အခန်း (၅၈၁-၅၈၂)
Vol. 49 Ch. 581-582
အခန်း(၅၈၁)
ဒီစားဖိုမှူးခမျာ သူတို့တွေ ဘာလို့ ဒီလောက်တောင် ပေါ့ဆနေကြတာလဲဆိုတာ နားကိုမလည်နိုင်တော့ဘူး။ သူ့ကို ရိုက်နှက်ပြီး သော့လုဖို့အရေးကို ကမ္ဘာပေါ်မှာ အလွယ်ဆုံးအလုပ်တစ်ခုလိုမျိုး အချင်းချင်း ပေါ့ပေါ့ပါးပါး ပြောနေကြတာလေ။
သူတို့က ဖုံးဖုံးဖိဖိတောင် မလုပ်ကြဘူး။ သူက ဒီမှာတင် ရှိနေပြီး သူတို့ပြောတာတွေကို အတိုင်းသား ကြားနေရတယ်။
ဒီလို ထူးထူးဆန်းဆန်း လူတစ်ပိုင်းသတ္တဝါအုပ်စုမျိုးကို သူ တစ်ခါမှ မကြုံဖူးဘူး။ သူတို့တွေ မက်ထရိုပိုလစ်က ဒေသခံတွေ မဟုတ်ဘူးဆိုတာ အခုတော့ ပိုပြီး ထင်ရှားသွားပြီ။ ဒါမှမဟုတ်ရင် သူက ပိရမစ်ဒစ် ကျူဇင်းရဲ့ မက်ဂ်နက်တစ်မဟုတ်တဲ့ ထိပ်တန်းတိုက်ခိုက်ရေးသမားတွေထဲက တစ်ယောက်ဆိုတာ သူတို့ သိကြမှာပေါ့။
ပြီးတော့ အနီရောင်အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းဆီကနေ ထွက်ပေါ်နေတဲ့ တန်ခိုးကို ကြည့်ရသလောက်တော့ ဒီကောင်လေးက ကြယ်လေးပွင့်အဆင့်ပဲ ရှိသေးပြီး သူကတော့ ကြယ်ငါးပွင့်အဆင့်မှာ ရှိနေတယ်လို့ ခန့်မှန်းလိုက်တယ်။
ဒါတင်မကသေးဘူး သူ့အနားမှာ မီသရယ်မှော်ဝင်ပစ္စည်းတစ်ခုရဲ့ တန်ခိုးလည်း ရှိနေသေးတယ်။ ဒီလေလံပွဲမှာသာ သူက အသုံးဝင်ကြောင်း သက်သေပြနိုင်ခဲ့ရင် အရာရှိကြီးတစ်ယောက်အဖြစ် ရာထူးတိုးဖို့ အခွင့်အလမ်းကောင်း ရှိနေတယ်။ မက်ဂ်နက်တစ်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးတောင် ရနိုင်တယ်လေ။
ဒီတော့ အားလုံးကို ခြုံကြည့်လိုက်ရင် ဒီတိုက်ပွဲမှာ ဇိုင်ယွန် ဘာလို့ ဒီလောက်တောင် ယုံကြည်မှုလွန်ကဲနေရလဲဆိုတဲ့ အခြေခံအကြောင်းရင်းကို သူ ရှာမတွေ့တော့ဘူး။ သူ ရင်ဆိုင်နေရတဲ့ အင်အားကိုသာ သိရင် သူ့အသင်းဖော်ကို ဒီလို ပေါ့ပေါ့ပါးပါး ပြောနေရဲမှာ မဟုတ်ဘူး။
သူ့အမြင်အရဆိုရင် သူ ရှုံးနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက နှစ်ယောက်တစ်ယောက် ချကြမှပဲ ဖြစ်လိမ့်မယ်။
"မင်းတို့တွေ ငါ့ကို နှစ်ယောက်ညှပ်တိုက်ဖို့တော့ နည်းလမ်းမရှိဘူး" လို့ သူက ဒရာဂွန်ဘွန်းတွေကို ပြောလိုက်တယ်။ "သဲကန္တာရဒေသနဲ့ နှင်းဖုံးနေတဲ့ဒေသကို ပိုင်းခြားထားတဲ့ အကာအကွယ်အတားအဆီးကို ဘယ်သက်ရှိ၊ မှော်အတတ် ဒါမှမဟုတ် တန်ခိုးကမှ ဖြတ်ကျော်လို့မရဘူး"
အဖြူရောင်အကြေးခွံနဲ့ ဒရာဂွန်ဘွန်းမလေး ဒီမှာ ရှိနေရတဲ့ အကြောင်းရင်းက အဲဒါကြောင့်လို့ သူ ထင်နေတာ။ သူမက ဇိုင်ယွန်ကို ကူညီဖို့ ရောက်နေတာလေ။
"တကယ်လား... အဲဒါဆိုရင်တော့ ကောင်းတာပေါ့" ဇိုင်ယွန်က သက်ပြင်းချရင်း စိတ်အေးသွားတယ်။ "ငါ့အစ်မက ငါ့ရဲ့ပျော်စရာတွေကို လာဖျက်ဆီးတာမျိုး မလိုချင်ဘူး"
အခုထိတောင် ဇိုင်ယွန်ဟာ သူ့ကို ရင်ဆိုင်ရတဲ့ တခြားပြိုင်ဘက်တွေ ပြသလေ့ရှိတဲ့ ထိတ်လန့်တုန်လှုပ်မှုကိုမျိုး လုံးဝ မပြသေးဘူး။
"မင်းကို စိတ်ပျက်အောင် ပြောရတာ စိတ်မကောင်းပေမယ့်... ဒါက ပျော်စရာဖြစ်လာမှာ မဟုတ်ဘူး"
စားဖိုမှူးက မီသရယ်မှော်ဝင်ပစ္စည်း ဓားမြှောင်ကို ဇိုင်ယွန်ဆီ လှမ်းပစ်လိုက်ရာ ဇိုင်ယွန်က အလွယ်တကူပဲ ရှောင်လိုက်တယ်။
အဲဒီနောက် ဇိုင်ယွန်က သူ့လက်တွေကို သူ့ရှေ့မှာ မြှောက်လိုက်ပြီး မေးစေ့ကို လက်သီးတွေနား ကပ်ထားလိုက်ကာ ပီကာဘူ လက်ဝှေ့စတိုင်ကို ယူလိုက်တယ်။
သူက ခြေထောက်တွေကို အဆက်မပြတ် ရွှေ့ပြောင်းရင်း သူ့အောက်က သဲပြင်ပေါ်မှာ ထိတွေ့မှုတစ်ခုတည်းသာ ချန်ထားခဲ့ပြီး စားဖိုမှူးဆီ ပြေးဝင်သွားတယ်။
စားဖိုမှူးက သူ့ဓားမြှောင်ကို စိတ်ချင်းဆက်သွယ်ပြီး ဇိုင်ယွန်ရဲ့ ကျောပြင်ဆီ ထိုးစိုက်ဖို့ အမိန့်ပေးကာ ပြန်ခေါ်လိုက်တယ်။
ဒါပေမဲ့ ဇိုင်ယွန်က အဲဒါကို ကြိုတင်သိနေတဲ့ပုံစံနဲ့ သူ့ခြေလှမ်းတွေကို ရုတ်တရက်ရပ်ပြီး ဘေးဘက်ကို ရှောင်ထွက်လိုက်တယ်။
"အထင်ကြီးစရာပဲ" လို့ စားဖိုမှူးက ချီးကျူးလိုက်တယ်။
ဇိုင်ယွန်ဟာ နောက်ဆုံးမှာ စားဖိုမှူးနဲ့ မျက်နှာချင်းဆိုင် တည့်တည့် ရောက်သွားပြီး သူ့မျက်နှာဆီကို ရိုးရှင်းတဲ့ ဘယ်ဝှေ့လက်သီးတစ်ချက် ပစ်သွင်းလိုက်တယ်။
ဒါပေမဲ့ စားဖိုမှူးက သူ့ရဲ့တိုက်ကွက်ကို အထင်အရှား မြင်နေရပြီး ဓားမြှောင်ကို သုံးကာ သူ့ရှေ့ကို ကာဆီးလိုက်တဲ့အတွက် ဇိုင်ယွန်ရဲ့ လက်သီးနဲ့ သွားငြိတော့တယ်။
ဒရာဂွန်ဘွန်းလေးဟာ စားဖိုမှူးဆီကို ဝှေ့လက်သီးတွေ၊ ဖြောင့်လက်သီးတွေနဲ့ ပင့်လက်သီးတွေကို ဆက်တိုက် ပစ်သွင်းနေပေမယ့် အကြွင်းမဲ့ ညင်သာစီးဆင်းမှုနဲ့ ကပြနေသလိုမျိုး ဖြစ်နေတဲ့ မီသရယ်မှော်ဝင်ပစ္စည်း ဓားမြှောင်က အချိန်တိုင်းမှာ သူ့တိုက်ကွက်ကို ခုခံကာကွယ်သွားတယ်။
ဘယ်သူ့မျက်စိနဲ့ပဲ ကြည့်ကြည့် သူတို့ရဲ့ တိုက်ပွဲက သရေဖြစ်နေတဲ့ ပုံစံမျိုးပဲ။
စားဖိုမှူးရဲ့ မျက်လုံးထဲမှာတော့ ဇိုင်ယွန်ရဲ့ လက်သီးတွေက နည်းနည်းလေး နှေးကွေးပြီး အရာမထင်သလို ဖြစ်နေပြီး စားဖိုမှူးရဲ့ ဓားမြှောင်ကိုလည်း ဇိုင်ယွန်ရဲ့ ထူးဆန်းတဲ့ ပုခုံးလှုပ်ရှားမှုတွေနဲ့ အလွယ်တကူ ရှောင်ထွက်နေနိုင်တယ်။
"ငါ့ကို အသားလွှာဆရာလို့ ခေါ်ကြတာ အလကားမဟုတ်ဘူးကွ" စားဖိုမှူးက အော်ဟစ်လိုက်ပြီး သူ့ရဲ့ မီသရယ်မှော်ဝင်ပစ္စည်း ဓားမြှောင်နဲ့ ထပ်တူညီတဲ့ ပုံတူဆယ်ခုကို ဖန်တီးပေးတဲ့ မှော်မန္တန်တစ်ခုကို ရွတ်ဆိုလိုက်တယ်။
ဓားမြှောင်တွေက သူ့ဘေးပတ်ပတ်လည်မှာ တန်းစီပြီး လွင့်မျောနေတာကြောင့် ဇိုင်ယွန်ကို နောက်တစ်လှမ်း ဆုတ်သွားစေတယ်။
"တစ်စစီဖြတ်တောက်ခြင်း" စားဖိုမှူးက အော်ဟစ်လိုက်ပြီး ဓားမြှောင်ဆယ်စင်းက ဇိုင်ယွန်ဆီကို ပြေးဝင်သွားတော့တယ်။
ဓားမြှောင်တွေက အရပ်မျက်နှာအနှံ့ကနေ သူ့ဆီ ရောက်လာပြီး တစ်စင်းချင်းစီက တိကျတဲ့ တည်းမတ်မှုနဲ့ အချိန်ကိုက်မှုတို့ဖြင့် သူ့ကို ထိုးစိုက်ဖို့ ကြိုးစားနေကြတယ်။
ဇိုင်ယွန်ကတော့ လမ်းကြောင်းကနေ ဆက်တိုက် ရှောင်ထွက်နေပြီး အဲဒီလိုလုပ်တိုင်း နောက်ကို တစ်လှမ်းချင်း ဆုတ်နေရတယ်။
ဒီတိုက်ပွဲအတွင်းမှာ ကြယ်ငါးပွင့် တိုက်ခိုက်ရေးသမားနဲ့ ကြယ်လေးပွင့် တိုက်ခိုက်ရေးသမားကြားက ကွာခြားချက်က ထင်ရှားနေတဲ့ပုံပဲ။
ဒါပေမဲ့ သူက ကြိုးဝိုင်းဒေါင့်မှာ ပိတ်မိနေသလို ထင်ရပေမယ့် ဓားမြှောင်တွေထဲက တစ်စင်းမှ ဇိုင်ယွန်ကို တကယ်မထိမိဘူး။ သူ့ရဲ့ ခြေကွက်နဲ့ ရှောင်ကွင်းမှုတွေက သီသီလေး လွတ်မြောက်နေစေပြီး ဘေးအန္တရာယ်ကနေ ကင်းဝေးစေခဲ့တယ်။
စားဖိုမှူးက သူ နိုင်တော့မယ်လို့ ထင်နေတုန်းမှာပဲ နှင်းဖုံးနေတဲ့ တောင်တန်းဒေသဆီကနေ နောက်ထပ် အော်ဟစ်သံတစ်သံကို သူတို့ ကြားလိုက်ရတယ်။
"ဇိုင်ယွန်... အချိန်တွေ ထပ်ပြီး မဖြုန်းနဲ့တော့" ရှီနာက အော်လိုက်တာ။
ဇိုင်ယွန်ဟာ အဲဒါကို ကြားလိုက်ရတဲ့အခါ စိတ်ပျက်လက်ပျက်နဲ့ သူ့လျှာကို 'တောက်'ခနဲ ခတ်လိုက်မိတော့တယ်။
"တောက်... ငါက ပျော်စရာတွေကို ပိုပြီး အကြာကြီး ခံစားချင်သေးတာကို" လို့ သူက တိုးတိုးလေး ညည်းတွားလိုက်တယ်။
ဒါပေမဲ့လည်း သူက သူ့အိတ်ကပ်ထဲကနေ ကိုကိုးလုံးတစ်လုံးကို ထုတ်ပြီး တစ်လုပ်တည်း မျိုချလိုက်တယ်။
ရုတ်တရက်ဆိုသလို ဇိုင်ယွန်ရဲ့ ခန္ဓာကိုယ်ဆီကနေ ပြင်းထန်တဲ့ စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး သူ့ခြေဖဝါးအောက်က သဲတွေကို လွင့်စင်သွားစေတယ်။ သူ့ကို ဝိုင်းရံထားတဲ့ ဓားမြှောင်တွေတောင်မှ ယာယီအားဖြင့် သူတို့ရဲ့ ဖွဲ့စည်းပုံ ပျက်သွားတာကြောင့် စားဖိုမှူးကို အံ့အားသင့်သွားစေတယ်။
"ဘာ"
သူက ဇိုင်ယွန်ကို ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲကနေ လုံးဝ အသစ်စက်စက် အင်အားတစ်ခု ရုန်းကြွထွက်ပေါ်လာတာကို ခံစားလိုက်ရတယ်။
"ဒါ... ဒါက မဖြစ်နိုင်တာ"
ဇိုင်ယွန်ဟာ တစ်ခဏချင်းအတွင်းမှာပဲ ကြယ်ငါးပွင့်အဆင့်ကို ဖောက်ထွက်သွားသလိုမျိုးပဲ။
နောက်ဆုံးမှာတော့ သူ့ရဲ့ အင်အားအသစ်နဲ့အတူ ဇိုင်ယွန်က ဓားမြှောင်တွေထဲက တစ်စင်းကို လက်သီးနဲ့ ထိုးလိုက်ပြီး ထိတွေ့လိုက်တဲ့အချိန်မှာပဲ အဲဒါကို သန့်စင်တဲ့ မှော်စွမ်းအင်အဖြစ် ပြောင်းလဲပစ်လိုက်တယ်။
ဓားမြှောင်တွေက သူ့ကို ထပ်ပြီး ထိုးစိုက်ဖို့ ကြိုးစားလာတဲ့အခါ ဇိုင်ယွန်က ဆက်တိုက် ရှောင်တိမ်းရင်း လက်သီးတစ်ချက်တည်းနဲ့ ဓားမြှောင်တွေအားလုံးကို ဖျက်ဆီးပစ်မယ့် တန်ပြန်တိုက်ကွက်တစ်ခုကို ထုတ်လိုက်တော့တယ်။
"သူက... သူက တကယ်ပဲ ကြယ်ငါးပွင့် တိုက်ခိုက်ရေးသမားပါလား" လို့ စားဖိုမှူးက ရေရွတ်လိုက်မိတယ်။
မကြာခင်မှာပဲ ဇိုင်ယွန်က ပင့်လက်သီးတစ်ချက် ထိုးလိုက်ပြီး သူ့ရှေ့မှာ လွင့်မျောနေတဲ့ နောက်ဆုံးဓားမြှောင်ကို လက်သီးနဲ့ ထုလိုက်တယ်။
ဒါက အစစ်အမှန် မီသရယ်မှော်ဝင်ပစ္စည်း ဓားမြှောင်ဖြစ်ပြီး အဲဒါက ထိန်းချုပ်မရဘဲ စားဖိုမှူးဆီကို ကမောက်ကမ လမ်းကြောင်းတွေနဲ့ ပြန်လည်လွင့်ထွက်သွားတာကြောင့် စားဖိုမှူးခမျာ သူ့ရဲ့ ကိုယ်ပိုင်လက်နက်ကို ပြန်ပြီး ရှောင်နေရတော့တယ်။
"မင်းက မင်းရဲ့အင်အားကို ဖုံးကွယ်ထားတာလား" လို့ စားဖိုမှူးက မေးလိုက်တယ်။
"ငါက တိုက်ပွဲကြီး မြန်မြန်ဆန်ဆန် ပြီးသွားမှာ စိုးလို့ပါ" ဇိုင်ယွန်က လေထဲကို လက်သီးနဲ့ ထိုးရင်း ပြောလိုက်တယ်။ "ကဲ... လာလေ... ထပ်ပြီး ချကြရအောင်"
ဒါပေမဲ့ စားဖိုမှူးအနေနဲ့ ဘာဖြစ်သွားလဲဆိုတာကို သဘောမပေါက်နိုင်သေးခင်မှာပဲ နှင်းဖုံးနေတဲ့ လျှောက်ောက်စွန်းပေါ်က အဖြူရောင်အကြေးခွံနဲ့ အမျိုးသမီးဆီကနေ နောက်ထပ် အော်ဟစ်သံတစ်သံ ထွက်လာပြန်တယ်။
"ငါ သုံးအထိ ရေတွက်မယ်နော် ဇိုင်ယွန်... တစ်... နှစ်…."
ချက်ချင်းပဲ ဇိုင်ယွန်က လက်မြှောက်ပြီး အရှုံးပေးလိုက်တယ်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ... အမလေးဗျာ"
သူမက အခု သူ့ဆီ လာလို့မရရင်တောင်မှ သူတို့ မှော်ကမ္ဘာငယ်လေးထဲကနေ ထွက်သွားတဲ့အခါ သူ တကယ်ပဲ အဖိုးအခ ပေးရလိမ့်မယ်လေ။
သူက မလိုလားအပ်ဘဲနဲ့ ပျင်းရိပျင်းတွဲ ပုံစံမျိုးနဲ့ ကုန်းပြီး သူ့ရဲ့ ကိုယ်ပိုင်အရိပ်တွေထဲကို လက်လှမ်းကာ စက္ကန့်အနည်းငယ်လောက် လိုက်ရှာပြီးတဲ့နောက် နောက်ဆုံးမှာ သူ ရှာနေတဲ့အရာကို တွေ့သွားတယ်။
သူက ဒီအရာကို ဆွဲထုတ်လိုက်တဲ့အခါ စားဖိုမှူးဟာ အရိပ်ပေါ်တယ်ထဲကနေ ထွက်လာတဲ့ တောက်ပတဲ့ ခရမ်းရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရတယ်။
ဇိုင်ယွန်က အနက်ရောင်နဲ့ ခရမ်းရောင် သံမဏိလက်အိတ်တွေကို ထုတ်ယူပြီး သူ့လက်တွေမှာ ဝတ်ဆင်လိုက်တယ်။
လက်နက်တွေက ခရမ်းရောင် တန်ခိုးတစ်ခုနဲ့ မလင်းပပ မဖြစ်လာခင်မှာပဲ သူ့ရဲ့ လက်ကောက်ဝတ်တွေထဲကို ကွက်တိ ဝင်သွားကြတယ်။
"ဒါ... ဒါက—"
ပြီးတော့ ဇိုင်ယွန်ရဲ့ လက်ထဲက လက်နက်ကို ကြည့်ပြီး စားဖိုမှူးက သူ့ရဲ့ ထိတ်လန့်တုန်လှုပ်မှုနဲ့ အံ့ဩမှုကို တောင် မဖော်ပြနိုင်သေးခင်မှာပဲ သူ့ရှေ့က ဟင်းလင်းပြင်ရဲ့ တည်ဆောက်ပုံကြီးတစ်ခုလုံး စတင်ဆုတ်ဖြဲခံနေရတာကို သူ ရုတ်တရက် မြင်လိုက်ရတယ်။
"စိတ်မကောင်းပါဘူး စားဖိုမှူးကြီး ရယ်... ငါ့ရဲ့ ပွစိပွစိလုပ်တတ်တဲ့ အစ်မက ဒါကို မြန်မြန်အပြတ်ဖြတ်ဖို့ လိုချင်နေလို့ပါ။ နောက်တစ်ခါ ခင်ဗျား ပိုပြီး သန်မာလာတဲ့အခါကျရင် ငါတို့တွေ ပိုပြီး အကြာကြီး ကစားကြတာပေါ့"
ဇိုင်ယွန်က ဒီစကားတွေကို ကလေးတစ်ယောက်ရဲ့ အပြစ်ကင်းစင်မှုမျိုးနဲ့ ပြောနေခဲ့ပေမယ့် အဲဒီအချိန်မှာပဲ သူ့ရဲ့ လက်ဝှေ့အိတ်တွေ သက်သက်ကြောင့် ဟင်းလင်းပြင်ကြီးတစ်ခုလုံးက အက်ကွဲကြောင်းတွေ စတင်ပေါ်ပေါက်နေပြီ ဖြစ်တယ်။
စားဖိုမှူးကတော့ မလှုပ်ရှားနိုင်တော့ဘူး။ သူ လုံးဝ မှင်တက်သွားခဲ့ပြီ။
သူက ဇိုင်ယွန်ကို ငေးကြည့်နေမိရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ဘဲ ဇိုင်ယွန်ကတော့ လေထဲကို ခုန်တက်ပြီး အောက်ဘက်ကို ထိုးချလိုက်တယ်။
ဖန်ခွက် အက်ကွဲသွားတဲ့ အသံမျိုးက သဲကန္တာရဒေသတစ်ခုလုံးကို ဟိန်းထွက်သွားတော့တယ်။
အဲဒါဟာ စားဖိုမှူး သတိမေ့မသွားခင်အထိ မှတ်မိနေခဲ့တဲ့ နောက်ဆုံးအရာပဲ ဖြစ်တယ်။
* * * * * * * *
စာစဉ်(၄၉)
အခန်း(၅၈၂)
ဇိုင်ယွန်က မြေပြင်ပေါ်ကို ပြန်ဆင်းသက်လာပြီးတဲ့နောက် သဲပြင်ပေါ်မှာ ဘာသံမှမထွက်ဘဲ ငြိမ်သက်စွာ လှဲလျောင်းနေတဲ့ သနားစရာ စားဖိုမှူးကြီးကို လှမ်းမြင်လိုက်ရတယ်။ အိပ်ပျော်နေတဲ့အတိုင်းပါပဲ။
သူက စားဖိုမှူးကြီးရဲ့ ချက်ပြုတ်ရေးအေပရွန်မှာ ချည်နှောင်ထားတဲ့ သော့တွေကို မဖြုတ်ခင် အမြန်ပဲ စိတ်မကောင်းဖြစ်မိတဲ့ အမူအရာလေး လုပ်ပြလိုက်သေးတယ်။
"တွေ့လား အစ်မ။ အစ်မက ဘာလို့ ငါ့ရဲ့ပျော်စရာတွေကို လာဖျက်ဆီးပစ်ရတာလဲ" ဇိုင်ယွန်က သော့တွေကို သူ့ရှေ့မှာ ကိုင်မြှောက်ပြီး ရှီနာ့ဘက်ကို ရမ်းပြရင်း ပြောလိုက်တယ်။
သော့က သူ့လက်ထဲ ရောက်လာတာနဲ့တစ်ပြိုင်နက် သူ့ခြေထောက်အောက်ကနေ လင်းထိန်နေတဲ့ အလင်းတန်းကြီးတစ်ခု ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့တယ်။
သူ့လက်ထဲမှာ သော့ရှိနေပြီဖြစ်လို့ ဒီသော့ရဲ့ ပုံတူတစ်ချောင်းက မိုက်ကယ်ရဲ့ လက်ထဲကိုလည်း ချက်ချင်း ရောက်ရှိသွားမှာပါ။
"ငါပြောသလိုသာ အစကတည်းက လိုက်ရှာခဲ့ရင် ဒီသော့ကို ဒီထက်အများကြီး စောစောရနေပြီ" ရှီနာက မလျှော့တမ်း ပြောပြန်တယ်။
ဇိုင်ယွန် သက်ပြင်းအကျယ်ကြီး ချလိုက်မိတယ်။ သူ့အစ်မကို စိတ်ကျေနပ်အောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အလုပ်ပဲ။ သူ ဘာပဲလုပ်လုပ် အပြစ်ရှာဖို့ တစ်ခုခုကိုတော့ အမြဲတွေးနေတာပဲ။
"ဒါကို သခင်မိုက်ကယ် စောင့်နေရနိုင်တယ်ဆိုတာ နင် သိရဲ့လား။ ဒီပွဲမှာ ကိုယ့်အပျော်အတွက်ပဲ ရှေ့တန်းမတင်သင့်ဘူး။ အတ္တဆန်လွန်းတယ်" ရှီနာက တတွတ်တွတ်နဲ့ ဆူပူနေတယ်။
ဒီနား ရောက်တော့ ဇိုင်ယွန်လည်း တော်တော်လေး စိတ်မရှည်တော့ဘူး။
"အစ်မကကော။ အစ်မကိုယ်တိုင်ပဲ သူ့ကို စောင့်အောင် လုပ်နေတာမဟုတ်ဘူးလား။ ငါ့ကို ဘာလုပ်ရမယ်ဆိုပြီး ဒီလောက်အချိန်ဖြုန်း တွန့်တို ဆုံးမနေမယ့်အစား အစ်မကိုယ်တိုင်လည်း သော့ကို လိုက်ရှာနေသင့်တာပေါ့"
သူ့ဘက်က အကျိုးအကြောင်းခိုင်လုံစွာ ပြန်ပြောပေမဲ့လည်း ရှီနာကတော့ သူမလုပ်ရပ်မှာ ဘာအမှားမှ ရှိမနေဘူးလို့ပဲ မြင်နေတုန်းပဲ။
"နင့် အလုပ်ကို သေသေချာချာ လုပ်၊ မလုပ် ငါက ကြည့်ပေးရဦးမယ်လေ။ ငါ ဒီမှာရှိနေလို့ တော်သေးတယ်။ ငါသာ မရှိရင် နင်က သော့အကြောင်းကို လုံးဝမေ့ပြီး လျှောက်ဆော့နေဦးမှာ"
ဇိုင်ယွန်ကတော့ သူ့အစ်မရဲ့ အရှက်မရှိ အတ္တဆန်တဲ့ အပြောအဆိုကြောင့် လုံးဝကို အံ့ဩမှင်တက်သွားရတယ်။ သူ လုပ်တာနဲ့ အတူတူပါပဲလား။
"သော့က ဘယ်မှာလဲ" သူက မေးလိုက်တယ်။
ဒီအခါမှာ ရှီနာက သူမရဲ့ အရိပ်ထဲကို လက်နှိုက်ပြီး အဖြူရောင်နဲ့ ရွှေရောင်စပ်ထားတဲ့ ဒြပ်ပေါင်းလေးတစ်ခုကို ထုတ်ယူလိုက်တယ်။ အဲဒါက မီသရယ် မှော်ဝင်ပစ္စည်း အစစ်အမှန်တစ်ခု ဖြစ်ကြောင်း သက်သေပြနေသလို ဝါကျင်ကျင် အရောင်အဝါတွေ တောက်ပနေတဲ့ လေးတစ်စင်ပါ။
သူ့ရဲ့ မြှားတောက်ထဲကနေ ရိုးရိုးမြှားတစ်စင်းကို ထုတ်ပြီး လေးကြိုးမှာ တပ်ဆင်လိုက်တယ်။
ပြီးတော့ မြှားကြိုးကို ပခုံးအထိ အားပါပါ ဆွဲဆန့်လိုက်ပြီး ခဏလောက် အားဖြည့်ပြီးတာနဲ့ မြှားကို လေထဲသို့ လွှတ်တင်လိုက်ပါတော့တယ်။
နှင်းဖုံးနေတဲ့ တောင်ထိပ်တွေက တိုက်ခတ်လာတဲ့ ပြင်းထန်အေးစက်တဲ့ လေရိုင်းတွေက မြှားကို ဝိုင်းဝန်းတိုက်ခတ်နေလို့ ရိုးရိုးမြှားသာဆိုရင် လမ်းကြောင်းလွဲသွားမှာ သေချာပါတယ်။
ဒါပေမဲ့ ဆန်းကြယ်လှတာက နှင်းခဲတွေနဲ့ မိုးသီးတွေက လမ်းကြောင်းလွဲအောင် တိုက်ခတ်နေတဲ့ကြားကပဲ သူမရဲ့မြှားက မူလဦးတည်ချက်အတိုင်း ဆက်သွားနေခဲ့တယ်။
အမြင့်ဆုံးအမှတ်ကို ရောက်သွားတဲ့အခါမှာတော့ မြှားက အောက်ဘက်ကို ကွေးဆင်းသွားပြီး နှင်းတွေဖုံးနေတဲ့ ရေခဲမြစ်ထဲကို စိုက်ဆင်းသွားခဲ့တယ်။
မြှားက ထူထပ်ပွအိနေတဲ့ နှင်းတွေထဲကလွဲလို့ ဘာကိုမှ မထိမှန်ခဲ့တာကြောင့် ရှီနာက ဘာရည်ရွယ်ချက်မှ မရှိဘဲ ပစ်လိုက်သလိုပါပဲ။
ဒါပေမဲ့ စက္ကန့်အနည်းငယ်အကြာမှာတော့ ထူထပ်တဲ့ နှင်းတွေထဲကနေ လက်တစ်ဖက် ရုတ်တရက် ထွက်လာပြီး တောင်ကုန်းပေါ်ကနေ ညည်းညူသံတစ်ချက် ပဲ့တင်ထပ်လာခဲ့တယ်။
လူတစ်ယောက်က မှောက်ခုံအနေအထားကနေ ဖြည်းဖြည်းချင်း ထလာပြီး သူ့ရဲ့ ကျောပြင်တည့်တည့်မှာ မြှားစိုက်နေတာကို ပြသနေတယ်။
ခြောက်ပေလောက် နက်တဲ့ နှင်းတွေထဲကနေ သော့ကို ရှာတွေ့ပြီးတဲ့နောက်မှာ အဲဒီလူက ပွဲပြီးတဲ့အထိ ကိုယ်ပျောက်ပြီး ပုန်းနေဖို့ပဲ ဆုံးဖြတ်ခဲ့တာပါ။ ဒါက အောင်ပွဲရဖို့ အန္တရာယ်အကင်းဆုံးနည်းလမ်းလို့ သူ တွေးခဲ့တယ်။
အေးစက်တဲ့ ရာသီဥတုမှာ လူမသိအောင် ပုန်းနိုင်ဖို့အတွက် သူ့ရဲ့ ချပ်ဝတ်တန်ဆာတွေနဲ့ လက်နက်တွေအားလုံးကို စွန့်ပစ်ခဲ့တယ်။ သူက ကာကွယ်မဲ့ ဖြစ်နေပေမဲ့ ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူးလေ။
သူကတော့ အဲလို တွေးခဲ့တယ်။
သူ့လက်မောင်းတွေကို အားပြုပြီး ထိန်းထားဖို့ ကြိုးစားပေမဲ့ နောက်ဆုံးတော့ သူ့အင်အားတွေ ကုန်ခမ်းသွားခဲ့ရတယ်။
သူက နှင်းထဲကို ပြန်လည် လဲကျသွားပြီး သတိမေ့မြောသွားပါတော့တယ်။
နယ်မြေရဲ့ ဆန့်ကျင်ဘက် အစွန်းတစ်ဖက်မှာ ရှိနေတဲ့ ရှီနာကတော့ မျက်မှောင်ကုပ်ပြီး ခေါင်းကို ငြိမ့်လိုက်တယ်။
သူမရဲ့ မီသရယ် မှော်ဝင်ပစ္စည်း လေးကို အရိပ်ထဲ ပြန်ထည့်လိုက်ပြီး အလုပ်တစ်ခုကို အောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် ကျေနပ်တဲ့အမူအရာနဲ့ လက်ကို ခါလိုက်တယ်။
ဒီနောက်မှာတော့ ကောင်းကင်အထက်ကနေ တောက်ပတဲ့ ရွှေရောင်အလင်းတန်းတစ်ခုက သူမဆီကို ဖြာကျလာခဲ့တယ်။
ရွှေရောင်သော့တစ်ချောင်းက သူမရဲ့ လက်ဖဝါးပေါ်ကို မကျခင် လေထဲမှာ ရုတ်တရက် ဝဲပျံဆင်းသက်လာတယ်။
အခုဆိုရင် နှင်းဖုံးတောင်တန်း နယ်မြေရဲ့ နောက်ဆုံးကစားသမားလည်း ပြုတ်သွားပြီဖြစ်လို့ သော့က နောက်ဆုံး အသက်ရှင်ကျန်ရစ်သူဆီကို အလိုအလျောက် ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။
ရှီနာက ဇိုင်ယွန်ဘက်ကို လှည့်ကြည့်ပြီး အောင်နိုင်သူအပြုံးနဲ့ ရွှေရောင်သော့ကို မြှောက်ပြလိုက်တယ်။
"ဘာပြောလိုက်တယ်"
* * * * * * * *
ဒီအတောအတွင်းမှာတော့ လေလံပွဲတစ်ခုလုံးက အနီရောင် ချောက်ကြီးထဲက တွေ့ရှိမှုအသစ် သတင်းတွေနဲ့ပဲ ရှုပ်ယှက်ခတ်နေတုန်းပါပဲ။
ပြီးတော့ ပွဲကလည်း ပြီးသလောက် ဖြစ်နေပြီမို့လို့ လူအနည်းငယ်ကလွဲရင် ကျန်တဲ့သူတွေက မှော်ကမ္ဘာငယ်လေးကို သိပ်ပြီး အာရုံမစိုက်ကြတော့ပါဘူး။
ဒါပေမဲ့ အချို့လူတွေကတော့ စောင့်ကြည့်နေဆဲပါ။
သူတို့ မြင်လိုက်ရတဲ့အရာက သူတို့ရဲ့ စိတ်ကို လုံးဝကို လန့်ဖျပ်သွားစေခဲ့တယ်။
"ဟေ့ကောင်တွေ အခုတင် ဘာဖြစ်သွားလဲ မြင်လိုက်လား"
"ဟင် ဘာဖြစ်လို့လဲ။ မိုက်ကယ်က ဘိုးကို နောက်ဆုံးတော့ အနိုင်ယူလိုက်ပြီလား"
"မဟုတ်ဘူး။ မှော်ကမ္ဘာငယ်လေးရဲ့ အခြားတစ်ဖက်ကို ကြည့်ဦး။ သဲကန္တာရနဲ့ တန်ဒရာနယ်မြေတွေကို ကြည့်လိုက်ဦး"
ဒီလို ပြာပြာသလဲ အော်ဟစ်သံတွေကြောင့် လူအများစုက မှော်ကမ္ဘာငယ်လေးဆီကို ပြန်ပြီး အာရုံစိုက်လာကြတယ်။
အဲဒီမှာ သူတို့ မြင်လိုက်ရတာကတော့ အနီရောင်အကြေးခွံနဲ့ အဖြူရောင်အကြေးခွံရှိတဲ့ ဒရာဂွန်ဘွန်းနှစ်ယောက်က လက်ထဲမှာ ရွှေရောင်သော့တစ်ချောင်းစီ ကိုင်ပြီး အချင်းချင်း စကားများနေကြတာပဲ။
"သူတို့ သော့ကို ဘယ်တုန်းက ရသွားတာလဲ"
"သူတို့နယ်မြေ ဘေးနားမှာလည်း ဘယ်သူမှ ရှိမနေပါလား... နေဦး။ သူတို့နှစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေအကုန် ပြုတ်သွားပြီလား"
"ဟုတ်တယ်။ သူတို့ အနိုင်ယူလိုက်တာ။ တစ်မိနစ်တောင် မပြည့်ဘူး"
အဖြစ်အပျက်တစ်ခုလုံးကို စောင့်ကြည့်နေတဲ့ လူတစ်ယောက်က သူမြင်လိုက်ရတာတွေကို အားလုံးကို လိုက်ပြောပြနေတော့တယ်။
ဒါပေမဲ့ ကိုယ်တိုင်မြင်ရတာနဲ့ သူတစ်ပါးပြောတာကို ကြားရတာကတော့ ကွာခြားတယ်။ ပိရမစ်ဒစ် ကျူဇင်းက ထိပ်တန်း စားဖိုမှူး စစ်သည်တော်တွေ တိုက်ရိုက်တိုက်ခိုက်ပွဲမှာ အရေးနိမ့်သွားတယ်ဆိုတာကို လူအများစုက မယုံနိုင်ကြဘူး။
"ဒါဆို ဖီးလတ်ဆရာကြီးကကော။ သူက ဘယ်လိုဖြစ်ပြီး ပြုတ်သွားတာလဲ"
"သူက အရမ်းသန်မာတဲ့ မီသရယ် အမွေအနှစ်ပစ္စည်းတစ်ခုနဲ့ ထိုးနှက်ခံလိုက်ရတာ"
"ဘာကြီး"
ရီနေးတားကုမ္ပဏီမှာ မိုက်ကယ်ရဲ့ ပျံသန်းနိုင်တဲ့ လက်နက်ကလွဲလို့ အခြား မီသရယ် အမွေအနှစ်ပစ္စည်းတွေ ရှိလိမ့်မယ်လို့ ဘယ်သူမှ မတွေးထားခဲ့ကြဘူး။
ဒါပေမဲ့ အခုတော့ သူ့ရဲ့ အဖွဲ့ဝင်နှစ်ယောက်မှာလည်း ကိုယ်ပိုင် မီသရယ် အမွေအနှစ်ပစ္စည်းတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီ။ ပြီးတော့ သူတို့ အခုတင် ပြသသွားတဲ့ စွမ်းဆောင်ရည်တွေအရ အဲဒီလက်နက်တွေက အလွန်တရာ သန်မာပုံရတယ်။
ဒီအကြောင်းကြောင့် အနီရောင် ချောက်ကြီးရဲ့ ရှာဖွေတွေ့ရှိမှုအတွက် စီမံကိန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ အဲလ်ရစ်နဲ့ အခြား ကမ္ဘာ့အဆင့် ဂိုဏ်းကြီးတွေလည်း မှော်ကမ္ဘာငယ်လေးဆီကို အာရုံပြန်စိုက်လာရပါတော့တယ်။
"မင်း သေသေချာချာ မြင်ခဲ့တာ ဟုတ်ရဲ့လား။ မျက်စိမှားတာများလား"
"ငါ မြင်ခဲ့တာ အဲလ်ရစ်။ အဲဒါတွေက ရိုးရိုး မီသရယ် အမွေအနှစ်ပစ္စည်းတွေ မဟုတ်ဘူး။ မီသရယ် မှော်ဝင်ပစ္စည်းတွေ။ အစစ်အမှန်တွေ"
မိုက်ကယ်က ဒီလိုအဆင့်အတန်းရှိတဲ့ မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာကိုတင် လူတိုင်းက အံ့ဩနေကြတာပါ။ ဒါပေမဲ့ အခုကြည့်ရတာ သူ့အဖွဲ့ဝင်တွေထဲမှာတင် ဒါမျိုး ရှိနေတာ သူတစ်ယောက်တည်း မဟုတ်တော့ဘူး။
ရီနေးတားကုမ္ပဏီမှာ မီသရယ် မှော်ဝင်ပစ္စည်း သုံးခုတောင် ရှိနေတာကို မြင်လိုက်ရတဲ့အခါ ကမ္ဘာ့အဆင့် ဂိုဏ်းကြီးတွေ အကြီးအကျယ် တုန်လှုပ်သွားကြတယ်။
အခုဆိုရင် လူအများစုက ဒီလို ကြီးကျယ်တဲ့ ရတနာတွေကို ဘယ်နေရာမှာ ရှာဖွေနိုင်မလဲဆိုတာ သိချင်နေကြပြီ။
မိုက်ကယ်က ပါရမီရှိတယ်၊ သန်မာတယ်၊ ချမ်းသာတယ်၊ ပြီးတော့ အခုလည်း ကံက မတရားကောင်းနေပြန်ပြီ။ လူအများစုက ဒါဟာ မတရားဘူးလို့တောင် တွေးလာကြတယ်။
မိုက်ကယ်က ဒါတွေအားလုံးကို ကိုယ်တိုင် ဗိသုကာပုံစံဖော်ပြီး လုပ်ခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးမျိုးတော့ သူတို့ခေါင်းထဲ တစ်ချက်ကလေးမှ မဝင်ခဲ့ပါဘူး။
ဒါက ရယ်စရာကောင်းလွန်းတာကိုး။ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစုကြီးတွေတောင် သူတို့ရဲ့ ဧရာမ အရင်းအမြစ်တွေကို သုံးပြီး မီသရယ် မှော်ဝင်ပစ္စည်းတွေကို ပြန်လည်မဖန်တီးနိုင်ရင် ဘယ်သူမှ မလုပ်နိုင်တာ အမှန်ပဲလေ။
မြို့စားကတော်ကိုယ်တိုင်လည်း မိုက်ကယ်က ရှေးဟောင်းနေရာတစ်ခုမှာ ဒါတွေကို မတော်တဆ သွားတွေ့ခဲ့တာလို့ပဲ ထင်မှတ်နေခဲ့တယ်။
"ဒါက အဓိပ္ပာယ်ရှိပါတယ်။ ကင်းစ်နယ်မြေဆီကို လူအများစု မသွားကြဘူးလေ။ ပြီးတော့ သူက အဲဒီမှာ တစ်စုံတစ်ရာသော နယ်မြေကို ဆက်ခံထားတယ်လို့လည်း ငါကြားတယ်။ မြေခြောက်သွေ့ဒေသ ထင်တာပဲ။ သူ ကံကောင်းလွန်းလို့ အဲဒီမှာ ရှာဖွေတွေ့ရှိမှုတွေ အများကြီး လုပ်နိုင်ခဲ့တာ နေမှာပါ"
* * * * * * * *