အခန်း ၃၂၆
Vol. 24 Ch. 326
အပိုင်း(၃၂၆)
ဟင်းချက်ကိရိယာ နှစ်ခုကို ရရှိပြီးနောက် ကျန်းလျိုနှင့် စွန်းဝူခုန်းတို့သည် တော်ဝင်မြို့တော်မှ ထွက်ခွာလာခဲ့ကြလေပြီ။
"ဆရာတော်... အခု အိုးတွေလည်း ရပြီဆိုတော့ ဘယ်တော့လောက်များ နောက်ထပ် အစားကောင်း တစ်နပ်လောက် စားရမလဲ..."
ကျူးပါကျဲက မျှော်လင့်ချက်များ တောက်ပနေသော မျက်လုံးများဖြင့် ကျန်းလျိုအား စိတ်အားထက်သန်စွာ မေးလိုက်သည်။
သူ၏ ဆရာတော်ထံတွင် အလွန်ကောင်းမွန်သော ဟင်းချက်စွမ်းရည်များ ရှိနေသည့်အပြင် ယခုအခါ အရည်အသွေးမြင့် အိုးအသစ်များနှင့် ပေါင်းစပ်လိုက်လျှင် မည်သို့ရှိမည်ကို ကျူးပါကျဲမှာ ကြိုတင်၍ပင် မျှော်လင့်နေခဲ့ပြီ ဖြစ်သည်။ သူတို့ တွေ့ဆုံခဲ့ရသော ထိုလူ၏ ပန်းပဲပညာ ကျွမ်းကျင်မှုများကို ထည့်သွင်းစဉ်းစားကြည့်လျှင် အကယ်၍သာ သူက မှော်လက်နက် တစ်ခုကို ထုဆစ်မည်ဆိုပါက ထိုအရည်အသွေးသည်လည်း ဆိုးရွားမည် မဟုတ်ကြောင်း သိသာလှပေသည်။ ထိုကဲ့သို့ မှော်လက်နက် တစ်ခုနှင့်တူသော ဟင်းချက်ကိရိယာက အစားအစာများကို မည်မျှအထိ ပိုမိုကောင်းမွန်သွားစေမည်ကို တွေးကြည့်ရုံဖြင့် သိချင်စိတ် ပြင်းပြလာစေသည်။
"မလောပါနဲ့… မကြာခင် စားရမှာပါ… လောလောဆယ်တော့ အနီးအနားက မိစ္ဆာတချို့နဲ့ အရင်သွားတွေ့ကြရအောင်..."
ကျန်းလျိုက ခေါင်းခါယမ်းလျက် ပြန်ဖြေလိုက်သည်။
သူတို့က ဤနေရာမှ ဖြတ်သန်းသွားမည်ဖြစ်ရာ ဝတ်ရုံဝါ မိစ္ဆာ၏ အခြေအနေကို သွားရောက် စစ်ဆေးလိုခြင်းမှာ ကျန်းလျိုအတွက် သဘာဝကျလှပေသည်။ ထိုမိစ္ဆာ မည်သူမည်ဝါဖြစ်ကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြသရန် သူ မလောသေးချေ။ ၎င်း၏ အခြေအနေကို အရင်ဆုံး အကဲခတ်လိုသေးသည်။
တော်ဝင်မြို့တော်ထဲမှ ထွက်လာပြီးနောက် စွန်းဝူခုန်းသည် ဘာလုပ်ရမည်ကို ချက်ချင်း သိလိုက်သည်။ သူက ခြေကို ဆောင့်လိုက်ကာ ခေါ်လိုက်လေသည်။
"မြေစောင့်နတ်..."
ကျင့်သားရနေသော ဟန်ပန်ဖြင့် စွန်းဝူခုန်းသည် သူတို့၏ ခရီးစဉ်တစ်လျှောက် မြေစောင့်နတ်ကို ခေါ်ယူရာတွင် အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။
"နေဦး ဝူခုန်း..."
သို့သော် ကျန်းလျိုက ခေါင်းခါယမ်းကာ သူ့ကို တားဆီးလိုက်သည်။ မြေစောင့်နတ်သည် သူတို့၏ နယ်မြေကို အုပ်ချုပ်ရသည် မှန်သော်လည်း သူတို့သည် အနိမ့်ဆုံးအဆင့်ရှိ မြေကမ္ဘာနတ်မင်း များသာ ဖြစ်ကြသည်။ ဝတ်ရုံဝါ မိစ္ဆာမှာ ခွေမုဝံပုလွေ ဝင်စားခြင်း ဖြစ်ပေသည်။ သူတို့အနေဖြင့် မြေစောင့်နတ်ကို မေးမြန်းမည်ဆိုလျှင်တောင်မှ ခွေမုဝံပုလွေ၏ လက်ရှိအခြေအနေကို သူတို့ သိနိုင်မည် မဟုတ်ချေ။
မြေစောင့်နတ်ထံမှ ဝတ်ရုံဝါ မိစ္ဆာ၏ အခြေအနေနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုခြင်းမှာ မဖြစ်နိုင်သော အရာတစ်ခု ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဝတ်ရုံဝါ မိစ္ဆာသည် လူ့လောကသို့ လျှို့ဝှက်စွာ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ မြေစောင့်နတ်ကသာ သူ့ကို ခွဲခြားသိမြင်နိုင်မည်ဆိုလျှင် သူက ဘာအတွက်ကြောင့် ခိုးကြောင်ခိုးဝှက် လုပ်နေတော့မည်နည်း။ သူ့ကို ကျောက်စိမ်းဧကရာဇ်က ဖမ်းဆီးသွားသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် စွန်းဝူခုန်းက မြေစောင့်နတ်ကို ခေါ်ယူကာ ဝတ်ရုံဝါ မိစ္ဆာ၏ တည်နေရာကို စုံစမ်းမေးမြန်းရန် ရည်ရွယ်နေသည်ကို မြင်လိုက်ရသောအခါ ကျန်းလျိုက သူ့ကို ချက်ချင်းပင် တားဆီးလိုက်ခြင်း ဖြစ်သည်။
"ဆရာတော်... ကျွန်တော်တို့က မြေစောင့်နတ်ကို မမေးဘူးဆိုရင် အဲဒီ မိစ္ဆာဆိုးရဲ့ တည်နေရာကို ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ..."
စွန်းဝူခုန်းက အနည်းငယ် ဇဝေဇဝါဖြစ်နေသော မျက်နှာထားဖြင့် ကျန်းလျိုအား မေးလိုက်သည်။
"ဘာတတ်နိုင်မှာလဲ… ဖြည်းဖြည်းချင်းပဲ ရှာကြတာပေါ့..."
ကျန်းလျိုက လက်နှစ်ဖက်ကို ဖြန့်ကားလျက် ကူကယ်ရာမဲ့နေသော အမူအရာဖြင့် ပြောလိုက်သည်။
"ဟာ... ဒီလို ရည်ရွယ်ချက်မရှိဘဲ လိုက်ရှာနေရမှာလား… ဘယ်တော့ ရှာတွေ့မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ… ဒါက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသလိုမျိုး ဖြစ်မနေဘူးလား..."
ကျူးပါကျဲက ထိုစကားကို ကြားသောအခါ တိုးညင်းသော အသံဖြင့် ညည်းတွားလိုက်သည်။
"အဟွတ် အဟွတ်... အဆင်ပြေပါတယ်… မလောပါနဲ့… အချိန်ယူပြီး သေချာလေး လိုက်ရှာကြတာပေါ့..."
မည်သို့ပင်ဆိုစေကာမူ ကျူးပါကျဲ၏ ညည်းတွားသံမှာ မပြောဘဲနေလျှင် ပိုကောင်းမည်ထင်ရသည်။ အဘယ်ကြောင့်ဆိုသော် သူပြောပြီးနောက်တွင် ကျန်းလျို၏ မျက်လုံးများက ပို၍ပင် တောက်ပလာခဲ့သောကြောင့် ဖြစ်သည်။
အမှန်တကယ်ပင် ကျန်းလျိုအတွက်မူ တစ်စုံတစ်ရာအပေါ် အချိန်ပေးရခြင်းက မည်သည့်အခါမျှ ပြဿနာတစ်ခုဟု မခံစားရပေ။
ထို့ပြင် ဝတ်ရုံဝါ မိစ္ဆာသည် ပိုင်ဟွာရှို့ကို ဆယ်နှစ်ကျော်ကြာ ဖမ်းဆီးထားခဲ့သော်လည်း ကျန်းလျို၏ အမြင်တွင် ဝတ်ရုံဝါ မိစ္ဆာမှာ ရတနာဆင် တိုင်းပြည်၏ တော်ဝင်မြို့တော်နှင့် သိပ်အဝေးကြီးတွင် ရှိမနေနိုင်ဟု ထင်မြင်ထားသည်။ အကယ်၍ သူတို့သာ အချိန်ပိုပေးကာ ရှာဖွေမည်ဆိုပါက နောက်ဆုံးတွင် ထိုမိစ္ဆာကို ရှာတွေ့မည်ဟု ယုံကြည်ထားလေသည်။
...
ရည်ရွယ်ချက်မရှိဘဲ လိုက်လံရှာဖွေရခြင်းက တကယ်တော့ မလွယ်ကူလှချေ။ သူတို့သည် အချိန်အတော်ကြာ လိုက်ရှာခဲ့သော်လည်း ဝတ်ရုံဝါ မိစ္ဆာ၏ အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။
ညနေစောင်းချိန်သို့ ရောက်သောအခါ ကျူးပါကျဲက ပင်ပန်းကြောင်း အသံကျယ်ကြီးဖြင့် ညည်းညူလိုက်ပြီး တစ်ချိန်တည်းမှာပင် ကျန်းလျိုအား မျှော်လင့်တကြီး မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
"ဆရာတော်... မိုးလည်း ချုပ်နေပြီ… ဒီနေ့အတွက် နားကြရအောင်..."
ကျူးပါကျဲ၏ ပင်ပန်းကြောင်း ညည်းညူသံများအပြီးတွင် စွန်းဝူခုန်း၏ မျက်လုံးများကလည်း တောက်ပလာကာ ကျန်းလျိုအား ကြည့်လိုက်သည်။ အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ရသော ဟင်းရည်အိုးကြီးကို နောက်ဆုံးတွင် ပြုလုပ်ပြီးစီးသွားခဲ့ပြီ မဟုတ်ပါလား။
အခြားတစ်ဖက်တွင်မူ ရှားဝူကျင်းမှာ အကျပ်ရိုက်ကာ ဒွိဟဖြစ်နေဟန် ပေါ်လေသည်။
တစ်ဖက်တွင်လည်း အရက်သောက်ခြင်းနှင့် အသားစားခြင်းသည် ဘုန်းတော်ကြီးတစ်ပါးအတွက် အလွန်မှားယွင်းသော လုပ်ရပ်ဖြစ်ပြီး ရှောင်ကြဉ်သင့်သည်ဟု သူက ခံစားနေရသည်။
သို့သော် အခြားတစ်ဖက်တွင်မူ ရှားဝူကျင်းသည် သည်ညစားရမည့် ယွင်ယန်အိုးအတွက် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပြီး တံတွေးများကိုပင် မမြိုချဘဲ မနေနိုင်တော့ပေ။ ထို့ကြောင့် သူသည် မည်သို့ ဆုံးဖြတ်ရမှန်းမသိဘဲ ခက်ခဲသော အခြေအနေတစ်ခုသို့ ကျရောက်နေလေသည်။
"ကောင်းပြီ ဝူခုန်း… ဒီညစာအတွက် ယင်ယန်အိုးကို သုံးကြတာပေါ့..."
ကျန်းလျိုက ခေါင်းညိတ်လိုက်သည်။ သူသည်လည်း အိုးနှစ်လုံး၏ စွမ်းရည်များကို အနည်းငယ် သိချင်နေခဲ့ပြီး စမ်းသပ်ကြည့်လိုနေလေသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယင်ယန်အိုး၏ 'စေတနာ' ဆိုသည့် အထူးစွမ်းရည်က ပို၍ တည်ငြိမ်မှုရှိသည်ဟု ထင်ရပေသည်။
"ယင်ယန်အိုးနဲ့ စားကြမယ်ပေါ့... ကောင်းပြီလေ… ဒါဆို တပည့်စွန်းက ဇီရှားနတ်သမီးကို ကျွန်တော်တို့နဲ့အတူ စားဖို့ သွားဖိတ်လိုက်မယ်..."
ကျန်းလျို၏ စကားကို ကြားသောအခါ စွန်းဝူခုန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဟီးဟီး... အစ်ကိုကြီး… ခင်ဗျားနဲ့ ဇီရှားနတ်သမီးကြားမှာ ဘာမှမရှိပါဘူးလို့ ပြောနေတုန်းပဲလား… အစားကောင်းလေး ရှိတာနဲ့ ချက်ချင်း သူ့ကို သတိရနေပြီပဲ..."
စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကျူးပါကျဲက လှောင်ပြောင်သရော်သည့် လေသံဖြင့် နောက်ပြောင်လိုက်သည်။
"မင်းလို သစ်တုံးခေါင်းနဲ့ကောင်က မေ့သွားပြီလား… ပြီးခဲ့တဲ့တစ်ခေါက် ဇီရှားနတ်သမီးကို ပြန်ပို့တုန်းက ဆရာတော်ကိုယ်တိုင် ပြောခဲ့တာလေ… ယင်ယန်အိုးလေး အဆင်သင့်ဖြစ်တာနဲ့ သူ့ကို အတူတူစားဖို့ ဖိတ်မယ်လို့ ပြောခဲ့တာပဲ… ဆရာတော်က ကတိတည်တဲ့သူတစ်ယောက်လေ… ဆရာတော်က မေ့နေခဲ့ရင်တောင်မှ ငါက သတိပေးရမှာပေါ့..."
စွန်းဝူခုန်းက ကျူးပါကျဲအား အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"အင်း... ဝူခုန်းရဲ့ စကားက ငါ့ကို သတိရသွားစေတယ်… ငါ တကယ်ကို မေ့နေခဲ့တာ… မင်း မှတ်မိနေတာ ကောင်းပါတယ်..."
ကျန်းလျိုက ထိုစကားကို ကြားသောအခါ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သို့သော် ကျန်းလျိုသည် စွန်းဝူခုန်းအား ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူပြောလိုက်သော စကားများသည် နက်နဲသော အဓိပ္ပာယ်တစ်ရပ် ပါဝင်နေသကဲ့သို့ ရှိနေလေသည်။
"မဆိုးဘူး ဟားဟား... အစ်ကိုကြီး… ဆရာတော်ကိုယ်တိုင်တောင် မေ့နေတာကို ခင်ဗျားက မှတ်မိနေတယ်ဆိုတာ တကယ်ကို အံ့သြစရာပဲ..."
ကျူးပါကျဲသည် ကျန်းလျို၏ စကားများထဲမှ နောက်ပြောင်လိုသော အရိပ်အယောင်ကို ရှင်းလင်းစွာ ဖမ်းမိသွားပြီး စွန်းဝူခုန်းအား နောက်ပြောင်ရင်း အသံထွက်ကာ ရယ်မောလိုက်သည်။
"ဆရာတော်... ဆရာတော်ပါ ကျွန်တော့်ကို လှောင်ပြောင်နေတာလား… ဒါဆိုရင်လည်း ကျွန်တော် မသွားတော့ဘူး… ဘာပဲဖြစ်ဖြစ် ကတိဖျက်တဲ့သူက ဆရာတော်ပဲလေ..."
ကျန်းလျိုနှင့် ကျူးပါကျဲတို့၏ အပြန်အလှန် စကားပြောသံများကို ကြားလိုက်ရသောအခါ စွန်းဝူခုန်းမှာ အနည်းငယ် ရှက်ရွံ့သွားပြီး သူ၏ ပါးသည်လည်း နီရဲသွားကာ နောက်ဆုံးတွင် ဘေးဘက်သို့ ဝင်ထိုင်နေလိုက်လေတော့သည်။
"ကောင်းပြီ ဝူခုန်း… သွားသာသွားပါ မြန်မြန်ပြန်လာခဲ့ပေါ့..."
စွန်းဝူခုန်း၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ကျန်းလျိုက ရယ်မောလျက် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ကျန်းလျိုသည် တစ်ခဏမျှ ရပ်တန့်ကာ ဆက်ပြောလိုက်သည်။
"ဒါနဲ့ စကားမစပ်… မင်းရဲ့ ပြီးခဲ့တဲ့တစ်ခေါက်က သူငယ်ချင်းနဲ့ တွေ့ခဲ့ရင် သူ့ကိုပါ တစ်ခါတည်း ဖိတ်ခဲ့လိုက်ပါ… ဘာပဲဖြစ်ဖြစ် သူက ငါတို့ကို လက်ဆောင်ကြီး ပေးထားခဲ့တာဆိုတော့ သူ့ကို အစားအသောက် အကြိမ်ကြိမ် ကျွေးမွေးတာကလည်း ယဉ်ကျေးမှုတစ်ရပ်ပါပဲ..."
"ဟုတ်ကဲ့ပါ ဆရာတော်..."
တတိယမင်းသား နီကျားကိုပါ ဖိတ်ခေါ်ရန် ညွှန်ကြားလိုက်သော ကျန်းလျို၏ စကားကို ကြားသောအခါ စွန်းဝူခုန်းသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။
စကားပြောနေရင်းဖြင့်ပင် သူသည် လေပေါ်သို့ ခုန်တက်လိုက်ပြီး ကောင်းကင်တိမ်တိုက်ကို အသုံးပြုကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကုပ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားလေတော့သည်။
ဟောပေါ့အိုး အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရသည်မှာ အားစိုက်ထုတ်မှု အချို့တော့ လိုအပ်ပေသည်။ တစ်နှစ်ပတ်လုံး ဟောပေါ့အိုး စားသုံးလေ့ရှိသူ တစ်ယောက်အနေဖြင့် ‘နတ်စံအိမ်တော်' ထဲတွင် လိုအပ်သော စားပွဲများနှင့် ကုလားထိုင်များ အပြည့်အစုံ ရှိနေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
ဟင်းရည်အတွက် အရိုးကြီးများကို ပြုတ်ကာ ငရုတ်သီးများ ထည့်လိုက်သောအခါ ထိုက်ကျိ ယင်ယန်အိုးထဲရှိ ဟင်းရည်မှာ လျင်မြန်စွာပင် အသင့်ဖြစ်သွားခဲ့သည်။
နှစ်ခုစလုံးသည် အရိုးပြုတ်ရည်ကို အခြေခံထားခြင်း ဖြစ်ပြီး တစ်ဝက်ကို လတ်ဆတ်သော ပင်လယ်စာဟင်းရည်အဖြစ် အသုံးပြုကာ အခြားတစ်ဝက်ကိုမူ အစပ်ဟင်းရည်အဖြစ် အသုံးပြုထားသည်။ ထိုက်ကျိ ယင်ယန်အိုး၏ အစွမ်းကြောင့် ဖြစ်မည်ထင်သည်။ ပါဝင်ပစ္စည်းများ မထည့်ရသေးခင်မှာပင် ဟင်းရည်ချည်းသက်သက်က အလွန်အမင်း အရသာရှိနေပုံ ပေါ်လေသည်။
ကျူးပါကျဲသည် အလုပ်ရှုပ်နေရင်းဖြင့် ထိုဟင်းရည်အိုးကြီးကို ကြည့်ကာ တံတွေးများ ကျဆင်းနေခဲ့ပြီး ဟင်းရည်အားလုံးကို သူအရင် သောက်လိုက်ချင်စိတ်များ ပေါက်နေခဲ့သည်။
အမှန်တကယ်ပင် မှော်လက်နက်တစ်ခုကဲ့သို့ အသစ်ထုဆစ်ထားသော ဤအိုးနှင့် ဆရာတော်၏ ဟင်းချက်စွမ်းရည်တို့ ပေါင်းစပ်လိုက်သောအခါ လောကတွင် နံပါတ်တစ် အကောင်းဆုံး အစားအစာ ဖြစ်လာခဲ့ပေသည်။
***