အခန်း ၃၂၃
Vol. 24 Ch. 323
အပိုင်း(၃၂၃)
"ယွမ်ယန်အိုး ဆိုပါလား… နာမည်လေးက နားထောင်လို့ ကောင်းလိုက်တာ… ဆရာက တကယ်ကို မိန်းကလေးတွေကို မြှူဆွယ်တဲ့နေရာမှာ ဆရာတစ်ဆူပဲ… အိုးနာမည်ပေးတာတောင် သိပ်ကို နားထောင်လို့ ကောင်းနေတယ်..."
ကျန်းလျို၏ စကားကို ကြားသောအခါ ကျူးပါကျဲသည် စိတ်ထဲမှ တွေးတောလိုက်လေသည်။
“ဆရာက ဘာမှ မလုပ်သလို ထင်ရပေမယ့် သူ့နာမည်ကို ပြောလိုက်ရုံ၊ ရပ်နေရုံနဲ့တင် လှပတဲ့ မိစ္ဆာမလေးတွေ သူ့ဆီ အုံခဲလာကြတာ မဆန်းတော့ပါဘူးလေ… ဆရာက ပုံမှန်အားဖြင့် မိန်းကလေးတွေကို ဆွဲဆောင်တဲ့ အတတ်ပညာကို သူ့ရဲ့ အရိုးထဲထိ စိမ့်ဝင်နေအောင် ကျင့်ကြံထားတာများလား…”
အတွေးတစ်ခုနှင့်အတူ ကျူးပါကျဲသည် ကျန်းလျိုနှင့် အခြားသူများကို တိတ်တဆိတ် ကျောခိုင်းလိုက်ပြီး သူ၏ အင်္ကျီလက်စအတွင်းမှ မှတ်စုစာအုပ်ငယ် တစ်အုပ်ကို ထုတ်ယူကာ စုတ်တံငယ် တစ်ချောင်းကိုပါ ထုတ်၍ ထိုစာအုပ်ငယ်ထဲတွင် မှတ်စုများ စတင်ရေးမှတ်လေတော့သည်။
ဆရာသင်ပေးခဲ့သော ချိုမြိန်သည့် ချစ်စကားများသည် အသုံးဝင်သော်လည်း အခြားသော အသွင်အပြင်များနှင့် ပေါင်းစပ်ရန် လိုအပ်နေသေးကြောင်း ထင်ရှားနေလေသည်။
ဤခရီးစဉ်တွင် သူသည် နိုးနိုးကြားကြားရှိနေရမည်၊ ပိုမို လေ့လာစောင့်ကြည့်ရမည်၊ မှတ်သားရမည်၊ ထို့အပြင် သင်ယူရမည် ဖြစ်သည်။
သံစင်ပန်းပဲဖို ၏ အစေခံလူငယ်လေးမှာ ကျန်းလျို၏ စကားများကြောင့် ခေတ္တမျှ ကြက်သေသေသွားခဲ့ပြီး ဗလာနတ္ထိဖြစ်နေသော အမူအရာဖြင့် မေးလိုက်လေသည်။
"ယွမ်ယန်အိုး... အဲဒါက ဘယ်လိုအိုးမျိုးလဲ..."
"မင်းရဲ့တာဝန်ရှိတဲ့လူကို ခေါ်လိုက်ပါ..."
လူငယ်လေးက နားမလည်သည်ကို မြင်သောအခါ အများကြီး ရှင်းပြရန် ဆန္ဒမရှိသဖြင့် ကျန်းလျိုက ပြောလိုက်သည်။
ယွမ်ယန်အိုး ၏ ဖွဲ့စည်းပုံကို ၎င်းအား ပြုလုပ်မည့်သူထံသို့သာ ရှင်းပြရမည်ဖြစ်သောကြောင့် ထပ်မံရှင်းပြနေရန် မလိုအပ်ပေ။
"ရဟန်းတော်လေး... ဘာများ အထူးတလည် လိုအပ်ချက်တွေ ရှိလို့လဲ..."
ကျန်းလျို၏ စကားများအပြီးတွင် သံစင်ပန်းပဲဖိုမှ တာဝန်ရှိသူတစ်ဦး လျင်မြန်စွာ ရောက်ရှိလာပြီး ကျန်းလျိုကို စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်လေသည်။
"ဒီလိုပါ… ငါက ဟင်းချက်တဲ့အိုး တစ်လုံး လုပ်ချင်တာ… အစားအသောက်တွေ ချက်ပြုတ်ဖို့ အထူးပြုလုပ်ထားတာမျိုးပေါ့… ဒါပေမယ့် ဒီအိုးကို အလယ်ကနေ ပိုင်းခြားထားပြီး နှစ်ဖက် ခွဲထားရမယ်...."
ကျန်းလျို သည် ယွမ်ယန်အိုး ၏ ဖွဲ့စည်းပုံကို သံစင်ပန်းပဲဖို မှ တာဝန်ရှိသူအ စတင်၍ ဖော်ပြရှင်းလင်းလေတော့သည်။
"စိတ်ချပါ… သံစင်ပန်းပဲဖို ရဲ့ လက်ရာနဲ့ဆိုရင် ဒီလိုအိုးမျိုး ထုလုပ်ဖို့က သိပ်မခက်ပါဘူး… လူကြီးမင်း ပြောသလိုပဲ အိုးထဲမှာ အကန့်လေးတစ်ခု ထည့်ပြီး နှစ်ခြမ်းခွဲလိုက်ရုံပဲ မဟုတ်လား… အိုးနှစ်ဖက်စလုံးက ဘာမှ ရောနှောမသွားစေရဘူးလို့ ကျွန်တော်တို့ အာမခံပါတယ်..."
ကျန်းလျိုက ရှင်းလင်းစွာ ဖော်ပြခဲ့ပြီးဖြစ်ရာ တာဝန်ရှိသူကလည်း ၎င်းမှာ ခက်ခဲသောကိစ္စ မဟုတ်ကြောင်း အတည်ပြုရင်း နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ်… အဲဒီအပြင်ကို ငါက နောက်ထပ် ပိုရှုပ်ထွေးတဲ့ အိုးတစ်လုံးကိုလည်း လုပ်ချင်သေးတယ်… အိုးရဲ့ ဘေးပတ်လည်က အစားအသောက်တွေ ပြုတ်ဖို့ဖြစ်ပြီး… အလယ်မှာတော့ မီးတောင်ပုံစံလေး ဖြစ်နေရမယ်… အတွင်းထဲမှာ အခေါင်းပေါက်နဲ့ မီးသွေးထည့်လို့ရအောင် လုပ်ပေးရမယ်..."
သူသည် အိုးများပြုလုပ်ရန် ရောက်ရှိလာပြီဖြစ်ရာ သူလိုအပ်သော မီးဖိုချောင်သုံးပစ္စည်းများ အားလုံးကို ပြုလုပ်သွားလိုသောကြောင့် ကျန်းလျိုသည် မီးသွေးကြေးနီအိုး၏ ဖွဲ့စည်းပုံကို ဆက်လက်၍ ရှင်းပြလေသည်။
"အင်း... ဒီ မီးသွေးကြေးနီအိုး ရဲ့ အကြံဉာဏ်က အတော်လေး ဆန်းသစ်တယ်… ဒါက ကျွမ်းကျင်မှုတော့ နည်းနည်း လိုအပ်လိမ့်မယ်..."
ကျန်းလျို၏ ရှင်းပြချက်ကို ကြားပြီးနောက် တာဝန်ရှိက ပြောလိုက်သည်။
ရှုပ်ထွေးသော ဒီဇိုင်းနှင့် မြင့်မားသော လက်ရာလိုအပ်သည့် ကြေးနီစစ်စစ်ဖြင့် ပြုလုပ်ထားသော အိုးကြီးတစ်လုံးကို ထုလုပ်ရမည် ဆိုပါလား…
၎င်းမှာ ထိုမျှ မရိုးရှင်းပုံပေါ်ပေ။ အရေးအကြီးဆုံးမှာ ပန်းပဲဆရာများသည် ယခင်က ၎င်းကို တစ်ခါမျှ မပြုလုပ်ဖူးခဲ့ကြသဖြင့် အတွေ့အကြုံဟူ၍ ပြောပလောက်အောင် မရှိခြင်းပင် ဖြစ်သည်။
"အိုးနှစ်လုံးအတွက် ကုန်ကြမ်းစရိတ်က သိပ်မများပေမယ့်… နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ကတော့ အတော်လေး မြင့်မားတယ်… ရတနာဆင်တိုင်းပြည် မှာ မင်းတို့ဆိုင်ကလွဲရင် တခြားဘယ်သူမှ လုပ်နိုင်မယ်မထင်ဘူး… ဒါကြောင့် ကျေးဇူးပြုပြီး သေချာလေး လုပ်ပေးပါ..."
တာဝန်ရှိသူ၏ စကားကို ကြားပြီးနောက် ကျန်းလျိုက ယဉ်ကျေးပျူငှာစွာ အရိုအသေပေးရင်း ပြောလိုက်လေသည်။
ချီးကျူးစကားကို ကြားသောအခါ တာဝန်ရှိသူက ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ဟားဟားဟား... ကောင်းပါပြီ ရဟန်းတော်လေး… အရှင်ဘုရားက အကဲခတ် အတော်တော်တာပဲ… ရတနာဆင်တိုင်းပြည် တစ်ခုလုံးမှာ ကျုပ်တို့ သံစင်ပန်းပဲဖို ရဲ့ လက်ရာက အကောင်းဆုံးဆိုတာ အမှန်ပါပဲ..."
မျှော်လင့်ထားသည့်အတိုင်းပင် လူတိုင်းက ချီးကျူးခံရခြင်းကို နှစ်သက်ကြပြီး ကွက်တိကျသော ချီးကျူးစကားက ပို၍ပင် အကျိုးသက်ရောက်မှု ရှိလေသည်။
"ဒီလိုလုပ်ကြတာပေါ့… ကုန်ကြမ်းတွေက သိပ်တန်ဖိုးမကြီးပေမယ့် မင်းတို့ရဲ့ ကျွမ်းကျင်မှုတွေကတော့ တန်ဖိုးရှိပါတယ်… ဒါကြောင့် ငါက ငွေနှစ်တန် ပေးမယ်ဆိုရင် ဘယ်လိုလဲ..."
တာဝန်ရှိသူကို ချီးကျူးပြီးနောက် ကျန်းလျိုသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ ကမ်းလှမ်းချက်ကို ပြောလိုက်လေသည်။
ငွေနှစ်တန် ဆိုသည်မှာ သေချာပေါက် မြင့်မားသော စျေးနှုန်းတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျင်းဆန်းကျောင်းတော် မှ နောင်တော် ရွှမ်ဝူ ပင်လျှင် ကြီးမားသော ဗုဒ္ဓဘာသာဆိုင်ရာ အခမ်းအနားကြီးတစ်ခုကို ကျင်းပပြီးသည့်တိုင်အောင် ငွေနှစ်တန် မရရှိခဲ့ပေ။
၎င်းမှာ သူတို့သည် ယခင်က မီးသွေးကြေးနီအိုး ကို အမှန်တကယ် မပြုလုပ်ဖူးခဲ့ကြဘဲ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြုလုပ်ရဖွယ် ရှိနေခြင်းကြောင့်လည်း ဖြစ်သည်။ ကျန်းလျိုက သူတို့ကို လက်တွေ့အသုံးကျပြီး လှပသေသပ်သော မီးဖိုချောင်သုံးပစ္စည်းများ ဖန်တီးပေးစေလိုသောကြောင့် ဤစျေးနှုန်းကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤမျှမြင့်မားသော စျေးနှုန်းကို ထည့်သွင်းစဉ်းစားပြီးနောက် သံစင်ပန်းပဲဖို အနေဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းသင့်သည် မဟုတ်ပါလော။
အကယ်၍ ပစ္စည်းများက စျေးနှုန်းနှင့် မထိုက်တန်ပါက သူတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းကို ညှိုးနွမ်းစေမည် မဟုတ်ပါလော။
ထို့အပြင် ကျန်းလျိုအတွက် ငွေနှစ်တန် ဆိုသည်မှာ မြင့်မားသော စျေးနှုန်းမဟုတ်သော်လည်း ကောင်းမွန်သော အိုးတစ်လုံးမှာ သူ၏ အနာဂတ်လိုအပ်ချက်များအတွက် အလွန် အရေးကြီးလှပေသည်။
"ငွေနှစ်တန် ဟုတ်လား... ရဟန်းတော်လေး… ကြေးပြား ငါးပြားလောက်ဆိုရင် လုံလောက်ပါပြီ… အဲဒီလောက် အများကြီး မလိုပါဘူး..."
ကျန်းလျို၏ ကမ်းလှမ်းချက်ကို ကြားသောအခါ တာဝန်ရှိသူသည် အံ့သြတကြီးဖြင့် အလျင်စလို ပြောလိုက်လေသည်။
"ခဏနေပါဦး… ငွေနှစ်တန် ဆိုတာ သိပ်များတာ မဟုတ်ပါဘူး..."
သို့သော် ကျန်းလျို ပြန်မဖြေနိုင်မီမှာပင် ဘေးဘက်မှ ကျယ်လောင်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး သူနှင့် တာဝန်ရှိသူတို့ကြားရှိစကားပြောဆိုမှုကို ဖြတ်တောက်လိုက်လေသည်။
ထောင့်တစ်နေရာတွင် ခါးအထက် ဗလာကျင်းနေသော အသက်လတ် အရွယ် အမျိုးသားတစ်ဦး လဲလျောင်းနေပြီး သူ၏ ခြေရင်းတွင် ဝိုင်ပုလင်း အချို့ ရှိနေကာ မူးယစ်နေပုံပေါ်လေသည်။ သူသည် ဆူညံပွက်လောရိုက်ကာ တက်ကြွနေသော သံစင်ပန်းပဲဖို၏ ပတ်ဝန်းကျင်အခြေအနေနှင့် အံဝင်ခွင်ကျမဖြစ်ဘဲ သူ၏ ဖရိုဖရဲနှင့် ညစ်ပတ်နေသော အသွင်အပြင်အရ မသိနားမလည်သူ တစ်ဦးဦးက သူ့ကို သူတောင်းစားဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦးဟု ထင်မြင်သွားနိုင်လေသည်။
"သူဌေး... မီးဖိုချောင်သုံးပစ္စည်း နှစ်ခု လုပ်ရုံလေးပါ… ဒါက..."
တာဝန်ရှိသူက ထောင့်တွင် ထိုင်နေသော မူးယစ်နေသည့် အလယ်အလတ်အရွယ် အမျိုးသားကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် အခက်တွေ့နေပုံပေါ်လေသည်။
တာဝန်ရှိသူကို ဆက်မပြောရန် သူ၏လက်ကို မြှောက်ကာ တားဆီးလိုက်ပြီးနောက် ဖရိုဖရဲဖြစ်နေသော ထိုအမျိုးသားက မတ်တပ်ရပ်ကာ ကျန်းလျိုကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကိုရင်လေး... မင်းက မီးဖိုချောင်သုံးပစ္စည်း နှစ်ခု လုပ်ဖို့အတွက် ငွေနှစ်တန် ပေးမယ်ဆိုတော့… ပြီးပြည့်စုံတဲ့ ပစ္စည်းနှစ်ခု ဖန်တီးချင်လို့ပဲ ဖြစ်ရမယ်… ဟုတ်တယ်မလား..."
"မှန်ပါတယ်… အရည်အသွေးသာ လုံလောက်မယ်ဆိုရင် ငွေတန်နှစ်ဆယ် ဖြစ်ဖြစ် တန်နှစ်ရာ ဖြစ်ဖြစ် ပေးရမှာကို ငါ ဝန်လေးမှာ မဟုတ်ဘူး..."
ကျန်းလျိုက အလေးအနက် ခေါင်းညိတ်လိုက်သည်။
ထန်ဧကရာဇ်၏ ညီတော် တစ်ပါးအနေဖြင့် သူသည် ဤခရီးစဉ်တွင် ငွေဒင်္ဂါး အမြောက်အမြားကို ယူဆောင်လာခဲ့ပြီး မိစ္ဆာ များကို နှိမ်နင်းခြင်းမှလည်း ငွေရှာနိုင်စွမ်း ရှိနေသောကြောင့် သူ့ကိုယ်သူ ချမ်းသာကြွယ်ဝသူ တစ်ဦးဟု သတ်မှတ်နိုင်ပေသည်။
တစ်ခုခုက စျေးကြီးနေသည်မှာ ကျန်းလျို ထည့်တွက်စဉ်းစားရမည့် အရာမဟုတ်ပေ။ သူ ဂရုစိုက်သည့်အရာမှာ အချက်တစ်ချက်တည်းသာ ဖြစ်သည်။
၎င်းက တန်ရဲ့လား ဆိုသည်ပင်။
ဖရိုဖရဲဖြစ်နေသော အလယ်အလတ်အရွယ် အမျိုးသားကို ကြည့်ရင်း ဤကဲ့သို့သော သူတစ်ဦးက အမှန်တကယ်ပင် သံစင်ပန်းပဲဖို ၏ သူဌေး ဖြစ်နေနိုင်မည်လားဟု ကျန်းလျို၏ ရင်ထဲတွင် စပ်စုချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ သူ၏ လက်ရာက အလွန်တရာ ကောင်းမွန်ရမည် ဖြစ်ပေသည်။
ထို့အပြင် ဇာတ်လမ်းတွဲများနှင့် ဝတ္ထုများရှိ ပုံမှန်ဇာတ်ကွက်များအရဆိုလျှင်လည်း ထူးခြားသည့် စွမ်းရည်ရှိသူတစ်ဦး၏ ပေါ်ထွက်လာမှုသည် အတော်လေး ထူးခြားလေ့ရှိသည် မဟုတ်ပါလော။
ဇာတ်ကောင် အချက်အလက်…
စပ်စုချင်စိတ်ဖြင့် ကျန်းလျိုသည် တစ်ဖက်လူကို ကြည့်ကာ သူ၏ရင်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်လေသည်။ ချက်ချင်းပင် မှန်တစ်ပိုင်းလို ကြည်လင်နေသော ဇာတ်ကောင် အချက်အလက် မျက်နှာပြင်တစ်ခု ကျန်းလျို၏ ရှေ့တွင် ပေါ်လာခဲ့လေသည်။
အမည် - လီထျယ် (ရွှေရောင်)
လိင် - ကျား
အသက်မွေးဝမ်းကျောင်း - နတ်ပန်းပဲဆရာ
အဆင့် - ၁၈
***