← Chapters

အခန်း (၅၆၇-၅၆၈)

Vol. 48 Ch. 567-568

အခန်း (၅၆၇-၅၆၈)

Vol. 48 Ch. 567-568

အခန်း(၅၆၇)

ဘိုးကို သဟဇာတသေနတ် နဲ့ပဲ ဆက်တိုက် ပစ်ခတ်နေဖို့ လိုတယ်။ ဒါဆိုရင်တော့ သူ့ရဲ့ အလင်းမှော်စွမ်းအင်တွေဟာ တရွေ့ရွေ့နဲ့ လျော့ပါးသွားလိမ့်မယ်။

မိုက်ကယ် ရဲ့ တိုက်ခိုက်ရေးအစီအစဉ်က ရိုးရိုးရှင်းရှင်းလေးပါ။ ဘိုး ရဲ့ စွမ်းရည်ကိုပဲ သူမဆီ ပြန်လှည့်သုံးဖို့ ဖြစ်တယ်။ သူမရဲ့ ဖန်တီးမှုတွေထဲမှာ ဝိညာဉ်အပိုင်းအစတစ်ခုကို ထည့်သွင်းအသုံးချရတာဖြစ်လို့ မိမိကိုယ်ကို ကာကွယ်ဖို့နဲ့ သူမရဲ့ ဖန်တီးမှုတွေကို ကာကွယ်ဖို့ကြားထဲမှာ ဟိုဘက်ဒီဘက် ချာချာလည်နေရတော့မှာပေါ့။ ဒီကြားထဲ ဘေးကနေ ချောင်းမြောင်းပြီး အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတဲ့ ဒရုန်း ကလည်း ရှိနေသေးတော့ မိုက်ကယ် အနေနဲ့ သူမရဲ့ အကာအကွယ်တွေကို တဖြည်းဖြည်းချင်း တတိတိ ခြေဖျက်ပစ်နိုင်ပါလိမ့်မယ်။

ဒါဟာ သူ မြင်တွေ့နိုင်တဲ့ တစ်ခုတည်းသော လမ်းစပဲ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဘိုး ရဲ့ အဆင့် ၆ ဒီဗာ ကျင့်စဉ်အဆင့်ဟာ သူ ထိပ်တိုက်ရင်ဆိုင်လို့ရမယ့် အရာမျိုးမဟုတ်မှန်း သူ ကောင်းကောင်းကြီး သိနေတာကိုး။

သူ့လက်ကို မြှောက်လိုက်တဲ့အခါ သဟဇာတစွမ်းအင်တွေကို နေရာကွက်ကွက်လေးတစ်ခုထဲမှာ စုစည်းလိုက်တာမို့ သူ့လက်ညှိုးက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ လင်းလက်တောက်ပလာတယ်။

သွေးတွေ ထွက်နေတုန်းဖြစ်တဲ့ ဘိုး ကတော့ သူမရဲ့ သားလှီးဓားကြီးကို သုံးပြီး သစ်ပင်က သစ်ခေါက်တစ်တုံးကို လွှဲခုတ်လိုက်ပြီး သူမကိုယ်ပေါ်ကို ကပ်လိုက်တယ်။ မကြာခင်မှာပဲ အဲဒီသစ်ခေါက်ဟာ သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီး သူမ ထိမှန်ထားတဲ့ သေနတ်ဒဏ်ရာ နှစ်ချက်ကို ဖာထေးကုသသွားခဲ့တယ်။

သူမက မိုက်ကယ် ကို မော့ကြည့်ပြီး သူ့ရဲ့ အစွမ်းကို ချီးကျူးလိုက်တယ်။

"နင့်ရဲ့ ဆန်းကြယ်တဲ့အစွမ်းတွေနဲ့ ပျံသန်းနိုင်တဲ့ လက်နက်ကတော့ ချီးကျူးစရာပဲ။ ဒါပေမဲ့... ငါ့ကို အနိုင်ယူဖို့တော့ ဒါတွေက မလုံလောက်သေးဘူး" လို့ သူမက မာန်ပါပါနဲ့ အော်လိုက်တယ်။

အဲဒီအချိန်မှာပဲ ဧရာမ အာဆာဂရစ်ဇ်လာ ကြီးက ယာဂုအိုးလို ဖြစ်နေတဲ့ နှာခေါင်းကြီးကို ဝေဟင်ထက်ဆီ ပင့်မြှောက်ပြီး ဟိန်းဟောက်သံကြီး တစ်ချက် ပေးလိုက်ရာ မှော်ကမ္ဘာငယ်လေး တစ်ခုလုံးကို တုန်ခါသွားစေတဲ့ လှိုင်းလုံးကြီးတစ်ခု ပြန့်လွင့်သွားခဲ့တယ်။

စက္ကန့်ပိုင်းလောက်အတွင်းမှာပဲ မြေပြင်ကြီးဟာ ရုတ်တရက် တုန်ခါလာတော့တယ်။

ဒါဟာ ရိုးရိုးငလျင်လှုပ်တာကြောင့်များလားလို့ မိုက်ကယ် တစ်ယောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိသွားတယ်။ ဒါပေမဲ့ သူ့ခြေဖဝါးအောက်က ခံစားချက်အရ တုန်ခါမှုက ပုံမှန်မဟုတ်ဘဲ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေတာကို သူ သတိထားမိလိုက်တယ်။

ဒါက လူပေါင်းထောင်သောင်းချီပြီး ဂီတသံစဉ်နောက်မှာ ရူးရူးမူးမူးနဲ့ ပရမ်းပတာ ခုန်ပေါက်နေကြတဲ့ ဖျော်ဖြေပွဲတစ်ခုထဲ ရောက်နေသလိုမျိုး သူ့ကို သတိရသွားစေတယ်။

နေပါဦး... မဟုတ်မှလွဲရော...

ပတ်ဝန်းကျင်မှာ အလင်းမှော်စွမ်းအင်ရဲ့ အရိပ်အယောင်များ ရှိနေမလားဆိုတာကို ရှာဖွေဖို့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ကို အသုံးပြုပြီး ကြည့်လိုက်ရင်း သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။

မလှမ်းမကမ်းအကွာအဝေးမှာ သူ မြင်လိုက်ရပြီ။ သူတို့အားလုံးကို မြင်လိုက်ရပြီ။

အကောင်အကြီး၊ အကောင်အသေးနဲ့ ဧရာမ မိစ္ဆာ အကောင်ပေါင်း ရာနဲ့ချီဟာ မျက်လုံးတွေထဲမှာ ရူးသွပ်မှုအပြည့်နဲ့ သူတို့ရှိရာဘက်ကို ဦးတည်ပြီး ပြေးဝင်လာနေကြတယ်။

သူတို့ရဲ့ ကိုယ်ဟန်အမူအရာကို ကြည့်လိုက်တာနဲ့ အဲဒီ မိစ္ဆာ အားလုံးဟာ အာဆာဂရစ်ဇ်လာ ကြီးရဲ့ ဆင့်ခေါ်မှုကို ခံလိုက်ရသလိုမျိုး အဲဒီအကောင်ကြီးဆီကိုပဲ အာရုံစိုက်နေကြမှန်း သူ သဘောပေါက်လိုက်တယ်။

ကောင်းပြီလေ၊ မိစ္ဆာ အကောင်ပေါင်း ရာချီပေါ့။ ဒါပေမဲ့ သူတို့က ကြယ်လေးပွင့် ကနေ ကြယ်ငါးပွင့်မန္တန် အဆင့်လောက်ပဲ ရှိတာပါ။ ဒါကိုတော့ ငါ ကိုင်တွယ်နိုင်ပါတယ်လို့ သူ တွေးလိုက်မိတယ်။

သူက ဝေဟင်ထဲမှာ မှော်သားရဲ အကောင်တွေကို ထပ်ပြီး ပုံဖော်ဖို့ ပြင်လိုက်စဉ်မှာပဲ ရုတ်တရက် မြေပြင်ကနေ ပိုပြီးပြင်းထန်တဲ့ တုန်ခါမှုကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့တယ်။ အဲဒီအားလှိုင်းက သူ့ကို ခြေချော်ပြီး ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားစေခဲ့တာပါ။

ဒီတစ်ကြိမ်မှာတော့ ဘာဖြစ်နေလဲဆိုတာ သိဖို့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ကို တောင် သုံးနေစရာ မလိုတော့ဘူး။

သစ်ပင်တွေရဲ့ အလွန်မှာ ရှေးဟောင်းဒိုင်နိုဆောတွေနဲ့ တူတဲ့ ဧရာမ သတ္တဝါကြီးတွေ တောအုပ်ကို နင်းခြေပြီး သောင်းကျန်းနေတာကို သူ မြင်လိုက်ရတယ်။ ဒီ မိစ္ဆာ ကြီးတွေက သစ်ပင်တွေကိုပဲ တိုက်ဖြိုဖျက်ဆီးနေတာ မဟုတ်ဘဲ သူတို့ပတ်ပတ်လည်မှာ စုရုံးနေတဲ့ ပိုပြီးအကောင်သေးငယ်ပြီး အားနည်းတဲ့ မိစ္ဆာ တွေကိုပါ ဝါးမြိုစားသောက်နေကြတာပါ။

အပေါ်က ပရိသတ်တွေလည်း မိုက်ကယ် လိုပဲ ပြာပြာသလဲ ဖြစ်ကုန်ကြတယ်။ ဘိုး တစ်ယောက် မှော်ကမ္ဘာငယ်လေး ထဲက မိစ္ဆာ တွေအားလုံးကို ဆင့်ခေါ်ရဲလောက်အောင် ရူးသွပ်လိမ့်မယ်လို့ သူတို့ ထင်မထားခဲ့ကြဘူး။

'သူတို့တွေ ဖန်ခုံးနဲ့ ဒီလောက်နီးကပ်နေတာကို သူမက ဘာလို့ ဒါမျိုး လုပ်ရတာလဲ။ အဲဒီပတ်ပတ်လည်မှာ ကြယ်ရှစ်ပွင့် မိစ္ဆာ တွေ နေထိုင်ကြတယ်ဆိုတာ သူမ မသိဘူးလား။ အခုတော့ အဲဒီအကောင်တွေ အကုန်လုံး သူတို့ရှိတဲ့နေရာဆီ စုပြုံလာနေကြပြီ'

'ဒါက... သူမရဲ့ အစီအစဉ်လည်း ဖြစ်နိုင်တာပဲ။ အဲဒီ မိစ္ဆာ တွေကို သုံးပြီး မိုက်ကယ် ကို ဒုက္ခပေးဖို့ နေမှာပေါ့'

'အဓိပ္ပာယ်ရှိသားပဲ။ သူ့ရဲ့ အဖြူရောင်အလင်းတန်းက အစွမ်းထက်တယ်ဆိုပေမဲ့ အလွန်ဆုံးမှ စက္ကန့်ပိုင်းခြားပြီး တစ်ကြိမ်ပဲ ပစ်နိုင်တာလေ။ ပြီးတော့ သူ့မှာ မီသရယ် လက်နက် ရှိနေရင်တောင် သူ့ဆီ ပြေးဝင်လာမယ့် ကြယ်ရှစ်ပွင့် မိစ္ဆာ ဆယ်ဂဏန်းလောက်ကိုတော့ သူ ခုခံနိုင်မှာ မဟုတ်ဘူး'

ဘိုး ပီပီပါပဲ၊ သူမက မိုက်ကယ် ရဲ့ အားသာချက်တွေကို တန်ပြန်ချေဖျက်နိုင်မယ့် နည်းလမ်းကို ချက်ချင်း စဉ်းစားမိသွားတယ်။

မိုက်ကယ် အနေနဲ့ အရပ်မျက်နှာအနှံ့က သားရဲတွေရဲ့ လိုက်လံတိုက်ခိုက်မှုကို အလုပ်ရှုပ်ခံပြီး ခုခံနေရရင် သူမဆီကို သဟဇာတသေနတ် နဲ့ ပစ်ခတ်နိုင်တော့မှာ မဟုတ်ဘူး။

ပြီးတော့ သူမကိုယ်တိုင်လည်း အဲဒီ သားရဲတွေရဲ့ ရန်ကနေ ကင်းလွတ်မှာ မဟုတ်ပေမဲ့ သူမရဲ့ စွမ်းရည်ကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သလို အဲဒီ မိစ္ဆာ တွေကိုပါ သူမအတွက် အခွင့်ကောင်းအဖြစ် အသုံးချနိုင်သေးတယ်။

ခွေးအသွင် မိစ္ဆာတစ်ကောင်ဟာ မိုက်ကယ် ရှိရာဆီကို ဝုန်းခနဲ မြေပြင်ပေါ် လျှောတိုက်ပြီး အရှိန်အဟုန်နဲ့ ဝင်ရောက်လာခဲ့တယ်။ ၎င်းက မေးရိုးကြီးကို ဘေးတိုက် ဖြဲဟလိုက်ပြီး နားကွဲလုမတတ် စူးရှတဲ့ အော်သံနက်ကြီးတစ်သံနဲ့အတူ ပါးစပ်တစ်ခုလုံး ပြည့်နှက်နေတဲ့ ထက်မြက်လှတဲ့ သွားပေါင်းထောင်ချီကို ဖော်ပြရင်း ရန်မူလိုက်တယ်။။

မိုက်ကယ် က အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပဲ သူ့ခြေဖဝါးအောက်က လေဒြပ်စင် မှော်စွမ်းအင်တွေကို အင်အားဖြည့်လိုက်ပြီး အဲဒီခွေးမိစ္ဆာရဲ့ အကိုက်ခံရမယ့် ဘေးကနေ ပေါ့ပေါ့ပါးပါးလေး အပေါ်ဘက်ဆီ ဝဲပျံရှောင်တိမ်းလိုက်တယ်။

သူ လေထဲကို ပျံတက်လိုက်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ အဲဒီအကောင်ရဲ့ ခန္ဓာကိုယ်က မျက်စိရှေ့တင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး၊ မိုက်ကယ် ကောင်းကင်ပေါ် မတက်ခင် ရပ်နေခဲ့တဲ့ နေရာတည့်တည့်မှာ ပါးစပ်ကြီး ဖြဲလျက်သားနဲ့ လျှပ်ခနဲ ပြန်ပေါ်လာတယ်။။ ၎င်းက မိုက်ကယ်ကို ကိုက်ဆွဲဖို့ လက်မအနည်းငယ်မျှသာ လိုတော့တယ်။

သူ အသက်တောင် ဖြောင့်ဖြောင့်မရှုရသေးခင်မှာပဲ၊ တိုင်ရန်နိုဆောရက်စ်ရဲ့ ခေါင်းအစုံနဲ့ အနက်ရောင် ကြက်ဖကြီးတစ်ကောင်လို ပုံသဏ္ဌာန်ရှိတဲ့ နောက်ထပ် ဧရာမ မိစ္ဆာကြီးတစ်ကောင်က သူ့ရဲ့ နောက်ကျောဘက် ဟင်းလင်းပြင်ထဲကနေ ဝုန်းခနဲ ထပ်မံထွက်ပေါ်လာပြန်တယ်။ ၎င်းက အသံထက်မြန်တဲ့ နှုန်းနားနီးပါး ပြင်းထန်လှတဲ့ အရှိန်အဟုန်နဲ့ မိုက်ကယ်ရဲ့ ဦးခေါင်းဆီကို ရက်ရက်စက်စက် ထိုးဆိတ်လိုက်တော့တာပဲ။

ချက်ချင်းဆိုသလို သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ်ဒိုင်းက အလိုအလျောက် ပွင့်ထွက်လာခဲ့ပြီး၊ အဲဒီ ကြယ်ရှစ်ပွင့်အဆင့်ရှိတဲ့ မိစ္ဆာကြီးရဲ့ ထက်မြက်လှတဲ့ နှုတ်သီးအစုံကို ခဏတာ တောင့်ခံပြီး ခုခံပေးလိုက်တာမို့ မိုက်ကယ်အနေနဲ့ ဘေးကင်းရာ ဟင်းလင်းပြင်ဆီ တယ်လီပို့တ်လုပ်ပြီး အချိန်ကိုက် ငုံ့လျှိုးရှောင်ကွင်းဖို့ အခွင့်အရေး ကောင်းကောင်း ရသွားခဲ့ရတာ ဖြစ်တယ်။

‘ငါတော့ တကယ့်ကို အဝိုင်းခံလိုက်ရပြီပဲ...’ လို့ မိုက်ကယ်က အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်မိတယ်။ သူ့ရဲ့ ပတ်ပတ်လည်မှာ သူ့ကို အစိမ်းလိုက် ဝါးမြိုပစ်ဖို့ ဆာလောင်မွတ်သိပ်နေကြတဲ့ ကြယ်ရှစ်ပွင့်အဆင့်ရှိတဲ့ မိစ္ဆာတွေချည်းပဲ သားကောင်ကို စိုက်ကြည့်သလို ဝိုင်းရံနေကြတာကိုး။

ဒါပေမဲ့ ကံကောင်းတာတစ်ခုကတော့ ဘိုး ကလည်း သူမဆီ ဦးတည်ရောက်ရှိလာတဲ့ ကြယ်ရှစ်ပွင့် မိစ္ဆာအုပ်စုကြီးကြောင့် အလုပ်ရှုပ်နေခဲ့ပြီး၊ သူမရဲ့ ဧရာမ အာဆာဂရစ်ဇ်လာ မိစ္ဆာကြီးပေါ်ကို အမြန်ခုန်တက်ကာ အဲဒီ သားရဲတွေရန်ကနေ ခုခံကာကွယ်ဖို့အတွက် အမိန့်တွေကို တရစပ် ပေးနေရတာ ဖြစ်တယ်။

အဲဒီအချိန်မှာပဲ ဂေါ်ရီလာအသွင် သဏ္ဌာန်ရှိတဲ့ ကြယ်ရှစ်ပွင့်အဆင့် ဧရာမ မိစ္ဆာကြီးနှစ်ကောင်က ဝေဟင်ထဲကို ဝုန်းခနဲ ခုန်တက်လာခဲ့ကြပြီး၊ လေထဲမှာရှိနေတဲ့ မိုက်ကယ်ကို လက်ဖဝါးကြီးတွေနဲ့ အတင်းဖမ်းဆွဲဖို့ ကြိုးစားကြပြန်ရော။

မိုက်ကယ်က ချက်ချင်းပဲ သူ့ရဲ့ သဟဇာတသေနတ်ကို မြှောက်လိုက်ပြီး သူတို့ဆီ တည့်တည့် အရှိန်အဟုန်နဲ့ အချိန်အဆ ချိန်ရွယ်လိုက်သလို၊ သူ့ရဲ့ ဘေးတစ်ဖက်ခြမ်းမှာ ပျံသန်းနေတဲ့ ဒရုန်းကလည်း ကျန်တဲ့ အခြားတစ်ကောင်ကို ပစ်မှတ်အဖြစ် တိတိကျကျ သတ်မှတ်လိုက်တယ်။။

သူ့ရဲ့ လက်ချောင်းထိပ်က ပစ်ခတ်မှု လင်းလက်တောက်ပပြီး အားပြင်းလာတာနဲ့အမျှ အဲဒီ သားရဲကြီးတွေဟာ မိုက်ကယ်ရဲ့ ဆန်းကြယ်လှတဲ့ သဟဇာတစွမ်းအင်ရဲ့ အန္တရာယ်အငွေ့အသက်ကို ဗီဇအသိနဲ့တင် အာရုံရသွားပုံပါပဲ။ သူတို့ရဲ့ တိရစ္ဆာန်ပင်ကိုယ်ဗီဇအရ ချက်ချင်းပဲ တစ်ကောင်ကိုတစ်ကောင် နင်းခြေတွန်းကန်ပြီး ဝေဟင်အလယ်မှာတင် လမ်းကြောင်းလွှဲကာ ဘေးတိုက်ကို ခုန်ရှောင်ပြီး ဘေးရန်ကနေ လွတ်အောင် ပြေးကြတယ်။။

ဒါကြောင့်မို့လို့ သူ့ရဲ့ ပစ်ခတ်မှုက လွဲချော်သွားခဲ့ရပြီး၊ ပြင်းထန်လှတဲ့ အလင်းတန်းက အောက်က မြေပြင်ကိုပဲ သွားရောက်ထိမှန်ကာ ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားစေခဲ့တော့တယ်။

‘သူတို့ရဲ့ အရှိန်နှုန်းက ငါ့ထက် အများကြီး ပိုပြီး မြန်ဆန်နေတာပဲ၊ ဒါကြောင့်မို့လို့ ငါ့တိုက်ကွက်ကို အလွယ်တကူ ရှောင်နိုင်ကြတာ...’

အဲဒါအတွက် အဖြေကတော့ တကယ့်ကို ရိုးရှင်းလှပါတယ်။ သူတို့ကို စက္ကန့်ပိုင်းလောက် လှုပ်ရှားမှု ရပ်တန့်ပစ်လိုက်ရုံပဲလေ။

ခွေးမိစ္ဆာကြီးက သွားတွေကို ဖြဲဟပြီး မိုက်ကယ်ဆီကို နောက်တစ်ကြိမ် လေထုကို ဆုတ်ကိုင်ကာ ပြန်လည်ခုန်အုပ်လာခဲ့ပြန်တယ်။ ၎င်းရဲ့ အသိဉာဏ်က တကယ့်ကို မြင့်မားလှတာဖြစ်လို့ မိုက်ကယ်ရဲ့ သဟဇာတသေနတ်ဟာ နောက်တစ်ကြိမ် အသုံးပြုနိုင်ဖို့အတွက် စွမ်းအင်ပြန်ပြည့်ဖို့ အချိန်စောင့်နေရတုန်းပဲဆိုတာကို အကွက်ကျကျ သိနေပုံရတာ ဖြစ်တယ်။

မိုက်ကယ်က ချက်ချင်းပဲ သူ့ရဲ့ အိတ်ကပ်ထဲကို လက်နှိုက်လိုက်ပြီး၊ ပြေးဝင်လာတဲ့ ခွေးမိစ္ဆာကြီးရဲ့ ထောင်နေတဲ့ နားရွက်တွေဆီကို လျှို့ဝှက်ဆန်းကြယ်တဲ့ ခလုတ်တစ်ခုကို လှမ်းပစ်ထည့်လိုက်တော့တယ်။

အဲဒီခလုတ်က ၎င်းရဲ့ အရေပြားပေါ်ကို မြဲမြံစွာ ကပ်သွားတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ၊ အဲဒီ ဧရာမ သားရဲကြီးဟာ အချိန်တွေ လုံးဝ ရပ်တန့်သွားခဲ့သလိုမျိုး ကောင်းကင်အလယ်တည့်တည့်မှာတင် ရုတ်တရက် တောင့်ခဲသွားခဲ့ရရှာတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ သူ့ရဲ့ လက်ညှိုးထိပ်ကလည်း နောက်ဆုံးမှာ သဟဇာတစွမ်းအင် အလင်းတန်းတွေနဲ့ တောက်ပစွာ လင်းလက်လာခဲ့ပြီ ဖြစ်တယ်။

အဲဒီ သားရဲကြီးက ၎င်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စိတ်ရူးသွပ်စွာနဲ့ အတင်းအကျပ် ရုန်းကန်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း တကယ့်ကို နောက်ကျသွားခဲ့ပါပြီ။ သဟဇာတသေနတ်ရဲ့ ပြင်းထန်လှတဲ့ ပစ်ခတ်မှုအလင်းတန်းက ၎င်းရဲ့ ဦးခေါင်းတည့်တည့်ဆီကို တရှိန်ထိုး ဦးတည်သွားခဲ့ပြီး၊ ထူထဲလှတဲ့ ဦးခေါင်းခွံကြီးကို မျက်စိတစ်မှိတ်အတွင်းမှာတင် ဖောက်ထွင်းလောင်ကျွမ်းသွားစေခဲ့တယ်။။

ခွေးမိစ္ဆာကြီးဟာ ခြေလက်တွေ တုန်ခါရင်းနဲ့ ကြမ်းပြင်ပေါ်ကို ဝုန်းခနဲ လဲကျသွားခဲ့ရတယ်။ ဒါပေမဲ့လည်း ၎င်းက ကြယ်ရှစ်ပွင့် သတ္တဝါပီပီ ခံနိုင်ရည် အားကောင်းလှတာကြောင့်၊ ၎င်းရဲ့ အသက်စွမ်းအား အလင်းမှော်စွမ်းအင်ဟာ လေးပုံတစ်ပုံလောက်ပဲ လျော့သွားသေးတာကို မိုက်ကယ် သတိပြုမိလိုက်တယ်။။ ဒါက ၎င်းကို အပြီးတိုင် အသက်ပျောက်သွားစေဖို့အတွက် နောက်ထပ် သုံးကြိမ်လောက်အထိ တိတိကျကျ ထပ်မံပစ်ခတ်ရဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ရမှာ ဖြစ်တယ်။

တကယ်လို့ သူက ဟောဒီ မိစ္ဆာတစ်ကောင်တည်းနဲ့ပဲ အေးအေးဆေးဆေး တိုက်ခိုက်နေရတာဆိုရင်တော့ ဒါက အင်မတန်မှ လွယ်ကူလှပါတယ်။

ဒါပေမဲ့လည်း ကံဆိုးချင်တော့၊ အနားမှာရှိနေတဲ့ ကျန်တဲ့ ကြယ်ရှစ်ပွင့်အဆင့်ရှိတဲ့ မိစ္ဆာငါးကောင်က မိုက်ကယ်ကို အဲဒီလိုမျိုး အခွင့်အရေး ထပ်မံပေးဖို့အတွက် လုံးဝ အစီအစဉ် မရှိကြပါဘူး။ သူတို့တွေက တကယ့်ကို ထက်မြက်ကြပြီး၊ မိုက်ကယ်ကို တစ်ကောင်ချင်းစီ အသာစီးရယူခွင့် ပေးလိုက်ရင် ဘာဖြစ်သွားမလဲဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်ထားကြလို့ပါပဲ။

သူတို့တွေအားလုံးက အရပ်မျက်နှာအသီးသီးကနေ မိုက်ကယ်ရှိရာဆီကို တစ်ပြိုင်နက်တည်း အဟုန်ပြင်းစွာနဲ့ ခုန်အုပ်လာကြတော့တယ်။ သူတို့ရဲ့ မျက်လုံးတွေကတော့ သဟဇာတသေနတ်နဲ့ ခွေးမိစ္ဆာကြီးကို ဝေဟင်မှာ တောင့်ခဲသွားစေခဲ့တဲ့ ထူးဆန်းလှတဲ့ ခလုတ်ကိုပါ တကယ့်ကို သတိကြီးစွာ ထားနေကြတာ ဖြစ်တယ်။

မိုက်ကယ်က ၎င်းတို့ရဲ့ တိုက်ကွက်တွေကြားကနေ လွတ်ရာလမ်းဆီကို ခန္ဓာကိုယ်ကို အရိပ်အသွင်ပြောင်းပြီး ရွှေ့ဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမဲ့လည်း၊ ၎င်းတို့ရဲ့ အရှိန်အဟုန်က အရမ်းကို မြန်ဆန်လွန်းနေခဲ့ရတယ်။။ ၎င်းတို့ရဲ့ သွေးဆာနေတဲ့ ပါးစပ်ကြီးတွေနဲ့ ချွန်ထက်လှတဲ့ လက်သည်းတွေက သူ့ဆီကို တံတိုင်းကြီးတစ်ခုလို စုပြုံကျရောက်လာနေခဲ့ပြီး၊ သူ့ကို ဟောဒီဘေးဒုက္ခကနေ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နောက်ဆုံး လက်နက်ကတော့... သူ့ရဲ့ ရောင်စုံအကြည်ရောင် သဟဇာတအကာအကွယ်ဒိုင်းကြီးပဲ ရှိပါတော့တယ်။

* * * * * * * *

စာစဉ်(၄၈)

အခန်း(၅၆၈)

သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ် ဟာ ကြယ်ရှစ်ပွင့်မိစ္ဆာ ငါးကောင်ရဲ့ စုပေါင်းတိုက်ခိုက်မှုကို ပထမဆုံးအကြိမ်အဖြစ် တောင့်ခံရင်း ပွင့်ထွက်သွားပါတယ်။

ဒါပေမဲ့ ဒီအကာအကွယ်ဟာ မိုက်ကယ်အတွက် မှော်သားရဲတွေရန်ကနေ သစ်ပင်တွေရဲ့ ထူထပ်တဲ့ အရွက်တွေကြားထဲမှာ ပုန်းကွယ်ပြီး မြေပြင်အောက်ဆီကို တယ်လီပို့လုပ်ဖို့ အချိန်အလုံအလောက် ရလိုက်စေပါတယ်။

သူတို့ကို တစ်ကောင်ချင်းစီ လိုက်တိုက်ဖို့က မဖြစ်နိုင်သလောက်ပဲ။ အားလုံးကို တစ်ပြိုင်နက်တည်း အပြတ်ရှင်းပစ်ရမယ်။

ပေါက်ကွဲမှုကြီးတစ်ခုတည်းနဲ့ မိစ္ဆာတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်မယ့် တစ်ခုတည်းသော အရာကတော့ သူ့ဒရုန်းက ထွက်လာမယ့် သဟဇာတဗုံး ကလွဲလို့ အခြားမရှိပါဘူး။

ဒါပေမဲ့ သူ ဒါကို ဘယ်လိုသုံးမလဲဆိုတာ သေသေချာချာ သတိထားရမယ်။

ပထမဆုံးအချက်အနေနဲ့ သဟဇာတဗုံး ကို ပစ်လွှတ်တာက သဟဇာတသေနတ်လို မဟုတ်ဘဲ တော်တော်လေး နှေးကွေးပြီး အဲဒီသဟဇာတသေနတ်ကိုတောင် ကြယ်ရှစ်ပွင့်မိစ္ဆာတွေက ရှောင်ကွင်းနိုင်ကြလို့ပဲ။

ပြီးတော့ ဒုတိယအချက်က အဲဒီမိစ္ဆာတွေဟာ ဘယ်လောက်အထိ ဉာဏ်ကောင်းလဲဆိုတာ သူသိနေတာကြောင့် သူ့မှာ ဒါကို သုံးဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်ဆိုတာ သူသိပါတယ်။ အဲဒီဗုံးရဲ့ ဖျက်ဆီးနိုင်စွမ်းအရှိန်အဝါကို သူတို့သာ သိသွားရင် သူ ဗုံးမဆင်ခင်မှာတင် အကုန်လုံး ထွက်ပြေးလွတ်မြောက်သွားကြမှာဖြစ်လို့ နောက်တစ်ကြိမ် ထပ်သုံးနိုင်တော့မှာ မဟုတ်ပါဘူး။

သူ ထပ်ပြီး စဉ်းစားလိုက်ပြီးတဲ့နောက်မှာတော့ သူ့စိတ်ထဲမှာ အစီအစဉ်တစ်ခု နောက်ဆုံးတော့ ပုံပေါ်လာပါတယ်။ အချိန်ကလည်း ကွက်တိပါပဲ။ မိစ္ဆာတွေက သူ့ဆီကို ခေါင်းလှည့်လာကြပြီလေ။

သူတို့က မိုက်ကယ်ကို တောအုပ်ထဲမှာ လွှတ်ပေးထားတဲ့ ကြွက်တစ်ကောင်လို သဘောထားပြီး ဝိုင်းအုပ်လိုက်ကြတယ်။

ဒါပေမဲ့ သူတို့ မသိလိုက်တာက ဒရုန်းတစ်စင်းဟာ သူတို့အပေါ်မှာ ပျံသန်းဝဲပျံနေတာကိုပါ။ သူတို့က မိုက်ကယ်အပေါ်မှာပဲ အာရုံအပြည့် ရောက်နေကြတာကြောင့် အသေးအမွှား ဒရုန်းလေးကိုတော့ လှည့်တောင် မကြည့်မိကြဘူး။

ဒဏ်ရာရနေတဲ့ ခွေးမိစ္ဆာအပါအဝင် ကြယ်ရှစ်ပွင့် ဧရာမမှော်သားရဲကြီး ခြောက်ကောင်စလုံး မိုက်ကယ်ဆီကို တရှိန်ထိုး ပြေးဝင်လာတာနဲ့ ကွက်တိ ဒရုန်းရဲ့ အောက်ခြေအပိုင်း ပွင့်သွားပါတယ်။

ရုတ်တရက်ဆိုသလို သံခလုတ်ခြောက်ခုဟာ သူတို့ ဖြတ်သန်းမယ့် လမ်းကြောင်းပေါ်ကို ပြုတ်ကျသွားပြီး အာရုံမစိုက်မိဘဲ ပြေးဝင်လာတဲ့ မှော်သားရဲကြီးတွေရဲ့ ဧရာမခန္ဓာကိုယ်တွေပေါ်ကို တစ်ခုချင်းစီ သွားမှန်ပါတယ်။

ခဏချင်းမှာတင် ကြယ်ရှစ်ပွင့်မိစ္ဆာအားလုံးဟာ စုစုဝေးဝေးနဲ့ တောင့်ခဲသွားကြတယ်။

အဲဒီနောက်မှာတော့ ဒရုန်းဟာ သူ့ရဲ့ ကိုယ်ထည်ထဲကနေ ဧရာမပြောင်းဝကြီးကို ထုတ်ဖော်လိုက်ပြီး မိစ္ဆာတွေ စုဝေးနေတဲ့ အလယ်ဗဟိုတည့်တည့်ဆီကို ချိန်ရွယ်လိုက်ပါတယ်။

စိတ်ကူးတစ်ချက်နဲ့တင် မိုက်ကယ်ဟာ သဟဇာတဗုံး ကို အလယ်ဗဟိုဆီ ပစ်လွှတ်လိုက်တယ်။

သန့်စင်တဲ့ သဟဇာတစွမ်းအင်လုံးကြီးဟာ မြေပြင်ပေါ်ကို ကျော့ကျော့မော့မော့လေး ကျသွားချိန်မှာ ဘေးနားက မှော်သားရဲကြီးတွေကတော့ စွမ်းရည်ခလုတ်တွေကြောင့် တောင့်ခဲနေတုန်းပါပဲ။

အဲဒီအချိန်မှာပဲ ဘိုးဟာ ရုတ်တရက် သူ့အမွှေးတွေ ထောင်ထလာသလို ခံစားလိုက်ရတယ်။ ဘာဖြစ်နေလဲဆိုတာ သူမသိပေမဲ့ အန္တရာယ်ကြီးတစ်ခုခု ရောက်တော့မယ်ဆိုတာကိုတော့ အလိုလို သိနေပါတယ်။

သူမဟာ မိုက်ကယ်နဲ့ အဝေးဆုံးကို ပြေးဖို့အတွက် သူ့ရဲ့ အာဆာဂရစ်ဇ်လာ ကို ချက်ချင်းပဲ အသုံးချလိုက်တယ်။

ဒါပေမဲ့ ဗုံးက မြေပြင်ပေါ်ကို ကျရောက်သွားပြီဖြစ်လို့ သူတို့ တော်တော်ဝေးဝေးအထိတော့ မပြေးနိုင်ကြသေးပါဘူး။

မြေပြင်နဲ့ ထိမိသွားတဲ့ တစ်ခဏမှာပဲ တောက်ပတဲ့ အဖြူရောင်အလင်းတန်းကြီးဟာ အမိုးခုံးပုံစံ အရှိန်အဟုန်နဲ့ ပွင့်ထွက်သွားပြီး အလင်းရဲ့ အလျင်နီးပါးအတိုင်း တဖြည်းဖြည်း ပိုပြီး ကြီးမားလာပါတယ်။ မှော်ကမ္ဘာငယ်လေး ထဲမှာရှိတဲ့ အရာအားလုံးဟာ ပေါက်ကွဲမှုကြောင့် မျက်စိကျိန်းမွဲသွားဖို့ သိပ်မကြာလိုက်ပါဘူး။

ဒါပေမဲ့ ဒီဗုံးက ရိုးရိုးမျက်စိကန်းစေတဲ့ ဗုံးမျိုးတင် မဟုတ်ဘူး။ အလင်းတန်းကြီး ပွင့်ထွက်သွားပြီးတဲ့နောက်မှာတော့ သဟဇာတဗုံး ထဲက ပြင်းထန်တဲ့ စွမ်းအင်စုစည်းမှုကြီးဟာ ကမ္ဘာပျက်မတတ် ပေါက်ကွဲထွက်သွားပြီး မြေပြင်အမြောက်အမြားကို ဖျက်ဆီးပစ်လိုက်ကာ ဧရာမတွင်းကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။

အဲဒီနောက်မှာတော့ လေပြင်းမုန်တိုင်းကြီးကို ဖြစ်ပေါ်စေတဲ့ ရိုက်ခတ်မှုလှိုင်းကြီး လိုက်ပါလာပြီး သစ်ပင်တွေကို အမြစ်ကနေ လန်ထွက်သွားစေကာ မြေပြင်က ကျောက်တုံးကြီးတွေကိုပါ လွင့်စင်တက်သွားစေပါတယ်။

ဘိုးရဲ့ အာဆာဂရစ်ဇ်လာဟာ ပေါက်ကွဲမှုရဲ့ ရိုက်ခတ်မှုအားတစ်ခုတည်းနဲ့တင် မြေပြင်ပေါ် လဲပြိုသွားပြီး အပြင်ဘက်ဆီကို ထိန်းမနိုင်သိမ်းမရ လျှောတိုက် လွင့်စင်သွားရတယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ရိုက်ခတ်မှုလှိုင်းကြီး ငြိမ်သက်သွားပြီး မှော်ကမ္ဘာငယ်လေး တစ်ခုလုံးဟာ ညဉ့်နက်သန်းခေါင်လို တိတ်ဆိတ်သွားပါတယ်။

ဘိုးဟာ အာဆာဂရစ်ဇ်လာရဲ့ ခေါင်းထဲကနေ ချောင်းကြည့်လိုက်ပြီး ဗုံးကြောင့် ဖြစ်သွားတဲ့ ပျက်စီးမှုအတိုင်းအဆကို မြင်လိုက်ရတယ်။

အရာအားလုံးဟာ ပရမ်းပတာ ဖြစ်နေပြီး ပေါက်ကွဲမှုဖြစ်ပွားရာ ဘေးပတ်ပတ်လည် အကျယ်အဝန်းမှာရှိတဲ့ သစ်ပင်အားလုံး မြေပြင်ပေါ် လဲပြိုနေကြတယ်။

မိုက်ကယ်ဆီကို ပြေးဝင်လာတဲ့ ကြယ်ရှစ်ပွင့်မိစ္ဆာ ငါးကောင်ထဲက တစ်ကောင်ကတော့ ဘာမှမကျန်အောင် ပျောက်ကွယ်သွားပြီး ကျန်တဲ့ လေးကောင်ကတော့ ဒဏ်ရာအပြင်းအထန် ရသွားကြပါတယ်။

သူတို့ရဲ့ သန်မာတဲ့ခန္ဓာကိုယ်နဲ့ ခံနိုင်ရည်ရှိတဲ့ အရေပြားတွေဟာ မည်းတူးပြီး ကျွမ်းသွားကြပြီ။ သဟဇာတစွမ်းအင်ရဲ့ ဖျက်ဆီးခြင်းဒဏ်ကို ခံလိုက်ရပြီးတဲ့နောက်မှာတော့ သူတို့ဟာ နေရာတင်တင် ပွဲချင်းပြီး သေဆုံးသွားကြတာပါ။

မိုက်ကယ်က ကြယ်ရှစ်ပွင့်မိစ္ဆာတွေကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်နိုင်ခဲ့တာပဲ။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အပေါ်ကနေ ကြည့်နေကြတဲ့ လူအုပ်ကြီးတောင် ဆွံ့အမှင်တက်သွားကြတယ်။ အစတုန်းကတော့ သူတို့က မိုက်ကယ်ရဲ့ ခရီးစဉ်က ဒီတင်တင် လမ်းဆုံးပြီလို့ ထင်နေကြတာ။ ကြယ်ရှစ်ပွင့်မိစ္ဆာ ငါးကောင်ရဲ့ ဝိုင်းရံမှုကို ခံရတာက ဒီပွဲမှာ သေဒဏ်ပေးခံရတာနဲ့ အတူတူပဲလို့ ယူဆလို့ရလို့ပါ။

ဒါပေမဲ့ လုံးဝမျှော်လင့်မထားတဲ့ အလှည့်အပြောင်းအနေနဲ့ မိုက်ကယ်က သူ့ရဲ့ ပျံသန်းနိုင်တဲ့ လက်နက်ကို နောက်တစ်ကြိမ်ပြန်သုံးပြီး တိုက်ပွဲရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်တယ်လေ။

သူတို့က မိုက်ကယ်ရဲ့ မီသရယ်လက်နက်ဟာ သူပစ်နိုင်တဲ့ ပြင်းထန်တဲ့ အလင်းတန်းမျိုးကိုပဲ ပစ်နိုင်တဲ့ စွမ်းဆောင်ရည် ရှိတယ်လို့ ထင်ထားကြတာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီလက်နက်ထဲမှာ ဒီထက်ပိုပြီး ဖျက်ဆီးနိုင်စွမ်းရှိတဲ့ စွမ်းအားကို ဝှက်ထားတာပဲ။

မှော်မျှော်စင် က မှော်ဆရာတွေဟာ သူတို့ရဲ့ စုစုစပ်စပ် သိချင်စိတ်ကို မထိန်းနိုင်ကြတော့ဘူး။ သူတို့က ပညာရှင်တွေလေ။ မိုက်ကယ်ရဲ့ လက်နက်နဲ့ သူ့ရဲ့ စွမ်းအားနောက်ကွယ်က လျှို့ဝှက်ချက်ကို သိချင်လွန်းလို့ အသည်းအသန် ဖြစ်နေကြပြီ။

သူတို့ဟာ မှော်ကမ္ဘာငယ်လေး ထဲကို ဆင်းသွားပြီး ဒါက ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သူ့ကိုကိုယ်တိုင် ရှင်းပြခိုင်းဖို့အထိ တောင်းဆိုချင်နေကြတာပါ။

"တကယ်ပဲ။ သူ့ရဲ့ ပျံသန်းတဲ့ လက်နက်က ဘာကြီးလဲ"

"ဒီလောက် သေးငယ်တဲ့ လက်နက်ကနေ ဒီလောက် ပြင်းထန်တဲ့ ပေါက်ကွဲမှုမျိုးကို ဘယ်လိုလုပ် ထုတ်ဖော်နိုင်တာလဲ။ ပေါက်ကွဲမှုရဲ့ ပမာဏက ကြယ်ခြောက်ပွင့်မန္တန်လောက်ပဲ ရှိသင့်တာ။ ဒါဆို သီအိုရီအရ ကြယ်ရှစ်ပွင့်မိစ္ဆာတွေက အစစ်အမှန် ဒဏ်ရာအနာတရ မရဘဲ လွတ်မြောက်နိုင်ရမှာလေ"

သူတို့ရဲ့ ကျွမ်းကျင်တဲ့ အမြင်အရဆိုရင် ပေါက်ကွဲမှုက မှော်ကမ္ဘာငယ်လေး တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် ကြီးမားမှသာ မိစ္ဆာတွေ သေလုမျောပါး ဒဏ်ရာရနိုင်မှာ ဖြစ်လို့ပါ။

ဒါပေမဲ့ သူတို့ရဲ့ အံ့ဩမှုက ဒီတင်တင် ရပ်မသွားပါဘူး။ မှော်စွမ်းအင် ကို အာရုံခံနိုင်စွမ်း မြင့်မားတဲ့ မတ်တစ်ယောက်က ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် အဲဒီနေရာမှာ ဘာဖြစ်သွားလဲဆိုတာကို ရိပ်မိသွားပါတယ်။

"မှော်စွမ်းအင် မရှိတော့ဘူး" လို့ သူက အော်ဟစ်လိုက်တယ်။ "ပေါက်ကွဲမှုက မှော်စွမ်းအင် လုံးဝမရှိတဲ့ လေဟာနယ် နေရာတစ်ခုကို ဖန်တီးလိုက်တာပဲ"

မှော်ဆရာတွေနဲ့ မော်ကဝေတွေ အားလုံး အသက်ရှူမှားသွားကြတယ်။ ဒါက သူတို့ရဲ့ အိမ်မက်ဆိုးကြီးကို လူကိုယ်တိုင် မြင်လိုက်ရသလိုပါပဲ။ မှော်စွမ်းအင်ကို အသုံးပြုခွင့် မရတော့တာက အသက်ရှူဖို့ လေမရှိတော့သလိုမျိုးပဲလေ။ ဒါက သူတို့ရဲ့ အကြီးမားဆုံး ကြောက်ရွံ့မှုပဲ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မှော်စွမ်းအင်နဲ့ လုပ်ထားတဲ့ မန္တန်တစ်ခုက မှော်စွမ်းအင်မရှိတဲ့ နယ်မြေကို ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ"

ကံကောင်းတာကတော့ ဒါက ဘယ်လိုကြောင့် ဖြစ်နိုင်လဲဆိုတာကို အရိပ်အမြွက် သိတဲ့လူတစ်ယောက် ဒီထဲမှာ ရှိနေပါတယ်။

"ဒါက အဲဒီအလင်းတန်းလို စွမ်းအားမျိုးနဲ့ပဲ လုပ်ထားတာ။ သူ့ထဲမှာ ဒြပ်စင် ရှစ်ခုစလုံး ပါဝင်နေတယ်" လို့ သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။ "အဲဒီအလင်းတန်းက ထိုးဖောက် ဖျက်ဆီးနိုင်စွမ်းကို အာရုံစိုက်ထားရင် ဒီပေါက်ကွဲမှုကတော့ ပြင်းထန်တဲ့ ဖျက်ဆီးနိုင်စွမ်းကို အာရုံစိုက်ထားတာ။

ပြီးတော့ အဲဒီစွမ်းအားက ကြယ်ရှစ်ပွင့်မိစ္ဆာတွေရဲ့ ပင်ကိုယ် ခုခံကာကွယ်မှုကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ ဒါတင်မကသေးဘူး။ ပေါက်ကွဲမှုက ပြင်းထန်လွန်းလို့ ဘေးပတ်ဝန်းကျင် လေထုထဲမှာရှိတဲ့ မှော်စွမ်းအင်အားလုံးကိုပါ အကုန်လုံး ပျက်စီးစေခဲ့တာ။

ငါ့အထင်တော့ အဲဒီနေရာမှာ မှော်စွမ်းအင်တွေ ပြန်ပြည့်ဖို့ အချိန်အတော်အတန် ကြာလိမ့်မယ်"

အခန်းထဲမှာရှိတဲ့ မှော်ဆရာတွေနဲ့ မော်ကဝေတွေအားလုံး တံတွေးမြိုချလိုက်ကြတယ်။ ဒါကို သိသွားပြီးတဲ့နောက်မှာတော့ သူတို့ မိုက်ကယ်ကို တစ်ယောက်ချင်းစီ စိန်ခေါ်ဖို့ ဘယ်တော့မှ ရဲကြတော့မှာ မဟုတ်ပါဘူး။

* * * * * * * *

မိုက်ကယ်ဟာ အထက်ကို ပျံတက်လိုက်ပြီး သူဖန်တီးလိုက်တဲ့ တွင်းကြီးကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်တယ်။

မိစ္ဆာတွေကို နောက်ဆုံး အနုမြူအမှုန်အမွှားအထိ ပျောက်ကွယ်သွားအောင် မလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးတော့ သူတို့ကို အပြတ်ရှင်းပစ်နိုင်ခဲ့တာပဲ။

အဲဒီအချိန်မှာပဲ သူ့မျက်လုံးထောင့်ကနေ ဧရာမ အာဆာဂရစ်ဇ်လာကြီးက ခြေလက်လေးဖက်စလုံးနဲ့ သူ့ဆီကို တရှိန်ထိုး ပြေးဝင်လာတာကို မြင်လိုက်ရတယ်။

သူက သူ့ရဲ့ ပစ်မှတ်ကို အဲဒီဆီ ချက်ချင်းလှည့်လိုက်ပြီး ခေါင်းကို ပစ်ခတ်ကာ ၎င်းထဲမှာရှိတဲ့ ဘိုးရဲ့ အလင်းမှော်စွမ်းအင် အနည်းငယ်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။

သူ့ဒရုန်းကလည်း ပြေးဝင်လာတဲ့ ဝက်ဝံကို ပစ်ဖို့အတွက် သဟဇာတသေနတ်ကို ကျည်ပြန်ဖြည့်ပြီးသား ဖြစ်နေပြီ။ ဒါက သူ စိတ်ပူရမယ့် တစ်ခုတည်းသော မိစ္ဆာပါပဲ။ တစ်ဖက်မှာတော့ ဘိုးက သူမရဲ့ ကြယ်ရှစ်ပွင့်မိစ္ဆာ အုပ်စုနဲ့ အလုပ်ရှုပ်နေတုန်းပဲလေ။

ဒါပေမဲ့ သူ သဟဇာတသေနတ် ကို ကျည်ဖြည့်လိုက်တဲ့အချိန်မှာ ဘိုးကို ဘယ်နေရာမှာမှ မတွေ့ရတော့တာကို သတိထားမိသွားတယ်။

သူ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တော့မှ သူမက သူမဘက်မှာ ကျန်နေတဲ့ ကြယ်ရှစ်ပွင့်မိစ္ဆာ ခြောက်ကောင်ကို တိုက်ခိုက်နေတာကို မြင်လိုက်ရပါတယ်။

သူမရဲ့ အပေါ်မှာတော့ သူမရဲ့ ဖရန်ကန်စတိန်း စားဖိုမှူး ဒီဗာ ကြီးက ချက်ပြုတ်ဖို့ အသင့်ဖြစ်နေတဲ့ ပုံစံနဲ့ ရှိနေပါတယ်။

* * * * * * * *

All Chapters