အခန်း (၅၈၉-၅၉၀)
Vol. 50 Ch. 589-590
အခန်း(၅၈၉)
"ကဲ ကျွန်တော့်ရဲ့ လက်ထောက်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို ကားကြီးပေါ် တင်ပေးကြပါဦး ခင်ဗျာ"
ဘာနာဘီစတင်ဆင်ရဲ့ တောင်းဆိုချက်အရ ပခုံးကျယ်ကျယ် ရင်အုပ်ဆူဆူနဲ့ သန်မာထွားကျိုင်းတဲ့ လူကြီးတွေဟာ ဇာတ်ခုံနောက်ကွယ်ကနေ ထွက်လာပြီး သတ္တုရိုင်းတုံးကြီးတွေကို ကျောပေါ်ပိုးလို့ သယ်ဆောင်လာကြတယ်။
သူတို့မျက်နှာပေါ်က ပင်ပန်းခက်ခဲနေတဲ့ အရိပ်အယောင်တွေကို ကြည့်ရုံနဲ့တင် အဲဒီသတ္တာရိုင်းတွေ ဘယ်လောက်တောင် လေးလံမလဲဆိုတာ လူတိုင်း ရိပ်မိနိုင်ကြတာပေါ့။
သူတို့ဟာ ကားကြီးပေါ်ကို သတ္တုရိုင်းတွေ တစ်တုံးပြီးတစ်တုံး ပိုပိုပြီးတော့ တင်ဆောင်နေကြတယ်။
"ဒီသတ္တုရိုင်းတွေက သာမန်မြင်းလှည်းတွေ သယ်နိုင်တဲ့ ပမာဏထက်တောင် ကျော်လွန်နေပြီ။ ဒါတင်မကသေးဘူး ထပ်တင်နေတုန်းပဲ"
"ကျွန်တော် ထင်တာတော့ သူတို့ အပြည့်အလျှံကို ဖြည့်နေတာ ထင်တယ်"
"သူတို့ ရူးနေကြတာလား။ ဒီလောက် အလေးချိန်တွေ အကုန် တင်ပြီးသွားရင် ရွေ့မှရွေ့ပါဦးမလား"
ဒါပေမဲ့ ကားကြီးထဲက နေရာလွတ်တွေ ပြည့်သွားတာနဲ့အမျှ လူတိုင်းရဲ့ သံသယတွေဟာလည်း ချက်ချင်းပဲ လွင့်စင်ပျောက်ကွယ်သွားခဲ့တယ်။
ဒီလောက် လေးလံလှတဲ့ သတ္တုရိုင်းတွေကို ကားကြီးပေါ် တင်ထားတာတောင်မှ ခံနိုင်ရည်ရှိတဲ့ အလေးချိန်ပမာဏကြောင့် ကားကြီးဟာ ကျွံကျသွားခြင်း လုံးဝမရှိဘူး။ ပုံမှန်ဆိုရင်တော့ မြင်းလှည်းတစ်စီးလုံး ဒီအချိန်မှာတင် ကြေမွပျက်စီးသွားလောက်ပြီ။
"ဒါလေးကို တစ်ခေါက်လောက် မောင်းကြည့်ရအောင်လေ ဟုတ်ပြီလား" ဘာနာဘီစတင်ဆင်က လက်ဖျစ်တစ်ချက်တီးရင်း ကားကြီးကို မှော်ကမ္ဘာငယ်လေးဆီ ရွှေ့ပြောင်းလိုက်ရင်း ပြောလိုက်တယ်။
ပြီးတော့ ကားလေးလိုပဲ ကားကြီးဟာလည်း လမ်းရဲ့ အစွန်းဆုံးကနေ စတင်လိုက်တယ်။
မောင်းနှင်သူက အင်ဂျင်ကိုနှိုးပြီး ဂတ်စ်ခြေနင်းကို နင်းလိုက်ပါတယ်။
မကြာလိုက်ပါဘူး ကားကြီးဟာ မြင်းတစ်ကောင်ရဲ့ အရှိန်နှုန်းနဲ့အညီ စတင်ရွေ့လျားလာခဲ့တယ်။
"ဒီလောက် အများကြီး တင်ထားတာတောင် ရွေ့နိုင်သေးတယ်လား"
"ဘယ်ခရီးသည်မှ၊ ဘယ်အထုပ်အပိုးမှ မပါတဲ့ သာမန်မြင်းလှည်းထက်တောင် ပိုမြန်နေသေးတယ်"
"ငါ မျက်စိမှားနေတာလား ဒါမှမဟုတ် အရှိန်က ပိုတက်လာနေတာလား"
ကားကြီးရဲ့ စတင်မှုက နှေးကွေးချင်နှေးကွေးလိမ့်မယ် ဒါပေမဲ့ သွားရင်း သွားရင်းနဲ့ သူ့ရဲ့အရှိန်ဟာ သာမန်ကားတစ်စီးရဲ့ အရှိန်နှုန်းနီးပါးအထိ ပိုမိုမြင့်မားလာခဲ့တယ်။
ဒါက လူတိုင်းကို မိန်းမောအံ့ဩသွားစေတယ်။ ကားကြီးဟာ အလွန်အမင်း လေးလံတဲ့ ဝန်တွေကို တင်ဆောင်ထားရပေမဲ့ ကောင်းကင်ယံက ငှက်တွေနဲ့ လင်းယုန်တွေသာ ရရှိနိုင်မယ့် အရှိန်နှုန်းမျိုးနဲ့ ရွေ့လျားနေဆဲပဲလေ။
"ကဲ အခုဆိုရင်တော့ ခင်ဗျာတို့လည်း သူ့ရဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ပြီးပြီဆိုတော့ ကျွန်တော်တို့ စီးပွားရေးအကြောင်း ပြောဖို့ အချိန်ရောက်ပါပြီ" ဘာနာဘီစတင်ဆင်က ဇာတ်ခုံကို ပြန်ပိတ်လိုက်ရင်း ပြောလိုက်တယ်။
"အခု ကျွန်တော်တို့ရဲ့ ရောင်းချသူက ဒီဆီဒန်ကား အစီးနှစ်ဆယ်နဲ့ ကားကြီး အစီးတစ်ဆယ် စုစုပေါင်း အားလုံးကို လေလံတင်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့က သူတို့ကို အတွဲလိုက်ပဲ လေလံတင်မှာဖြစ်လို့ ကုမ္ပဏီတစ်ခုတည်းကသာ ဒီမော်တော်ကား အစီးသုံးဆယ်လုံးကို ရရှိနိုင်မှာ ဖြစ်ပါတယ်"
အဲဒီစကားတွေကို ကြားလိုက်ရတဲ့အခါ လူအများအပြား စိတ်လှုပ်ရှား တက်ကြွသွားကြတယ်။
မော်တော်ကားဆိုတာ အဓိကအင်အားစုကြီးတွေတောင် စိတ်ဝင်စားနေတဲ့ အရာတစ်ခုဆိုတာ လူတွေ သိထားကြပြီးသားပဲ။ ဆိုလိုတာက သူတို့သာ လေလံဆွဲပွဲထဲ ပါဝင်လာရင် လက်တွေ့မှာ တခြားသူတွေအားလုံး ပြိုင်ပွဲကနေ ထွက်သွားရတော့မှာ။ သူတို့ လေလံဆွဲမယ့် ရင်းမြစ်ပမာဏတွေက အသေးစားအင်အားစုတွေ တတ်နိုင်မယ့် အခြေအနေထက် အဆမတန် များပြားလွန်းလှတယ်။
လူအများစုက မော်တော်ကားတွေကို တစ်စီးချင်းစီ ခွဲပြီး လေလံတင်စေချင်ကြတယ်။ အဲဒီလိုဆိုရင် အဓိကအင်အားစုကြီးတွေထဲမှာမပါတဲ့ တခြားကုမ္ပဏီတွေအနေနဲ့ အနည်းဆုံး မိမိတို့အတွက် တစ်စီးလောက် ရပိုင်ခွင့် အခွင့်အရေး ရှိနိုင်တာပေါ့။
ဒါပေမဲ့ ဒီလိုလုပ်ရင် အတွဲလိုက်ရောင်းတာထက် ရရှိမယ့် အကျိုးအမြတ်က အများကြီး လျော့နည်းသွားလိမ့်မယ်။
ဒါပေမဲ့ ဒါက စီးပွားရေးပဲလေ။ ဘာနာဘီစတင်ဆင်က မိမိအတွက်တင်မကဘဲ ပစ္စည်းရောင်းချသူတွေအတွက်ပါ အကျိုးအမြတ်ကို ဦးစားပေးတယ်။
ဒါကြောင့် သူက အဓိကအင်အားစုကြီးတွေအနေနဲ့ ငွေပိုထုတ်လာလိမ့်မယ်ဆိုတာကို သိနေလို့ အားလုံးကို စုပေါင်းပြီး ရောင်းချဖို့ ရွေးချယ်လိုက်တာပဲ။
"စကားတွေ အများကြီး ပြောမနေတော့ဘူးနော် လေလံစျေးကို ရွှေဒင်္ဂါး တစ်သန်းကနေ စတင်ပေးပါ ခင်ဗျာ"
မကြာမီအချိန်မှာတင် လေလံပွဲအတွင်း တူထုသံတွေ ဟိန်းထွက်လာခဲ့တော့တယ်။
တစ်ဖက်တွင်လည်း မိုက်ကယ်ဟာ မော်တော်ကားတွေ မိတ်ဆက်ပြသနေမှုကို သိပ်ပြီး အာရုံမစိုက်နိုင်ဘဲ ဖြစ်နေတယ်။
သူ့အနေနဲ့ ငွေအမြောက်အမြား ရရှိမှာဖြစ်ပေမဲ့ ဒရုန်း အဆင့်မြှင့်တင်မှုတွေ၊ ဒါမှမဟုတ် ပိုပြီးတိတိကျကျပြောရရင် သူ့ရဲ့ ဝေခွဲမရဖြစ်နေတဲ့ အခြေအနေကို ပိုပြီး ဦးစားပေးချင်နေမိတယ်။
သူ ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ ရွေးချယ်စရာ နှစ်ခုလုံးမှာ သူ့အားသာချက်နဲ့သူ အားနည်းချက်နဲ့သူ ရှိနေကြတာကိုး။
သူက အဲဒါကိုပဲ အာရုံစိုက်ပြီး တွေးတောနေမိလို့ နောက်ဆုံးမိနစ်မှာ ရှီနာ သူ့ကို လှမ်းခေါ်နေတာကိုတောင် မကြားလိုက်ရဘူး။
"သခင် မိုက်ကယ်"
နောက်ဆုံးတော့ သူက မိန်းမောတွေဝေနေရာကနေ သတိပြန်ဝင်လာပြီး သူမဘက် လှည့်လိုက်တယ်။ "ဆောရီး ဘာဖြစ်လို့လဲ"
"သခင်ကို ရိုင်းဇင်းဆစ်နဲ့ အစည်းအဝေးတစ်ခု တက်ရောက်ဖို့ ဖိတ်ခေါ်ထားကြောင်း ကျွန်မ သိရှိရပါတယ်။ သူတို့က ကျွန်မတို့ရဲ့ ဗွီအိုင်ပီအခန်းကို ဘယ်နေရာမှာမှ ရှာမတွေ့လို့ သခင်နဲ့ ဆက်သွယ်လို့ မရဖြစ်နေကြတာ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အရိပ်ဝံပုလွေတွေက အခြေအနေကို အကြောင်းကြားလာပါတယ်။
သခင် မိုက်ကယ် အဲဒီဖိတ်ခေါ်ချက်ကို လက်ခံမလားရှင်"
ပုံမှန်ဆိုရင်တော့ သူက ဒရုန်းအဆင့်မြှင့်တင်ရေးကိုပဲ အာရုံစိုက်ချင်တာကြောင့် ငြင်းပယ်မိမှာပဲ။ ဒါပေမဲ့ စဉ်းစားကြည့်ပြန်တော့ တခြားသူတစ်ယောက်ရဲ့ အမြင်ကို ရယူတာကလည်း သူ့အတွက် တစ်ခုခု လမ်းပွင့်သွားစေနိုင်တယ်လေ။
ဘာပဲပြောပြော သူတို့က တော်တော်လေး သန်မာတဲ့ မက်ဂ်နက်တစ်တွေပဲဟာ။ တိုက်ပွဲတွေအတွင်းမှာ တိုက်စစ်က ပိုကောင်းမလား ဒါမှမဟုတ် ခံစစ်က ပိုကောင်းမလားဆိုတာနဲ့ ပတ်သက်ပြီး သူတို့မှာ အမြင်အချို့ ရှိနိုင်တာပေါ့။
"ကောင်းပြီလေ ငါ အဲဒီကိုသွားပြီး သူတို့နဲ့ တွေ့လိုက်မယ်" သူက ပြောလိုက်တယ်။
ထို့နောက် ရှီနာက နံရံဆီ လျှောက်သွားပြီး နံရံကို ခေါက်လိုက်တယ်။
ချက်ချင်းဆိုသလိုပဲ သူမ ခေါက်လိုက်တဲ့နေရာမှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာပြီး တခြား မှော်ကမ္ဘာငယ်လေးတစ်ခုဆီကို ပေါ်တယ်တစ်ခု ဖန်တီးပေးလိုက်တယ်။ အဲဒါက ရိုင်းဇင်းဆစ် အားလုံး စုဝေးနေကြတဲ့ အခန်းတစ်ခန်း ဖြစ်ပုံရတယ်။
သူက သူမကို ကျေးဇူးတင်စကားပြောပြီး ပေါ်တယ်ဆီ လှမ်းဝင်လိုက်ရာ အလယ်မှာ ဝိုင်းဝန်းတဲ့ စားပွဲတစ်ခုရှိတဲ့ အခန်းကျယ်ကြီးတစ်ခုထဲသို့ ချက်ချင်း ရောက်ရှိသွားခဲ့တယ်။
စားပွဲမှာ ထိုင်နေကြပြီဖြစ်တဲ့ လူခြောက်ယောက်ဟာ သူ့ဘက်ကို လှည့်ကြည့်လာကြပြီး သူ့ရဲ့ ပေါ်လာမှုကြောင့် အံ့ဩသွားကြတယ်။
"မိုက်ကယ်"
ရက်ပ်တာက သူ့ကို ပထမဆုံး နှုတ်ဆက်တဲ့သူ ဖြစ်ပြီး နေရာကနေ ချက်ချင်း ထရပ်ကာ သူ့ပခုံးတွေကို ဆုပ်ကိုင်လိုက်တယ်။ "ငါတို့ မင်းကို လိုက်ရှာနေတာ။ မင်း ဒီကို ရောက်လာတာ သိပ်ကောင်းတာပဲ"
အာလော့စ်ကလည်း သူ့ဆီ လျှောက်လာပြီး ခပ်အေးအေးပဲ နှုတ်ဆက်စကား ဆိုတယ်။
ထို့နောက် သူ ကိုယ်တိုင်ကိုယ်ကျ မဆုံဖူးသေးတဲ့ လူနှစ်ယောက်ဖြစ်တဲ့ ဖင်းမ်နဲ့ တန်ဇင်းတို့ကလည်း နေရာကနေ ထရပ်ပြီး သူ့ကိုယ်သူ မိတ်ဆက်ကြတယ်။
"နောက်ဆုံးတော့ မင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ် မိုက်ကယ်။ အိန်ဂျယ်လစ်ခရပ်ဖ်စ်က ဖင်းမ်ပါ"
"ငါ့နာမည်က တန်ဇင်း။ မောင်တိန်မူးဗားစ်ဆီက ဘာပဲလိုလို ပြောရုံသာပြောလိုက်"
သူက သူတို့နှစ်ယောက်လုံးကို နှုတ်ဆက်လိုက်တယ်။ သူတို့နဲ့ ပထမဆုံးအကြိမ် ဆုံတွေ့တာဖြစ်ပေမဲ့ သူတို့ကို အရင်ကတည်းက သိနေခဲ့သလိုမျိုး ခံစားရတယ်။
ဒါက သူတို့ရဲ့ စွမ်းရည်တွေကို သူ ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးတာကြောင့်လည်း ဖြစ်နိုင်တာပေါ့။
သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် သူက သူတို့အားလုံးထဲမှာ အကျွမ်းတဝင်ဆုံးဖြစ်တဲ့ ရိန်နာဆီ လျှောက်သွားလိုက်တယ်။
ဒါပေမဲ့ သူမက သူ့ကို နှုတ်ဆက်မယ့်အစား သူမမျက်နှာကို တခြားဘက်သို့သာ လွှဲလိုက်တယ်။
"ဟို... ဟယ်လို"
"ဟိုင်း..." သူမက မျက်နှာကို သူ့ဘက်မလှည့်ဘဲ ပြန်ဖြေတယ်။
ပွဲစဉ်အတွင်း ဖြစ်ပျက်ခဲ့တာတွေပြီးနောက် သူတို့ ပိုပြီး ရင်းနှီးသွားကြပြီလို့ သူ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်သွားပုံရတယ်။ သူမက သူ့ကို တည့်တည့်တောင် မကြည့်နိုင်ဘူး။
ထို့နောက် မိုက်ကယ်က ဘိုးဘက်သို့ လှည့်လိုက်တယ်။
အမှန်အတိုင်း ပြောရရင် တိုက်ပွဲပြီးပြီးချင်းမှာပဲ သူမကို ဒီလောက်အမြန် ပြန်တွေ့ရတာက အနည်းငယ်တော့ စိတ်ထဲ နေရခက်စေတယ်။ သူက လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးရင်း ပြောလိုက်တယ်။
"ဟေး... မင်းနဲ့ တွေ့ရတာ…"
သူ စကားတောင် မဆုံးသေးခင်မှာပဲ ဘိုးက သူ့လက်ကို ဆွဲပြီး သူမဆီကို ဆွဲသွင်းလိုက်တယ်။
သူက လုံးဝ အကာအကွယ်မဲ့သွားပြီး ဝါဂွမ်းလို နူးညံ့ပြီး တိမ်သားလို အိစက်တဲ့ အတွေ့အထိ... တောင်ကုန်းနှစ်ခုနဲ့... မျက်နှာချင်းဆိုင် တည့်တည့် တိုးမိသွားတော့တယ်။
တခြား ရိုင်းဇင်းဆစ်တွေဟာ အံ့ဩလွန်းလို့ ဆွံ့အသွားကြတယ်။
တစ်ဖက်တွင်လည်း ရိန်နာဟာ မေးအိုးပါ ပြုတ်ကျမတတ် ဖြစ်သွားပြီး မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးတစ်လုံးလို ရဲတောက်သွားခဲ့တယ်။
"ဟေး" သူမက မိုက်ကယ်ကို သူမဆီကနေ ဆွဲထုတ်ရင်း အော်လိုက်တယ်။ "မင်း ဘာလုပ်နေတာလဲ"
ဘိုးက ပခုံးတွန့်ပြပြီး မိုက်ကယ်ကို သူမဆီ ထပ်မံဆွဲယူကာ သူမရဲ့ ရင်ခွင်ထဲမှာ ထပ်ပြီး မြှုပ်နှံလိုက်ပြန်တယ်။
"ငါ ဘာလုပ်နေတာလဲ ဟုတ်လား။ ငါ့ရဲ့ စိတ်ဝင်စားမှုကို ပြသနေတာလေ အဲဒါပဲ"
ဒီလို ရဲတင်းတဲ့ စကားတွေကို ကြားလိုက်ရတဲ့အခါ ရိန်နာဟာ ချက်ချင်းပဲ စကားလုံးတွေ ပျောက်ရှသွားတော့တယ်။ "ဘာ... ငါ... မင်း..."
ဘိုးက သူ့ကို ငုံ့ကြည့်ပြီး ပြုံးပြတယ်။ "မင်း ငါ့ကို နိုင်ခဲ့တယ်။ အဲဒီလို လုပ်နိုင်မယ့်သူ ပေါ်လာဖို့ ငါ ဘယ်လောက်တောင် စောင့်ခဲ့ရလဲ မင်း မသိပါဘူး။ အခု မင်းကို တွေ့ပြီဆိုတော့ မင်းကို ငါ့အပိုင်အဖြစ် သိမ်းထားဖို့ ကြိုးစားတာက သဘာဝကျပါတယ်နော်"
* * * * * * * *
စာစဉ်(၅၀)
အခန်း(၅၉၀)
ဘိုးရဲ့ ဒီလိုအပြုအမူနဲ့ အပြောအဆိုတွေကို မြင်လိုက်ရတော့ လူတိုင်း ကြောင်အမ်းသွားကြတာပေါ့။ သူမကို ဒီလိုပုံစံမျိုးနဲ့ တစ်ခါမှ မမြင်ဖူးကြဘူး။ လုံးဝကို မမြင်ဖူးတာ။
သူမက အမြဲတမ်း သူမရဲ့အလုပ်နဲ့ လေ့ကျင့်ရေးကိုပဲ ဦးစားပေးလေ့ရှိတာမို့ တစ်စုံတစ်ယောက်ကို သဘောကျနိုင်လိမ့်မယ်လို့တောင် သူတို့ မထင်ထားခဲ့ကြပါဘူး။
မိုက်ကယ်ရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရပြီးနောက်မှာ သူမအနေနဲ့ စိတ်ဓာတ်ကျတာ ဒါမှမဟုတ် ဒေါသထွက်တာမျိုး ဖြစ်လိမ့်မယ်လို့ပဲ သူတို့ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ သူမက မိုက်ကယ်အပေါ် ဒီလောက်အထိ ရူးသွပ်သွားလိမ့်မယ်လို့တော့ မထင်ထားခဲ့ကြဘူး။
"စဉ်းစားသာကြည့်ပါတော့။ တို့တွေက အလိုက်ဖက်ဆုံး စွမ်းအားရှင်စုံတွဲ ဖြစ်လာမှာ။ တို့တွေ မကြာခင်မှာ မက်ထရိုပိုလစ်ကို သိမ်းပိုက်နိုင်တော့မှာပေါ့" ဘိုးက သူမရဲ့ ရွှေရောင်ဆံပင်ကောက်ကောက်လေးတွေကို လက်ညှိုးနဲ့လိပ်ရင်း ပြောလိုက်တယ်။
သူမက မိုက်ကယ်ကို သူမရဲ့ရင်ခွင်ထဲမှာ ပိုပြီးတင်းကျပ်အောင် ဖက်ထားလိုက်တာမို့ ရိန်နာတစ်ယောက် လုံးဝကို သောင်းကျန်းချင်စိတ် ပေါက်သွားတော့တာပဲ။
ရိန်နာ့အိတ်ကပ်ထဲကနေ အနီရောင်သဲတွေ စီးထွက်လာပြီး သူမရဲ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ဝဲပျံမလာခင်မှာပဲ သူမရဲ့တစ်ကိုယ်လုံးက ဒီဗာရဲ့ တန်ခိုးစွမ်းအားတွေနဲ့ ရုတ်တရက် လင်းထိန်သွားပါတယ်။
အနီရောင်ဖုန်မှုန့်တွေနဲ့အတူ ထက်မြက်တဲ့ ဓားမြှောင်တစ်လက်ရဲ့ ပုံသဏ္ဌာန်က ဖြည်းဖြည်းချင်း ပေါ်လာပြီး ဘိုးဆီကို တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်တယ်။
"ဟိုး ဟိုး နေပါဦး"
အခြား ရိုင်းဇင်းဆစ် အဖွဲ့ဝင်တွေက ရိန်နာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေ မချမိအောင် သူမကို ဘေးသို့ အမြန်ဆွဲခေါ်သွားကြရတယ်။
တစ်ချိန်တည်းမှာပဲ မိုက်ကယ်ခမျာတော့ သူ့ခေါင်းက သူမရဲ့ရင်ခွင်ထဲမှာ မြုပ်နေတုန်းပဲရှိသေးပေမဲ့ ဘိုးရဲ့ ကမ်းလှမ်းချက်ကို ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်လိုက်ရတာပေါ့။
"အမ်...အမ်း...အင်..."
ဒါကို ဘာသာပြန်လိုက်ရင်တော့ 'စိတ်မရှိပါနဲ့ဗျာ... ကျွန်တော် ပိရမစ်ဒစ် ကျူဇင်းရဲ့ အစိတ်အပိုင်းတစ်ခု မဖြစ်ချင်ပါဘူး' ဆိုတာပါပဲ။
"အို ရပါတယ် တကယ်လို့ တို့ကပဲ တို့ကုမ္ပဏီကို စွန့်ခွာပြီး မင်းနဲ့အတူ လာနေရမလား" သူမက ဝေးလံတဲ့အကြည့်မျိုးနဲ့ သူမရဲ့ပါးပြင်ကို ပွတ်သပ်ရင်း မေးလိုက်တယ်။ သူမက မိုက်ကယ်နဲ့အတူ ရှိမယ့် အနာဂတ်ကိုတောင် ကြိုပြီး တွေးတောနေပုံရတာပဲ။
သူက သူမရဲ့ဖက်ထားမှုထဲကနေ အမြန်ရုန်းထွက်လိုက်ပြီးနောက်မှာတော့ နောက်ဆုံးမှာ လေကို ဝဝလင်လင် ရှူလိုက်နိုင်ပါတော့တယ်။
"ဟူး... စိတ်မရှိပါနဲ့ဗျာ အားနာစရာကြီး" သူက ပါးပြင်လေး နည်းနည်းရဲရင်းနဲ့ သူမကို ပြောလိုက်တယ်။ ဒီလို နူးညံ့တဲ့ခံစားချက်ကို သဘောကျမိတယ်ဆိုတာကို မငြင်းပေမဲ့ ဒါက သူ့ရဲ့ လက်ရှိအစီအစဉ်တွေကို ပြောင်းလဲပစ်ဖို့အထိတော့ မလုံလောက်ပါဘူး။
ဒါပေမဲ့လည်း ဘိုးကတော့ သူ့ရဲ့ငြင်းပယ်မှုကို သိပ်ပြီး စိတ်ထဲထားပုံမရပါဘူး။
"ရပါတယ် အချစ်ရယ်။ ဒါပေမဲ့ တို့က မင်းကို ဘာအထိန်းအချုပ်မှမရှိဘဲ ချစ်ခွင့်ပန်ခဲ့တယ်ဆိုတာကိုတော့ မင်း ထည့်တွေးသင့်တာပေါ့။ တချို့လူတွေနဲ့မတူဘဲနဲ့ပေါ့လေ"
ဒါကတော့ ထုံးစံအတိုင်း ရိန်နာကို နောက်တစ်ကြိမ် ဒေါသထွက်စေတာပေါ့။ "နင်... နင် ဘာကို ဆိုလိုတာလဲ"
"ငါ ဘာကိုဆိုလိုလဲဆိုတာ နင်အသိဆုံးပါ ရိန်နာ ရယ်။ နင့်မှာလည်း…"
"ရှူး"
အမျိုးသမီးနှစ်ယောက်စလုံး တစ်ယောက်က နှုတ်ပိတ်ဖို့ ကြိုးစားရင်း၊ နောက်တစ်ယောက်က အမှန်တရားကို ဖွင့်ပြောဖို့ ကြိုးစားရင်း တစ်ယောက်ကိုတစ်ယောက် အတင်းလုံးထွေး သွားကြတော့တယ်။
ဒါကို ကြည့်နေရင်းနဲ့ အခြား ရိုင်းဇင်းဆစ် အဖွဲ့ဝင်တွေခမျာတော့ ပြဇာတ်ရုံထဲမှာ ဟာသပြဇာတ်တစ်ခုကို ကြည့်နေရသလိုမျိုး စိတ်ထဲမှာ ခံစားနေကြရတာပေါ့။
"သူတို့ ဘာဖြစ်သွားကြတာလဲ" တန်ဇင်းက ခေါင်းကိုခါရင်း မေးလိုက်တယ်။
"လူပျိုဖော် အပျိုဖော်ဝင်တဲ့အရွယ်မို့ပါ" ဖင်းမ်က သုံးသပ်ပြတယ်။ "အမျိုးသမီးတွေအနေနဲ့ မိုက်ကယ်လို ပါရမီရှင်မျိုးရဲ့ သွေးမျိုးဆက်ကို ခွဲဝေယူချင်ကြတာက သဘာဝပဲလေ"
"မင်းကတော့ လူရှုပ်လေးပဲ" ရက်ပ်တာက မိုက်ကယ်ရဲ့ပုခုံးကို ပုတ်ရင်း နောက်ပြောင်လိုက်တယ်။ "နောက်တစ်ခါကျရင် အဲဒီပါရမီတွေကို ငါတို့ကိုလည်း နည်းနည်းလောက် ခွဲပေးပါဦး။ မင်းက မီသရယ် မှော်ဝင်ပစ္စည်းတွေကို အကုန်လုံး သိမ်းကျုံးယူထားတာပဲ"
မိုက်ကယ်က နေရခက်စွာ ရယ်မောလိုက်တယ်။ "ဟာဟာ... နောက်ကျရင် ကျွန်တော် အဲဒါတွေကို ပြန်ရောင်းနိုင်ရင် ရောင်းမှာပေါ့"
သူက နောက်ပြောင်နေတာပဲလို့ ထင်ပြီး အခြားသူတွေကလည်း လိုက်ရယ်ကြတာပေါ့။
အဲဒီနောက်မှာတော့ ရက်ပ်တာက မိုက်ကယ်ရဲ့ပုခုံးကို ဆွဲကိုင်လိုက်ပြီး လေလံပွဲတစ်ခုလုံးကို စီးမိုးမြင်တွေ့နေရတဲ့ မှန်ပြတင်းပေါက်ဆီသို့ ညွှန်ပြလိုက်တယ်။
"အို ကြည့်စမ်း။ မော်တော်ကားတွေအတွက် လေလံဆွဲတာက တော်တော်လေးကို အရှိန်အဟုန်ပြင်းလာမယ့်ပုံပဲ"
အခုအချိန်မှာတော့ လေလံဈေးက ထိတ်လန့်စရာကောင်းလောက်အောင် ရွှေဒင်္ဂါး သန်းသုံးရာအထိ မြင့်တက်သွားခဲ့ပါပြီ။ ပြီးတော့ လေလံပွဲအတွင်းမှာ မကြာခဏ အချက်ပေးခေါက်သံတွေ ထွက်ပေါ်နေတာကို ကြည့်ခြင်းအားဖြင့် အဲဒီပမာဏက ဒီထက်မက ပိုပြီးတော့ မြင့်တက်လာဦးမယ့်ပုံပါပဲ။
"မြို့စားကတော် ရီဂျီနာ ဆီကနေ ၃၅၀ သန်း" ဘာနာဘီက ကြေညာလိုက်တယ်။ "၄၀၀ ရှိပါသေးသလား။ ၄၀၀ လား။ ၄၀၀ ပါ၊ မှော်မျှော်စင် ဆီကနေပါ။ သန်း ၅၀၀ ရော ရှိပါဦးမလား"
ရက်ပ်တာက မိုက်ကယ်ရဲ့ပုခုံးကို ပုတ်ပြီး အပေါ်ဆုံးက ဗီအိုင်ပီခန်းတွေကို ညွှန်ပြလိုက်တယ်။
"ကြည့်စမ်း မိုက်ကယ်။ ဒါကတော့ အဓိကအုပ်စုကြီးတွေအတွက် သွေးချောင်းစီးမယ့် တိုက်ပွဲပဲ။ သူတို့က ဒီလေလံအတွက် အပြင်းအထန် တိုက်ခိုက်ကြလိမ့်မယ်။ ပြီးတော့ သူတို့ လှုပ်ရှားလာတာကို ငါတို့ မကြာခင်မှာ တွေ့ရတော့မယ်လို့ ငါ သေချာပေါက် ပြောရဲတယ်"
မိုက်ကယ်ကလည်း သူတို့လိုပဲ အဓိကအုပ်စုကြီးတွေရဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ချင်တာကြောင့် စိတ်လှုပ်ရှားနေမိတာပေါ့။ သူက အောက်ခြေအဆင့်တွေနဲ့ အထက်တန်းအဆင့်တွေကြားက စွမ်းရည် ကွာခြားချက်ကို မြင်တွေ့ချင်နေတာပါ။
ဒါက သူ့ရဲ့ ကိုယ်ပိုင်ကျင့်စဉ် တိုးတက်ဖို့အတွက် စိတ်ကူးစိတ်သန်းတွေ ပေးနိုင်ရင် ပေးနိုင်လိမ့်မယ်လေ။
"ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစု က ရွှေဒင်္ဂါး သန်း ၅၀၀ နဲ့ လေလံပွဲထဲကို နောက်ဆုံးမှာ ဝင်ရောက်လာပါပြီ" ဘာနာဘီက ကြေညာလိုက်တယ်။
ဒီအချိန်မှာတော့ အချက်ပေးခေါက်သံတွေက လေလံပွဲရဲ့ အပေါ်ဆုံးက ဗီအိုင်ပီအခန်းတွေဆီကနေပဲ ထွက်ပေါ်လာတော့တာပေါ့။ ဒါက အဓိကအုပ်စုကြီးတွေကြားက တိုက်ပွဲပဲလေ။
"ကွန့်ချ် ကုမ္ပဏီကနေ သန်း ၈၀၀"
"ဂီလ်ဒါရန် ကနေ ၉၀၀"
"မြို့စားကတော် ရီဂျီနာ ဆီကနေ ရွှေဒင်္ဂါး ၁ ဘီလီယံ ပြန်ဖြစ်သွားပါပြီ"
ဒီအချိန်မှာတော့ လေလံဈေးခေါ်သံက နောက်ဆုံးမှာ ရပ်တန့်သွားခဲ့ပါတယ်။
"တစ်ကြိမ်၊ နှစ်ကြိမ်၊ အတည်ပြုပါတယ်။ လေလံဈေးကတော့ ၁ ဘီလီယံ ဖြစ်ပါတယ်။ ဒီဈေးကို လိုက်ပြီး ပွဲထဲမှာ ပါဝင်ဆင်နွှဲချင်တဲ့သူ ရှိပါသေးသလား" ဘာနာဘီက မေးလိုက်တယ်။
ချက်ချင်းဆိုသလိုပဲ ဗီအိုင်ပီအခန်းတွေဆီကနေ အချက်ပေးခေါက်သံ ခြောက်ချက် ထွက်ပေါ်လာခဲ့တာပေါ့။
အဓိကအုပ်စုကြီးတွေ အားလုံးက ပွဲထဲမှာ ပါဝင်ဆင်နွှဲနေကြပြီ။
မိုက်ကယ်က ရက်ပ်တာနဲ့ အခြား ရိုင်းဇင်းဆစ် အဖွဲ့ဝင်တွေကို ကြည့်လိုက်တယ်။
"မင်းတို့ကော ဘာလို့ ဝင်မပြိုင်ကြတာလဲ"
ဒီအချိန်မှာတော့ ဘိုးနဲ့ ရိန်နာတို့ကလည်း တစ်ယောက်ကိုတစ်ယောက် ဆံပင်ဆွဲနေတာကို နောက်ဆုံးမှာ ရပ်တန့်လိုက်ကြပြီး ယူနီဖောင်းတွေကို ပြန်လည်ပြင်ဆင်ရင်း မတ်တပ်ရပ်လိုက်ကြပြီပေါ့။
"ဒါက တို့တွေကို ပါဝင်ခွင့်မပြုလို့ပဲ" ဘိုးက ပြောလိုက်တယ်။ "သူတို့က သိပ်ပြီး အားကောင်းလွန်းတယ်၊ တို့တွေကကျတော့ သိပ်ပြီး အားနည်းလွန်းနေတာကိုး"
"ကွာခြားချက်က တကယ်ပဲ အဲဒီလောက်အထိ ကြီးမားတာလား" သူက သူတို့ကို မေးလိုက်တယ်။
"ကြီးမားတာပေါ့။ သူတို့ အသုံးပြုမယ့် အနိမ့်ဆုံး ကျင့်စဉ်အဆင့်က ဆဋ္ဌမအဆင့်မှာ ရှိတာ။ ဒါက တကယ်လို့ သူတို့ရဲ့ အားအနည်းဆုံး အဖွဲ့ဝင်တွေကို သုံးခဲ့ရင်တောင်မှပေါ့လေ။ ဒီလေလံပွဲအတွက်ဆိုရင်တော့ သူတို့က သူတို့ရဲ့ အားအကောင်းဆုံးသူတွေကို သုံးကြမှာဆိုတော့ အဋ္ဌမအဆင့်နဲ့ နဝမအဆင့်လောက် ဖြစ်လိမ့်မယ်" ရက်ပ်တာက သူ့ရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုနဲ့ အားကျမှုတွေ ထင်ဟပ်ရင်း ပြောလိုက်တယ်။
ဖင်းမ်က ခေါင်းညိတ်ပြတယ်။ "ဟုတ်တယ်၊ သူတို့က ငါတို့နဲ့ အဆင့်အတန်းချင်း လုံးဝကို မတူတာ။ ဒါကြောင့်မို့လို့ ငါက လေလံဆွဲနိုင်စွမ်း ရှိရင်တောင်မှ ဒီတစ်ကြိမ်မှာ လုံးဝ ဝင်မပြိုင်တာပေါ့"
ဒါကို ကြားလိုက်ရတာက တကယ့်ကို နှိမ့်ချမှုကို ခံစားလိုက်ရတာပဲ။ မိုက်ကယ်က ပဉ္စမအဆင့် ဒါမှမဟုတ် ဆဋ္ဌမအဆင့်မှာ ရှိတဲ့သူတွေကို အနိုင်ယူနိုင်ဖို့ ယုံကြည်ချက်ရှိခဲ့တာပါ။ ဒါပေမဲ့ သိလိုက်ရတာကတော့ သူတို့ရဲ့ ကုမ္ပဏီတွေထဲမှာ ဆဋ္ဌမအဆင့်နဲ့ ပဉ္စမအဆင့် မက်ဂ်နက်တစ် တွေက မရေမတွက်နိုင်အောင် အများကြီးရှိနေပြီး အခြေခံအဆင့်လို့တောင် သတ်မှတ်ထားကြတာပဲ။
"ဥပဒေအရဆိုရင် ငါတို့ကို အဆင့်မြင့်တဲ့ ပွဲစဉ်တွေမှာ ပါဝင်ခွင့်မပြုဘူး။ ဘိုးတောင်မှ ပါဝင်လို့မရဘူး၊ ဘာလို့လဲဆိုတော့ သူမက ဆဋ္ဌမအဆင့်မှာ ရှိတဲ့ တစ်ဦးတည်းသောသူဖြစ်ပြီး သူမရဲ့ အဖွဲ့သားတွေကကျတော့ ပဉ္စမအဆင့်နဲ့ အောက်ခြေအဆင့်တွေမှာပဲ ရှိနေကြလို့ပဲ။ သူတို့က ငါတို့ထက် ရင်းမြစ်တွေ ပိုပြီး အများကြီး ပိုင်ဆိုင်ထားကြတာက မတရားသလိုပဲဗျာ" တန်ဇင်းက ညည်းညူရင်း ပြောလိုက်တယ်။
"ဒါကြောင့်မို့လို့ မင်းရဲ့အနားမှာ မက်ဂ်နက်တစ် တွေ ပိုပြီး ရှိထားသင့်တာပေါ့ မိုက်ကယ် ရဲ့။ ဒီလေလံပွဲမှာဆိုရင် သူတို့ လိုအပ်မယ့် အနိမ့်ဆုံး မက်ဂ်နက်တစ် အရေအတွက်က လေးယောက်ကနေ ငါးယောက်လောက် ဖြစ်လိမ့်မယ်" အာလော့စ်က ပြောလိုက်တယ်။
"တကယ်လို့ တို့တွေ နောက်ကျရင် အဓိကအုပ်စုကြီးတွေကို ယှဉ်ပြိုင်ချင်တယ်ဆိုရင် သူတို့ရဲ့ ခေါင်းဆောင်ကို တင်မကဘဲ သူတို့ရဲ့ အဓိကအရာရှိတွေကိုပါ အနိုင်ယူနိုင်ဖို့ လိုအပ်လိမ့်မယ်" ဘိုးက နောက်ဆုံးမှာတော့ သူမရဲ့ ပြတ်သားတဲ့ ပုံစံအတိုင်း ပြန်လည်ပြောဆိုလိုက်ပါတယ်။
ဒါက မိုက်ကယ်အတွက် တွေးတောစရာတွေ အများကြီး ပေးစွမ်းလိုက်တာပေါ့။
သူက ဒီလေလံပွဲမှာ တစ်ကိုယ်ရေ စွမ်းအားရှိဖို့က အရေးကြီးပေမဲ့ အဖွဲ့အစည်းလိုက် စွမ်းအားရှိဖို့က ပိုပြီးတော့တောင် အရေးကြီးတယ်ဆိုတာကို သဘောပေါက်သွားခဲ့ပါတယ်။
ဒရာဂွန်ဘွန်း တွေက မက်ဂ်နက်တစ် တွေ ဖြစ်လာနိုင်မလားဆိုတာကို ငါ တစ်ချက်လောက် ကြည့်ရမယ် ထင်တယ်။
"ပြိုင်ပွဲက မနှစ်ကထက်တောင် ပိုပြီး ပြင်းထန်လိမ့်မယ်။ အဲလ်ရစ် က ခန္ဓာကိုယ်ဖွဲ့စည်းခြင်းရဲ့ နဝမအဆင့် အထွတ်အထိပ်ကို ရောက်နေပြီဖြစ်ပြီး နောက်ထပ် နယ်ပယ်တစ်ခုကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့ ငါ ကြားထားတယ်" အာလော့စ်က မှတ်ချက်ချလိုက်တယ်။
| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…|
မိုက်ကယ်က ချက်ချင်းပဲ ထရပ်လိုက်ပြီး အခန်းထဲကို လှည့်ပတ်ကြည့်ရှုလိုက်တယ်။
ရိုင်းဇင်းဆစ် အဖွဲ့ဝင်တွေက သူ့ရဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုကို သတိပြုမိသွားကြတာပေါ့။
"မိုက်ကယ် ဘာဖြစ်လို့လဲ အချစ်ရယ်" ဘိုးက စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။
သူက မျက်မှောင်ကြုတ်ရင်း အခန်းထဲကို လှည့်ပတ်ကြည့်လိုက်ပြီး "မင်းတို့ တစ်ယောက်ယောက် ရယ်သံ ကြားလိုက်ကြလား" လို့ မေးလိုက်တယ်။
သူတို့အားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းကို ခါယမ်းပြကြတာပေါ့။
"မင်း အောက်က လေလံပွဲရဲ့ အသံကို ကြားတာ ဖြစ်ပါလိမ့်မယ်။ လာပါ... လေလံပွဲကိုပဲ ဆက်ကြည့်ရအောင်။ သူတို့က ပွဲစဉ်ထဲမှာ ကစားသမား ဘယ်နှယောက် ရှိမလဲဆိုတာကို ဆုံးဖြတ်တော့မှာ" ရက်ပ်တာက အားလုံးရဲ့ အာရုံကို စင်မြင့်ထက်ဆီသို့ ပြန်လည်ပို့ဆောင်ပေးရင်း ပြောလိုက်တယ်။
ဒါပေမဲ့ မိုက်ကယ်ကတော့ အာရုံစိုက်လို့ မရတော့ပါဘူး။
| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…|
* * * * * * * *