အခန်း (၅၇၁-၅၇၂)
Vol. 48 Ch. 571-572
အခန်း(၅၇၁)
ဘိုးက သူမရဲ့ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရင်း မိုက်ကယ်ရဲ့တန်ခိုးစွမ်းအားတွေကို မအံ့ဩဘဲ မနေနိုင်ဖြစ်နေရတယ်။ သူက သဟဇာတတန်းဖြာ အလင်းတန်းနဲ့ အနီးဆုံးနေရာဆီ တိုးကပ်သွားပြီး လက်ချောင်းလေးနဲ့ အသာအယာ တို့ထိကြည့်လိုက်တယ်။
စက္ကန့်ပိုင်းရဲ့ အပုံတစ်ထောင်ပုံတစ်ပုံလောက်ပဲ ထိလိုက်ရတာဖြစ်ပေမဲ့ သူမရဲ့လက်ချောင်းလေးက တရှဲရှဲမြည်သွားပြီး အရေပြားမှာ ဒုတိယအဆင့် အပူလောင်နာ ဖြစ်သွားခဲ့တယ်။ ဒီလှောင်အိမ်ထဲကနေ ရုန်းထွက်ဖို့က သူမထင်သလောက် မလွယ်ကူလှပါလား။
“မင်းရဲ့စွမ်းရည်တွေက တကယ့်ကို အံ့ဩစရာပဲ။ ရွေ့လျားနေတဲ့အရာတစ်ခုရဲ့ အချိန်နဲ့ အရှိန်အဟုန်ကို အပြီးအပိုင် ရပ်တန့်ပစ်နိုင်တာပဲ။ ဒါပေမဲ့ ဒါက မင်းရဲ့ဒီဗာပြသနိုင်တဲ့ အကန့်အသတ် မဟုတ်သေးဘူးဆိုတာ ငါသိတယ်” လို့ သူမက ပြောလိုက်ရင်း “ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာ မင်းသိလား” လို့ မေးလိုက်တယ်။
မိုက်ကယ်မှာတော့ ဒီဗာကျင့်စဉ်နဲ့ပတ်သက်ပြီး အပေါ်ယံလောက်ပဲ နားလည်ထားတာဖြစ်ပေမဲ့ အဖြေကိုတော့ သူသိနေခဲ့တယ်။
“မက်ဂ်နက်တစ်တွေ ကိုယ့်ရဲ့ဒီဗာအကြောင်းကို နားလည်အောင် ကြိုးစားရတဲ့ နယ်ပယ်လေ”
ဘိုးက ခေါင်းညိတ်ပြတယ်။ “မှန်တယ်။ ဒါက မင်းအတွက်ရော ငါ့အတွက်ပါ သိပ်အရေးကြီးတဲ့ အဆင့်ပဲ။ မင်းရဲ့ဒီဗာကို ပိုပြီးနားလည်လေလေ နောက်ပိုင်းအဆင့်တွေမှာ ပိုပြီးလွယ်ကူလေလေပဲ။ ဒါကြောင့် ငါမေးပါရစေဦး။ မင်း ဘာလို့ မင်းရဲ့ဒီဗာပြောတာကို နားမထောင်တာလဲ”
သူမကို ကြည့်ရင်း မိုက်ကယ်တစ်ယောက် ဇဝေဇဝါ ဖြစ်သွားရတယ်။ “မင်း ဘာတွေကို ပြောနေတာလဲ”
သူမက မိုက်ကယ်ရဲ့ခေါင်းပေါ်က လက်နှစ်ဖက်ဆီကို လက်ညှိုးထိုးပြလိုက်တယ်။ “မင်း အဲဒါကို သေသေချာချာ နားမထောင်ဘူး ဖြစ်နေတယ်”
“ငါ နားထောင်ဖို့ ကြိုးစားနေတာပဲဥစ္စာ” လို့ သူက ဇွတ်ငြင်းလိုက်တယ်။
“ဒါပေမဲ့ မင်းက နားနဲ့ပဲ နားထောင်နေတာ၊ နှလုံးသားနဲ့ နားထောင်တာမဟုတ်ဘူး။ အဲဒီနှလုံးသားနေရာမှာပဲ မင်းရဲ့နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ တကယ်ရှိနေတာလေ”
ဟုတ်တော့လည်း ဟုတ်ပါတယ်။ ပြောဖို့ကသာ လွယ်ပြီး လုပ်ဖို့ကျတော့ ခက်ခဲလှတယ်။ နားကိုမသုံးဘဲနဲ့ တစ်စုံတစ်ခုကို ဘယ်လိုနည်းနဲ့ နားထောင်ရမှာလဲ။
“ဒါဆို ဘယ်လိုလုပ်ရမလဲ ပြောပြလေ”
ဘိုးက သူမရဲ့လက်ညှိုးကို ဘယ်ပြန်ညာပြန် လှုပ်ယမ်းပြလိုက်တယ်။ “မပြောနိုင်ဘူး။ မင်းကို အဖြေရဲ့ဖြတ်လမ်းနည်း ပေးလိုက်လို့ ငါ့မှာ ဘာမှအမြတ်မကျန်ဘူးလေ။ ဒါပေမဲ့ မင်းဆန္ဒရှိရင်တော့ လွယ်ကူတဲ့ ဖြေရှင်းနည်းတစ်ခုတော့ ရှိတယ်။ ငါနဲ့အတူ လိုက်ခဲ့ပြီး လက်တွဲလုပ်ကြစို့။ ငါ့ကုမ္ပဏီရဲ့ တစ်ဝက်ကို မင်းကိုပေးဖို့ အသင့်ပဲ၊ ငါတို့အတူတူ ကြီးပွားအောင်လုပ်ကြတယ်။ ငါတို့နှစ်ယောက်သာ ဘေးချင်းယှဉ်ပြီး ကြိုးစားရင် တစ်နေ့မှာ ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်နိုင်ပြီး အင်အားကြီးအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းနိုင်မှာ သေချာတယ်။ ပြီးတော့ မင်းက အဲဒီထက်မက ပိုပြီးလိုချင်သေးတယ်ဆိုရင်လည်း...ဟီးဟီး...ငါ အဲဒါကိုပါ မင်းကို ပေးဖို့အသင့်ပဲ။ မင်းသာ သဘောတူရင် မင်းရဲ့ဒီဗာကို ဘယ်လိုနားထောင်ရမလဲဆိုတာ ငါ ကူညီပေးမယ်”
သူ့အနေနဲ့ ဝန်ခံရရင်တော့ သူမရဲ့ကမ်းလှမ်းချက်ကို သဘောတူဖို့ စိတ်လှုပ်ရှားစရာ အနည်းငယ်တော့ ရှိခဲ့တယ်။ စကားအလှည့်အပတ် ပတ်ချွဲနှပ်ချွဲပြောတဲ့အပိုင်းကို မဆိုလိုပါဘူး၊ အတူတူလက်တွဲလုပ်မယ့် အပိုင်းကို ပြောတာပါ။
သို့ပေမဲ့လည်း သူဟာ ကိုယ့်ကိုယ်ကိုယ် စိတ်မရှည်ဖြစ်နေမိမှန်း သူ သိနေခဲ့တယ်။ ပိရမစ်ဒစ် ကျူဇင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာရတာက စွန့်စားရကျိုး မနပ်ပါဘူး။
“ကမ်းလှမ်းတာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မလုပ်ပါရစေနဲ့”
ဘိုးကတော့ ပယ်ချခံရတာကို သိပ်ပြီးအရေးမလုပ်ဘဲ ပခုံးလေးတွန့်ပြလိုက်တယ်။ “ကောင်းပြီလေ၊ ဒါဆိုရင်တော့ မင်း ဘာတွေ ဆုံးရှုံးသွားလဲဆိုတာ ငါ လက်တွေ့ပြရတော့မှာပေါ့”
သူမက မီသရယ် မှော်ဝင်ဓားကြီးကို မိုက်ကယ်ရှိရာဘက်ဆီ ချိန်ရွယ်လိုက်တဲ့အခါ သူမရဲ့ဒီဗာကလည်း သူမရဲ့လှုပ်ရှားမှုအတိုင်း လုံးဝထပ်တူ လိုက်လုပ်တယ်။
သူမရဲ့အပေါ်က အမျိုးသမီး ဖရန့်ကင်စတိန်း စားဖိုမှူးဒီဗာကြီးက ဓားနဲ့ ဒယ်ပြားကို စားဖိုမှူးအစစ်တစ်ယောက်လို စတင်လှုပ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် သူမရဲ့ခန္ဓာကိုယ်ကနေ အဝါရောင်အလင်းတန်းတွေ ဖြာထွက်လာခဲ့တယ်။
သူမက သူမရဲ့စွမ်းရည်ကို အသုံးပြုနေတာပါ။
မိုက်ကယ်ကလည်း ချက်ချင်းပဲ လက်ကိုမြှောက်လိုက်ပြီး သူ့ရဲ့လက်ညှိုးထိပ်ဖျားမှာ သဟဇာတစွမ်းအားတွေ တောက်ပလာခဲ့တယ်။
ဒီလိုကျဉ်းမြောင်းလှတဲ့ နေရာအကန့်အသတ်ထဲမှာတော့ အားသာချက်က သူ့ဘက်မှာ ရှိနေတယ်။ သူမအနေနဲ့ အလင်းတန်းကနေ ရှောင်တိမ်းဖို့ အချိန် ပိုတောင်နည်းသွားဦးမှာပါ။
သူ့ရဲ့ သဟဇာတသေနတ် စွမ်းအင်တွေ အထွတ်အထိပ်သို့ ရောက်လာတာနဲ့အမျှ ဘိုးရဲ့လက်နှစ်ဖက်စလုံးက အနီရောင်တစ်မျိုး၊ အဖြူရောင်တစ်မျိုးနဲ့ အရောင်နှစ်မျိုး တောက်ပလာခဲ့တယ်။
သူ့လက်ထဲက စွမ်းအားတွေ အမြင့်ဆုံးကို ရောက်သွားတာနဲ့ သူက ဘိုးရဲ့နှလုံးသားဆီ တည့်တည့်ချိန်ပြီး ချက်ချင်း ပစ်လွှတ်လိုက်တယ်။
သာမန်လူတစ်ယောက်ရဲ့ အမြင်နဲ့ဆိုရင်တော့ ယင်းရဲ့အရှိန်က မျက်စိတစ်မှိတ်အတွင်းမှာတင် ဖြစ်ပျက်သွားတာပါ။ အလင်းတန်းက ဘိုးဆီသို့ တဟုန်ထိုး ပြေးဝင်သွားချိန်မှာတောင် သူမရဲ့မျက်လုံးတွေက ထိုအခိုက်အတန့်မှာ ဘာဖြစ်ပျက်နေလဲဆိုတာကို သတိပြုမိပုံ မပေါ်သေးပါဘူး။
ဒါပေမဲ့ ကွက်တိပါပဲ၊ ဖရန့်ကင်စတိန်း ဒီဗာစားဖိုမှူးကြီးက ရုတ်တရက် ရှေ့ကိုတိုးလာပြီး ဘိုးရဲ့ရှေ့မှာ ငုံ့ကုန်းလိုက်ကာ သူမရဲ့နှလုံးသားကို သဟဇာတသေနတ် ဒဏ်ကနေ ကာကွယ်ဖို့ အပြားလိုက်ဒယ်အိုးကြီးကို အသုံးပြုလိုက်တယ်။
ရုတ်တရက် ဘိုးရဲ့ဘယ်ဘက်လက်ကနေ စူးရှတဲ့ အဖြူရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ဒီဗာရဲ့အပြားလိုက်ဒယ်အိုးနဲ့ ထပ်တူကျသွားတဲ့ စက်ဝိုင်းပုံစံ ဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။
သဟဇာတအလင်းတန်းက စက်ဝိုင်းပုံစံ အဖြူရောင်အလင်းတန်းနဲ့ အားပြင်းပြင်း ပတ်ပင်းတိုးမိသွားပြီး ထိတွေ့မိတဲ့နေရာကနေ ဘေးပတ်ပတ်လည်က လူတွေအကုန်လုံး မျက်စိကျိန်းမတတ် ဖြစ်သွားစေမယ့် ဧရာမအလင်းစူးစူးကြီး တစ်ချက် ဖြာထွက်သွားခဲ့တယ်။
မိုက်ကယ်တစ်ယောက် ဘာဖြစ်သွားလဲဆိုတာကို သဘောပေါက်လိုက်တဲ့ အချိန်မှာတော့ သဟဇာတအလင်းတန်းကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ပါဘူး။
ဘိုးကတော့ ဘာဒဏ်ရာမှ မရဘဲ အကောင်းတိုင်း ရှိနေခဲ့တယ်။
“ဘာဖြစ်သွားတာလဲ”
ပရိသတ်တွေပင် ဇဝေဇဝါ ဖြစ်သွားရတယ်။ အရာအားလုံး ဖြစ်ပျက်သွားတဲ့ အရှိန်အဟုန်က မြန်ဆန်လွန်းတာကြောင့် သူတို့ လိုက်မမှီနိုင်ကြတော့ပါဘူး။ ဘာဖြစ်သွားလဲဆိုတာကို နားလည်လိုက်တဲ့ တစ်ဦးတည်းသောသူတွေကတော့ အင်အားကြီးအဖွဲ့အစည်းတွေက လာကြတဲ့ မက်ဂ်နက်တစ်တွေပဲ ဖြစ်တယ်။
ရိုင်းဇင်းဆစ်တွေကလည်း ဘာမှမသိလိုက်ကြပါဘူး။ ရိန်နာ၊ အာလော့စ်၊ ရက်ပ်တာနဲ့ တန်ဇင်းတို့ကတော့ အရာအားလုံး အလင်းစူးစူးကြီး မဖြာထွက်ခင်မှာ ဝေဝေဝါးဝါး အရိပ်တစ်ခုကိုသာ မြင်လိုက်ရတာပါ။
“သူမက မိုက်ကယ်ရဲ့အလင်းတန်းကို ဘယ်လိုလုပ်ပြီး မထိဘဲ ရှောင်လိုက်နိုင်တာလဲ”
“သူမရဲ့ဒီဗာ လှုပ်ရှားသွားတာတော့ ငါမြင်လိုက်တယ်၊ ဒါပေမဲ့ ဘာလုပ်လိုက်လဲဆိုတာတော့ မသိဘူး”
“သူမရဲ့စွမ်းရည်တွေက မိုက်ကယ်ကို ခုခံကာကွယ်နိုင်တဲ့ ခံစစ်စွမ်းအား မရှိသင့်ဘူးလေ”
သူတို့အားလုံး ဇဝေဇဝါ ဖြစ်နေကြတယ်။ တစ်ယောက်ကလွဲလို့ပေါ့။
ဖင်းမ်က မှော်ကမ္ဘာငယ်လေးကို မျက်လုံးအဝိုင်းသားနဲ့ ငုံ့ကြည့်နေမိတယ်။ သူကလည်း အခြားလူတွေလိုပဲ ဝေဝေဝါးဝါးလောက်သာ မြင်လိုက်ရတာ ဖြစ်ပေမဲ့ သူ မြင်လိုက်ရတဲ့အရာကို ချက်ချင်း အသိအမှတ်ပြုမိသွားခဲ့တယ်။
“အဲဒါ...အဲဒါ ငါ့ဥစ္စာပဲ” လို့ သူက အော်ဟစ်လိုက်တယ်။
အခြား ရိုင်းဇင်းဆစ်အဖွဲ့ဝင်တွေက စိတ်ရှုပ်ထွေးစွာနဲ့ သူ့ဘက်သို့ လှည့်ကြည့်လာကြတယ်။
“အဲဒါ ငါ့ရဲ့အလင်းဒြပ်စင်စွမ်းရည်ပဲ။ သူမက ငါ့ရဲ့စွမ်းရည်ကို သုံးနေတာ”
ဖင်းမ်ရဲ့ စွမ်းရည်က သူ့နှလုံးသားက အလိုရှိတဲ့ မည်သည့်အရာမဆိုအဖြစ် ပုံဖော်နိုင်တဲ့ အစိုင်အခဲ အလင်းတန်းတွေကို ဖန်တီးပေးနိုင်တာ ဖြစ်တယ်။ ဒါက ဓားလည်း ဖြစ်နိုင်တယ်၊ တူလည်း ဖြစ်နိုင်တယ်...နောက်ပြီး ဒိုင်းကာလည်း ဖြစ်နိုင်တယ်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” လို့ အာလော့စ်က သူ့ကို မေးလိုက်တယ်။
“ငါလည်း မသိဘူး” လို့ ဖင်းမ်က ရေရွတ်လိုက်ရင်း “ဒါပေမဲ့ အဲဒါ ငါ့ရဲ့စွမ်းရည်ပဲ၊ သံသယဖြစ်စရာကို မလိုတာ။ ငါ့အလင်းရဲ့အရှိန်ကလည်း မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်တာမျိုးလေ။ အဲဒါကြောင့်ပဲ သူမက မိုက်ကယ်ရဲ့အလင်းတန်းကို ဒီလောက်တိုတောင်းတဲ့ အချိန်ပိုင်းအတွင်းမှာ ခုခံကာကွယ်နိုင်ခဲ့တယ်။”
ကွက်တိပါပဲ၊ ဘိုးရဲ့လက်တွေကနေ စူးရှတဲ့ အလင်းတန်းတွေ တောက်ပလာပြီး သူမရဲ့ဘယ်ဘက်လက်မှာ ကိုင်ဆောင်ထားတဲ့ အစိုင်အခဲဒိုင်းကာတစ်ခုအဖြစ် ပုံပြောင်းသွားတာကို သူတို့ မြင်လိုက်ရတယ်။
ဒါက ဖင်းမ်ပြောတဲ့ စကားတွေကို အခိုင်အမာ သက်သေပြလိုက်သလိုပါပဲ။
ဘိုးအကြောင်း သိထားကြတဲ့လူတိုင်းက ဒီအမှန်တရားအသစ်ကြောင့် ထိတ်လန့်တုန်လှုပ်သွားကြရတယ်။ သူမ ဘာတွေတတ်နိုင်လဲဆိုတာကို သူတို့ သိထားကြတယ်လို့ ထင်နေခဲ့တာပါ။ ဒါပေမဲ့ ဒါက သူတို့တစ်ခါမှ မမြင်ဖူးသေးတဲ့ လုံးဝဥဿုံ အသစ်စက်စက် တန်ခိုးစွမ်းအားတစ်ခု ဖြစ်နေခဲ့တယ်။
“သူမ...သူမ ပိုပြီး သန်မာလာပြီပဲ”
* * * * * * * *
မိုက်ကယ်က ဘိုးရဲ့လက်ထဲက အဖြူရောင်ဒိုင်းကာကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်နေမိတယ်။
“ဒါ...ဖင်းမ်ရဲ့စွမ်းရည်ပဲ” လို့ သူက သူမကို ပြောလိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ ဘိုးက အံ့ဩသွားရတယ်။ “မင်း ဘယ်လိုသိတာလဲ။ မင်း အဲဒီလူနဲ့ တစ်ခါမှ မဆုံဖူးဘူး မဟုတ်လား”
ဟုတ်တော့လည်း ဟုတ်ပါတယ်၊ သူ လွန်ခဲ့တဲ့အချိန်က သူတို့ကို ချောင်းမြောင်းကြည့်ရှုနေခဲ့တယ်ဆိုတာကိုတော့ သူ သူမကို မပြောပြခဲ့ပါဘူး။ သူက သူ့ရဲ့ဒရုန်းအမြင်အာရုံကို သုံးပြီး ကြိုတင်စူးစမ်းခဲ့တာဖြစ်ပြီး သူမက ဖင်းမ်၊ တန်ဇင်းတို့နဲ့ တိုက်ခိုက်နေတာကို မြင်တွေ့ခဲ့တာပါ။ အဲဒါကြောင့်ပဲ သူ ဖင်းမ်ရဲ့စွမ်းရည်အကြောင်း သိနေခဲ့တာ ဖြစ်တယ်။
“ဟုတ်ပါတယ်၊ မင်းပြောတာ မှန်တယ်။ ဒါ ဖင်းမ်ရဲ့စွမ်းရည်ပဲ။ သဘောကျရဲ့လား။ ဒါက ငါ့ရဲ့စွမ်းရည်အသစ်ကနေ ရလာတာလေ။ မကြာသေးခင်ကမှ ငါ သိလိုက်ရတာက ငါက ပစ္စည်းအမယ်တွေကို သုံးပြီး အဆောက်အအုံတွေကိုပဲ အားဖြည့်ပေးနိုင်တာ မဟုတ်ဘဲ အဲဒီအမယ်တွေကို သုံးပြီး ငါ့ကိုယ်ငါလည်း အားဖြည့်နိုင်တယ်ဆိုတာပဲ”
မိုက်ကယ်က သူ့ရဲ့ ပါရမီထူးကို အသုံးပြုပြီး သူမရဲ့ခန္ဓာကိုယ်ထဲက အလင်းမှော်စွမ်းအင် လက္ခဏာရပ်တွေကို ကြည့်ရှုလိုက်တယ်။
သူမရဲ့ခန္ဓာကိုယ် အလယ်ဗဟိုမှာတော့ အလင်းမှော်စွမ်းအင်တွေက ဧရာမ သိပ်သည်းလှတဲ့ အစုအဝေးကြီးအဖြစ် ရှိနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ ခန္ဓာကိုယ်အနှံ့က ကျန်ရှိနေတဲ့ အလင်းမှော်စွမ်းအင်တွေကတော့ ကျဲကျဲပါးပါး အုပ်စုလေးတွေအနေနဲ့ပဲ ရှိနေတယ်။ သူမရဲ့ လက်တွေကလွဲလို့ပေါ့။
သူမရဲ့ဘယ်ဘက်လက်မှာတော့ သူမရဲ့ ခန္ဓာကိုယ်ကျန်တဲ့ အစိတ်အပိုင်းတွေမှာ ရှိနေတာနဲ့ တည်ဆောက်ပုံချင်း လုံးဝမတူညီတဲ့ အလင်းမှော်စွမ်းအင် အစုအဝေးအသစ်တစ်ခုကို သူ မြင်လိုက်ရတယ်။
သူမရဲ့ ညာဘက်လက်မှာလည်း ထို့အတူပါပဲ။ အဲဒါကလည်း လုံးဝကို အသစ်စက်စက် အလင်းမှော်စွမ်းအင် မှုန်မွှားလေးတွေ စီစဉ်ဖွဲ့စည်းထားတာဖြစ်ပြီး ဒါက သူမရဲ့ ပင်ကိုယ်စွမ်းအင် မဟုတ်ဘူးဆိုတာကို ဖော်ပြနေခဲ့တယ်။
သူမက အခြားမက်ဂ်နက်တစ်တွေရဲ့ အလင်းမှော်စွမ်းအင်ကို ပါဝင်ပစ္စည်းတွေအဖြစ် အသုံးပြုပြီး သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် အားဖြည့်နိုင်တာပဲ။ ဒါက သူမရဲ့ စွမ်းရည်အသစ်ပေါ့။
* * * * * * * *
စာစဉ်(၄၈)
အခန်း(၅၇၂)
မိုက်ကယ်ဟာ သူမရဲ့ ဖရန်ကင်စတိန်း စားဖိုမှူး ဒီဗာကြီးရဲ့ အန္တရာယ်ရှိတဲ့ စွမ်းရည်အမှန်ကို အခုမှပဲ ကွက်ကွက်ကွင်းကွင်း သဘောပေါက်သွားတော့တယ်။ ဘိုးဟာ အလင်းမှော်စွမ်းအင်ကို အခြေခံပြီး တခြားလူတွေရဲ့ တန်ခိုးတွေကို နမူနာယူကာ သူမရဲ့ စိတ်ကြိုက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖန်တီးတည်ဆောက်နိုင်တာ ဖြစ်ပါတယ်။
သူမရဲ့ တန်ခိုးတွေကို မိုက်ကယ်တစ်ယောက် ခန့်မှန်းတွက်ချက်ဖို့ မကြိုးစားရသေးခင်မှာပဲ သူမက လက်ဖဝါးနှစ်ဖက်ကို ဝုန်းခနဲ မြှောက်လိုက်တာ မြင်လိုက်ရတယ်။
စက္ကန့်ပိုင်းမျှသာ အတွင်းမှာပဲ မိုက်ကယ်ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ် က အလိုအလျောက် ပွင့်ထွက်သွားခဲ့ပြီး သူမရဲ့ လက်တွေထဲကနေ ထွက်ပေါ်လာတဲ့ ပြင်းထန်လှတဲ့ အလင်းတန်းကြီးကို ဖြောင်းခနဲ မြည်အောင် ခုခံကာကွယ်ပေးလိုက်ပါပြီ။
သိပ်မြန်လွန်းတယ်။
သူ့အနေနဲ့ တယ်လီပို့တ်လုပ်ဖို့ အချိန်တစ်စက်မှ မရလိုက်ပါဘူး။ သူ့ရဲ့ သက်တံရောင်ဒိုင်းကာသာ မရှိခဲ့ရင် ဒီအလင်းတန်းက သူ့ရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်းလောင်ကျွမ်းသွားမှာ အသေအချာပဲ။
"ဒါက ဘာ အကာအကွယ်ကြီးလဲ" ဘိုးက ပါးစပ်ကလေးဆူပြီး မကျေမနပ် ညည်းညူလိုက်တယ်။ "မင်းမှာက အဆင့်လွန် စွမ်းရည်တွေချည်းပဲ ပြည့်နေတာပဲနော်"
မိုက်ကယ်က လက်ကိုမြှောက်ပြီး သူ့လက်ညှိုးထိပ်မှာ နောက်ထပ် သဟဇာတသေနတ် တစ်ခုကို အားပြင်းပြင်းနဲ့ စတင် စုစည်းလိုက်တယ်။
ဒါပေမဲ့ စွမ်းအင်တွေ ပြည့်နှက်နေတုန်းမှာပဲ ဘိုးက လက်ကိုမြှောက်ပြီး ခိုင်မာတဲ့ အလင်းတန်းနောက်တစ်ခုကို တရစပ် ထပ်ပစ်လိုက်ပြန်ရာ စောစောက နေရာတည့်တည့်ကိုပဲ ကွက်တိ သွားမှန်တော့တယ်။
သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ် က ပြင်းထန်လှတဲ့ ဒဏ်ကြောင့် တုန်ခါသွားပေမဲ့ လေထုထဲမှာရှိတဲ့ မှော်စွမ်းအင်တွေက တိုက်ခိုက်မှုကြောင့် ဆုံးရှုံးသွားတဲ့ သဟဇာတစွမ်းအားတွေကို လှိုင်းလုံးလို ချက်ချင်း ပြန်ဖြည့်တင်းပေးလိုက်ပါတယ်။
"အာ... မင်းရဲ့ ဒိုင်းတွေကို ငါ ဖျက်ဆီးလို့မရပါလား"
သူမ စကားပြောနေတုန်းမှာပဲ မိုက်ကယ်က သူ့ရဲ့ ဒရုန်းကို သူမနောက်ကျောဘက်ဆီ ရွှေ့ဖို့ တိတ်တဆိတ် အမိန့်ပေးလိုက်တယ်။ ပြီးတော့ သူမ အာရုံလွှဲနေတဲ့အချိန်မှာပဲ သဟဇာတသေနတ် နဲ့ တစ်ချက်တည်း ဖြိုခွဲပစ်ဖို့ ဒရုန်းကို စေခိုင်းလိုက်ပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ သေနတ်က ဘာအတားအဆီးမှမရှိဘဲ လျှပ်စီးလို ပစ်ထွက်သွားခဲ့တယ်။
"မင်းရဲ့ အကာအကွယ်ကို ဘာနဲ့ လုပ်ထားတာလဲ…."
ဒါပေမဲ့ သူမ အပစ်ခံရခါနီး အဲဒီအရေးပေါ် အခိုက်အတန့်လေးမှာတင် သူမရဲ့ ဘယ်လက်ထဲက အလင်းဒိုင်းက ပျောက်ကွယ်သွားပြီး သူမရဲ့ နောက်ကျောဘက်မှာ ရုတ်တရက် ပြန်ပေါ်လာကာ သဟဇာတသေနတ် ရဲ့ တိုက်ခိုက်မှုကို အမိအရ ကာကွယ်လိုက်နိုင်တယ်။
ဒရုန်းက သူမနောက်ကို ခိုးကြောင်ခိုးဝှက် ရောက်လာနိုင်တဲ့အပေါ် အံ့ဩသွားပြီး သူမ ချက်ချင်း နောက်ကို လှည့်ကြည့်လိုက်တယ်။
'သူမက ဘယ်လိုလုပ်ပြီး တုံ့ပြန်နိုင်တာလဲ'
သူမက ဒီလောက်အထိ မြန်တာနေမှာပါလို့ပဲ သူ ပထမဆုံး တွေးလိုက်မိတယ်။ ဒါပေမဲ့ သဟဇာတသေနတ် က သူမခန္ဓာကိုယ်ကို မထိမှန်ခင်အထိ သူမက စကားတပြောပြောနဲ့ ဒရုန်းရှိနေတာကို လုံးဝ သတိမထားမိတာက ဒီအတွေးကို အချက်ကျကျ ချေပလိုက်သလို ဖြစ်သွားတယ်။ သူမက တွေးတောပြီး ကာကွယ်လိုက်တာ မဟုတ်ပါဘူး။
နေပါဦး... အဲဒီအချိန်ကျမှပဲ လှုပ်ရှားသွားတာက သူမတစ်ယောက်တည်း မဟုတ်ဘဲ သူမအပေါ်က ဒီဗာကြီးပါဆိုတာ သူ သတိရသွားတော့တယ်။
[ဗီဒီယိုကို ပြန်လည်ဆန်းစစ်ပြီးနောက်မှာတော့ ဘိုးရဲ့ ဒီဗာက သဟဇာတအလင်းတန်းကို ပထမဆုံး တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်]
နိုဗာက ဘာဖြစ်သွားလဲဆိုတာကို သူ မြင်နိုင်အောင် ဗီဒီယိုကို အနှေးပြကွက်နဲ့ ပြန်ပြပေးခဲ့လို့ပဲ။ သူ့ရဲ့ ဒရုန်းက သဟဇာတအလင်းတန်းကို ပစ်လိုက်တဲ့ အချိန်မှာပဲ မိန်းမပျို ဖရန်ကင်စတိန်း စားဖိုမှူး ဒီဗာကြီးက လျင်မြန်စွာ လှည့်ကြည့်လိုက်တယ်။ အလင်းတန်းက ဘိုးဆီ ဦးတည်လာနေတာကို သတိပြုမိသွားပြီး ချက်ချင်းပဲ သူမရဲ့ ဒယ်အိုးကြီးကို သဟဇာတအလင်းတန်း လာမယ့် လမ်းကြောင်းအတိုင်း ကာဆီးလိုက်တယ်။ ခဏအကြာမှာတော့ ဘိုးရဲ့ ဘယ်လက်ထဲက အလင်းဒိုင်းက ပျောက်ကွယ်သွားပြီး သူမနောက်ကျောဘက်မှာ ချက်ချင်း ပြန်ပေါ်လာခဲ့တယ်။
ဒီဗာက အရင်လှုပ်ရှားခဲ့ပြီး ဘိုးက အဲဒီနောက်မှ လိုက်လုပ်ခဲ့တာပဲ။
ဒီအမှန်တရားကို သိလိုက်ရတာက သူ့အတွက်တော့ အလွန် ထိတ်လန့်စရာပါပဲ။ ဒီဗာတွေဆိုတာ သက်ရှိထင်ရှား သတ္တဝါတွေထက်စာရင် ရုပ်တုတွေလိုမျိုး ရိုးရှင်းတဲ့ ပုံရိပ်ယောင်တွေလို့ပဲ သူ အမြဲ တွေးခဲ့တာ။ ဒါပေမဲ့ ဒီအဖြစ်အပျက်က အဲဒီအတွေးကို လုံးဝ လွဲမှားကြောင်း သက်သေပြလိုက်ပြီ။ သူမက မခိုင်းစေဘဲနဲ့တောင် ဒီဗာက ဘိုးကို ကာကွယ်ပေးခဲ့တယ်ဆိုတော့ အနည်းဆုံးတော့ အသိစိတ် ရှိနေတယ်။
ဒါကို သိလိုက်ရပြီးတဲ့နောက် သူဟာ တစ်စုံတစ်ခုသော လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခါနီး ဆဲဆဲ ခံစားချက်မျိုး ခံစားလိုက်ရတယ်။ သို့ပေမဲ့ ဘိုးကတော့ သူ့ကို အတွေးပွားဖို့ အချိန်မပေးခဲ့ပါဘူး။
"ဟေ့.. ငေးငိုင်မနေနဲ့"
သူမက သူမရဲ့ သားလှီးဓားကြီးကို မြှောက်ပြီး လေထဲမှာ စက်ဝိုင်းအသေးလေးတစ်ခု ပြင်းထန်စွာ ဖြတ်တောက်လိုက်တယ်။ သူမရဲ့ မူလစွမ်းရည် ပွင့်သွားပြီး လေထုကို ဟင်းချက်စရာ ပစ္စည်းတစ်ခုလိုမျိုး ထိတွေ့ကိုင်တွယ်လို့ရတဲ့ အစိုင်အခဲတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။
သူမရဲ့ ညာလက်က အနီရောင် အရှိန်အဝါတွေနဲ့ စတင် တောက်ပလာတယ်။
"မင်းရဲ့ ညာလက်မှာ တန်ဇင်းရဲ့ တန်ခိုးကိုလည်း ရထားတာ ထင်တယ်"
"မှန်တယ်။" ဘိုးက သူမရဲ့ လှိုင်းတွန့် ရွှေဝါရောင် ဆံပင်တွေကို ခါယမ်းရင်း ပြောလိုက်တယ်။
"မင်း ဒါကို ဒီလောက်မြန်မြန် ရိပ်မိသွားတာ အံ့ဩဖို့ကောင်းသားပဲ။ သူတို့ကို အနိုင်ယူပြီးတဲ့နောက် သူတို့ခန္ဓာကိုယ်ရဲ့ ဝိညာဉ် တွေဆီကနေ နမူနာတစ်ခု ယူပြီး ငါ့ကိုယ်ထဲကို ထည့်သွင်းနိုင်ခဲ့တာ။ အမှန်အတိုင်း ပြောရရင် ဒီတန်ခိုးကို အခုထိ ထုတ်မပြဖို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ မင်းက ငါ့ကို အတင်းအကျပ် လုပ်ခိုင်းတာကိုး၊ ဟိဟိဟိ"
ပြီးတော့ ညာလက်က တန်ဇင်းရဲ့ စွမ်းရည်နဲ့အတူ သူမက လေလုံးလေးကို ဖမ်းယူပြီး လက်ဖဝါးထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ အဲဒီလေလုံးရဲ့ ဆွဲငင်အားက အဆမတန် မြင့်တက်လာပြီး လေလုံးပေါ်မှာ အနက်ရောင် စက်ဝန်းအသေးလေးတစ်ခု ပေါ်လာတဲ့အထိ ဖြစ်သွားတော့တယ်။
ဒါက တခြားမဟုတ်ဘဲ တန်ဇင်းရဲ့ ဂုဏ်အယူရဆုံး စွမ်းရည်တွေထဲက တစ်ခုဖြစ်တဲ့ တွင်းနက်ကြီးပဲပေါ့။
သူ တုံ့ပြန်ဖို့ မပြင်ဆင်နိုင်ခင်မှာပဲ သူမက ချက်ချင်း လှည့်ပြီး အဲဒါကို ဒရုန်းဆီ လွှတ်ပစ်လိုက်တယ်။ တွင်းနက်ကြီးက ပတ်ဝန်းကျင်က လေထုအမှုန်အမွှားတွေကို တစတစ ပိုပြီး ဝါးမြိုလာခဲ့တယ်။
ပြင်းထန်လှတဲ့ ဆွဲငင်အားကြောင့် ဒရုန်းကို ပိုမိုနီးကပ်လာအောင် ဆွဲငင်နေပြီး ဒရုန်းက ပတ်လမ်းထဲကို ပိုနက်ရှိုင်းစွာ ကျဆင်းလေလေ ဆွဲအားက ပိုမို ပြင်းထန်လာလေလေပဲ။ မိုက်ကယ်က တွင်းနက်ထဲ ကျမသွားအောင် ဒရုန်းရဲ့ ပျံသန်းမှုကို အတင်း ထိန်းချုပ်ခဲ့ပေမဲ့ ဒရုန်းရဲ့ ပန်ကာတွေက သေးငယ်နေတဲ့အတွက် တွင်းနက်ရဲ့ ဆွဲငင်အားကနေ လုံးဝ ရုန်းထွက်နိုင်လောက်အောင်တော့ မစွမ်းသာခဲ့ပါဘူး။ အဲဒီနေရာမှာတင် ငြိမ်သက်သွားပြီး မလှုပ်ရှားနိုင်တော့ဘဲ ဖြစ်နေကာ လှုပ်ရှားလိုက်တာနဲ့ ဝါးမြိုခြင်းကို ခံရမယ့် အန္တရာယ် ရှိနေတယ်။
သူ အာရုံစိုက်နေတုန်းမှာပဲ ဘိုးက ဒီအခွင့်အရေးကို သုံးပြီး နောက်ထပ် လေလုံးတစ်ခုကို ဖန်တီးလိုက်ပြန်တယ်။ ပြီးတော့ သူမရဲ့ ညာလက်နဲ့ အသာအယာ ထိလိုက်ရုံနဲ့ အဲဒီလေလုံးက နောက်ထပ် သေးငယ်တဲ့ တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ ဒီတစ်ကြိမ်မှာတော့ သူမက အဲဒါကို မိုက်ကယ်ဆီ လွှတ်ပစ်လိုက်ပါပြီ။
သူ့ရဲ့ ဒရုန်း ဘာဖြစ်သွားလဲဆိုတာ မြင်ပြီးတဲ့နောက် သူက တွင်းနက်နဲ့ သူ့ကြားမှာ အမြန်ပဲ အကွာအဝေးတစ်ခု ခြားလိုက်တယ်။ ဒါပေမဲ့ ပြင်းထန်လှတဲ့ ဆွဲငင်အားကြောင့် သဟဇာတလှောင်အိမ်ထဲက သူ့ရဲ့ လှုပ်ရှားမှုတွေက တော်တော်လေး ကန့်သတ်ချက် ရှိသွားတယ်။ ဘယ်ဘက်အနီးအနားကို သူ ဘယ်မှမသွားနိုင်တော့ဘဲ သွားမိရင် မိသွားမယ့် အန္တရာယ် ရှိနေတယ်။
'တွင်းနက်တွေကိုတော့ ငါ စိတ်ပူစရာမလိုပါဘူး၊ ဒါပေမဲ့ အဲဒီ အလင်းတန်းကြီးကတော့ ဒုက္ခပဲ။ ငါ တုံ့ပြန်လို့ မရဘူး။ သိပ်မြန်လွန်းတယ်... ဒါပေမဲ့ တွေးကြည့်ရင် ငါ တုံ့ပြန်နေဖို့ မလိုတာလည်း ဖြစ်နိုင်တာပဲ'
ဘိုးက သူ့ဆီ လက်မြှောက်လိုက်တာကို သူ မြင်လိုက်ရတယ်။ သူမရဲ့ စွမ်းရည်ကို အသုံးပြုတာ မမြင်ရသေးခင်မှာတင် သူက သူ့ရဲ့ မန္တန်ကို ထုတ်လွှတ်လိုက်ပြီ။
အဲဒီအချိန်မှာတင် ဘိုးရဲ့ ခိုင်မာတဲ့ အလင်းတန်းကြီးက သူမရဲ့ လက်ဖဝါးထဲကနေ ဝုန်းခနဲ ပစ်ထွက်လာပြီး မယုံနိုင်လောက်အောင် မြန်ဆန်တဲ့ အရှိန်နဲ့ သူ့ဆီ ရောက်ရှိလာတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို ထိမှန်တော့မယ့် အရေးပေါ် အခိုက်အတန့်လေးမှာပဲ... မိုက်ကယ်ရဲ့ ဖြစ်တည်မှုတစ်ခုလုံးက ဓာတ်ငွေ့လိုမျိုး အရိပ်တစ်ခုအဖြစ် လျှပ်ခနဲ အသွင်ပြောင်းလဲသွားခဲ့ပြီး အန္တရာယ်ကနေ ကင်းဝေးရာ ဟင်းလင်းပြင်ဆီကို တယ်လီပို့တ် လုပ်ပြီး သွက်လက်စွာ ရှောင်ကွင်းသွားပါတော့တယ်။
အဲဒီ အလင်းတန်းကြီးအတွက် သူ့ရဲ့ ဖြေရှင်းချက်ကတော့ တကယ့်ကို ရိုးရှင်းလှပါတယ်။ သူမရဲ့ လက်ဖဝါးလှုပ်ရှားမှုတွေကိုပဲ အမြဲတမ်း အာရုံစိုက်ထားသရွေ့၊ သူမ ဘယ်အရပ်မျက်နှာကို ချိန်ရွယ်နေလဲဆိုတာကို ၎င်းမပစ်ခတ်ခင်ကတည်းက အလွယ်တကူ ကြိုတင်ခန့်မှန်းနိုင်တာပဲပေါ့လေ။
"တကယ့်ကို အထင်ကြီးစရာပဲ မိုက်ကယ်... အဲဒါ ငါ ဖင်းမ့်ရဲ့ စွမ်းရည်ကို ရှောင်ကွင်းခဲ့တဲ့ ပုံစံမျိုးပါပဲ။ လျှို့ဝှက်ချက်ကို သိရှိသွားပြီဆိုရင်တော့ အလွယ်တကူ အသုံးချလို့ရတဲ့ အားနည်းချက်တစ်ခု သက်သက်ပဲပေါ့လေ..."
ဘိုးက သူမရဲ့ အလင်းတန်းကို နောက်တစ်ကြိမ် ထပ်မံထုတ်လွှတ်ဖို့အတွက် ပြင်ဆင်ရင်း လက်ကို ထပ်ပြီး မြှောက်လိုက်ပြန်တယ်။ ဒါပေမဲ့လည်း ဒီတစ်ကြိမ်မှာတော့ သူမက မိုက်ကယ်ရှိရာဆီကို တည့်တည့် ချိန်ရွယ်မနေပါဘူး။ ဘယ်ဘက် အဝေးတစ်နေရာက တွင်းနက်ကြီးဆီကို တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်တာ ဖြစ်ပါတယ်။
"ဒါပေမဲ့ ငါ့မှာ ဒါကို ကျော်လွှားနိုင်မယ့် နည်းလမ်းရှိတယ်" သူမက ပြုံးစစနဲ့ ပြောလိုက်တယ်။ "ဒါက ငါ ဖင်းမ်နဲ့ တန်ဇင်းတို့ကို အရင်ဆုံး တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းပဲ။ သူတို့ရဲ့ စွမ်းရည်တွေက တစ်ယောက်နဲ့တစ်ယောက် ကွက်တိပဲလို့ ငါ ထင်တယ်"
သူမက ခိုင်မာတဲ့ အလင်းတန်းကို အပြင်ဘက်ဆီ ထုတ်လွှတ်လိုက်ရာ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်ကတင် သူမ ချထားခဲ့တဲ့ တွင်းနက်ကြီးဆီကို တည့်တည့်မတ်မတ် ဦးတည်သွားတော့တယ်။
အလင်းတန်းက တွင်းနက်ရဲ့ ဆွဲငင်အား နယ်နိမိတ်အစွန်းကို အသာလေး ဖြတ်သန်းသွားခဲ့ပြီး... အဲဒီနေရာကနေ လွန်မြောက်ခါနီး အချိန်မှာတင် အလင်းတန်းက ရုတ်တရက် ကွေးညွတ်သွားပါတော့တယ်။
* * * * * * * *