← Chapters

အခန်း (၅၈၇-၅၈၈)

Vol. 49 Ch. 587-588

အခန်း (၅၈၇-၅၈၈)

Vol. 49 Ch. 587-588

အခန်း(၅၈၇)

မိုက်ကယ်က ဖန်ပုလင်းလေးတွေရဲ့ ဖော့ဆို့တွေကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်ပြီး သူ့ရဲ့ ဒရုန်းပေါ်ကို ဝိညာဉ်ဆီတွေ လောင်းထည့်လိုက်တယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဝိညာဉ်ဆီတွေ သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းထဲ စိမ့်ဝင်ပျောက်ကွယ်သွားတာကို မြင်လိုက်ရတော့ သူ့ခန္ဓာကိုယ်ထဲက စိတ်လှုပ်ရှားစေတဲ့ဟော်မုန်းတွေ အရှိန်အဟုန်နဲ့ တက်ကြွလာခဲ့တယ်။

နောက်ဆုံးတော့ သူ့အတွက် ဝိညာဉ်ဆီ ငါးစက် ကျန်ရစ်ခဲ့တယ်။ သူ့ရဲ့ လက်နက်ကို အခုရှိနေတာထက် ပိုပြီး အစွမ်းထက်တဲ့အရာတစ်ခုအဖြစ် အဆင့်မြှင့်တင်ဖို့ သူ မစောင့်ဆိုင်းနိုင်တော့ဘူး။

ဘယ်အရာကို အရင်ဦးစားပေးရမလဲဆိုတာ စိတ်ကူးရှိပြီးသား ဖြစ်ပေမဲ့ ထုံးစံအတိုင်းပဲ အချိန်ယူပြီး သေချာစဉ်းစားဦးမယ်။ ဝိညာဉ်ဆီတွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ ထပ်ရနိုင်မလဲဆိုတာ သူ မသိဘူးလေ။

"ဝိညာဉ်ဆီတွေ ရလို့ မိုက်ကယ် မင်း တော်တော်ပျော်နေတာ ငါ မြင်သားပဲ။ မင်းအတွက် ငါလည်း ဝမ်းသာပါတယ်" လို့ ဘာနာဘီက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြုံးပြီး ပြောလိုက်တယ်။ ဒါက သူ ဒီလုပ်ငန်းကို အစောကြီးကတည်းက စတင်ခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲပေါ့။

"ဒါနဲ့ မင်းကို ဂုဏ်ပြုရဦးမယ်။ လူအများစုက မင်းနဲ့ မင်းရဲ့ ရီနေးတားကုမ္ပဏီကို ရိုင်းဇင်းဆစ်ထဲမှာ ထိပ်ဆုံးနေရာသစ်အဖြစ် သတ်မှတ်နေကြပြီ။ မင်း ရောက်လာပြီဆိုတော့ သူတို့ အဲဒီနာမည်ကို ပြောင်းရတော့မယ် ထင်တယ်"

ဒါက သူ့အတွက် သတင်းကောင်းတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ဒါက သူတို့ကုမ္ပဏီကို လူသိ ပိုများလာစေပြီး အကျိုးအမြတ်တွေ ပိုရလာစေမယ့်အပြင် ရီနေးတား အမှတ်တံဆိပ်ကို လူတွေ ပိုပြီး သတိထားမိလာစေမှာမလို့ပဲ။

"လူတိုင်းက မင်းရဲ့ ပါရမီနဲ့ မင်းရဲ့ လက်နက်တွေအကြောင်းပဲ ပြောနေကြတာ။ မင်းရဲ့ လက်အောက်မှာ မီသရယ် မှော်ဝင်ပစ္စည်းတွေ ဒီလောက်အများကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဟားဟား၊ မင်း ဒါတွေအားလုံးကို ရှာတွေ့ခဲ့တဲ့ ဂူသင်္ချိုင်းကို ငါ့ကို မျှဝေပေးချင်လား။ ရောင်းဖို့ ကျန်သေးတာလေးတွေ ရှိဦးမလား။ နောက်နှစ် လေလံပွဲမှာတော့ ဒါက နောက်ထပ် ရေပန်းစားမယ့် အကြောင်းအရာတစ်ခု ဖြစ်လာမှာ အသေအချာပဲ"

ဘာနာဘီရဲ့ စကားတွေက စနောက်တဲ့ သဘောဆိုတာ အထင်အရှားပဲ။ ကမ္ဘာပေါ်မှာ မီသရယ် မှော်ဝင်ပစ္စည်းလို ရတနာမျိုးက အနည်းငယ်ပဲ ရှိတာမလို့ တန်ဖိုးဖြတ်လို့ မရနိုင်မှန်း သူ သိထားတယ်။

"အာ... ရတယ်။ မင်း လိုချင်တယ်ဆိုရင် နောက်နှစ် ရောင်းဖို့ အဲဒါတွေထဲက အနည်းငယ်ကို ငါ အဆင်သင့် ပြင်ထားပေးမယ်" လို့ မိုက်ကယ်က ပြုံးပြီး ပြောလိုက်တယ်။

"ဟားဟား။ အဲဒီနေ့ ရောက်လာမှာကို ငါ မျှော်လင့်နေမယ်" လို့ ဘာနာဘီက ရယ်မောရင်း မိုက်ကယ်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။ မိုက်ကယ်က အတည်ပြောနေတာ မဟုတ်ဘူးလို့ သူ ထင်နေတာ။ "ဒါနဲ့ ငါ အခု သွားရတော့မယ်။ လေလံပွဲရဲ့ နောက်ထပ် အဆင့်က စတော့မယ်။ ငါ့အမြင်အရတော့ အဲဒါက အစိတ်လှုပ်ရှားစရာ အကောင်းဆုံး အပိုင်းပဲ"

ပစ္စည်း နှစ်ခုပဲ ကျန်တော့တယ်။ အဲဒါတွေကတော့ ကားနဲ့ ဝိညာဉ်ဆီ ၁၅ စက်ပဲ ဖြစ်တယ်။ ဒီပစ္စည်းတွေက သိပ်ကို တန်ဖိုးကြီးလွန်းတာကြောင့် ဘာနာဘီကတော့ ဈေးနှုန်းတွေ ကောင်းကင်အထိ ထိုးတက်သွားပြီး အင်အားကြီး အုပ်စုတွေပဲ ဝယ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။

ဘာနာဘီက မိုက်ကယ်ရဲ့ ဗွီအိုင်ပီ အခန်းထဲကနေ မကြာခင် ထွက်ခွာသွားပြီး တစ်စက္ကန့်အကြာမှာပဲ စင်မြင့်အောက်ခြေကို ရောက်ရှိသွားတယ်။ အဲဒီ ဝတုတ်ကြီးက တော်တော်လေး မြန်တာပဲ။

တစ်ချိန်တည်းမှာပဲ မိုက်ကယ်က အခန်းထဲမှာ ကျန်ရစ်ခဲ့ပြီး သူ့ရဲ့ ဝိညာဉ်ဆီ အသစ်တွေကို အကောင်းဆုံး ဘယ်လို အသုံးချရမလဲဆိုတာ စဉ်းစားနေမိတယ်။

'နိုဗာ... ငါ့ကို ဒရုန်း အဆင့်မြှင့်တင်မှု စာရင်း ပြန်ပြပေးလို့ ရမလား'

[....]

ဘာတုံ့ပြန်မှုမှ မရှိဘူး။

'ဟုတ်သားပဲ။ ဆော့ဝဲလ်အပ်ဒိတ် အကြောင်းကို ငါ မေ့သွားတယ်'

သူ့တစ်သက်လုံး နိုဗာရဲ့ အသံကို ကြားလာခဲ့ရပြီး အဲဒါကို သိပ်ပြီး ယဉ်ပါးနေခဲ့တာမလို့ အခုလိုအချိန်မှာ သူ့ရဲ့ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေသလိုမျိုး ခံစားလိုက်ရတယ်။

'ထားလိုက်ပါတော့... ငါ့ဘာသာငါပဲ စစ်ဆေးရမယ့်ပုံပဲ'

သူ မျက်လုံးတွေကို မှိတ်လိုက်ပြီး သူ ရှာဖွေချင်တဲ့အရာပေါ် အာရုံစူးစိုက်လိုက်တယ်။ အံ့ဩစရာကောင်းလှစွာပဲ တစ်စက္ကန့်အကြာမှာပဲ စာရင်းက သူ့ရဲ့ စိတ်ထဲမှာ မှော်ဆန်ဆန် ပေါ်လာခဲ့တယ်။

အဆင့်မြှင့်တင်မှုများ

[မီသရယ် မှော်ဝင်ပစ္စည်း - ဒရုန်း]

[ဝိညာဉ်ဆီ - ၅ စက်]

[အမြင်အာရုံ]

- - ကင်မရာ

- - ဒရုန်း အမြင်အာရုံ

- - မျှဝေ အမြင်အာရုံ

- - xxxx

[လက်နက်]

- - သဟဇာတ သေနတ်များ

- - သဟဇာတသေနတ်

- - သဟဇာတသေနတ် ဗားရှင်းတူး

- - သဟဇာတဗုံး

- - XXXX

- - စွမ်းရည်

- - ပစ္စည်းသိုလှောင်ခန်း ပြောင်းလဲခြင်း

- - XXXX

[ပန်ကာ]

- - ကိုယ်ယောင်ဖျောက်ခြင်း

- - အသံတိတ် ပန်ကာ

- - XXXX

- - အရှိန်

- - ဒလက်နှစ်ဖက်

- - XXXX

[ကိုယ်ထည်]

- - ကိုယ်ယောင်ဖျောက်ခြင်း

- - အသွင်ပြောင်းခြင်း

- - မမြင်နိုင်စွမ်း

- - XXXX

- - ကာကွယ်ရေး

- - သဟဇာတ အကာအကွယ်

- - XXXX

[တိုးချဲ့မှု]

- - ဒရုန်းများ

- - ဒရုန်းအသေးစား

- - XXXX

- - စံပြောင်းလဲခြင်း

- - ကျုံ့ခြင်း

- - ချဲ့ခြင်း

- - XXXX

အားလုံးထက် အရင်ဆုံး သူ့ရဲ့ စိတ်က [မျှဝေ အမြင်အာရုံ] အဆင့်မြှင့်တင်မှုဆီ ချက်ချင်း ရောက်သွားတယ်။

ဒါက သူ့ကို ဒရုန်းနဲ့ တစ်ပြိုင်နက်တည်း အလုပ်နှစ်ခု လုပ်ဆောင်နိုင်စေမှာဖြစ်ပြီး ဒရုန်းကို မောင်းနှင်နေရင်းနဲ့လည်း သူ့ခန္ဓာကိုယ်ကို တစ်ချိန်တည်းမှာ လှုပ်ရှားနိုင်စေလိမ့်မယ်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဒရုန်းရဲ့ အမြင်အာရုံကို မျက်နှာပြင် နှစ်ခုခွဲပြီး မြင်နေရသလိုမျိုး ဖြစ်နေမှာပေါ့။

ဒါက ဒရုန်း အမြင်အာရုံကြောင့် သူ့ကို ပုံမှန်အားဖြင့် အကာအကွယ်မဲ့စေပြီး မလှုပ်ရှားနိုင်အောင် ဖြစ်စေတဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်လိမ့်မယ်။

ဒါတင်မကသေးဘဲ ဒီအဆင့်မြှင့်တင်မှုက စွမ်းရည်တွေရဲ့ မမြင်နိုင်တဲ့ 'စွမ်းအင်လှိုင်း' ကိုလည်း မြင်တွေ့နိုင်စေတယ်။ အဲဒါက ဘယ်လို အလုပ်လုပ်လဲဆိုတာ သူ မသိပေမဲ့ နိုဗာကတော့ အပူလှိုင်းတွေကို မြင်ရတာမျိုး မဟုတ်ဘဲ စွမ်းရည်တွေကို မြင်တွေ့ရမယ့် အပူရိပ်ဖမ်း အမြင်အာရုံနဲ့ ကမ္ဘာကြီးကို ကြည့်ရသလိုမျိုး ဖြစ်လိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။

ဒါက တိုက်ခိုက်မှုတွေကို ကြိုတင်တွက်ဆနိုင်မှာမလို့ သိပ်ကို အသုံးဝင်လှတယ်။

ခြုံပြောရရင်တော့ သူ ဘာပဲဖြစ်ဖြစ် ဒီအဆင့်မြှင့်တင်မှုကို ယူမယ်ဆိုတာ သိနေတယ်။ အဲဒါက သိပ်ကို ကောင်းလွန်းလို့ပဲ။

အဲဒါက သူ့ကို ဝိညာဉ်ဆီ နှစ်စက် ကုန်ကျစေမှာ ဖြစ်ပေမဲ့ သူ့အမြင်အရတော့ တန်ပါတယ်။

ဒါဆိုရင် သူ့မှာ ဝိညာဉ်ဆီ သုံးစက်ပဲ ကျန်တော့မှာ ဖြစ်တယ်။

သူ့ရဲ့ နောက်ထပ် အဆင့်မြှင့်တင်မှုအတွက် သူက [ဒရုန်းအသေးစား] အဆင့်မြှင့်တင်မှုကို အလေးအနက် စဉ်းစားနေမိတယ်။ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ဒရုန်းနှစ်စင်း ရှိနေမယ့် အယူအဆက တိုက်ပွဲအတွင်းမှာ သူ့ကို ကူညီပေးမယ့်လူ နှစ်ယောက် ရှိနေသလိုမျိုး ဖြစ်လိမ့်မယ်။

ဒါပေမဲ့ သူ့ကို ဝေခွဲမရဖြစ်စေတဲ့ တစ်ခုတည်းသော အချက်ကတော့ အဲဒါမှာ တိုက်ခိုက်ရေး စွမ်းရည် မရှိတာပဲ။ အဲဒါမှာ ကင်မရာ လုပ်ဆောင်ချက်ပဲ ရှိတာမလို့ အပြည့်အဝ အသုံးချမယ်ဆိုရင် သူ့မှာ အမြင်အာရုံ သုံးစုံ ရှိနေမှာ ဖြစ်တယ်။

အကယ်၍ သူက တိုက်ခိုက်ရေး စွမ်းရည် ရှိစေချင်တယ်ဆိုရင်တော့ [သဟဇာတသေနတ် ဗားရှင်းတူး] ကို ဝယ်ယူရမှာဖြစ်ပြီး အဲဒါက သူ့ကို ပိုမိုမြန်ဆန်တဲ့ ကျည်ဖြည့်ခြင်းကို ပေးစွမ်းနိုင်မှာဖြစ်သလို သူ့ရဲ့ ဒရုန်းအသေးစားကိုလည်း သေနတ်တွေ သုံးနိုင်စေမှာ ဖြစ်တယ်။

ဒါကြောင့် အကယ်၍ သူက ဒရုန်းအသေးစားကို ယူမယ်ဆိုရင် သေနတ် အဆင့်မြှင့်တင်မှုနဲ့ပါ တွဲယူရမှာဖြစ်ပြီး စုစုပေါင်းဆိုရင် သူ့မှာရှိတဲ့ ဝိညာဉ်ဆီ သုံးစက်လုံး ကုန်ကျသွားလိမ့်မယ်။

'ငါ ဝေခွဲမရ ဖြစ်နေပြီ... ဒရုန်းအသေးစားကလည်း ကောင်းတယ်၊ ဒါပေမဲ့ ငါက ကိုယ်ယောင်ဖျောက် အဆင့်မြှင့်တင်မှုကိုလည်း လိုချင်သေးတာ'

ဒရုန်းရဲ့ ကိုယ်ထည်အတွက် ကိုယ်ယောင်ဖျောက် စနစ် နှစ်ခု ရှိတယ်။ တစ်ခုက အသွင်ပြောင်းခြင်း သက်သက်ဖြစ်ပြီး ဒုတိယတစ်ခုကတော့ တိုက်ရိုက် မမြင်နိုင်စွမ်း ဖြစ်တယ်။

အမှန်တော့ မမြင်နိုင်စွမ်းက အကောင်းဆုံး ရွေးချယ်မှုပဲ။ တစ်ခုတည်းသော အားနည်းချက်ကတော့ အဲဒါက ဝိညာဉ်ဆီ ၂ စက် ကုန်ကျမှာ ဖြစ်တယ်။

ဒါပေမဲ့လည်း ဒီမမြင်နိုင်စွမ်းက ဒရုန်းရဲ့ ပန်ကာတွေက အလွန် ဆူညံနေတယ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ အကယ်၍ သူက အစုံအလင် လိုချင်တယ်ဆိုရင်တော့ ဒီအဆင့်မြှင့်တင်မှုကို [အသံတိတ် ပန်ကာ] နဲ့ တွဲဖက်ရမှာဖြစ်ပြီး စုစုပေါင်းဆိုရင် သူ့ကို ဝိညာဉ်ဆီ သုံးစက် ကုန်ကျစေမှာ ဖြစ်တယ်။

'ငါ တိုက်ခိုက်ရေးကို ရွေးရမလား၊ ကာကွယ်ရေးကို ရွေးရမလား'

ဒါက ရှေးကတည်းက ရှိခဲ့တဲ့ မေးခွန်းဟောင်းကြီးတစ်ခုပဲ။ သူ ဘယ်တစ်ခုကို ယူရမလဲဆိုတာ မဆုံးဖြတ်နိုင်သေးဘူး

'ကိုယ်ယောင်ဖျောက် စနစ်အတွက် အကြောင်းပြချက် ပေးလို့ရမယ် ထင်တယ်။ လူအများကြီးက ပွဲစဉ်အတွင်းမှာ ဒရုန်းရဲ့ လှုပ်ရှားမှုကို မြင်တွေ့ခဲ့ကြတယ်။ အဲဒါက ပျံသန်းနိုင်ပြီး သဟဇာတ အလင်းတန်းတွေကို ပစ်ခတ်နိုင်မှန်း သူတို့ သိကြတယ်'

လူအများစုက ဒရုန်းက ဘာလဲ၊ ဘာတွေ လုပ်နိုင်လဲဆိုတာ မသိကြတာမလို့ ဒရုန်းကြောင့် လုံးဝ အံ့အားသင့်သွားခဲ့ကြတာ။ ဒါပေမဲ့ ဒီလေလံပွဲပြီးရင်တော့ လူတိုင်းက အဲဒီရဲ့ စွမ်းဆောင်ရည်တွေကို သိသွားကြပြီမလို့ ပတ်ဝန်းကျင်ရဲ့ ဘယ်နေရာမှာမဆို ပျံသန်းနေနိုင်တယ်ဆိုတာကို ပိုပြီး သတိထားမိလာကြလိမ့်မယ်။

'ပန်ကာသံတွေက သိသာလွန်းနေလိမ့်မယ်'

သူ အဲဒီအကြောင်းကို ပိုပြီး စဉ်းစားလေလေ၊ ကိုယ်ယောင်ဖျောက် စနစ်ဘက်ကို ပိုပြီး ယိမ်းညွတ်လာလေလေပဲ။ ဒီနည်းလမ်းနဲ့ဆိုရင် သူ့ရဲ့ ဒရုန်းနဲ့ ရုတ်တရက် တိုက်ခိုက်နိုင်မယ့် အခွင့်အရေးကို ဆက်ပြီး ထိန်းထားနိုင်လိမ့်မယ်။

'ဒါပေမဲ့လည်း အလောတကြီးတော့ မဟုတ်ပါဘူး။ ငါ စဉ်းစားနေတုန်းပဲ ရှိသေးတာ'

သူ့ဘာသာသူ ဝေခွဲမရ ဖြစ်နေတုန်းမှာပဲ ဘာနာဘီက စင်မြင့်အောက်ကို ရောက်ရှိနေပြီဖြစ်ပြီး လေလံပွဲရဲ့ နောက်ထပ်အဆင့်ကို စတင် မိတ်ဆက်ပေးနေခဲ့ပြီ ဖြစ်တယ်။

"အမျိုးသား၊ အမျိုးသမီးအပေါင်းတို့... ခင်ဗျားတို့ အရင်က ဒီလိုမျိုး တစ်ခါမှ မြင်ဖူးမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။ ဒါက မကြာခင်မှာ ကမ္ဘာကြီးကို လွှမ်းမိုးသွားတော့မယ့် တီထွင်မှုတစ်ခု ဖြစ်ပါတယ်။ သိပ္ပံစိတ်ကူးယဉ် ဝတ္ထုထဲက ထွက်လာတဲ့ အရာတစ်ခုပေါ့"

"မက်ထရိုပိုလစ်မှာ ခဏတာ ပေါ်ထွက်ခဲ့စဉ်က အဲဒီရဲ့ စွမ်းဆောင်ရည်တွေအကြောင်း ခင်ဗျားတို့ ကြားဖူးထားကြမှာ အသေအချာပဲ ဖြစ်ပေမဲ့ ခင်ဗျားတို့ အခုထိ ဘာမှ အပြည့်အဝ မမြင်ရသေးဘူးဆိုတာကိုတော့ ကျွန်တော် အာမခံရဲပါတယ်။"

"ခင်ဗျားတို့ကို ကျွန်တော် မိတ်ဆက်ပေးပါရစေ... မော်တော်ကား ပါပဲ"

* * * * * * * *

စာစဉ်(၄၉)

အခန်း(၅၈၈)

သူ့ရဲ့ ကြေညာချက် ပြီးသွားပြီးတဲ့နောက်မှာပဲ အောက်ဘက်က ပလပ်ဖောင်းတစ်ခုဟာ လေထဲကို ရုတ်တရက် မြင့်တက်လာပြီး ငွေရောင်အနားသတ်တွေနဲ့ အနက်ရောင် ဆေးခြယ်ထားတဲ့ အသစ်စက်စက် လေးယောက်စီး မော်တော်ကားတစ်စီးကို ဖော်ထုတ်ပြသလိုက်ပါတယ်။

ဒီမော်တော်ကားရဲ့ ပုံပန်းသဏ္ဌာန်ကြောင့် ပရိသတ်တွေအားလုံး အံ့အားသင့်ပြီး အသက်ရှူသံတွေတောင် တိတ်ဆိတ်သွားရတယ်။ သူတို့တွေဟာ မော်တော်ကားအကြောင်း ကောလာဟလတွေကို ကြားဖူးထားကြပြီး အဲဒါတွေက တခြားကမ္ဘာက လာတဲ့ သံမဏိမိစ္ဆာကြီးတွေလိုပဲလို့ ထင်နေကြတာပါ။ ဒါပေမဲ့ ဒီကားက အဲဒီလိုမျိုး လုံးဝမဟုတ်နေဘူး။ အဲဒါက ပြပြပြားပြားနဲ့ လန်းလွန်းနေပြီး ခြုံငုံပြောရရင် လူတိုင်းရဲ့ မျက်လုံးတွေကို ဖမ်းစားနိုင်လောက်အောင် စတိုင်ကျလွန်းနေတယ်။

သူတို့အားလုံးက မော်တော်ကားဆိုတာ ကီလိုဂရမ်ထောင်ချီ သယ်ဆောင်နိုင်တဲ့ ဧရာမမိစ္ဆာကြီး ဖြစ်ရမယ်လို့ ထင်ထားခဲ့ကြတာ။ ပုံမှန် မြင်းတစ်ကောင်ဆွဲတဲ့ ရထားလုံးလောက်ပဲ အရှည်ရှိပြီး ဒီလောက် သေးငယ်ကျစ်လျစ်လိမ့်မယ်လို့ သူတို့ တစ်ခါမှ မတွေးမိခဲ့ကြဘူး။

“မော်တော်ကားတွေနဲ့ ရင်းနှီးမှုမရှိသေးတဲ့ လူကြီးမင်းတို့အတွက် ပြောရရင်တော့ ဒါဟာ မောင်းနှင်ဖို့ မြင်းလည်းမလို၊ မှော်စွမ်းအင်လည်းမလို၊ ဘာလှည့်ကွက်မှလည်း သုံးစရာမလိုတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုး ဖြစ်ပါတယ်”

“သူတို့အတွက် လောင်စာဆီပဲ လိုအပ်ပါတယ်၊ အဲဒီဆီကိုလည်း တော်တော်လေး လွယ်လွယ်ကူကူ ဝယ်ယူနိုင်ပါတယ်။ ဒါဟာ သာမန်လူတစ်ယောက်တောင်မှ ဒီကားကို မက်ထရိုပိုလစ် လမ်းမတွေပေါ်မှာတင်မကဘဲ အဲဒီထက်ကျော်လွန်တဲ့အထိ မောင်းနှင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ”

ဒီလို ဆွဲဆောင်ပြောဆိုချက်က စိတ်ဝင်စားစရာကောင်းပေမဲ့ လူတိုင်းရဲ့ အာရုံကို ဖမ်းစားဖို့တော့ မလုံလောက်သေးပါဘူး။ မြင်း ဒါမှမဟုတ် မှော်စွမ်းအင် မလိုတော့ရင်ကော ဘာဖြစ်လဲ။

သူတို့အားလုံးက တစ်ခေါက်တည်းနဲ့ သတ္တုရိုင်း တန်နဲ့ချီ သယ်ဆောင်နိုင်တယ်လို့ ကောလာဟလ ထွက်နေတဲ့ မော်တော်ကား ထရပ်ကားကြီးကိုပဲ လိုက်ရှာနေကြတာ။

ဒီ ဆီဒန်ကားလေးနဲ့ ပတ်သက်လို့တော့ အခုအချိန်အထိ စိတ်ဝင်စားမှု သိပ်မရှိကြသေးဘူး။

ဒါပေမဲ့ ဘာနာဘီက သူ့ရဲ့ သတ်မှတ်ချက် အချက်အလက်တွေကို စီကာပတ်ကုံး ပြောပြလိုက်တဲ့ အခါမှာတော့ အခြေအနေက ချက်ချင်း ပြောင်းလဲသွားပါတယ်။

“ကဲ အခု ဒီကားက မက်ထရိုပိုလစ်ကနေ အန်ဂိုရာမြို့အထိ တစ်ပတ်တည်းနဲ့ သွားနိုင်တယ်လို့ ကျွန်တော် ပြောရင် လူကြီးမင်းတို့ ယုံကြမလား”

ဒီတစ်ကြိမ်မှာတော့ လူတိုင်း အံ့ဩသွားကြပြီး လုံးဝ ထိတ်လန့်တုန်လှုပ်သွားတာကြောင့် သူတို့ ထိုင်ခုံတွေကနေ ချက်ချင်း ထရပ်လိုက်ကြတယ်။

မက်ထရိုပိုလစ်ကနေ အန်ဂိုရာကို တစ်ပတ်တည်းနဲ့လား။ ဒါက မဖြစ်နိုင်တာပဲ။ မှော်ဆရာတစ်ယောက် အဝေးကြီးကို တယ်လီပို့လုပ်ပြီးရင် ပြန်အနားယူရတာကို ထည့်တွက်ရင် တယ်လီပို့လုပ်တာတောင် ဒါထက် ပိုကြာဦးမယ်။

“ဒါ အမှန်ပဲလား။ ဘယ်လိုလုပ် အဲဒီလောက် မြန်မြန်နဲ့ အဝေးကြီး သွားနိုင်ရတာလဲ။ ဒါက ကမ္ဘာပေါ်မှာ အကောင်းဆုံး မြင်းတွေကိုတောင် အပြတ်အသတ် အနိုင်ပိုင်းသွားမှာပဲ”

“အဲဒီလောက်အထိ ခရီးသွားနိုင်တယ်ဆိုရင် ဒါက မှော်စွမ်းအား ရှိနေလို့လား”

“သေချာတယ်၊ အဲဒီ သံမဏိတွေအောက်မှာ မှော်ဂါထာအဝိုင်းတစ်ခုခု ဝှက်ထားတာ နေမှာ”

‘ဆီ’ သက်သက်နဲ့တင် မောင်းနှင်တဲ့ ယာဉ်တစ်စီးက ‘ဘယ်သူ အမြန်ဆုံး ခရီးသွားနိုင်မလဲ’ ဆိုတဲ့ ပြိုင်ပွဲမှာ မှော်ဆရာတွေကိုတောင် အနိုင်ယူနိုင်တယ်ဆိုတာကို လူတွေဟာ လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေကြတယ်။

သေချာတာပေါ့၊ ဘာနာဘီက ကားရဲ့ အင်ဂျင်ဖုံးကို ဖွင့်ပြပြီး အင်ဂျင်အပါအဝင် သူ့ရဲ့ အတွင်းပိုင်း စက်ယန္တရား အစိတ်အပိုင်းအားလုံးကို ပြသလိုက်ရင်း သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးလိုက်ပါတယ်။

“ဒါက အရာအားလုံးကို လည်ပတ်စေတဲ့ အရာပါပဲ။ လူကြီးမင်းတို့ မြင်ရတဲ့အတိုင်း ထူးဆန်းတဲ့ ပုံသဏ္ဌာန်တွေရှိတဲ့ သံမဏိအပိုင်းအစတွေလိုပဲ ပေါ်နေပါတယ်။ ဒါပေမဲ့ ဒါတွေဟာ သာမန်ဆီတစ်မျိုးကို လူတစ်ယောက် လွင့်ထွက်သွားစေနိုင်လောက်တဲ့အထိ အစွမ်းထက်တဲ့ တန်ခိုးအဖြစ် ပြောင်းလဲပေးဖို့ အထူးဒီဇိုင်းထုတ်ထားတာပါလို့ ကျွန်တော် အာမခံနိုင်ပါတယ်”

သူက စင်ပေါ်တက်ပြီး ကားထဲဝင်ဖို့ သူ့ရဲ့ အကူအိမ်တော်ထိန်း တစ်ယောက်ကို လက်ဟန်ခြေဟန်နဲ့ အချက်ပြလိုက်တယ်။

“ကျွန်တော်တို့ သူ့ရဲ့ စွမ်းအားကို အနည်းငယ် ပြသပါ့မယ်။ သတိထားရမှာက ဒီအသံဟာ သတ္တဝါတစ်ကောင်၊ မိစ္ဆာတစ်ကောင် ဒါမှမဟုတ် မှော်မန္တန်တစ်ခုခုက ထွက်လာတဲ့ အသံ မဟုတ်ပါဘူး။ ဒါဟာ လေဆင်နှာမောင်းတွေ ဒါမှမဟုတ် ပြင်းထန်တဲ့ လေရိုင်းတွေရဲ့ ဟိန်းဟောက်သံလိုမျိုး ရိုးရိုးရှင်းရှင်းပဲ ဖြစ်ပါတယ်”

အိမ်တော်ထိန်းက အင်ဂျင်ကို နှိုးလိုက်တဲ့အခါ လူတိုင်းကို တွန့်ခနဲ ဖြစ်သွားစေတဲ့ စက်ယန္တရား ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပါတယ်။

အဲဒီနောက် မကြာခင်မှာပဲ အိမ်တော်ထိန်းက လီဗာနင်းလိုက်တာကြောင့် ကားအင်ဂျင်က ပိုပြီး ပြင်းပြင်းထန်ထန် ဟိန်းဟောက်လာရတယ်။

တစ်မိနစ်ကို အကြိမ်ပေါင်း ထောင်ချီ အထက်အောက် ပြေးလွှားနေတဲ့ အင်ဂျင်ပစ္စတင်တွေရဲ့ စူးရှတဲ့ အသံဟာ လေလံပွဲတစ်ခုလုံးမှာ ဟိန်းထွက်သွားပြီး ပရိသတ်တွေရဲ့ အံ့ဩမှင်တက်သံတွေအားလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။

“မှော်မျှော်စင်သခင်၊ မော်တော်ကားဆီကနေ မှော်စွမ်းအင် တစ်ခုခုကို ထောက်လှမ်းမိလား။ ရှိရင် တစ်ချက်လောက် ခေါက်ပြပါ”

တိတ်ဆိတ်နေဆဲပဲ။

မှော်ပညာရှင်အစည်းအရုံးက မော်တော်ကားထဲမှာ မှော်စွမ်းအင် လုံးဝမရှိဘူးဆိုတာကို အခြေခံအားဖြင့် အတည်ပြုပေးလိုက်တာပါ။ သူတို့သာ တစ်ခုခု လိမ်လည်လှည့်ဖြားထားတာကို မြင်ရင် အရင်ဆုံး ကန့်ကွက်ကြမယ့်သူတွေ ဖြစ်နေလို့ပဲ။

“လူကြီးမင်းတို့ ဘာတွေးနေမလဲဆိုတာ ကျွန်တော် အခုကတည်းက ခန့်မှန်းလို့ရပါတယ်။ ဒါက ဘယ်လို အလုပ်လုပ်တာလဲ။ ကဲ အဲဒါကတော့ ထုတ်လုပ်သူတွေရဲ့ မူပိုင်လျှို့ဝှက်ချက် ဖြစ်ပါတယ်။ လူကြီးမင်းတို့ သိထားဖို့လိုတာက လောင်စာဆီ ရှိနေသရွေ့တော့ ဒီကားကို ထာဝရ မောင်းနှင်နေနိုင်မှာပဲ ဆိုတာပါပဲ”

အဲဒီနောက် ဘာနာဘီက စင်မြင့်ပတ်ပတ်လည်က မှော်ဆရာတွေကို သူတို့ရဲ့ ပြသမှုကို စတင်ဖို့ လက်ဟန်ပြလိုက်တယ်။

စင်မြင့်ဟာ ရုတ်တရက် နှစ်ခြမ်းကွဲသွားပြီး မှော်ကမ္ဘာငယ်လေးဆီကို သွားမယ့် ပေါ်တယ်တစ်ခု ပေါ်လာပါတယ်။

အောက်ခြေမှာတော့ တစ်ဖက်ကနေ တစ်ဖက်ကို တည့်တည့်ဖောက်ထားတဲ့ ကျောက်လမ်းမကြီးတစ်ခု ရှိနေပြီး ပြန့်ပြူးတဲ့ မြက်ခင်းပြင်ကြီး ဖြစ်နေတယ်။

“ကျွန်တော့်စကားကို မယုံရင်တောင် လူကြီးမင်းတို့ မျက်စိနဲ့ မြင်ရတာကိုတော့ ယုံကြည်ရပါလိမ့်မယ်” လို့ ဘာနာဘီက ပြောပြီး လက်ခုပ်တီးလိုက်တဲ့အခါ မော်တော်ကားဟာ မှော်ကမ္ဘာငယ်လေးထဲကို တယ်လီပို့ဖြစ်ပြီး ရောက်သွားပါတယ်။

ယာဉ်မောင်းထိုင်ခုံမှာ ဘာနာဘီရဲ့ အိမ်တော်ထိန်း ရှိနေတဲ့ မော်တော်ကားဆီကို လူတိုင်းက မျက်လုံးမလွှဲတမ်း စိုက်ကြည့်နေကြတယ်။

မကြာခင်မှာပဲ ကားဟာ စတင်တဲ့နေရာကနေ ရုတ်တရက် အရှိန်မြှင့်ထွက်သွားပြီး အရင်က မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့ကြတဲ့ အရှိန်နှုန်းကို ရောက်ရှိသွားပါတယ်။

ယာဉ်မောင်းက လီဗာကို ခြေထောက်နဲ့ လုံးဝ မလွှတ်ဘဲ ကျောက်လမ်းမဖြောင့်ကြီးအတိုင်း ကားကို အမြင့်ဆုံးအရှိန်နဲ့ ကုန်မောင်းသွားတယ်။

ပြန့်ပြူးတဲ့ လွင်ပြင်ကြီးထဲမှာ မောင်းနှင်သွားတဲ့ အရှိန်ကို မြင်ပြီး လူတွေဟာ ပါးစပ်အဟောင်းသားနဲ့ ဆွံ့အကုန်ကြတယ်။

“အဲဒီလောက်တောင် မြန်တာလား”

“ငါက မြင်းထက် နည်းနည်းလေးပဲ ပိုမြန်မယ် ထင်နေတာ၊ ဒါပေမဲ့ ဒါက... မြှားတစ်စင် လွင့်ထွက်သွားသလိုပဲ”

“ဒါဆို မက်ထရိုပိုလစ်ကနေ အန်ဂိုရာမြို့အထိ ခုနစ်ရက်နဲ့ ရောက်မယ်ဆိုတာက ပုံကြီးချဲ့ပြောတာ မဟုတ်ဘူးပဲ... တကယ်တော့ အပိုတောင် တွက်ထားပေးတာပဲ”

မကြာခင်မှာပဲ ယာဉ်မောင်းက လမ်းအဆုံးကို ရောက်သွားတယ်။ သူက ဘရိတ်ကို ချက်ချင်း နင်းလိုက်တာကြောင့် ကားက ကျွိခနဲ မြည်ပြီး ရပ်တန့်သွားရတယ်။

“လူကြီးမင်းတို့ မြင်ရတဲ့အတိုင်းပဲ ဒီမော်တော်ကားက မြန်ပါတယ်။ သိပ်မြန်လွန်းတယ်လို့တောင် ပြောလို့ရတယ်။ ဒါကြောင့် ဒီကားကို ရရှိတဲ့သူဟာ လမ်းအန္တရာယ်ကင်းရှင်းရေးနဲ့ လမ်းစည်းကမ်းတွေအကြောင်း မဖြစ်မနေ သင်တန်းတက်ရမှာ ဖြစ်ပါတယ်”

သူ့ရဲ့ အရှိန်ကို ကိုယ့်မျက်စိနဲ့ကိုယ် မြင်ပြီးတဲ့နောက်မှာတော့ လူတိုင်း သဘောကျသွားကြတယ်။ သူတို့ ဒါကို လိုအပ်တယ်။

သူ့ရဲ့ အရှိန်နှုန်းနဲ့ မြင်းတွေ သို့မဟုတ် မှော်မန္တန်တွေလိုမျိုး ပြုပြင်ထိန်းသိမ်းစရာ အများကြီး မလိုတဲ့ အချက်က လူအများကြီးကို တကယ်ပဲ ဆွဲဆောင်သွားခဲ့တယ်။

ဘာနာဘီက ဒါကို ကမ္ဘာကြီးကို ပြောင်းလဲပစ်မယ့် ဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် ဘာကြောင့် ချီးမွမ်းခဲ့လဲဆိုတာကို သူတို့ အခုမှ နားလည်သွားကြတော့တယ်။

ပြီးတော့ ဒီလေလံပွဲက အရည်အချင်းရှိတဲ့ ကုမ္ပဏီအများကြီးနဲ့ ပြည့်နေတာကြောင့် သူတို့ဟာ စီးပွားရေးလုပ်ငန်းတွေမှာ ဒါကို ဘယ်လို အသုံးချရမလဲဆိုတာကို ချက်ချင်း တွေးမိသွားကြတယ်။

ဥပမာအားဖြင့် သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ပစ္စည်းပို့ဆောင်ရေးက အဓိက အချက် ဖြစ်နေတယ်။

ဒါက သူတို့ရဲ့ ငွေကြေးအားလုံးကို သုံးပြီး ရင်းနှီးမြှုပ်နှံရကျိုးနပ်မယ့် အရာတစ်ခုပဲ။

“ဒါတင်မကသေးပါဘူး။ ဒီညမှာ ရောင်းချမှာက ဒီမော်တော်ကား တစ်စီးတည်း မဟုတ်ပါဘူး။ လူကြီးမင်းတို့ခင်ဗျာ... ကျွန်တော်တို့ ထရပ်ကားလို့ ခေါ်တဲ့ ဧရာမ သံမဏိမိစ္ဆာကြီးကို အားရပါးရ ရှုစားတော်မူကြပါဦး”

နောက်ထပ် ပလပ်ဖောင်းတစ်ခု လေထဲကို ပျံတက်လာပြီး လူထုရှေ့မှာ ပိုပြီး ကြီးမားတဲ့ မော်တော်ကားတစ်စီးကို ထပ်မံ ဖော်ထုတ်ပြသလိုက်ပါတယ်။

ဒီထရပ်ကားက နောက်ဘက်မှာ ကွန်တိန်နာအကြီးကြီး ပါရှိတဲ့ ဘီးလေးဘီးတပ် အဖြူရောင် ထရပ်ကားတစ်စီး သက်သက်ပါပဲ။ ဒီလို မော်တော်ကား အမျိုးအစားက မိုက်ကယ်ရဲ့ အရင်ကမ္ဘာက ‘Truck-kun’ လို့ ခေါ်တဲ့ နာမည်ကြီး အန်နီမေးနဲ့ မီဒီယာတွေထဲက ပုံစံမျိုးနဲ့ တော်တော်လေး တူနေတယ်။ သူကိုယ်တိုင်လည်း ပြန်လည်ဝင်စားသူ ဖြစ်ခဲ့ရတာကြောင့် အဲဒီ သာမန် အဖြူရောင်ထရပ်ကားပုံစံကိုပဲ သူ့ရဲ့ ဒီဇိုင်းအဖြစ် သုံးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

(TR Note: Truck-kun ဆိုတာ ရှန်းရှတွေ Animeဇာတ်လမ်းတွေမှာ MCက ထရပ်ကားတိုက်လို့သေပြီး ပြန်ဝင်စားကျတာကို MEMEအနေနဲ့သုံးကျပါတယ်)

ပြီးတော့ မော်တော်ကားလေးနဲ့ မတူတာက ဒီတစ်ခုကတော့ မော်တော်ကားတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးနေတဲ့ သံမဏိမိစ္ဆာကြီးဆိုတဲ့ ကောလာဟလတွေနဲ့ ကွက်တိ ကိုက်ညီနေတာပဲ။

“ကဲ ဒီထရပ်ကားက ဆီဒန်ကားလောက်တော့ မမြန်ပါဘူး။ ဒါပေမဲ့ လူကြီးမင်းတို့ မြင်တွေ့ရတဲ့အတိုင်း...”

ဘာနာဘီက သူ့ရဲ့ အကူတစ်ယောက်ကို ထရပ်ကားရဲ့ နောက်ဘက် တံခါးကို ဖွင့်ခိုင်းလိုက်ပြီး အတွင်းထဲက ကျယ်ဝန်းတဲ့ နေရာလွတ်ကို ပြသလိုက်ပါတယ်။

“အတွင်းထဲမှာ ဆင်တစ်ကောင်လုံး ထည့်လို့ရလောက်အောင် နေရာလွတ် ကျယ်ဝန်းပါတယ်” လို့ သူက ဟာသလုပ်ပြီး ပြောလိုက်တယ်။

ဒါပေမဲ့လည်း အဲဒီ ဖော်ပြချက်က ကိုက်ညီမှု ရှိပါတယ်။ အဲဒီ ကွန်တိန်နာက သူတို့အားလုံး ရင်းနှီးနေတဲ့ ဘယ်ရထားလုံးထက်မဆို ပိုပြီး ကြီးမားလွန်းနေလို့ပဲ။ ပြီးတော့ အဲဒါက သံမဏိနဲ့ ပြုလုပ်ထားပြီး ပိတ်လှောင်ထားတာကြောင့် သယ်ယူပို့ဆောင်မယ့် ကုန်ပစ္စည်းတွေကို အပြင်ဘက်က နှောင့်ယှက်ဖျက်ဆီးမှုတွေကနေ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

* * * * * * * *

All Chapters