အခန်း ၃၂၄
Vol. 24 Ch. 324
အပိုင်း(၃၂၄)
"နတ်ပန်းပဲဆရာ ဆိုပါလား..."
တစ်ဖက်လူ၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ပေါ်ရှိ အသက်မွေးဝမ်းကျောင်း ခေါင်းစဉ်ကို မြင်တွေ့လိုက်ရသောအခါ ကျန်းလျို၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့လေသည်။
ပန်းပဲဆရာ မဟုတ်ဘဲ နတ်ပန်းပဲဆရာ ဟုတ်သလော...
၎င်းမှာ အတော်လေး မြင့်မားသော ဂုဏ်ဒြပ်တစ်ခု ရှိနေပုံရလေသည်။ ဤသူတွင် ထူးခြားသော ပါရမီတစ်ခု ရှိနေကြောင်း ရှင်းလင်းနေပေသည်။
"ကောင်းပြီ… ပစ္စည်းတွေ လုပ်တဲ့နေရာမှာ ဈေးဆစ်တဲ့သူတွေက သူတို့ရဲ့ ပစ္စည်းကိရိယာတွေကိုရော… အဲဒါတွေကို ထုလုပ်ပေးတဲ့ ငါတို့ကိုပါ စော်ကားတာပဲ… ကိုရင်လေး... မင်းက တောင်းတဲ့ဈေးထက် ပိုပေးဖို့ ဆန္ဒရှိတယ်ဆိုတော့ ငါတို့ရဲ့ လက်ရာနဲ့ မင်းလိုချင်တဲ့ အသုံးအဆောင်ပစ္စည်း အပေါ်ကို လေးစားမှုရှိတယ်ဆိုတာ ရှင်းလင်းစွာ ပြသနေတာပဲ..."
ထိုအမျိုးသားသည် လျှောက်လာခဲ့ပြီး သူ၏ သဘောထားကို သဘောကျလေးစားစွာဖြင့် ကျန်းလျိုကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
အမှန်တကယ်ပင် ငွေကြေးပြား ငါးပြားဖြစ်စေ၊ ငွေနှစ်တန် ဖြစ်စေ၊ ၎င်းမှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ ကျန်းလျို၏ မကြာသေးမီက ပြောခဲ့သော စကားများပင် ဖြစ်သည်။ ကုန်ကြမ်းများက သိပ်တန်ဖိုးမကြီးသော်လည်း လက်ရာကတော့ တန်ဖိုးရှိသည် ဟူသော စကားပင်ဖြစ်သည်။
ဤသဘောထားမှာ နားထောင်ရသည်မှာ အလွန် သာယာနာပျော်ဖွယ် ကောင်းလှပေသည်။
စကားပြောနေစဉ်မှာပင် လီထျယ် သည် သံစင်ပန်းပဲဖို ရှိ အခြားသော ပန်းပဲဆရာများကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"ဒီနေ့ စစ်မှန်တဲ့ လက်ရာဆိုတာ ဘာလဲဆိုတာကို မင်းတို့ကို ငါပြသပေးမယ်… ငါတို့ ပန်းပဲဆရာတွေ ရှာဖွေရမယ့်အရာက အရေအတွက် မဟုတ်ဘဲ အရည်အသွေး ဆိုတာကို မင်းတို့ကို မြင်စေရမယ်… မင်းတို့အားလုံးဆီမှာ ကင်းမဲ့နေတဲ့ ပန်းပဲဆရာတစ်ယောက်ရဲ့ နှလုံးသားမျိုး မရှိဘဲနဲ့တော့… မင်းတို့ရဲ့ ကျွမ်းကျင်မှုတွေက ဘယ်တော့မှ အထွတ်အထိပ်ကို ရောက်လာမှာ မဟုတ်ဘူး..."
သူ၏ စကားအဆုံးတွင် လီထျယ် သည် မီးဖိုဆီသို့ သွားလိုက်လေသည်။ သူ၏ လက်ထဲရှိ တူကို ချိန်ဆကြည့်ပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုတူသည် အရိပ်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
သူသည် သံတုံးအပေါ်တွင် ရန်ငြိုးဖွဲ့ထားသကဲ့သို့ မုန်တိုင်းတစ်ခုလို ပြင်းထန်စွာ ထုနှက်လိုက်လေသည်။ သို့သော်လည်း သံစင်ပန်းပဲဖို မှ အခြားသော ပန်းပဲဆရာများသည် သူတို့ လုပ်ဆောင်နေမှုများကို ရပ်တန့်လိုက်ကြပြီး အုံခဲလာကြကာ လီထျယ် ပြုလုပ်သမျှ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ်ရဲဘဲ စပ်စုချင်စိတ်ဖြင့် မျက်လုံးပြူးကာ စောင့်ကြည့်နေကြလေသည်။
"ဆရာတော်လေး... ဒီနေ့ အတော်လေး ကံကောင်းတာပဲ… သူဌေးက ဆရာတော်လေး အတွက် ကိုယ်တိုင်ကိုယ်ကျ ပစ္စည်းတစ်ခုကို ထုလုပ်ပေးဖို့ ဆန္ဒရှိနေတယ်… သူရဲ့ ကျွမ်းကျင်မှုတွေက အတော်လေး ထူးကဲပြီး တခြားသူတွေအတွက် တစ်ခုခု ထုလုပ်ပေးတယ်ဆိုတာ တော်တော်လေး ရှားပါးတယ်… နှစ်အတော်ကြာမှ တစ်ခါလောက် လုပ်ပေးတာမျိုးပါ… ဒီနေ့တော့ ဆရာတော်လေး ကံထူးသွားပြီပဲ..."
ပန်းပဲဆရာ မဟုတ်သလို ၎င်းပညာကို သင်ယူရန်လည်း ဆန္ဒမရှိသော တာဝန်ရှိသူက ကျန်းလျိုကို ပြောလိုက်လေသည်။
"ဒါကို ကျုပ် နားလည်ပါတယ်..."
လီထျယ်၏ လှုပ်ရှားမှုများကို မျှော်လင့်တကြီးဖြင့် ကြည့်ရှုရင်း ကျန်းလျိုက ခေါင်းညိတ်လိုက်လေသည်။
အဆင့် ၁၈ သာ ရှိသေးခြင်းက လီထျယ် ၏ ကျင့်ကြံမှုအဆင့် မှာ ကိုယ်ကာယကြံ့ခိုင်ခြင်းအဆင့် သို့သာ ရောက်ရှိသေးကြောင်း ဆိုလိုသော်လည်း ရွှေရောင် ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကတော့ လေးစားမှုပေးရန် တောင်းဆိုနေလေသည်။
ပြီးတော့ နတ်ပန်းပဲဆရာ ဆိုသည့် အသက်မွေးဝမ်းကျောင်း ဟုတ်သလော…
သူ မည်သို့သော ထူးခြားသည့် အိုးမျိုးကို ဖန်တီးနိုင်မည်ကို တွေးကြည့်ရခြင်းကပင် အတော်လေး စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
"လီထျယ် ထုလုပ်တဲ့ ပစ္စည်းတွေက တကယ်ပဲ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတာလား… အဲဒါတွေက မယုံနိုင်လောက်တဲ့ စွမ်းရည်အချို့ပါတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ များလား… ဒဏ္ဍာရီလာ မီးဖိုချောင်သုံးပစ္စည်းတွေများ ဖြစ်နေမလား..."
ကျန်းလျိုသည် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေစဉ်မှာပင် သူ၏ ယခင်ဘဝက အချက်အပြုတ်ပညာရပ်များကို အဓိကထားရိုက်ကူးထားသည့် စားဖိုမှူး နတ်ဘုရား ဟုခေါ်သော ကာတွန်းဇာတ်လမ်းတစ်ခုကို ပြန်လည် သတိရသွားကာ တိတ်တဆိတ် စပ်စုချင်စိတ် ဖြစ်ပေါ်နေခဲ့လေသည်။
၎င်းအတွင်းတွင် ပါဝင်သော ဒဏ္ဍာရီလာ မီးဖိုချောင်သုံးပစ္စည်းများသည် စိတ်ကူးယဉ်ဆန်ဆန် အရာတစ်ခုကဲ့သို့ အထူးလုပ်ဆောင်ချက် အများအပြား ပါဝင်လေသည်။
ကျန်းလျို၏ တွေးတောမှုများ မည်သို့ပင် ရှိစေကာမူ အရက်သောက်လျက် လဲလျောင်းနေစဉ်က ဖရိုဖရဲဖြစ်နေပုံရသော လီထျယ် သည် မီးဖိုဘေးတွင် ရပ်ကာ စတင်အလုပ်လုပ်သည်နှင့် တစ်ပြိုင်နက် သေသပ်တိကျသွားပြီး ပြီးပြည့်စုံမှုအတွက် အစွမ်းကုန် ကြိုးပမ်းလေတော့သည်။
ထုနှက်ပုံသွင်းခြင်း၊ ရေစိမ်မီးငြိမ်းခြင်း၊ အအေးခံခြင်း...
လုပ်ငန်းစဉ် အဆင့်အားလုံးသည် သူ၏ လက်ထဲ၌ အလွန် အစီအစဉ်ကျနလှသည်။
တူကို ပြင်းထန်စွာ ထုချလိုက်သောအခါ လိမ့်ဆင်းလာသော မိုးကြိုးများကဲ့သို့ဖြစ်ပြီး ကုန်ကြမ်းပစ္စည်းကို လုံးဝ ကြေမွသွားစေချင်သည့်အလား ဖြစ်နေလေသည်။
တူကို ဖွဖွလေး ခေါက်လိုက်သောအခါတွင်မူ နွေဦးမိုးရေစက်များကဲ့သို့ တိတ်ဆိတ်ကာ စိုစွတ်နေပြီး ကုန်ကြမ်းပစ္စည်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်...
လျင်မြန်စွာပင် အခြေခံအကျဆုံး ယွမ်ယန်အိုး သည် လီထျယ် ၏ လက်အောက်တွင် ပုံသဏ္ဌာန် ပေါ်ထွက်လာခဲ့လေသည်။
အဝိုင်းပုံသဏ္ဌာန် ဒယ်အိုး၏ အလယ်၌ "S" ပုံစံ အကန့်တစ်ခု ပါရှိပြီး အိုး၏ ကိုယ်ထည်တွင်ပင် သေသပ်လှပသော ပုံစံများကို ရေးဆွဲထွင်းထုထားသဖြင့် အလွန် နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သည့်အသွင် ပေါ်လွင်နေလေသည်။
"ပြီးပြီ... ရော့ ကြည့်လိုက်ဦး… ဒီ ယွမ်ယန်အိုး ကို မင်း သဘောကျရဲ့လား..."
ပြီးစီးသွားပြီးနောက် လီထျယ် သည် အိုးကို ယူဆောင်လာကာ ကျန်းလျို ထံသို့ မေးလိုက်လေသည်။
အိုးကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီးနောက် ကျန်းလျို သည် အိုးကို အကဲခတ်ကြည့်လိုက်လေသည်။ ၎င်း၏ အဝိုင်းပုံသဏ္ဌာန်၊ အလယ်ရှိ "S" ပုံစံ အကန့်၊ ထို့အပြင် အိုး၏ အစွန်းတစ်ဝိုက်တွင်ပင် ပါကွပုံစံများ ပါရှိနေလေသည်။
၎င်းသည် ထိုက်ချိပါကွ ပုံစံတစ်ခုကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေလေသည်။
ကျန်းလျို၏ အကြည့်များ ၎င်းအပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် ယွမ်ယန်အိုး ၏ အချက်အလက်များကလည်း သူ၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့လေသည်။
ထိုက်ကျိ ယင်ယန်အိုး (ပြီးပြည့်စုံသော အရည်အသွေး) - ဟင်းချက်ကိရိယာ၊ အရသာရှိမှု +၉၀%၊ လတ်ဆတ်မှု +၃၀%၊ အထူးစွမ်းရည် - စေတနာ၊ ကြံ့ခိုင်မှု ၅၅/၅၅။
ကျန်းလျိုသည် ယင်ယန်အိုး၏ စွမ်းရည်အချက်အလက်များကို ကြည့်ရှုလိုက်သောအခါ တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
အရသာရှိမှုနှင့် လတ်ဆတ်မှု စွမ်းရည်များက နားလည်ရန် လွယ်ကူလှသည်။ ဤအိုးဖြင့် ချက်ပြုတ်သော အစားအစာများသည် ပိုမိုအရသာရှိကာ ပို၍လတ်ဆတ်နေမည်ဟု ဆိုလိုခြင်း ဖြစ်ပေမည်။
သို့သော် ဤ "စေတနာ" ဆိုသည့် အထူးစွမ်းရည်က မည်သို့အဓိပ္ပာယ်ရသနည်း။ မည်သည့် ရှင်းလင်းချက်မျှ ပါဝင်မနေချေ။
မည်သို့ပင်ဆိုစေကာမူ ယခုလေးတင် ထုဆစ်ဖန်တီးထားသည့် ဟင်းချက်အိုးတစ်ခုတွင် ကြံ့ခိုင်မှုအပြည့် ရှိနေခြင်းက အံ့မခန်းပင် ဖြစ်သည်။
"ဒါက နတ်ဘုရားပန်းပဲဆရာရဲ့ လက်ရာလား… ပြီးပြည့်စုံခြင်း အဆင့် အရည်အသွေး ရှိတဲ့ ယင်ယန်အိုးတဲ့လား… နောင်ဆိုရင် ဒဏ္ဍာရီလာ အရည်အသွေး ဒါမှမဟုတ် ရာဇဝင်လာ အရည်အသွေး ရှိတဲ့ ဟင်းချက်အိုးတွေတောင် ရှိလာနိုင်မလားမသိဘူး… အဲဒီလိုဆိုရင်ရော ဘယ်လို အထူးစွမ်းရည်တွေ ပါဝင်လာမလဲ..."
ကျန်းလျိုသည် အံ့သြချီးမွမ်းမိလျက် ပြင်းပြသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။
"ဘယ်လိုလဲ… ကျေနပ်ရဲ့လား..."
လီထျယ်၏ အကြည့်တို့က ကျန်းလျိုထံသို့ ရောက်ရှိလာပြီး သူ၏ မျက်ဝန်းများထဲတွင် ဝမ်းမြောက်မှုတို့ ပြည့်လျှံနေလျက် ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
"အရမ်းကောင်းတယ်… ဒီလိုအရည်အသွေးမျိုးက သာမန်လူတစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး… ဒီအိုးနဲ့ ချက်တဲ့ အစားအစာတွေက ပိုပြီးတော့ အရသာရှိပြီး လတ်ဆတ်နေမှာ အသေအချာပဲ..."
ကျန်းလျိုက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်ပြီး သူ၏ မျက်နှာထက်တွင် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မှုတို့ လင်းလက်သွားကာ အားရပါးရ ချီးမွမ်းလိုက်သည်။
"အမြင်ကျယ်လှပါလား..."
သူ၏ အကောင်းဆုံးလက်ရာဖြစ်သော ထိုက်ကျိ ယင်ယန်အိုးအတွက် ဂုဏ်ယူနေသည့်အပြင် သူ၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြုပေးသော ကျန်းလျို၏ ချီးကျူးစကားကို ကြားလိုက်ရသောအခါ လီထျယ်မှာ ပို၍ပင် ဝမ်းသာပီတိ ဖြစ်သွားရတော့သည်။
'မြင်းကောင်းတစ်ကောင်သည် သူ၏တန်ဖိုးကို သိနားလည်ပေးမည့် မြင်းကောင်းရွေးချယ်တတ်သူကို လိုအပ်သည်' ဆိုသော ဆိုရိုးစကားအတိုင်း လီထျဲ့သည်လည်း သူ၏ ဟင်းချက်အိုးကို အသုံးပြုမည့်သူက ဤအိုး၏ တန်ဖိုးကို နားလည်သဘောပေါက်ပေးစေရန် မျှော်လင့်ထားခဲ့သည်။
ကျန်းလျို၏ စူးရှသော အကဲခတ်နိုင်စွမ်းကို မြင်တွေ့လိုက်ရခြင်းက လီထျယ်အား များစွာ စိတ်အေးသွားစေခဲ့သည်။
လီထျယ်က ခေါင်းညိတ်လိုက်ကာ လှည့်ထွက်သွားပြီး သူ၏ သံရည်ကျိုဆိုင်၏ ရတနာသိုလှောင်ခန်းထဲမှ ကြေးဝါသံစစ်စစ် တစ်တုံးကို ယူဆောင်လာခဲ့သည်။ ထို့နောက်...
"ကျုပ်ဆီမှာ မိုးကျကြေးဝါသံတုံး တစ်တုံးရှိတယ်… ဒါနဲ့ ဘာလုပ်ရမလဲလို့ အမြဲတွေးနေခဲ့တာ… ဆရာတော်လေးက အမြင်စူးရှတဲ့သူဆိုတော့ ဒီနေ့ ဆရာတော်လေး အတွက် ဒါနဲ့ မီးသွေးကြေးနီအိုး တစ်လုံး ထုဆစ်ပေးမယ်..."
"ကျေးဇူးတင်ပါတယ်..."
လီထျဲ့က သူ၏ သိမြင်နားလည်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် သီးသန့်ပစ္စည်းတစ်ခုကို ထုတ်ယူလာသည်ကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် ပို၍ပင် ဝမ်းသာအားရဖြစ်သွားကာ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်သည်။
လီထျယ်သည် အပိုစကားများ မဆိုတော့ဘဲ အလွန်အမင်း အလေးအနက်ထားကာ အာရုံစိုက်လိုက်တော့သည်။
မီးအပူပေးခြင်း၊ အညစ်အကြေးများ ဖယ်ရှားခြင်း၊ ထို့နောက် အရည်ကျိုခြင်း၊ ပုံဖော်ခြင်း၊ အအေးခံခြင်းနှင့် ပန်းပုထုဆစ်ခြင်း...
အဆင့်တိုင်းသည် အလွန်အမင်း သေချာတိကျသော်လည်း မြန်ဆန်လှပြီး သဘာဝကျကျ လှပကာ အားစိုက်ထုတ်စရာ မလိုသကဲ့သို့ ခံစားရစေသည်။
"ဒီကောင်ရဲ့ ပန်းပဲပညာက တကယ်ကို အထင်ကြီးစရာကောင်းလှပါလား… သူ့ရဲ့ ကျွမ်းကျင်မှုက တာအိုကိုတောင် ရရှိသွားသလိုပဲ..."
ဘေးဘက်ဆီမှ စွန်းဝူခုန်းက ရုတ်တရက် ဝင်ရောက်ပြောဆိုလာသည်။
စွန်းဝူခုန်းသည် ကျူးပါကျဲလောက် လူ့လောကအကြောင်း ဗဟုသုတ မကြွယ်ဝသော်လည်း ဗောဓိဆရာတော်ထံတွင် ကျင့်ကြံခဲ့ဖူးသူဖြစ်ရာ ဤကိစ္စရပ်များအပေါ်တွင် စူးရှသော အမြင်ရှိပေသည်။
"တကယ်ပါပဲ… သူက တကယ်ကို ထူးခြားပြောင်မြောက်ပြီး ခြွင်းချက်ဖြစ်တဲ့သူတစ်ယောက်ပဲ..."
ထူးထူးဆန်းဆန်းပင် ကျူးပါကျဲသည် စွန်းဝူခုန်းနှင့် ငြင်းခုံမနေတော့ဘဲ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုက်ယီ အစစ်အမှတ် နတ်မင်း နှစ်ပါးထံမှ ဤသို့သော မှတ်ချက်များကို ရရှိခြင်းက လီထျယ်၏ ပန်းပဲပညာသည် အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။
***