဒါက တကယ်ပဲ အသက်ပျောက်သွားမှာပေါ့ ဟုတ်လား”
ဖန်ရွှေသည် စိတ်ထဲတွင် အသက်ရှူမှားမတတ် ထိတ်လန့်သွားခဲ့ရပြီး၊ ပထမဆုံး အချိန်အတွင်းမှာပင် ဖန့်ချန်ကို လှမ်းကြည့်လိုက်သည်။
ဖူယာယာနှင့် အခြားသူများ၏ မျက်နှာထက်တွင်လည်း လေးနက်တည်ကြည်မှုများ ဖုံးလွှမ်းသွားခဲ့ရကာ၊ ဖန့်ချန်၏ နှုတ်ခမ်းဖျားကနေ တိကျသေချာသော အဖြေတစ်ခုကို ကြားသိလိုနေကြသည်။
“ငါ့ကို လာမကြည့်ကြနဲ့၊ ငါလည်း လောလောဆယ် တိတိကျကျ မသိသေးဘူး။ ဒါကြောင့် အရာရာကို အစွမ်းကုန် ဂရုစိုက်ကြပါ၊ မသေနိုင်သမျှတော့ မသေအောင် နေကြတာပေါ့”
ဖန့်ချန်က ခဏမျှ စဉ်းစားသုံးသပ်ပြီးနောက် ဆိုလိုက်သည်။
“အတိတ်တုန်းကတော့ ကန့်သတ်ချက်ကျော်လွန်ခြင်း တောင်တန်းထဲ ဝင်ရင် ဒီလောက်အထိ ကြီးမားတဲ့ အန္တရာယ်ရှိတယ်လို့ မကြားဖူးပါဘူး၊ အဲဒီအထက်လူကြီးတွေ သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းအတိုင်းပဲ လျှောက်လှမ်းကြ၊ အခြားနေရာတွေကို လျှောက်မသွားကြနဲ့လို့ပဲ ပြောဖူးတာ……”
ရင်တန့်က တိုးညင်းစွာဖြင့် ညည်းညူလိုက်သည်။
ရှန်းရှို့ယွမ်၏ မျက်နှာအမူအရာမှာ လေးနက်တည်ကြည်နေပြီး -
“အစကတည်းက ငါတို့တွေ လမ်းမှားကို လျှောက်လှမ်းမိပြီး အခြားနေရာတစ်ခုကို ရောက်သွားခဲ့တာ ဖြစ်နေမလား”
“……”
လဲ့လဲ့က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ရင်း
“ငါ့ကို လာမခြောက်နဲ့”
ရှန်းရှို့ယွမ်က ခပ်ဟဟ ရယ်မောလိုက်ရင်း -
“ဒါက ခန့်မှန်းချက် သက်သက်ပါပဲ၊ ဘာပဲဖြစ်ဖြစ် ငါတို့တွေ ဖန့်ချန်မိတ်ဆွေရဲ့ အနောက်ကနေ သေသေချာချာ လိုက်သွားမယ်ဆိုရင်တော့ သေချာပေါက် မှားစရာမရှိပါဘူး။ သူက သံသရာမသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းတပည့်ပဲဥစ္စာ၊ ငါတို့ကို ဒုက္ခပေးမှာတဲ့လား”
ဆွေ့ထျန်းဟွမ် -
“ဒီအတိုင်းပဲ ဖြစ်ရမယ်”
ဖန်ရွှေ -
“မှန်တယ်… အဖိုးကြီးရှန်း ပြောတာ လုံးဝမှန်တယ်”
တန်ခယ်ရွှမ်း
“ငါလည်း ဒီလိုပဲ ထင်တယ်”
ဖူယာယာ -
“ဒါဆိုရင် ဖန့်ချန်မိတ်ဆွေရဲ့ အနောက်ကနေပဲ ကပ်လိုက်ကြရအောင်”
နတ်မိမယ်ယွီ -
“သခင်လေး… ကျွန်မ နည်းနည်း ကြောက်လာလို့၊ ကျွန်မကို အနားမှာ ဖက်ထားပေးလို့ ရမလားဟင်”
ဖန့်ချန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း၊ ချက်ချင်းပင် နတ်မိမယ်ယွီကို လက်မောင်းဖြင့် သိမ်းဖက်လိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ မကြောက်ပါနဲ့။ ငါ့ရဲ့ စီနီယာအစ်ကိုကြီးက သေဆုံးသွားခဲ့ပြီဆိုဦးတော့၊ ငါတို့ကိုတော့ သေချာပေါက် ဒုက္ခပေးမှာ မဟုတ်ဘူး”
“ဒီလိုမျိုး အချိန်မှာတောင် အချစ်နယ်ကျွံခင်းနေကြသေးတယ်၊ တကယ့်ကို စိတ်ကူးယဉ်ဆန်နိုင်လွန်းတာပဲ”
တစ်စုံတစ်ယောက်က အေးစက်စွာ သရော်လိုက်သည်။
ဖန့်ချန်က ထိုသူ့ကို အကြည့်တစ်ချက်မျှသာ ကြည့်လိုက်ပြီး ပြန်လည်တုံ့ပြန်ခြင်း မပြုဘဲ၊ ချန်ရှုရှုဘက်သို့သာ လှည့်၍ မေးမြန်းလိုက်သည်။
“မင်းတို့ရဲ့ အဲဒီဒုဂိုဏ်းချုပ်ဆိုတဲ့လူက… နာမည်က ‘ဝမ်ချုံစန်း’ လို့ ခေါ်တာလား”
“ဩော်… မင်းကလည်း ငါတို့ ဒုဂိုဏ်းချုပ်ကို သိနေတာလား”
ချန်ရှုရှုက အနည်းငယ် အံ့ဩသွားပုံရသည်။
“အတိတ်တုန်းက တစ်ခေါက် ဆုံဖူးတယ်”
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီး၊ ထို့နောက်တွင် နီရဲနေသည့် တောင်တန်းကြီးဆီသို့ မျက်နှာမူကာ -
“အဲဒီနီရဲတဲ့တောင်ရဲ့ အန္တရာယ်က ဘယ်လိုမျိုး ပုံစံမျိုးလဲဆိုတာ မင်း ပြောပြနိုင်မလား”
“ဒါကတော့ အတိအကျ ပြောလို့မရဘူး”
ချန်ရှုရှုက ခေါင်းကို ခါယမ်းလိုက်ရင်း -
“တကယ်လို့ တစ်စုံတစ်ယောက်က ငါ့စကားကို မယုံဘူးဆိုရင်၊ ကိုယ်တိုင် သွားပြီး စမ်းသပ်ကြည့်လို့ ရတာပဲလေ”
“ငါကတော့ မင်းရဲ့ ယီးစကားတွေကို လုံးဝမယုံဘူးကွ ”
ရှေးဟောင်းဂိုဏ်းတပည့်တစ်ဦးက ရက်စက်ကြမ်းကြုတ်သော စကားတစ်ခွန်းကို ချန်ထားခဲ့ပြီးနောက်၊ ချက်ချင်းပင် မြေပြင်ကနေ ဝူးခနဲ ခုန်ပျံတက်လိုက်ကာ၊ အောက်ခြေမမြင်ရသည့် ထိုနက်မှောင်သော အိုင်ကြီးပေါ်ကနေ ဖြတ်ကျော်၍ ပျံသန်းသွားခဲ့တော့သည်။
နောက်တစ်စက္ကန့်တွင်မူ၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများနှင့် အရေပြားများမှာ ချက်ချင်းပင် တစ်စစီ ကွာကျသွားခဲ့ရသည်။
ဝတ်လစ်စလစ်ဖြစ်သွားသော နီရဲရဲ ခန္ဓာကိုယ်ကြီးက၊ နီရဲနေသည့် တောင်တန်းကြီး၏ ရှေ့မှောက်သို့ ဗုန်းခနဲ ကျရောက်သွားခဲ့ရပြီး၊ အားအင်ချိနဲ့စွာဖြင့် ဒူးထောက်လဲကျသွားကာ၊ ခန္ဓာကိုယ်ပေါ်က သွေးများမှာလည်း တောက်တောက်တောက်တောက်ဖြင့် မြေပြင်ပေါ်သို့ စီးကျလျက် မြေဆီလွှာထဲသို့ စိမ့်ဝင်သွားခဲ့ချေပြီ။
“……”
လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်တရာ တုန်လှုပ်ခြောက်ခြား သွားကြရပြီး၊ တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
“သူ… သူက အရေခွံခွာခြင်း ခံလိုက်ရတာပဲ”
“စောစောက ဘာဖြစ်သွားလဲဆိုတာ မင်းတို့ သေသေချာချာ မြင်လိုက်ကြလား”
“မမြင်လိုက်ရဘူး……”
ထိတ်လန့်ခြောက်ခြားမှု အရိပ်အယောင်များက လူအုပ်ကြီးကြားတွင် တရိပ်ရိပ် ပျံ့နှံ့သွားခဲ့တော့သည်။
ဘာပဲဖြစ်ဖြစ် သူက ကျင့်စဉ် စွမ်းအင်စုစည်းခြင်းနောက်ဆုံးအဆင့် ရှိတဲ့ သူတော်စင်တစ်ဦးပဲဥစ္စာ၊ ဒီလိုမျိုး မျက်စိတစ်မှိတ်အတွင်းမှာတင် အရေခွံခွာခြင်း ခံလိုက်ရတယ် ဟုတ်လား။
ဒါက သေသွားပြီလား။
နတ်မိမယ်ယွီ၏ နှလုံးသားမှာ တစ်ချက် တုန်ယင်သွားခဲ့ရပြီး၊ မသိစိတ်အရ ဖန့်ချန်ကို လှမ်းကြည့်လိုက်မိကာ အတိတ်က အဖြစ်အပျက်တစ်ခုကို သတိရသွားပုံရသည်။
“သခင်လေး……”
“ငါ အခု လက်ရှိမှာ အရေခွံခွာတာ နည်းသွားပါပြီ၊ အထူးသဖြင့် မင်းကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီပဲဥစ္စာ”
ဖန့်ချန်က အသံလှိုင်းဖြင့် တိုးညင်းစွာ နှစ်သိမ့်လိုက်ပြီး၊ ထို့နောက်တွင်မူ ထိုနီရဲရဲ ခန္ဓာကိုယ်ကြီးကို လေးနက် တည်ကြည်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။
ထိုသူ၏ အရေပြားမှာ အမှန်တကယ်ပင် သေသေချာချာ ဝတ်လစ်စလစ် ဖြစ်သွားအောင် ခွာခြင်းခံလိုက်ရတာ ဖြစ်ပြီး၊ ဤလက်ရာမှာ သူ၏ အရေခွံခွာခြင်းအတတ်ပညာ နှင့် ယှဉ်လျှင်ပင် အနိမ့်အမြင့် မကွာခြားလှပေ။
ဒါတင်မကသေးဘဲ၊ ထိုသူ၏ ခန္ဓာကိုယ်ပေါ်တွင် အသက်ရှူသံနှင့် အရှိန်အဝါ လုံးဝ မရှိတော့သဖြင့်၊ သေချာပေါက် သေဆုံးသွားခဲ့ပြီ ဖြစ်ရမည်။
“နီရဲနေတဲ့ တောင်တန်းကြီးက ဒီလောက်အထိ နီရဲနေရတာဟာ… ဒီလိုမျိုး အရေခွံခွာခြင်း ခံလိုက်ရတဲ့ သူတော်စင်တွေရဲ့ သွေးတွေ စိမ့်ဝင်သွားလို့ ဖြစ်နေတာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ”
ဖန်ရွှေက အံ့ဩတုန်လှုပ်စွာဖြင့် ဆိုလိုက်သည်။
ဤစကား ထွက်ပေါ်လာသည်နှင့်၊ ပတ်ဝန်းကျင်ရှိ ရှေးဟောင်းဂိုဏ်းတပည့် တော်တော်များများ၏ ထောက်ခံမှုကို ရရှိသွားခဲ့ရပြီး၊ အားလုံးကလည်း ဖြစ်နိုင်ခြေ ရှိသည်ဟု ခံစားလိုက်ကြရကာ၊ ထိုနီရဲနေသည့် တောင်တန်းကြီးနှင့် အိုင်ကြီးကို ကြည့်သည့် မျက်လုံးများမှာ အလွန်တရာ လေးနက်တည်ကြည်သွားကြတော့သည်။
“တွေ့လား… အလုံးစုံသိဂိုဏ်းရဲ့ စကားကို နားမထောင်ရင်၊ မျက်စိရှေ့တင် ဒုက္ခရောက်ရတာပဲ”
ချန်ရှုရှုက မဲ့ပြုံးပြုံးလိုက်ရင်း -
“ဒီကောင်က အရေခွံခွာခြင်း ခံလိုက်ရပြီ၊ ကံတရားအကြောင်းတရားအားလုံး ချုပ်ငြိမ်းသွားခဲ့ပြီ၊ ခန့်မှန်းရတာတော့ တစ်သက်လုံး အဲဒီအိုင်ကြီးရဲ့ အောက်ခြေနက်နက်မှာပဲ ပိတ်မိနေတော့မှာ ဖြစ်ပြီး၊ သံသရာလည်ပြီး လူဝင်စားဖြစ်တည်ဖို့ အရည်အချင်းတောင် ရှိတော့မှာ မဟုတ်ဘူး”
ဖန့်ချန်က သူ့ကို တစ်ချက် ကြည့်လိုက်မိသည်။ ဤအလုံးစုံသိဂိုဏ်းက ကောင်က အမှန်တကယ်ပင် ကိစ္စရပ် တော်တော်များများကို သိရှိနေတာပဲ မဟုတ်ပါလော။
သို့သော်လည်း သူ၏ အရေခွံခွာခြင်းအတတ်ပညာမှာမူ၊ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားခဲ့ပြီး ဖြစ်ကာ၊ မိစ္ဆာစစ်သည်တော်အတတ်ပညာ (ယင်စစ်သည်တော်အတတ်) အဖြစ်သို့ ဆင့်ကဲပြောင်းလဲထားပြီး ဖြစ်သည်။
အရေခွံခွာရုံတင်မကဘဲ၊ ထိုသူကို မိစ္ဆာစစ်သည်တော်အဖြစ်ပါ ခိုင်းစေအသုံးချနိုင်သည်။
သို့သော်လည်း ဤအတတ်ပညာမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်လွန်းသည်ဟု ခံစားရသဖြင့်၊ သူက သိပ်ပြီး ထုတ်ဖော်အသုံးမပြုခဲ့ဘဲ၊ ပုံမှန်အားဖြင့် ဝမ်ချွမ်းမြစ် ထဲသို့သာ တိုက်ရိုက် ပို့ဆောင်၍ ဖိနှိပ်ထားလေ့ရှိသည်။
“ချန်မိတ်ဆွေ… ဒီလိုမျိုး အရေခွံခွာခံရတာမှာ ဘယ်လိုမျိုး ထူးခြားချက်တွေ ရှိလို့လဲ။ ဘာဖြစ်လို့ ကံတရားအကြောင်းတရားတွေ အားလုံး ချုပ်ငြိမ်းသွားရတာလဲ”
တစ်စုံတစ်ယောက်က အလျင်အမြန်ပင် မေးမြန်းလိုက်သည်။
“အခုကျမှပဲ ငါ့ကို ချန်မိတ်ဆွေလို့ ခေါ်ဖို့ သိတာလား”
ချန်ရှုရှုက အေးစက်စွာ နှာခေါင်းမှုတ်လိုက်ရင်း -
“ဒီအရေခွံခွာတာမှာကတော့ သဘာဝအတိုင်း ထူးခြားချက်တွေ ရှိတာပေါ့၊ သံသရာမသေမျိုးဂိုဏ်းရဲ့ နည်းဗျူဟာတွေက တကယ့်ကို ဆန်းကြယ်လွန်းတယ်၊ သူတို့က ဆန်းပြားပြီး ထူးဆန်းတဲ့ တန်ခိုးစွမ်းအား အမြောက်အမြားကို စုဆောင်းထားခဲ့တာ။
အဲဒီထဲက တန်ခိုးစွမ်းအား အတော်များများကို ကောင်းကင်ဘုံက စက်ဆုပ်ရွံရှာသော အတတ်ပညာ လို့ ခေါ်ဆိုကြပြီး၊ အရေခွံခွာခြင်းအတတ်ပညာက အဲဒီထဲက တစ်ခုပဲ ဖြစ်တယ်။
တကယ်တော့ အခုဒီအရေခွံခွာခြင်းအတတ်ပညာက လုံးဝ မပြည့်စုံသေးဘူး၊ တကယ်လို့သာ နည်းနည်းလေး ပိုပြီး ပြည့်စုံသွားခဲ့မယ်ဆိုရင်……”
ရုတ်တရက်၊ ထိုအိုင်ကြီးထဲကနေ ပုံရိပ်တစ်ခုက ဝူးခနဲ ထွက်ပေါ်လာခဲ့ပြီး၊ ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါများကို သယ်ဆောင်လျက်၊ ချန်ရှုရှုဆီသို့ တဟုန်ထိုး ပြေးဝင်တိုက်ခိုက်လာခဲ့တော့သည်။
“မိစ္ဆာစစ်သည်တော်ပဲ တောက်… ဒါက ပြည့်စုံတဲ့ မိစ္ဆာစစ်သည်တော်အတတ်ပညာပဲ ”
ချန်ရှုရှုသည် ချက်ချင်းပင် သူ၏ ဂျူနီယာညီငယ် နှစ်ဦးကို သူ၏ ရှေ့သို့ ဆွဲယူ၍ ကာကွယ်လိုက်ရင်း -
“သူ့ကို အမြန် သတ်ပစ်ကြစမ်း၊ ငါ သရဲကြောက်တယ်”
လူတိုင်းသည် ထိုပြေးဝင်လာသော ပုံရိပ်မှာ အစောတုန်းက အရေခွံခွာခြင်း ခံလိုက်ရသော ထိုသူတော်စင် ဖြစ်ကြောင်း သေသေချာချာ ခွဲခြားသိမြင်လိုက်ကြရသည်။ သို့သော်လည်း အခုလက်ရှိ ထိုသူ၏ တစ်ကိုယ်လုံးတွင် ပြင်းထန်လှသော ယင်စွမ်းအား များ ကောင်းကင်သို့ ထိုးတက်နေခဲ့ပြီး၊ သူ၏ အရှိန်အဝါမှာ အသက်ထင်ရှားရှိစဉ်ကထက်ပင် ပိုမိုအားကောင်းနေခဲ့ကာ၊ အသက်စွမ်းအင်အဆင့် သို့ပင် ရောက်ရှိနေသည့်အလား ခံစားရစေသည်။
“မင်းတို့အားလုံး ဂရုစိုက်ကြပါ”
ဖန့်ချန်၏ မျက်ဝန်းများထဲတွင် လေးနက်တည်ကြည်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သော်လည်း၊ ဝင်ရောက်ကူညီရန် အစီအစဉ် မရှိပေ။
သူက အခြေအနေတစ်ခုလုံး ဘာဖြစ်သွားမလဲဆိုတာကို သေသေချာချာ စောင့်ကြည့်လိုနေခြင်း ဖြစ်သည်။
ထိုယင်စစ်သည်တော်အတတ်ပညာသည်လည်း… သံသရာမသေမျိုးဂိုဏ်းဆီကနေ အရင်းခံ ဆင်းသက်လာခဲ့တာလား။
အခန်း (၂၅၅၈) - ဘယ်သူ့ကိုပဲဖြစ်ဖြစ် သံသရာမသေမျိုးဂိုဏ်းကိုတော့ သွားမဆွကြနဲ့
“ချန်စီနီယာအစ်ကိုကြီး… ငါတို့ သူနဲ့ ယှဉ်လို့မရဘူးဟ ”
ချန်ရှုရှု၏ မျက်စိရှေ့မှောက်ရှိ အလုံးစုံသိဂိုဏ်းက တပည့်နှစ်ဦးသည်၊ ထိုမိစ္ဆာစစ်သည်တော်ဆီကနေ ကောင်းကင်ယံအထိ ထိုးတက်နေသည့် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းအရှိန်အဝါများကို မြင်သည်နှင့်၊ ချက်ချင်းပင် ခြေဖဝါး အဆီပြန်အောင် အမြန်လစ်ပြေးသွားကြတော့သည်။
ချန်ရှုရှုမှာ စိတ်ထဲကနေ ‘အသုံးမကျတဲ့ကောင်တွေ’ ဟု ကျိန်ဆဲလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ၊ သူကိုယ်တိုင်လည်း ထွက်ပြေးဖို့ အချိန်မမီတော့သဖြင့်၊ မျက်နှာပြောင်တိုက်ကာ တင်းခံပြီး တိုက်ကွက်ထုတ်လိုက်ရတော့သည်။
သို့သော်လည်း လူတိုင်း အံ့ဩသွားရသည်မှာ ချန်ရှုရှု၏ နည်းဗျူဟာစွမ်းပကားများက၊ ဤမိစ္ဆာစစ်သည်တော်အပေါ်တွင် ဘာအကျိုးသက်ရောက်မှုမှ မရှိသကဲ့သို့ ဖြစ်နေခြင်းပင်။
သုံးချီငါးချီအတွင်းမှာပင်၊ ချန်ရှုရှုသည် ထိုမိစ္ဆာစစ်သည်တော်၏ ရိုက်နှက်မှုကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားခဲ့ရသည်။
“ကယ်ကြပါဦးဗျို့”
ချန်ရှုရှုသည် ထိတ်လန့်တကြားဖြင့် အော်ဟစ်အကူအညီတောင်းခံလိုက်ရသည်။
“မင်းတို့ ငါ့ကိုမကယ်ရင်၊ အားလုံး တူတူသေကြရလိမ့်မယ် ”
လူအုပ်ကြီးမှာ အနည်းငယ် တုန်လှုပ်သွားကြသော်လည်း၊ စောစောက မြင်တွေ့ခဲ့ရသည့် သွေးပျက်ဖွယ် မြင်ကွင်းကြောင့် တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထလျက် ရှိနေကြဆဲ ဖြစ်သည်။
ထို့ကြောင့် လောလောဆယ်တွင် မည်သူမျှ ဝင်ရောက်ကူညီခြင်း မပြုကြချေ။
ချန်ရှုရှုတစ်ယောက် ကပ်ဆိုးကြီးဆိုက်တော့မည့် ဆဲဆဲတွင်မူ၊ ထိုမိစ္ဆာစစ်သည်တော်၏ ဘေးနား၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“အဲဒါ… ဖန့်ချန်မိတ်ဆွေ မဟုတ်လား ”
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများ၏ မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ရသည်။
ဖန့်ချန်၏ လက်ထဲတွင် သူတို့ ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိသည့် ပစ္စည်းတစ်ခု ရှိနေပြီး၊ ထိုအရာဖြင့် မိစ္ဆာစစ်သည်တော်ကို ခပ်ဆဆလေး တစ်ချက် ရိုက်နှက်လိုက်ရာ၊ မိစ္ဆာစစ်သည်တော်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးခိုးငွေ့ကဲ့သို့ လွင့်ပြယ်ပျောက်ကွယ်သွားခဲ့တော့သည်။
“ဟမ် ”
လူတိုင်းမှာ အလွန်တရာ မှင်တက်အံ့ဩသွားကြရသည်။ အလုံးစုံသိဂိုဏ်းက စွမ်းအင်စုစည်းခြင်းနောက်ဆုံးအဆင့် ရှိသည့် ကျင့်ကြံသူကိုပင် ခွေးပြေးဝက်ပြေး ဖြစ်အောင် ရိုက်နှက်နိုင်သော မိစ္ဆာစစ်သည်တော်ကြီးက၊ ဤကဲ့သို့ လွယ်လွယ်ကူကူဖြင့် သေဆုံးသွားခဲ့ပြီ ဟုတ်လား။
ဖန့်ချန်သည် ပြစ်ဒဏ်စီရင်တုတ် ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီး၊ ချန်ရှုရှုကို ဆွဲထူပေးကာ သူ၏ ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ခါယမ်းပေးလိုက်သည်။
“ဘာမှမဖြစ်ဘူးမလား”
“ကျေးဇူးရှင်ကြီး ”
ချန်ရှုရှု၏ မျက်ဝန်းများမှာ နီရဲသွားခဲ့ရပြီး၊ ဖန့်ချန်၏ လက်မောင်းကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။
“ငါ အလုံးစုံသိဂိုဏ်းက ချန်ရှုရှု၊ ကောင်းကင်ကြီးကို တိုင်တည်ပြီး သစ္စာဆိုပါတယ်၊ နောင်တစ်ချိန်ကျရင် ကျေးဇူးရှင်ကြီးရဲ့ အသက်ကယ်ကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ် ”
“ဒါက ကိစ္စအသေးအဖွဲလေးပါ၊ ဒါနဲ့ မင်းတို့ရဲ့ အဲဒီ ဝမ်ဒုဂိုဏ်းချုပ်က ဘယ်ဂိုဏ်းဆီကို ယောက်ဖဝင်လုပ်ထားတာလဲ၊ ပြီးတော့ သူလက်ထပ်ထားတဲ့ အမျိုးသမီးက ဘယ်အိမ်ကလဲဆိုတာ ငါ့ကို နည်းနည်းလောက် ပြောပြပါလား”
ဖန့်ချန်က ခေါင်းကို အနားသို့ တိုးကပ်လိုက်ပြီး တိုးညင်းသောအသံဖြင့် မေးလိုက်သည်။
ချန်ရှုရှု၏ စိတ်အမူအရာမှာ တစ်ချက် လှုပ်ခတ်သွားခဲ့ပြီး၊ သူကလည်း အသံကို တိုးလိုက်ကာ -
“သူ ယောက်ဖဝင်လုပ်ထားတာက ရေဝေမသေမျိုးဓားဂိုဏ်း ပဲ၊ လက်ထပ်ထားတာက ရေဝေမသေမျိုးဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှဲ့အာမန် ဖြစ်ပြီး၊ လောကလူသားတွေက သူမကို အာမန်သူတော်စင်ဧကရာဇ် လို့ ရိုသေလေးစားစွာ ခေါ်ကြတယ် ”
“ရေဝေမသေမျိုးဓားဂိုဏ်း”
“ဟုတ်တယ်… ရေဝေမသေမျိုးဓားဂိုဏ်း”
“သိပြီ၊ ဒါဆိုရင် အဲဒီနီရဲတဲ့တောင်နဲ့ ဒီအိုင်ကြီးအကြောင်းကိုကော… မင်း ဘယ်လောက်အထိ သိထားသေးလဲ”
ဖန့်ချန်သည် ချန်ရှုရှုကို တွဲပေးရင်း မိမိတို့အဖွဲ့ရှိရာ ဘက်သို့ ပြန်လည်လျှောက်လှမ်းလာခဲ့သည်။
ချန်ရှုရှု၏ ဂျူနီယာညီငယ်နှစ်ဦးမှာမူ၊ အဝေးတစ်နေရာကနေသာ လှမ်းကြည့်ရဲကြပြီး၊ မျက်နှာထက်တွင် အပြစ်မကင်းသကဲ့သို့ စိတ်မလုံသည့် အမူအရာများဖြင့် အနားသို့ မကပ်ရဲကြပေ။
ဖန်ရွှေနှင့် အခြားသူများသည် ထိုမြင်ကွင်းကို မြင်သောအခါ၊ ချန်ရှုရှု၏ ထံကနေ ဤနေရာနှင့် ပတ်သက်သည့် သတင်းအချက်အလက်အချို့ကို သိရှိလိုသဖြင့် သူ့ကို ဝိုင်းအုံထားလိုက်ကြတော့သည်။
“ဟေ့လူ… မင်းတို့တွေ သတင်းကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ဖို့ မလုပ်နဲ့လေ၊ ချန်မိတ်ဆွေမှာ ဘာအသုံးဝင်မယ့် အမြင်တွေရှိလဲဆိုတာ လူအများကြီး သိအောင် မျှဝေပေးပါဦး၊ လူများတော့ အင်အားရှိတာပေါ့ ”
“ဖယ်စမ်း၊ စောစောက ငါ ဒုက္ခရောက်နေတုန်းကတော့ မျက်နှာလွှဲခဲပစ် လုပ်နေကြပြီးတော့၊ အခုကျမှ ငါ့ဆီက သတင်းလာနှိုက်ချင်နေတယ် ဟုတ်လား”
ချန်ရှုရှုက ခေါင်းကို မော့ကာ ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်ပြီးနောက်၊ ချက်ချင်းပင် ဖန့်ချန်တို့ဘက်သို့ မျက်နှာပြောင်းကာ ဖော်ရွေပျူငှာသော အပြုံးဖြင့် ဆိုလိုက်တော့သည်။
“မိတ်ဆွေတို့ ဘာသိချင်လဲ ပြောပါ၊ ငါသိသမျှ အကုန်လုံးကို သေချာပေါက် ပြောပြပါ့မယ် ”
“အဲဒီ တန်ခိုးစွမ်းအား ဗောဓိသီး အကြောင်းပဲ ဆိုပါစို့၊ အဲဒီလို အရာမျိုး တကယ်ပဲ ရှိတာလား”
ဖန့်ချန်က အသံလှိုင်းဖြင့် လှမ်း၍ မေးမြန်းလိုက်သည်။
ဖန်ရွှေနှင့် အခြားသူများ၏ စိတ်နှလုံးမှာ တစ်ချက် တုန်လှုပ်သွားခဲ့ရသည်။ မဟုတ်မှလွဲရော ဖန့်ချန်ကိုယ်တိုင်ပင် ထိုအရာကို မသိသေးတာ ဖြစ်နေမလား။
သူတို့ကတော့ ဖန့်ချန်တစ်ယောက် ဤနေရာ၏ အခြေအနေအားလုံးကို အလွတ်ရနေပြီဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။
ချန်ရှုရှုက ဖန့်ချန်တို့အဖွဲ့ကိုသာ အသံလှိုင်းဖြင့် ပြန်လည်ဖြေကြားပေးလိုက်သည်။
“ဒါကတော့ သေချာပေါက် ရှိတာပေါ့ဗျာ၊ ဒါပေမဲ့ လူအများစု မသိကြတာကတော့… ဒီတန်ခိုးစွမ်းအား ဗောဓိပင်ဆိုတာဟာ တကယ်တော့ သံသရာမသေမျိုးဂိုဏ်းက သေဆုံးသွားခဲ့တဲ့ သူတော်စင်တွေရဲ့ ခန္ဓာကိုယ်ကနေ ပြောင်းလဲဖြစ်တည်လာခဲ့တာ ဖြစ်တယ်။
ဘယ်သူမဆို အဲဒီအရာကို ရရှိခဲ့မယ်ဆိုရင်၊ အဲဒီသူတော်စင် သက်ရှိထင်ရှားရှိစဉ်က တတ်ကျွမ်းခဲ့တဲ့ ကြီးမြတ်တဲ့ တန်ခိုးစွမ်းအား သုံးခုထဲက တစ်ခုကို ရရှိနိုင်မှာပါ ”
ဖန်ရွှေနှင့် အခြားသူများ၏ ခန္ဓာကိုယ်ကြီးမှာ ဆတ်ခနဲ တုန်ရင်သွားခဲ့ရတော့သည်။
‘ငါသာ အဲဒါကို ရခဲ့ရင်၊ ဖန့်ချန်မိတ်ဆွေရဲ့ ဂျူနီယာညီငယ် ဖြစ်သွားမှာ မဟုတ်ဘူးလား။ ဒါဆိုရင် ငါ့ရဲ့ အနာဂတ်လမ်းကြောင်းက တကယ့်ကို ကျယ်ပြန့်သွားမှာပဲ’ ဖန်ရွှေသည် စိတ်ထဲတွင် အတိုင်းထက်အလွန် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။
“ဒါက တစ်ခုခုတော့ မှားနေပြီ။ တကယ်လို့ ဒီလိုမျိုးဆိုရင်… အဲဒီ သူတော်စင်ဧကရာဇ်တွေ က သံသရာမသေမျိုးဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့တုန်းက၊ ဘာဖြစ်လို့ သူတို့ကိုယ်တိုင် ဒီနေရာကို လာပြီး တန်ခိုးစွမ်းအား ဗောဓိပင်ကို မခူးဆွတ်ကြတာလဲ။
ဘာကြောင့် ဒီလိုမျိုး သက်ဆိုင်မှုမရှိတဲ့ လူတွေကိုပဲ ဒီထဲ ဝင်ခွင့်ပြုထားရတာလဲ”
ဖန့်ချန်က ခဏမျှ စဉ်းစားသုံးသပ်ပြီးနောက် မေးလိုက်သည်။
‘မှန်သားပဲ ဒါက ဘာဖြစ်လို့လဲ ’ ဆွေ့ထျန်းဟွမ်နှင့် အခြားသူများလည်း ဇဝေဇဝါ ဖြစ်သွားကြရသည်။
“မိတ်ဆွေတို့ မသိတာ ရှိသေးတယ်၊ ငါတို့ ဂိုဏ်းချုပ် ပြောပြချက်အရတော့… အဲဒီ သူတော်စင်ဧကရာဇ်တွေ ဒီနေရာကို ခြေမချချင်ကြတာ မဟုတ်ဘူး၊ မချရဲကြတာ”
ချန်ရှုရှု၏ မျက်ဝန်းများထဲတွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ပြီး -
“သူတို့တွေ ဒီနေရာကို ခြေမချရဲကြတာဟာ… သံသရာမသေမျိုးဂိုဏ်းရဲ့ အဲဒီဘိုးဘေးကြီးတွေ သိသွားပြီး၊ ဒီနေရာမှာတင် သူတို့ကို အမှုန့်ခြေပစ်မှာကို ကြောက်လို့ပဲ ဖြစ်တယ်။
သူတို့တွေ ကြည့်ရတာ သံသရာမသေမျိုးဂိုဏ်းကို ဖျက်ဆီးပစ်လိုက်နိုင်တယ်လို့ ထင်ရပေမဲ့။
သူတို့ အစအဆုံး မြင်တွေ့ခဲ့ရတာဟာ သံသရာမသေမျိုးဂိုဏ်းက ဂိုဏ်းတပည့် အနည်းငယ်လောက်ကိုပဲ။
အဲဒီ တကယ့် ဘိုးဘေးကြီးတွေကိုတော့… သူတို့တစ်ယောက်မှ မမြင်ဖူးကြဘူး”
“သံသရာမသေမျိုးဂိုဏ်းရဲ့ ဘိုးဘေးကြီးတွေ ”
ဖန်ရွှေက အလျင်အမြန်ပင် အသံလှိုင်းဖြင့် မေးလိုက်သည်။
“သူတို့က ဘယ်လိုမျိုး ပုံစံမျိုးလဲ၊ သူတို့လည်း သူတော်စက်ဧကရာဇ် အဆင့်တွေပဲလား”
“အဲဒါတော့ ငါလည်းမသိဘူး၊ ငါလည်းမမြင်ဖူးဘူးလေ။ ခန့်မှန်းရတာတော့ အဲဒီ သူတော်စင်ဧကရာဇ်တွေဟာ သံသရာမသေမျိုးဂိုဏ်းကို ဒီလောက်အထိ ရိုက်နှက်ဖျက်ဆီးပစ်နေတာတောင်၊ အဲဒီဘိုးဘေးကြီးတွေ တစ်ယောက်မှ ထွက်မလာကြဘူးဆိုတာကို လုံးဝ ထည့်မတွက်ထားမိကြဘူး ထင်တယ်”
ချန်ရှုရှုက အသံလှိုင်းဖြင့် ပြန်ဆိုသည်။
“သံသရာမသေမျိုးဂိုဏ်းမှာ ဘိုးဘေးကြီးတွေ ရှိနေသေးတယ်ဆိုတာကို မင်း ဘယ်လိုမျိုး အတည်ပြုနိုင်တာလဲ”
ဖန့်ချန်က အသံလှိုင်းဖြင့် ထပ်မံ မေးမြန်းလိုက်သည်။
“အတည်မပြုနိုင်ပါဘူး၊ အဲဒီ သူတော်စင်ဧကရာဇ်တွေကိုယ်တိုင်လည်း အတည်မပြုနိုင်ကြဘူး၊ ဒါကြောင့်မို့လို့ပဲ ဒီနေရာကို ခြေမချရဲကြတာပေါ့။
ငါတို့ အလုံးစုံသိဂိုဏ်းကတော့ ဒီကိစ္စကို အသိဆုံးပဲ။
သမိုင်းအစဉ်အဆက်အရ သံသရာမသေမျိုးဂိုဏ်းဟာ ကမ္ဘာတည်သရွေ့ ထာဝရ တည်တံ့ခိုင်မြဲနေခဲ့တာ။
ဘိုးဘေးကြီးတွေ မရှိဘဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူတို့ အခု ဘာတွေ လုပ်နေကြလဲဆိုတာကိုပဲ မသိရတာ။”
ချန်ရှုရှုက ထပ်မံ သတိပေးလိုက်သည်
“ဘယ်သူ့ကိုပဲ သွားဆွဆွ၊ သံသရာမသေမျိုးဂိုဏ်းကိုတော့ သွားမဆွကြနဲ့၊ ဒါက ငါတို့ဂိုဏ်းချုပ် ကိုယ်တိုင် မှာကြားထားတဲ့ စကားပဲ။
ဒါကြောင့်မို့လို့ မိတ်ဆွေတို့ ဒီနေရာကို ရောက်လာတဲ့အခါ၊ သံသရာမသေမျိုးဂိုဏ်းအပေါ်ကို အတိုင်းအတာတစ်ခုအထိ ရိုသေလေးစားမှု ရှိထားကြတာ အကောင်းဆုံးပဲ။
နောင်တစ်ချိန်ကျရင် ကောင်းချီးအကျိုးပေးတွေ ပြန်ရလာနိုင်တာကို ဘယ်သူပြောနိုင်မလဲ”
ရုတ်ချည်းပင်၊ ဖန်ရွှေနှင့် အခြားသူများက ဖန့်ချန်ကို ကြည့်သည့် မျက်လုံးများထဲတွင်၊ နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာသည့် ရိုသေလေးစားမှု အရိပ်အယောင်များ ပိုမို ထင်ဟပ်သွားခဲ့ရတော့သည်။
“အစ်ကိုကြီး… မင်း ငါ့အသက်ကို တစ်ခါ ကယ်တင်ခဲ့ဖူးတယ်၊ ငါ ချန်ရှုရှု သေချာပေါက် ပြန်ဆပ်ပါ့မယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ့ရဲ့ အကြံဉာဏ်ကို နားထောင်စေချင်တယ်။
အားလုံးပဲ စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့၊ ငါ့ရဲ့ တွက်ချက်မှုအရဆိုရင် နောက်ထပ် တစ်နှစ် ဒါမှမဟုတ် လအနည်းငယ် ကြာရင်၊ ဒီနေရာကနေ ငါတို့ကို အပြင်ကို ပြန်ပို့ပေးလိမ့်မယ်။
အဲဒီအချိန်ကျရင် ဘေးကင်းသွားပြီ”
ချန်ရှုရှု၏ မျက်နှာထက်တွင် အလွန်တရာ တည်ကြည်လေးနက်သော အမူအရာ ရှိနေသည်။
ဖန့်ချန်သည် ထိုအောက်ခြေမမြင်ရသည့် အိုင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး၊ ထို့နောက်တွင် နီရဲနေသည့် တောင်တန်းကြီးဆီသို့ မျှော်ကြည့်လိုက်သည်။
အိုင်ကြီးထဲတွင်၊ သူနှင့် ဆင်တူသည့် မိစ္ဆာစစ်သည်တော်အတတ်ပညာမျိုး ရှိနေနိုင်ပေသည်။
နီရဲနေသည့် တောင်တန်းကြီးပေါ်တွင်မူ၊ ဖီထူစီနီယာအစ်ကိုကြီး ချန်ထားခဲ့သည့် တန်ခိုးစွမ်းအား ဗောဓိပင် ရှိနေသည်။
သူက တကယ်ပဲ ချန်ရှုရှု၏ စကားကို နားထောင်ပြီး၊ ဒီအတိုင်း ငြိမ်ငြိမ်လေး ထိုင်စောင့်ရင်း အရည်အချင်း ပျက်ပြယ်သွားမယ့်အချိန်ကိုပဲ စောင့်နေရမှာတဲ့လား။
အတိအကျပင် ထိုအချိန်၌၊ တစ်စုံတစ်ယောက်က နီရဲနေသည့် တောင်တန်းကြီးဆီသို့ ရုတ်တရက် ပျံသန်းသွားခဲ့ပြန်သည်။
လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြရသည်၊ စောစောက သွေးပျက်ဖွယ် သာဓကကြီးက ထိုနီရဲနေသည့် တောင်တန်းကြီး၏ ရှေ့မှောက်တွင် ဒူးထောက်လျက် ရှိနေဆဲ ဖြစ်ပါလျက်၊ ဤကောင်က ဘာဖြစ်လို့ ဒီလောက်အထိ သတ္တိကောင်းနေရတာလဲ။
နောက်တစ်စက္ကန့်တွင်၊ ထိုသူ၏ ခန္ဓာကိုယ်ပေါ်၌ နက်မှောင်သော အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားခဲ့ပြီး၊ သူသည် အရေခွံခွာခြင်း မခံရဘဲ၊ နီရဲနေသည့် တောင်တန်းကြီး၏ ခြေရင်းသို့ ချောချောမောမော ရောက်ရှိသွားခဲ့ချေပြီ။
“သူ… သူက ဘာဖြစ်လို့ အရေခွံခွာမခံရတာလဲ ”
“ချန်မိတ်ဆွေ… ငါတို့ကို နည်းနည်းလောက် ရှင်းပြပေးပါဦး”
“အလုံးစုံသိဂိုဏ်းက အမှိုက်တွေရဲ့ ရှင်းပြချက်ကို ဘာကိစ္စ နားထောင်နေမှာလဲ။ ငါ အကျိုးသက်ရောက်မှု မခံရတာဟာ… ငါ့ဆီမှာ ဒီပစ္စည်း ပါလာလို့ပဲ ဖြစ်တယ်၊ ဒါက တကယ့်ကို ကောင်းမွန်တဲ့ ရတနာတစ်ပါးပဲ”
ထိုသူက အေးစက်စွာ သရော်လိုက်ရင်း၊ သူ၏ ရင်ခွင်ထဲကနေ ရှေးဟောင်းမီးအိမ် တစ်လုံးကို ထုတ်ဖော်ပြသလိုက်သည်။
ရှပ် ရှပ် ရှပ်
ဖန့်ချန်နှင့် အခြားသူများ၏ အကြည့်များမှာ ချက်ချင်းပင် ဆွေ့ထျန်းဟွမ်၏ ကိုယ်ပေါ်သို့ စုပြုံကျရောက်သွားကြတော့သည်။
“ဒါက… မင်းတို့မျိုးနွယ်စုရဲ့ ကံတရားအလင်းအမှောင် နတ်ဘုရားစွမ်းအားဖြစ်တဲ့ အမြဲစိမ်းမီးအိမ် မဟုတ်ဘူးလား။ ပုံစံတူရုံတင်မကဘူး၊ တစ်ပုံစံတည်း တူနေတာပဲဥစ္စာ”
ဖန်ရွှေက အံ့ဩမှင်တက်စွာ ဆိုလိုက်သည်။
“တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်”
ဆွေ့ထျန်းဟွမ်၏ ရင်ဘတ်ထဲက နှလုံးသားမှာ ဗုန်းဗုန်းဗုန်းဗုန်းနှင့် အရူးအမူး ခုန်ယင်နေခဲ့ပြီ ဖြစ်သည်။
“အဲဒါက ထောင်ပေါင်ဂိုဏ်း ရဲ့ ကျန့်ဆွေ့ချန်ရှင်းမီးအိမ် (တစ္ဆေနှိမ်နင်း အမြဲစိမ်းမီးအိမ်) ပဲဥစ္စာ၊ ဒါကြောင့်မို့လို့ ဒီကောင် ဘာမှမဖြစ်တာပေါ့။
သူက သေချာပေါက် ကြိုတင်ပြင်ဆင်မှုတွေ ရှိထားတာ ဖြစ်ရမယ်”
ချန်ရှုရှုက မသိစိတ်အရ ဆိုလိုက်မိသည်။
ကျန့်ဆွေ့ချန်ရှင်းမီးအိမ်
ဖန်ရွှေနှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ တဝက်က ဆွေ့ထျန်းဟွမ်ကို ကြည့်ကာ၊ ကျန်တဝက်က ရင်တန့်ကို လှမ်းကြည့်လိုက်ကြသည်။
“ငါတို့ကို ဘာလာကြည့်နေကြတာလဲ၊ ဒါက သေချာပေါက် တိုက်ဆိုင်မှု သက်သက်ပါပဲ။ ဒါပေမဲ့ ဒါကိုကြည့်ခြင်းအားဖြင့် ငါတို့မျိုးနွယ်စုရဲ့ နတ်ဆိုးမျက်လုံး က၊ ဒီနေရာရဲ့ ဆန်းကြယ်မှုတွေကို နှိမ်နင်းနိုင်တယ်ဆိုတာ သေချာသွားတာပေါ့”
ရင်တန့်၏ မျက်ဝန်းများထဲတွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
ထိုအချိန်တွင်၊ ထိုကျင့်ကြံသူသည် ‘ကျန့်ဆွေ့ချန်ရှင်းမီးအိမ်’ ကို ကိုင်ဆောင်လျက် နီရဲနေသည့် တောင်တန်းကြီးပေါ်သို့ အရှိန်အဟုန်ဖြင့် တက်လှမ်းသွားခဲ့ချေပြီ။
သို့သော်လည်း ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးခင်မှာပင်၊ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မျက်မြင်ကိုယ်တွေ့ပင် အရွယ်အစား ပြန်လည်ငယ်ရွယ် လာခဲ့တော့သည်။
နောက်ဆုံးတွင်မူ၊ သူသည် အသက်သုံးနှစ်အရွယ် ကလေးငယ်လေး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ထိုအချိန်ကျမှသာ သူက သတိဝင်လာခဲ့ပြီး၊ ‘ကျန့်ဆွေ့ချန်ရှင်းမီးအိမ်’ ကို ဆွဲကိုင်လျက် အနောက်သို့ ပြန်ဆုတ်ရန် ကြိုးစားသော်လည်း၊ မီးအိမ်ကိုပင် မချီနိုင်တော့ကြောင်း တွေ့လိုက်ရတော့သည်။
ထို့ကြောင့် သူသည် အဝတ်အစားများကြားကနေ ရုန်းထွက်ကာ၊ ဝတ်လစ်စလစ် ဖင်ပြောင်လေးဖြင့် လူအုပ်ကြီးရှိရာ ဘက်သို့ ကုန်းရုန်းပြေးလာရင်း၊ ကလေးငယ်သံလေးဖြင့် အော်ဟစ်ငိုယိုလိုက်တော့သည်။
“ကယ်ပါဦး… ကယ်ကြပါဦး ”
သို့သော်လည်း ခြေလှမ်းအနည်းငယ်မျှပင် မပြေးရသေးခင်မှာပင်၊ သူ၏ ခန္ဓာကိုယ်မှာ ထပ်မံ သေးငယ်သွားခဲ့ပြန်ပြီး၊ လူတိုင်း၏ မျက်စိရှေ့မှောက်တွင်ပင် နို့စို့ကလေးငယ် အဖြစ်သို့ ပြောင်းလဲသွားကာ၊ နောက်ဆုံးတွင်မူ လုံးဝ လွင့်ပြယ်ပျောက်ကွယ်သွားခဲ့တော့သည်။
“ဒီ… သူက သံသရာလည်ပြီး လူပြန်ဝင်စားနိုင်ဦးမှာလား”
တစ်စုံတစ်ယောက်က တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
ဖန့်ချန်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက်၊ စိတ်ထဲတွင် တိကျသေချာသော အဖြေတစ်ခုကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
ထိုနီရဲနေသည့် တောင်တန်းကြီးသည်… သူ့အတွက်မူ ဘာအန္တရာယ်မှ ရှိနေမည် မဟုတ်ပေ။
“မင်းတို့ ဒီနေရာမှာ ခဏစောင့်နေကြ၊ ငါ သွားပြီး စမ်းသပ်ကြည့်လိုက်ဦးမယ်”
ဖန့်ချန်က မှာကြားလိုက်ပြီးနောက်၊ ခန္ဓာကိုယ်ကို လှုပ်ရှားကာ နီရဲနေသည့် တောင်တန်းကြီးရှိရာ ဘက်သို့ ဇောက်ချ၍ ပျံသန်းသွားခဲ့တော့သည်။
“သေရမှာမကြောက်တဲ့ ကောင်တွေ ဒီလောက်တောင် များနေတာလား ”
အခြားဂိုဏ်းတပည့်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ ဖန့်ချန်ကို ကြည့်သည့် မျက်လုံးများထဲတွင် သရော်လှောင်ပြောင်သည့် အရိပ်အယောင်များ အပြည့် ရှိနေကြသည်။
သူတို့သည် ထိုနီရဲနေသည့် တောင်တန်းကြီး၏ ဆန်းကြယ်ထူးဆန်းမှုများကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ထားရပြီး ဖြစ်ရာ၊ ယခုသွားသည့် ကောင်သည်လည်း သေချာပေါက် သေတွင်းထဲ သက်ဆင်းသွားခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားကြတော့သည်။