← Chapters

အခန်း ၃၃၄

Vol. 24 Ch. 334

အခန်း ၃၃၄

Vol. 24 Ch. 334

အပိုင်း(၃၃၄)

ဖခင်ဖြစ်သူ၏ စကားကို ကြားသောအခါ ဝံပုလွေဖမ်းသည့် ကောင်လေးက ဝတ်ရုံဝါ မိစ္ဆာအား သိချင်စိတ်ဖြင့် မေးလိုက်သည်။

ဝံပုလွေဖမ်းသည့် ကောင်လေးသည် စွန်းဝူခုန်း၏ အဆင့်အတန်းကို မသိရှိခဲ့သော်လည်း မနေ့ညက သူသည် စွန်းဝူခုန်း၏ စွမ်းရည်များကို စမ်းသပ်ခဲ့သည်။ သူ အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ချေ။ ထိုမျောက်၏ ကျွမ်းကျင်မှုစွမ်းရည်များမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လှပေသည်။

"သေချာပေါက် သိတာပေါ့...”

ဝတ်ရုံဝါ မိစ္ဆာသည် စွန်းဝူခုန်းအား ပြန်ဖြေနေခြင်းလော သို့မဟုတ် သူ၏သားကို ပြန်ဖြေနေခြင်းလော မသေချာဘဲ ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

"ကောင်းကင်နဲ့တန်းတူ မဟာပညာရှိကြီး စွန်းဝူခုန်းလေ... ကျောက်စိမ်းဧကရာဇ် ကိုယ်တိုင် ကောင်းကင်စစ်သည်နဲ့ စစ်ဗိုလ် တစ်သိန်းကို စေလွှတ်ခဲ့ရင်တောင်မှ သူ့ကို မနှိမ်နင်းနိုင်ခဲ့ဘူး… သူက ကောင်းကင်ဘုံကို ပရမ်းပတာဖြစ်အောင် မွှေနှောက်ရဲတဲ့သူပဲ... ဘုံသုံးပါးနဲ့ လမ်းကြောင်းခြောက်သွယ်မှာ ဗဟုသုတ နည်းနည်းပါးပါး ရှိတဲ့သူတိုင်းက မဟာပညာရှိကြီးရဲ့ နာမည်ကို ကြားဖူးကြတာချည်းပါပဲ..."

"ဟားဟားဟား... ဟုတ်ပေတယ်… မင်းလို မိစ္ဆာကောင်က တော်တော်လေး ဗဟုသုတ ကြွယ်ဝတာပဲ… မမှားဘူး..."

ဝတ်ရုံဝါ မိစ္ဆာ၏ ချီးကျူးစကားကို ကြားလိုက်ရသောအခါ စွန်းဝူခုန်းသည် ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်ပြီး ထိုချီးမွမ်းမှုများအတွက် အတော်လေး ကျေနပ်သွားခဲ့လေသည်။

အမှန်တကယ်ပင် အသင့်အတင့် ဗဟုသုတရှိသူ မည်သူမဆို အစ်ကိုကြီး စွန်း ၏ နာမည်ကို ကြားဖူးထားသင့်ပေသည်။ သို့မဟုတ်ပါက သူတို့၏ ဗဟုသုတ မလုံလောက်ခြင်းကို သက်သေပြနေခြင်းသာ ဖြစ်ပေလိမ့်မည်။

"ဝါး... ကျွန်တော် တကယ်ကို မသိခဲ့တာ… ဒါဆို မင်းလို မျောက်ကောင်က ဒီလောက်တောင် အစွမ်းထက်တာပေါ့..."

ဝံပုလွေဖမ်းသည့် ကောင်လေးသည် အနည်းငယ် အံ့သြသွားကာ အားကျနေသော အမူအရာဖြင့် စွန်းဝူခုန်းကို ကြည့်လိုက်လေသည်။

မိုက်ဟန်ပြကာ ခက်ထန်သော ဤကလေးငယ်တွင်လည်း မငြိမ်မသက်ဖြစ်နေသော စိတ်ဝိညာဉ်တစ်ခု ရှိနေကြောင်း အထင်အရှားပင် ဖြစ်ပေသည်။ ယခု စွန်းဝူခုန်းသည် ကောင်းကင်ဘုံကို ပရမ်းပတာဖြစ်အောင် မွှေနှောက်ရဲပြီး ကောင်းကင်စစ်သည်နှင့် စစ်ဗိုလ် တစ်သိန်းတောင်မှ သူ့ကို မဖမ်းဆီးနိုင်ခဲ့ကြောင်း ကြားလိုက်ရသောအခါ ၎င်းက ဝံပုလွေဖမ်းသည့် ကောင်လေး၏ ရင်ထဲတွင် အားကျလေးစားမှုအချို့ကို လောင်ကျွမ်းသွားစေခဲ့သည်။

"အောမိတော်ဖော…"

ပတ်ဝန်းကျင် အခြေအနေမှာ အတော်လေး သာယာပျော်ရွှင်ဖွယ် ကောင်းနေပုံရသော်လည်း ကျန်းလျိုသည် ဗုဒ္ဓဂုဏ်တော်ကို တိတ်ဆိတ်စွာ ရွတ်ဆိုလိုက်၏။ ထို့နောက် သူက ပိုင်ဟွာရှို့ မင်းသမီးထံကို ကြည့်ကာ ပြောလိုက်သည်။

"ကျုပ် ဒီကို လာတဲ့လမ်းမှာ ရတနာဆင် တိုင်းပြည်ရဲ့ တော်ဝင်မြို့တော်ကို တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သန်းလာခဲ့တယ်… အဲဒီမြို့ထဲက နေရာတိုင်းမှာ တော်ဝင်ကြေညာစာတမ်း တွေကို ကပ်ထားတာ မြင်ခဲ့ရတယ်… ရတနာဆင် တိုင်းပြည်ရဲ့ ဘုရင်ကြီးက မင်းသမီးကို အိမ်ပြန်ခေါ်လာပေးနိုင်မယ့် ပညာရှိတစ်ယောက်ကို ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိ မလျှော့တမ်း ရှာဖွေနေဆဲပဲလို့ ရေးထားတယ်..."

ကျန်းလျို၏ စကားအဆုံးတွင် 'ခလွမ်း' ဟူသော အသံနှင့်အတူ ပိုင်ဟွာရှို့ မင်းသမီး၏ စပျစ်ဝိုင်ခွက်မှာ စားပွဲပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူမသည် မှင်တက်သွားခဲ့ပြီးနောက် မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာကာ ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွားခဲ့လေတော့သည်။

"အမေ... ဘာဖြစ်လို့လဲ..."

ပိုင်ဟွာရှို့ မင်းသမီး၏ အခြေအနေကို မြင်လိုက်ရသောအခါ ဝံပုလွေဖမ်းသည့် ကောင်လေးသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားကာ ပိုင်ဟွာရှို့အား မေးလိုက်လေသည်။

"ဆရာတော်... ရတနာဆင် တိုင်းပြည်ရဲ့ ကိစ္စတွေကို ထပ်မပြောပါနဲ့တော့..."

ဇနီးဖြစ်သူ၏ အခြေအနေကို မြင်လိုက်ရသောအခါ ဝတ်ရုံဝါ မိစ္ဆာ၏ ရင်ထဲတွင်လည်း ဒေါသများ ပေါက်ကွဲထွက်လာခဲ့သည်။ သို့သော် စွန်းဝူခုန်းနှင့် သူ၏အဖွဲ့က အနီးအနားတွင် ရှိနေသဖြင့် သူသည် မည်သည့်လုပ်ရပ်ကိုမျှ မလုပ်ဝံ့ဘဲ မျက်နှာကို ခပ်တည်တည်ထားကာ ကျန်းလျိုအား ပြောလိုက်လေသည်။

"ဘုရင်ကြီး… မင်းနဲ့ ပိုင်ဟွာရှို့ မင်းသမီးတို့က ဒီအခြေအနေအတိုင်း ဆက်သွားနေမယ်ဆိုရင် ဒါက အကြာကြီး တည်တံ့နိုင်မယ်လို့ ထင်နေတာလား..."

ဝတ်ရုံဝါ မိစ္ဆာ၏ စကားများကို ရင်ဆိုင်ရသော်လည်း ကျန်းလျိုမှာ အနည်းငယ်မျှ ကြောက်ရွံ့သွားခြင်း မရှိဘဲ သူ၏ မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်ကာ သက်ပြင်းချလျက် ပြန်လည်မေးခွန်းထုတ်လိုက်လေသည်။

"ရိုးသားဖြောင့်မတ်တဲ့ အရာရှိတစ်ယောက်တောင်မှ မိသားစုရေးရာ ကိစ္စတွေကို ဖြေရှင်းဖို့ ခက်ခဲတယ် ဆိုတဲ့ စကားလိုပဲ… ဒါက ကျုပ်ရဲ့ မိသားစုကိစ္စမို့လို့ ဝင်မစွက်ဖက်ပါနဲ့..."

ကျန်းလျို၏ စကားကို ကြားလိုက်ရသောအခါ ဝတ်ရုံဝါ မိစ္ဆာသည် သူ၏သားက ထိုလူများကို အိမ်သို့ ဧည့်သည်အဖြစ် ခေါ်လာခြင်းသက်သက် မဟုတ်ဘဲ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လာရောက်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားကာ သူ၏ မျက်နှာအမူအရာမှာ ပို၍ပင် ဆိုးရွားသွားခဲ့လေသည်။

စကားဝိုင်းမှာ ဤနေရာသို့ ရောက်ရှိလာသောအခါ အခြေအနေများအားလုံးက နေ့ခင်းဘက်ကဲ့သို့ ရှင်းလင်းသွားပုံ ရလေသည်။ ကျန်းလျို၏ ထိပ်တန်းတပည့်ရင်း အဖြစ် ခံယူထားသော ကျူးပါကျဲသည် စားပွဲကို ရိုက်ချလိုက်ကာ မတ်တပ်ထရပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"မင်းလို မိစ္ဆာကောင်... ရတနာဆင် တိုင်းပြည်ရဲ့ မင်းသမီးကို ခိုးပြေးလာတာ မင်းကိုး..."

"ငါ ဝက်ကြီး က မင်းတို့လို ကောင်မျိုးတွေကို အမုန်းဆုံးပဲ… ကိုယ်သဘောကျတဲ့ မိန်းကလေးရှိရင်လည်း သေသေချာချာ ပိုးပန်းရမှာပေါ့… အခုလို တိုက်ရိုက်ကြီး ဖမ်းခေါ်လာတာက ဘာသဘောလဲ… ဒါက ဘယ်လို အပြုအမူမျိုးလဲ..."

"ဒါဆို မင်းတို့ရဲ့ ရည်ရွယ်ချက်က ငါ့မိန်းမကို ခေါ်သွားဖို့ပေါ့… မင်းတို့က ပြဿနာလာရှာတာပဲ..."

ကျူးပါကျဲ၏ ရန်လိုသော ဟန်ပန်ကို မြင်လိုက်ရသောအခါ ဝတ်ရုံဝါ မိစ္ဆာက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားတစ်လက်က လက်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် ကျန်းလျိုနှင့် အခြားသူများကို စူးရဲစွာ စိုက်ကြည့်လျက် ပြောလိုက်လေသည်။

ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေကို မလွဲမသွေ ကြုံတွေ့လာရသောအခါ မိစ္ဆာဂူ အတွင်းမှ မိစ္ဆာငယ်များ များစွာ ထွက်ပေါ်လာကာ သူတို့ကို ဝန်းရံလိုက်ကြသည်။ ကျန်းလျိုနှင့် သူ၏အဖွဲ့အား ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။

"ဆရာတော်… မျောက်... ခင်ဗျားတို့… ခင်ဗျားတို့က ကျုပ်ကို လှည့်စားခဲ့တာလား..."

ဖခင်ကိုယ်တိုင် တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသောအခါ ဝံပုလွေဖမ်းသည့် ကောင်လေးကလည်း ကျန်းလျိုနှင့် အခြားသူများကို စူးရဲစွာ စိုက်ကြည့်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။ သူ လှည့်စားခံလိုက်ရပြီဟု ခံစားနေရလေသည်။

သူက သူတို့ကို စေတနာဖြင့် ဂူထဲသို့ အလည်အပတ် ဖိတ်ခေါ်ခဲ့သော်လည်း သူတို့က တကယ်ပဲ သူ့ကို လှည့်စားခဲ့ကြသည်တဲ့လား…။

သို့သော် စွန်းဝူခုန်းတွင်မူ ရန်ပွဲကို စတင်လိုသော ရည်ရွယ်ချက် မရှိခဲ့ချေ။ ဝံပုလွေဖမ်းသည့် ကောင်လေး၏ အကြည့်ကို ရင်ဆိုင်ရသောအခါ သူ့မျက်လုံးများကို တိုက်ရိုက်ကြည့်ရန် အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ခေါင်းကို လွှဲဖယ်လိုက်ပြီး ကျန်းလျိုထံသို့သာ လှမ်းကြည့်လိုက်လေသည်။ ကျန်းလျို၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း အထင်အရှားပင် ဖြစ်ပေသည်။

"ပါကျဲ... မင်းရဲ့ လက်နက်ကို သိမ်းလိုက်စမ်းပါ..."

ဝံပုလွေဖမ်းသည့် ကောင်လေး၏ မျက်နှာပေါ်ရှိ ဒေါသထွက်နေသော အမူအရာကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် စိတ်ထဲမှ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ပြီး ကျူးပါကျဲအား ပြောလိုက်သည်။

ကျန်းလျို၏ စကားကို ကြားသောအခါ ကျူးပါကျဲသည် ဘာမျှ ဆက်မပြောတော့ဘဲ အနည်းငယ် မကျေမနပ်ဖြစ်နေဆဲ အမူအရာဖြင့် သူ၏ အကောင်းဆုံး ရွှေရောင်ထွန်ခြစ် ကို သိမ်းဆည်းလိုက်လေသည်။

မိန်းမပွေသူ တစ်ယောက်ဖြစ်လာရန် ရည်မှန်းထားသော ကျူးပါကျဲ တစ်ယောက်အနေဖြင့် အမျိုးသမီးများကို မည်သည့် နူးညံ့သိမ်မွေ့မှုမျှ မရှိဘဲ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်လာသော ဝတ်ရုံဝါ မိစ္ဆာ၏ လုပ်ရပ်မျိုးကို ရွံရှာမုန်းတီးမိပေသည်။

ကျူးပါကျဲ လက်နက်ကို သိမ်းဆည်းလိုက်ပြီးနောက် ကျန်းလျို၏ အကြည့်တို့က ဝတ်ရုံဝါ မိစ္ဆာထံသို့ လှည့်သွားကာ ဆက်လက် မေးမြန်းလိုက်သည်။

"ကျုပ် ပြောသလိုပဲ… မင်းက ပိုင်ဟွာရှို့ မင်းသမီးနဲ့ ဒီလိုအခြေအနေမျိုးက တကယ်ပဲ အကြာကြီး တည်တံ့နိုင်မယ်လို့ ထင်နေတာလား..."

"တည်တံ့နိုင်သည်ဖြစ်စေ… မတည်တံ့နိုင်သည်ဖြစ်စေ ကျွန်တော်တို့ အတူတူ နေလာခဲ့တာ ဆယ်နှစ်ကျော်သွားပြီ… ကလေးတောင် ရနေပြီပဲလေ… ထာဝရဆိုတာကို မရှာဖွေပါဘူး… လက်ရှိအချိန်လေးကို တန်ဖိုးထားဖို့ပဲ လိုတာပါ..."

ကျန်းလျိုက အကြမ်းဖက်သည့် နည်းလမ်းကို အသုံးမပြုသည့်အတွက် ဝတ်ရုံဝါ မိစ္ဆာမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကာ ကျန်းလျိုအား စူးရဲစွာ ပြန်လည်စိုက်ကြည့်ရင်း အလေးအနက် ပြန်ဖြေလိုက်သည်။

"ဆယ်နှစ်ကျော်တောင် ကြာခဲ့ပြီပဲ... ပိုင်ဟွာရှို့ မင်းသမီးက သူ့အိမ်ကို တစ်ခါလောက်ဖြစ်ဖြစ် ပြန်လည်ပတ်ဖူးလို့လား… နှလုံးသားဆိုတာ သွေးသားနဲ့ ဖွဲ့စည်းထားတာလေ… သူ့ကို ဒီမှာ အခုလို အကျဉ်းချထားပြီးတော့ သူ တကယ်ပဲ ပျော်ရွှင်နိုင်ပါ့မလား… အချစ်ဆိုတာက တစ်ဖက်လူရဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပေးသင့်တယ် မဟုတ်ဘူးလား..."

ကျန်းလျိုက သူတို့၏ ဘေးတွင် ငိုကြွေးနေသော ပိုင်ဟွာရှို့ မင်းသမီးအား လက်ညှိုးထိုးပြကာ ဝတ်ရုံဝါ မိစ္ဆာကို မေးလိုက်သည်။

ဤစကားများကြောင့် ဝတ်ရုံဝါ မိစ္ဆာသည် တစ်ခဏမျှ ဆွံ့အသွားခဲ့လေသည်။ သူက ဇနီးဖြစ်သူအား ခေါင်းလှည့်ကာ လှမ်းကြည့်လိုက်ပြီးနောက် ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

အမှန်တကယ်ပင် သူမကို ဤနေရာတွင် ဆယ်နှစ်ကျော်ကြာအောင် အကျဉ်းချထားပြီး အိမ်သို့ တစ်ခေါက်မျှပင် ပြန်လည်မပတ်စေခြင်းက သူမကို အိမ်လွမ်းစေရန် သဘာဝကျလှသည် မဟုတ်ပါလား။

သို့သော် သူ၏ ရင်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားနေရသော်လည်း ဆယ်နှစ်ကျော်ကြာအောင် ဤအတိုင်း ပြုမူလာခဲ့ပြီးဖြစ်ရာ ဝတ်ရုံဝါ မိစ္ဆာသည် ကျန်းလျို၏ စကားအနည်းငယ်မျှဖြင့် သူ၏ နှလုံးသားကို ပျော့ပျောင်းသွားစေမည် မဟုတ်ချေ။

"ဆရာတော်… ခင်ဗျား ဝင်ပါတာ နည်းနည်း လွန်လွန်းနေပြီလို့ မထင်ဘူးလား… ဒါက ကျွန်တော့် မိသားစုကိစ္စပါ… ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်မှာမို့လို့ ခင်ဗျားလို အပြင်လူတစ်ယောက် ဝင်စွက်ဖက်စရာ မလိုပါဘူး..."

ဝတ်ရုံဝါ မိစ္ဆာက ခေါင်းခါယမ်းလိုက်ပြီး သူ၏ တစ်ခဏတာ ပျော့ပျောင်းသွားသော စိတ်ကို ဘေးဖယ်ထားလိုက်ကာ ကျန်းလျိုအား လေးနက်စွာ စိုက်ကြည့်လျက် ပြောလိုက်သည်။

ယနေ့အချိန်အထိ ဝတ်ရုံဝါ မိစ္ဆာအတွက်မူ သူ၏ အိမ်သည် ကလေးနှင့်အတူ နေထိုင်ရသော တည်ငြိမ်အေးချမ်းသည့် ခိုလှုံရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဤအိမ်ဂေဟာကို ဝတ်ရုံဝါ မိစ္ဆာက မည်သည့်အခါမျှ ပြိုကွဲပျက်စီးခံမည် မဟုတ်ချေ။

***

All Chapters