အခန်း ၃၂၈
Vol. 24 Ch. 328
အပိုင်း(၃၂၈)
"မှော်လက်နက်တွေ ထုဆစ်တာလား..."
ကျန်းလျို၏ မေးခွန်းကို ကြားသောအခါ ကျူးပါကျဲ၏ အာရုံသည် ဟောပေါ့အိုးဆီမှ ပြောင်းလဲသွားပြီး ဘာမျှမစဉ်းစားဘဲ ချက်ချင်း ပြောလိုက်သည်။
"အစွမ်းအထက်ဆုံးကတော့ သေချာပေါက် ထိုက်ရှန်းလောင်ကျွင်း (တာအိုဘိုးဘိုးကြီး) ပဲပေါ့… သူရဲ့ ရွှေရောင်ဆေးလုံးတွေက ဘုံသုံးပါးနဲ့ လမ်းကြောင်းခြောက်သွယ်မှာ အကောင်းဆုံးဆိုပြီး အသိအမှတ်ပြုခံထားရတာ… ဆေးဖော်စပ်တာအပြင် သူ ထုဆစ်တဲ့ မှော်လက်နက်တွေကလည်း ထိပ်တန်းအဆင့်တွေချည်းပဲ..."
"အင်း... ဒါလည်း ဟုတ်တာပဲ..."
ကျူးပါကျဲ၏ မှတ်ချက်ကြောင့် ကျန်းလျိုသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။
မူလဇာတ်လမ်းကို ပြန်ကြည့်မည်ဆိုလျှင် ထိုက်ရှန်းလောင်ကျွင်း၏ အိမ်တော်မှ ထွက်ပေါ်လာသော မှော်လက်နက်တိုင်းသည် အလွန်အမင်း စွမ်းအားကြီးမားကြောင်း တွေ့ရပေသည်။
ဥပမာအားဖြင့် နာမည်ခေါ်လိုက်၍ ထူးလိုက်သည်နှင့် လူများကို စုပ်ယူသွားမည့် ခရမ်းရွှေဘူးသီးကဲ့သို့သော အရာမျိုး ဖြစ်သည်။ ၎င်းက မိမိ၏ စွမ်းရည် နိမ့်ကျနေလျှင်တောင်မှ အခြားသူများကို အနိုင်ယူကာ အောင်ပွဲခံနိုင်စွမ်းရှိသော အလွန်အစွမ်းထက်သည့် ရတနာတစ်ခု ဖြစ်ပေသည်။
ထို့ပြင် နတ်ကြိုးကဲ့သို့သော လက်နက်မျိုး၊ ထိုကြိုးဖြင့် ချည်နှောင်ခံရပြီဆိုပါက မည်သူမဆို လုံးဝ ခုခံနိုင်စွမ်း မရှိတော့ချေ။ ထိုက်ရှန်းလောင်ကျွင်းသည် မီးမွှေးရန်အတွက်သာ အသုံးပြုသော ငှက်ပျောယပ်တောင် ကဲ့သို့သော လက်နက်မျိုး၊ လောကရှိ လက်နက်အားလုံးကို ဖမ်းယူနိုင်စွမ်းရှိသော ဝရဇိန်လက်ကောက် ကဲ့သို့သော လက်နက်မျိုးတို့ ဖြစ်ကြသည်။ စွန်းဝူခုန်းသည် ကောင်းကင်နတ်မင်းများ အားလုံးကို အကူအညီတောင်းကာ ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပြီး ရတနာအားလုံးကို ထိုလက်ကောက်က စုပ်ယူသွားခဲ့သည် မဟုတ်ပါလား။
"ကျွန်တော်ရဲ့ ဒီထွန်ခြစ်ကလည်း ထိုက်ရှန်းလောင်ကျွင်း ကိုယ်တိုင် ထုဆစ်ပေးထားတာပဲ… ကောင်းကင်ဘုံမှာဆိုရင် ဒါက သေချာပေါက် ထိပ်တန်းအဆင့် မှော်လက်နက်တွေထဲက တစ်ခုပဲ..."
ထို့နောက် ကျူးပါကျဲက ဆက်ပြောလိုက်သည်။
"ဒီထွန်ခြစ်ကို ထိုက်ရှန်းလောင်ကျွင်း ကိုယ်တိုင်က နတ်ဘုရား ရေခဲသံမဏိတွေကို အသုံးပြုပြီး ဘုံလောကတွေရဲ့ အမြင့်မြတ်ဆုံး စွမ်းအင်တွေနဲ့ သီလတရားတွေ ကောင်းကင်ဘုံကိုးလွှာက မိုးကြိုးနတ်မင်း ကောင်းကင်ဂါထာတွေနဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကို အငှားချပြီး ရက်ပေါင်း လေးဆယ့်ကိုးရက်တိတိ ထုဆစ်ခဲ့လို့ အောင်မြင်စွာ ပြီးမြောက်ခဲ့တာပဲ..."
"တကယ့် ရတနာပဲ… အစ်ကိုကြီးရဲ့ ရွှေတုတ်ထက်တောင် ပိုပြီးတော့ အစွမ်းထက်နေသေးတယ်..."
တိတ်ဆိတ်နေသော ရှားဝူကျင်းသည် ကျူးပါကျဲ၏ စကားကို ကြားသောအခါ ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်သည်။
‘တကယ်ပဲ အကောင်းဆုံး ရတနာပါပဲ… အလေးချိန်က ရွှေတုတ်ရဲ့ ထက်ဝက်တောင် မရှိဘူး ဆိုပေမဲ့… အရည်အသွေးပိုင်းမှာတော့ ရွှေတုတ်ထက် တကယ်ကို ပိုပြီး အစွမ်းထက်နေတာပဲ...’
ရွှေတုတ်နှင့် ကိုးသွား ထွန်ခြစ်တို့၏ စွမ်းရည်များကို အကဲဖြတ်စစ်ဆေးဖူးပြီးဖြစ်သော ကျန်းလျိုသည်လည်း စိတ်ထဲမှ ခေါင်းညိတ်လိုက်လေသည်။
ဤခက်ရင်းခွံ၏ အရည်အသွေးသည် အမှန်တကယ်ပင် ရွှေတုတ်ထက် ပိုမိုမြင့်မားလှပေသည်။
"ဒုတိယ အစ်ကိုကြီး... ဒီထွန်ခြစ်က အကောင်းဆုံး ရတနာတစ်ခုပဲ… နောင်တော်ပြောတာကို နားထောင်ကြည့်ရတာ တာအိုဘိုးဘိုးကြီးက ဒါကို ထုဆစ်ဖို့ အတော်လေး အားစိုက်ထုတ်ခဲ့ပုံရတယ်… ထျန်းဖုန် စစ်သူကြီးက အခုအချိန်အထိ မျက်နှာပန်း လှနေတုန်းပဲ ထင်ပါရဲ့..."
ရှားဝူကျင်းက ဆက်၍ ပြောလိုက်၏။
"မဟုတ်ဘူး ညီလေးရှား... မင်း အထင်လွဲနေပြီ..."
သို့သော် ရှားဝူကျင်း၏ စဉ်းစားဟန်ဖြင့် မှတ်ချက်ချမှုကို ရင်ဆိုင်လိုက်ရသောအခါ ကျူးပါကျဲက ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
"ထျန်းဖုန် စစ်သူကြီးရဲ့ အဆင့်အတန်းက မြင့်မားတယ်ဆိုပေမဲ့ ဒီရာထူးသက်သက်ကိုပဲ အားကိုးပြီး တာအိုဘိုးဘိုးကြီးကို လက်နက် ထုဆစ်ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး… ဘာပဲဖြစ်ဖြစ် တာအိုဘိုးဘိုးကြီးက သာမန်လောကကနေ လွတ်ကင်းနေတဲ့သူမို့လို့ ကျောက်စိမ်းဧကရာဇ် ကိုယ်တိုင်ကတောင် သူ့ကို အရိုအသေပေးရတယ်လေ..."
"ဒါဆို ဒုတိယ အစ်ကိုကြီးက ဘယ်လိုလုပ်ပြီး စွမ်းဆောင်နိုင်ခဲ့တာလဲ..."
ကျူးပါကျဲ၏ စကားကြောင့် ရှားဝူကျင်းက ခေါင်းညိတ်လိုက်ပြီး ပို၍ပင် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
ကျောက်စိမ်းဧကရာဇ်၏ အနီးပါးတွင် ခစားခဲ့ရသော ကျွမ်လျန် စစ်သူကြီး တစ်ဦးအနေဖြင့် ထိုက်ရှန်းလောင်ကျွင်း၏ အဆင့်အတန်းမှာ မည်မျှ ကြီးကျယ်မြင့်မြတ်ကြောင်း ရှားဝူကျင်း သိရှိထားပေသည်။
"ဘာလို့လဲဆိုတော့ ငါက တာအိုဘိုးဘိုးကြီးရဲ့ တပည့်တစ်ပိုင်း လိုမျိုး ဖြစ်နေလို့ပဲ..."
တစ်ခဏမျှ စဉ်းစားပြီးနောက် ကျူးပါကျဲသည် သူ၏ ဇာစ်မြစ်နှင့် ပတ်သက်၍ အမှန်အတိုင်း ပြောပြလိုက်လေသည်။
"တပည့်တစ်ယောက်..."
ထိုစကားကို ကြားသောအခါ ကျွမ်လျန် စစ်သူကြီးသည် အနည်းငယ် တုန်လှုပ်သွားကာ သူ့အား မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျွန်တော် သိထားသလောက်ဆိုရင် တာအိုဘိုးဘိုးကြီးက ဘယ်တုန်းကမှ တပည့် လက်မခံခဲ့ဘူးလေ… တပည့်တစ်ပိုင်းဆိုတာက ဘယ်လိုလုပ် ရှိနိုင်မှာလဲ...”
"ဒါတွေကတော့ ငါ ဝက်ကြီး မပြောတာပဲ ပိုကောင်းမယ်..."
ခေါင်းကိုကုတ်ရင်း ကျူးပါကျဲက ဟီးဟီးဟားဟား ရယ်မောလိုက်ကာ စကားဆက်ပြောရန် ရည်ရွယ်ချက် မရှိတော့ပေ။
"တပည့်တစ်ပိုင်း ဆိုပါလား..."
သို့သော် ဤစကားများကြောင့် ကျန်းလျိုမှာ စိတ်လှုပ်ရှားသွားခဲ့ရသည်။ ဒဏ္ဍာရီများအရ ထိုက်ရှန်းလောင်ကျွင်းသည် ပညာရှိကြီး လောင်ဇီ အသွင်ပြောင်းထားသော ကိုယ်ပွားတစ်ခုဖြစ်ပုံရသည်။ လောင်ဇီ၏ လူသားဂိုဏ်းတွင် ရွှမ်တူး ဟူသော တပည့်တစ်ယောက်တည်းသာ ရှိလေသည်။ ကျူးပါကျဲ၏ မူလဇာစ်မြစ်မှာ ရွှမ်တူး၏ တပည့်တစ်ယောက် ဖြစ်နေပုံရပေသည်။
သို့ဆိုလျှင် သူသည် လူသားဂိုဏ်း၏ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်နေပြီး လောင်ဇီ၏ တပည့်ဟု ခေါ်ဆိုခြင်းက အမှန်တကယ်ပင် သင့်လျော်နေသည် မဟုတ်ပါလား။
ထို့ကြောင့် သူ့ကို ထိုက်ရှန်းလောင်ကျွင်း၏ တစ်ပိုင်းဟု သတ်မှတ်နိုင်ပေသည်။
‘ဒါက တကယ်ကို အထင်ကြီးစရာပဲ...’
ဤအချက်ကို သဘောပေါက်သွားသောအခါ ကျန်းလျိုသည် ကျူးပါကျဲအား အလွန်အမင်း အံ့သြနေသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
ကျူးပါကျဲ၏ ဇာစ်မြစ်မှာ သူ ထင်မှတ်ထားသည်ထက် ပို၍ ကြီးကျယ်ခမ်းနားနေခဲ့သည်။ သူက အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် အဖွဲ့ထဲတွင် ပုန်းကွယ်နေသော အစစ်အမှန် စွမ်းအားရှင်ကြီး ဖြစ်နေမည်လော။
နတ်ဘုရား ခန့်အပ်ခြင်းနှင့် အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ဇာတ်လမ်းများ၏ အကြားတွင် ကောလာဟလများစွာ ရှိနေပြီး သတင်းအချက်အလက် ပေါက်ကွဲမှုများကို ကြုံတွေ့ခဲ့ရသော ခေတ်ကာလတစ်ခုတွင်ပင် ကျန်းလျို အတည်မပြုနိုင်သော အရာအချို့ ရှိနေခဲ့သည်။
ဥပမာအားဖြင့် ကျူးပါကျဲ၏ ဇာစ်မြစ် ပြဿနာပင် ဖြစ်သည်။ ထိုသို့သော ကောလာဟလများမှာ ကာလကြာရှည်စွာ တည်ရှိနေခဲ့သော်လည်း ကျန်းလျိုအနေဖြင့် မည်သည့်အခါမျှ အတည်မပြုနိုင်ခဲ့ချေ။
ယနေ့အချိန်သို့ ရောက်မှသာ ကျူးပါကျဲက သူသည် ထိုက်ရှန်းလောင်ကျွင်း၏ တပည့်တစ်ပိုင်း ဖြစ်ကြောင်း ပြောဆိုခဲ့သောကြောင့် ဤစကား၏ မှန်ကန်မှုကို ကျန်းလျို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
ရူလိုင်ဗုဒ္ဓ၏ ဇာစ်မြစ်နှင့် ပတ်သက်၍ မူလက ရှင်းလင်းချက် သုံးမျိုး ရှိနေသကဲ့သို့ပင် ဖြစ်သည်။
ပထမအချက်... ရူလိုင်ဘုရားသည် လူ့လောကမှ မင်းသားတစ်ပါးဖြစ်ပြီး ဉာဏ်အလင်းရရှိကာ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသွားခြင်းဖြင့် ရူလိုင်ဘုရား ဖြစ်လာခဲ့သည်ဟု ဆိုသည်။
ဒုတိယအချက်မှာ ရူလိုင်ဘုရားသည် အမှန်တကယ်တွင် ဖြတ်တောက်ခြင်းဂိုဏ်း၏ ထိပ်တန်းတပည့်ဖြစ်သော တာအိုကျင့်ကြံသူ တောက်ပေါင် ဖြစ်ပြီး နတ်ဘုရားခန့်အပ်ခြင်း စစ်ပွဲတွင် ကိုယ်ပိုင်ဂိုဏ်း ရှုံးနိမ့်သွားပြီးနောက် ဘုရားအဖြစ်သို့ အသွင်ပြောင်းသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
တတိယအချက်... ရူလိုင်ဘုရား၏ ဇာစ်မြစ်သည် အမှန်တကယ်တွင် ရှေးဟောင်းခေတ်ကာလက နတ်ဆရာများနှင့် မိစ္ဆာများကြား ဖြစ်ပွားခဲ့သော စစ်ပွဲကြီးအတွင်းမှ ဖြစ်သည်။ မိစ္ဆာဧကရာဇ် ထိုက်ယီ၏ ရွှေကျီးကန်း ဆယ်ကောင်အနက် ကိုးကောင်ကို ဟုန်ရိက ပစ်ချခဲ့ပြီး အသက်ရှင်ကျန်ရစ်သော တစ်ကောင်က မဟာနေမင်း ရူလိုင်ဘုရားအဖြစ် အသွင်ပြောင်းသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အမျိုးမျိုးသော ကောလာဟလများနှင့် ဇာတ်ကြောင်း အခင်းအကျင်းများအရ ရူလိုင်ဘုရား၏ အစစ်အမှန် ဇာစ်မြစ်မှာ ပုံစံသုံးမျိုး ရှိနေခဲ့သည်။
သို့ဆိုလျှင် မည်သည့်အချက်က အမှန်ဖြစ်မည်နည်း။ ကျန်းလျိုအတွက်မူ အတည်ပြုရန် ခက်ခဲလှပေသည်။
ယခု ကျူးပါကျဲ၏ ဇာစ်မြစ်မှာလည်း လူသားဂိုဏ်း၏ တစ်ဦးတည်းသော တပည့်ဖြစ်နေကြောင်း သဘောပေါက်သွားသောအခါ ကျန်းလျိုမှာ ပို၍ပင် အံ့သြသွားခဲ့ရသည်။
ဤဇာစ်မြစ်သည် ထျန်းဖုန် စစ်သူကြီး ဆိုသည့် အဆင့်အတန်းထက် များစွာ သာလွန်မြင့်မားလှပေသည်။ သို့သော် သူက မည်သို့လုပ်၍ ဤကဲ့သို့သော အခြေအနေဆိုးသို့ ကျရောက်သွားရသနည်း။
ပညာရှိကြီး လောင်ဇီသည် အရေးမယူဘဲ အရာရာကို သဘာဝအတိုင်းသာ ဖြစ်ပျက်စေရန် ယုံကြည်သူဖြစ်လင့်ကစား လူသားဂိုဏ်း၏ တပည့်တစ်ဦး ဤမျှအထိ ကျဆင်းသွားခြင်းက သူ၏ ဂုဏ်သိက္ခာအတွက် ကောင်းမွန်မည် မဟုတ်သည်မှာ သေချာသည် မဟုတ်ပါလား။
"ဟင်... နေပါဦး..."
သို့သော် အံ့သြနေစဉ်မှာပင် ကျန်းလျိုသည် ရုတ်တရက် အလန့်တကြား သဘောပေါက်သွားမှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျူးပါကျဲသည် သူ၏ ကိုးသွား ထွန်ခြစ်နှင့် ပတ်သက်သော ဇာစ်မြစ်အကြောင်းကို ယခုရက်ပိုင်းအတွင်း မည်သည့်အခါမျှ ပွင့်ပွင့်လင်းလင်း မပြောဆိုခဲ့ဖူးပေ။ သို့ဆိုလျှင် ယနေ့မှ အဘယ်ကြောင့် ရုတ်တရက် ထုတ်ပြောလာရသနည်း။
ဤအရာက ထုတ်ပြော၍ မရနိုင်သော လျှို့ဝှက်ချက်တစ်ခု မဟုတ်သော်လည်း ဝင့်ကြွားဝါကြွား ပြောဆိုနေရလောက်သည့် ကိစ္စမျိုး မဟုတ်သည်မှာတော့ သေချာသည် မဟုတ်ပါလား။
လူသားဂိုဏ်း၏ တပည့်တစ်ဦးအနေဖြင့် ယနေ့အချိန်တွင် ဤမျှ အခြေအနေဆိုးသို့ ကျရောက်နေခြင်းက ဘာများ ကြွားလုံးထုတ်စရာ ရှိမည်နည်း။ ထို့ပြင် ကျူးပါကျဲ ပြောဆိုခဲ့သည့် လေသံမှာလည်း ဝင့်ကြွားနေသော လေသံမျိုး မဟုတ်ခဲ့ချေ။
"ဖြစ်နိုင်တာက..."
အံ့သြနေစဉ်မှာပင် ကျန်းလျို၏ အကြည့်တို့က စားပွဲပေါ်ရှိ ထိုက်ကျိ ယင်ယန်အိုးဆီသို့ ကျရောက်သွားကာ သူ၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
ဤ ထိုက်ကျိ ယင်ယန်အိုးသည် လတ်ဆတ်မှုနှင့် အရသာရှိမှု စွမ်းရည်များကို ပေါင်းထည့်ပေးသည့်အပြင် 'စေတနာ' ဆိုသည့် အထူးစွမ်းရည် တစ်ခုလည်း ပါဝင်နေသေးသည်။
ဤအထူးစွမ်းရည်ကြောင့် အခြားသူများကို မရည်ရွယ်ဘဲ လွှမ်းမိုးသွားခဲ့တာများလော…
ထိုအတွေးကြောင့် ကျန်းလျို၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး မကြာမီမှာပင် သူ၏ အကြည့်တို့က ဘေးဘက်ရှိ ရှားဝူကျင်းဆီသို့ ကျရောက်သွားလေသည်။
စေတနာတဲ့လော…
***