အခန်း ၃၂၅
Vol. 24 Ch. 325
အပိုင်း(၃၂၅)
လီထျယ်သည် ဤမီးသွေးကြေးနီအိုးကို ထုဆစ်ရာတွင် ထိုက်ကျိ ယင်ယန်အိုးထက်ပင် ပိုမိုဂရုစိုက်ကာ ပြုလုပ်နေကြောင်း အထင်အရှားပင် ဖြစ်သည်။
ယင်ယန်အိုးကို ထုဆစ်စဉ်က သံရည်ကျိုဆိုင်မှ ပန်းပဲဆရာများအားလုံးသည် မျက်လုံးများ ပြူးကျယ်ကာ စူးစူးစိုက်စိုက် ကြည့်ရှုနေခဲ့ကြသည်။ သို့သော် ယခု မီးသွေးကြေးနီအိုးကို ထုဆစ်နေချိန်တွင်မူ ထိုပန်းပဲဆရာများမှာ ဇဝေဇဝါဖြစ်ကာ ခေါင်းများမူးဝေလာကြပြီး ကြည့်ရှုလိုစိတ်များ လျင်မြန်စွာ ပျောက်ကွယ်သွားကြကာ မိမိတို့၏ ကိုယ်ပိုင်အလုပ်များကို လုပ်ဆောင်ရန် လှည့်ထွက်သွားကြလေတော့သည်။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ..."
ပန်းပဲဆရာများ တစ်ယောက်ပြီးတစ်ယောက် လူစုကွဲသွားကြသည်ကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် အနည်းငယ် အံ့သြသွားကာ တိုးညင်းသော အသံဖြင့် ရေရွတ်လိုက်သည်။
"သူဌေးက အခု တကယ်ကို အလေးအနက်ထားနေပြီ… ဒီနည်းစနစ်တွေက တာအိုအဆင့်နီးပါးကို ရောက်နေတာဆိုတော့ သူတို့ နားလည်နိုင်တဲ့ အရာမျိုး မဟုတ်ဘူးလေ… ဒါကြောင့် သူတို့ ဆက်ကြည့်နေရင်လည်း ဘာမှရလာမှာ မဟုတ်ဘူး..."
ကျန်းလျို၏ အံ့သြနေသော စကားများကို ကြားလိုက်ရသည့် အနီးနားရှိ ကြီးကြပ်ရေးမှူးတစ်ဦးက ဝင်ရောက်ရှင်းပြလေသည်။
"သြော်... ဒီလိုကိုး..."
ကျန်းလျိုသည် သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏ မျှော်လင့်ချက်များက ပို၍ပင် ကြီးမားလာခဲ့သည်။
မီးသွေးကြေးနီအိုးကို ထုဆစ်ရခြင်းက ယင်ယန်အိုးထက် များစွာ ပိုမိုခက်ခဲလှပေသည်။ ထို့ပြင် ယခုတစ်ကြိမ်တွင် လီထျယ်က ပိုမိုကောင်းမွန်သော ပစ္စည်းများကို အသုံးပြုကာ ပို၍ အာရုံစိုက်ထားကြောင်း အထင်အရှားပင် ဖြစ်သည်။
ထို့ကြောင့် ယခုတစ်ကြိမ် ထုဆစ်မှုက အချိန် နှစ်နာရီ အပြည့် ကြာမြင့်ခဲ့ပြီး ထိုအခါမှသာ ပြီးစီးသွားခဲ့လေသည်။
မီးသွေးကြေးနီအိုး၏ အနားကွပ်များတွင် နဂါးနှင့် ဖီးနစ်ငှက် ပုံစံများကို ထုဆစ်ထားပေသည်။ ဒီဇိုင်းပုံစံအရ မီးတောက်များကဲ့သို့ နီရဲနေသော နဂါးတစ်ကောင်က နဂါးမီးတောက်များကို မှုတ်ထုတ်နေပြီး အခြားတစ်ဖက်တွင်လည်း ထိုနည်းတူ နီရဲနေသော ဖီးနစ်ငှက်က ဖီးနစ်မီးတောက်များကို မှုတ်ထုတ်နေသည်ကို မြင်တွေ့ရပေသည်။ မီးသွေး တစ်စက်မျှ မထည့်ရသေးသော်လည်း အိုးဆီမှ ပြင်းထန်သော အပူရှိန်က ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ကျန်းလျိုသည် လီထျယ်က မီးသွေးကြေးနီအိုးကို ယူလာပေးမည့်အချိန်အထိ စောင့်မနေတော့ဘဲ သူကိုယ်တိုင် ရှေ့သို့တက်ကာ အိုးကို လှမ်းယူလိုက်လေသည်။
သူ၏ မျက်လုံးများက မီးသွေးကြေးနီအိုးပေါ်သို့ ကျရောက်သွားသည်နှင့် သက်ဆိုင်ရာ စွမ်းရည်အချက်အလက်များက သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။
နဂါးနှင့် ဖီးနစ် ယင်ယန်အိုး (ဒဏ္ဍာရီလာ အရည်အသွေး) - ဟင်းချက်ကိရိယာ၊ အရသာရှိမှု +၁၂၀%၊ ရနံ့ +၁၀၀%၊ အထူးစွမ်းရည် - မူးယစ်ယမ်းကားခြင်း၊ ကြံ့ခိုင်မှု ၈၈/၈၈။
နဂါးနှင့် ဖီးနစ် ယင်ယန်အိုး၏ စွမ်းရည်များကို မြင်လိုက်ရသောအခါ ကျန်းလျို၏ ရင်ထဲတွင် ကနဦး၌ ဝမ်းသာပျော်ရွှင်မှုတို့ ပြည့်နှက်သွားခဲ့သည်။ ဒဏ္ဍာရီလာ အရည်အသွေးရှိသော ဟင်းချက်ကိရိယာတစ်ခုသည် ဒဏ္ဍာရီလာဟု သတ်မှတ်ခံရသည်နှင့် အမှန်တကယ်ပင် ထိုက်တန်လှသည် မဟုတ်ပါလား။
အမှန်တကယ်ပင် အရသာရှိမှုနှင့် ရနံ့တို့ နှစ်ခုစလုံးက သိသိသာသာ မြင့်မားစွာ တိုးတက်နေခဲ့သည်။
သို့သော် နောက်ဆုံးရှိ အထူးစွမ်းရည်က ကျန်းလျို၏ နှုတ်ခမ်းများကို အနည်းငယ် တွန့်ကွေးသွားစေခဲ့သည်။
‘ဒီ မူးယစ်ယမ်းကားခြင်း ဆိုတဲ့ အထူးစွမ်းရည်က ဘာကိုဆိုလိုတာပါလိမ့်... သေချာပေါက် ပြဿနာတော့ မရှိလောက်ပါဘူးနော်...’
"ဒီအိုးကို နောက်ထပ် နည်းနည်းလောက် ပြုပြင်ဖို့ မလိုတော့ဘူး ဆိုတာ သေချာရဲ့လား… တစ်ခုခု မှားနေသလို ခံစားနေရလို့ပါ..."
ကျန်းလျိုသည် နှုတ်ခမ်းများကို အနည်းငယ် တွန့်ကွေးလျက် လီထျယ်အား ပြောလိုက်သည်။
"ဟားဟားဟား… ဒီအိုးက နည်းနည်းတော့ ထူးဆန်းတယ်… ဒါပေမဲ့ ဒါတွေအကုန်လုံးက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲလေ… ဆရာတော်လေးက ဒါအတွက် စိတ်ပူစရာ မလိုပါဘူး… ဘာပဲဖြစ်ဖြစ် အစားအစာတွေ အရသာရှိနေသရွေ့ အားလုံး အဆင်ပြေပါတယ်..."
ကျန်းလျို၏ စကားကို ကြားလိုက်ရသောအခါ လီထျယ်၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့သွားဟန် ပေါ်လာသော်လည်း ရယ်မောကာ ဖုံးကွယ်လိုက်လေသည်။ သူကိုယ်တိုင် ထုဆစ်ခဲ့သော နဂါးနှင့် ဖီးနစ် ယင်ယန်အိုး၏ အထူးစွမ်းရည်ကို သူ သိရှိနေကြောင်း အထင်အရှားပင် ဖြစ်သည်။
စကားဆုံးသည်နှင့် လီထျယ်က ဆက်နေမည့်အရိပ်အယောင် မပြတော့ချေ။ သူက လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
"ကဲ.... ကျုပ်က ဟင်းချက်ကိရိယာ နှစ်ခုကို ဆက်တိုက် ထုဆစ်ထားရတော့ နည်းနည်း ပင်ပန်းနေပြီ… ဒါကြောင့် သွားနားတော့မယ်..."
လီထျယ်သည် စကားပြောနေရင်းဖြင့် အဝေးသို့ လျင်မြန်စွာ လျှောက်သွားလေတော့သည်။
"နေပါဦး ဆရာကြီး… ဒီဟင်းချက်ကိရိယာ နှစ်ခုအတွက် ဘယ်လောက်ကျမလဲ..."
လီထျယ်ခပ်သုတ်သုတ် လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် ကျန်းလျိုက လှမ်းမေးလိုက်သည်။
"သင့်တော်သလို သာပေးခဲ့ပါတော့… သဘောရှိ ပေးနိုင်ပါတယ်..."
လီထျဲ့က ငွေကြေးကို မြေကြီးတစ်စစာမျှ ဂရုမစိုက်သည့်ဟန်ဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် အမြင်အာရုံထဲမှ ပျောက်ကွယ်သွားလေတော့သည်။
"ဒါက..."
သံရည်ကျိုဆိုင်မှ လူများသည် သူတို့ သူဌေး၏ အပြုအမူကို ကြည့်ကာ ဘာဖြစ်သွားမှန်း နားမလည်နိုင်ဘဲ လုံးဝကို ဇဝေဇဝါ ဖြစ်ကုန်ကြလေသည်။
"နဂါးနဲ့ ဖီးနစ် ယင်ယန်အိုးရဲ့ အထူးစွမ်းရည်က နည်းနည်း ပြဿနာရှိပုံပေါ်ပေမဲ့ စားသောက်တဲ့နေရာမှာတော့ အရမ်းကောင်းတဲ့ အာနိသင် ရှိနေတုန်းပဲလေ..."
သင့်တော်သလိုသာ ပေးခဲ့ရန် ပြောသွားသော လီထျယ်၏ စကားကို ကြားပြီးနောက် ကျန်းလျိုသည် တစ်ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။
ပြီးပြည့်စုံသော အရည်အသွေးနှင့် ဒဏ္ဍာရီလာ အရည်အသွေးရှိ အိုးများသည် အလွန်တန်ဖိုးကြီးမားပေသည်။ အနည်းငယ် စဉ်းစားပြီးနောက် ကျန်းလျိုသည် ရွှေတုံးကြီး ငါးတုံးကို ထုတ်ယူလိုက်သည်။
"ဒီမှာ ရွှေတုံးကြီး ငါးတုံးပါ… ဒါကို လက်ခအဖြစ် သတ်မှတ်လိုက်ပါ..."
စကားပြောအပြီးတွင် ကျန်းလျိုသည် ရွှေတုံးကြီး ငါးတုံးကို ကြီးကြပ်ရေးမှူး၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ပြီး အချိန်ဆွဲမနေတော့ချေ။ သူသည် လှည့်ထွက်ကာ စွန်းဝူခုန်းတို့နှင့်အတူ ထွက်ခွာသွားလေတော့သည်။
သူဌေးကိုယ်တိုင်က သင့်တော်သလိုသာ ပေးခဲ့ရန် ပြောခဲ့သော်လည်း ရွှေတုံးကြီး ငါးတုံးကို ဒီအတိုင်း ပေးခဲ့သည်တဲ့လား။
"တကယ့်ကို ရက်ရောလွန်းတာပဲ..."
ကြီးကြပ်ရေးမှူးမှာ စိတ်ထဲမှ အလွန်အမင်း အံ့သြသွားခဲ့ပြီးနောက် သူ၏ သူဌေးထံ သွားရောက် သတင်းပို့ရန် လှည့်ထွက်သွားလေတော့သည်။
"ဒီလက်ကတော့ ဒုက္ခပါပဲ… ဟူး... ဒီနေ့တော့ တကယ်ကို မျက်နှာပျက်ရတာပဲ..."
သံရည်ကျိုဆိုင်၏ အနောက်ဘက်အခန်းထဲတွင် လီထျယ်တစ်ယောက်တည်း ရှိနေပြီး သူ၏ ဘယ်လက်ကို ညာလက်ဖြင့် ရိုက်လိုက်၊ ညာလက်ကို ဘယ်လက်ဖြင့် ရိုက်လိုက် လုပ်နေလေသည်။ သူ၏လက်ကိုသူ အကြိမ်အနည်းငယ် ရိုက်ပုတ်ပြီးနောက် လီထျယ်သည် အလွန်အမင်း ရှက်ရွံ့မှုတို့ လွှမ်းမိုးလာသည်ကို ခံစားလိုက်ရသည်။
အတွေ့အကြုံမရှိသူက အတွေ့အကြုံရှိသူကို ကြောက်ရပြီး၊ အတွေ့အကြုံရှိသူက ကျွမ်းကျင်သူကို ကြောက်ရကာ၊ ကျွမ်းကျင်သူကတော့ အမှားလုပ်မိမှာကို ကြောက်ရတယ်ဆိုသော ဆိုရိုးစကားအတိုင်းပင် ဖြစ်ပေသည်။
လီထျယ်၏ အမြင်တွင်မူ သူသည် ဒုတိယမြောက် နဂါးနှင့် ဖီးနစ် ယင်ယန်အိုးကို ထုဆစ်ရာ၌ အမှားတစ်ခု ပြုလုပ်မိသွားခဲ့သည်။ အထူးသဖြင့် ဆရာတော်လေး၏ စူးရှသော အကဲခတ်နိုင်စွမ်းက ထိုအမှားကို ချက်ချင်း ဖမ်းမိသွားဟန်ရှိသဖြင့် လီထျယ်မှာ ဆက်နေရန် အလွန်အမင်း ရှက်ရွံ့သွားခဲ့ပြီး လှည့်ကာ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။
ဒေါက်... ဒေါက်... ဒေါက်...
လီထျဲ့တစ်ယောက် သူ၏အမှားအတွက် သူ့ကိုယ်သူ အပြစ်တင်နေစဉ်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့ပြီး ကြီးကြပ်ရေးမှူးက ရွှေတုံးကြီး ငါးတုံးကို ကိုင်ဆောင်လျက် ဝင်ရောက်လာခဲ့သည်။
"သူဌေး... ခုနက ဆရာတော်လေးက ပြန်ထွက်သွားပါပြီ… ပြီးတော့ လက်ခအဖြစ် ဒီရွှေတုံးကြီး ငါးတုံးကို ထားခဲ့တယ်..."
"တကယ့်ကို ရက်ရောလွန်းတဲ့ ပေးကမ်းမှုပဲ… တစ်တုံးကို ဆယ်ကျပ်သားဆိုတော့ ငါးတုံးဆိုရင် ရွှေငါးဆယ်ကျပ်သား အပြည့်ပဲကိုး..."
ကြီးကြပ်ရေးမှူး၏ လက်ထဲရှိ ရွှေများကို မြင်လိုက်ရသောအခါ လီထျယ်မှာ အလွန်အံ့သြသွားခဲ့သလို အပြစ်မကင်းသလိုလည်း ခံစားလိုက်ရလေသည်။
အကယ်၍သာ အမှားတစ်ခုမှ မလုပ်မိခဲ့လျှင် ရွှေငါးဆယ်ကျပ်သားဆိုသည့် တန်ဖိုးက ထိုက်တန်လှပေသည်။ သို့သော် အမှားတစ်ခု ပြုလုပ်မိသွားခဲ့ပြီဖြစ်ရာ ယခုအခါတွင် ရွှေငါးဆယ်ကျပ်သားနှင့် မတန်တော့သလို ခံစားရလေသည်။
သို့သော်လည်း မည်သို့ပင်ဖြစ်စေ သူက တစ်ဖက်လူကို သင့်တော်သလိုသာ ပေးခဲ့ရန် ပြောခဲ့ပြီး တစ်ဖက်လူကလည်း သူ၏ သဘောဆန္ဒအလျောက် ရွှေငါးဆယ်ကျပ်သား ပေးခဲ့ခြင်းဖြစ်ရာ ဒါက လီထျယ်၏ ပြဿနာတော့ မဟုတ်ပေဘူး မဟုတ်လော။
ထိုသို့ တွေးလိုက်မိသောအခါ လီထျယ်သည် အနည်းငယ် နေသာထိုင်သာ ရှိသွားကာ ရွှေငါးဆယ်ကျပ်သားကို သိမ်းဆည်းထားရန် ကြီးကြပ်ရေးမှူးအား ညွှန်ကြားလိုက်လေသည်။
***