အခန်း (၅၉၃-၅၉၄)
Vol. 50 Ch. 593-594
အခန်း(၅၉၃)
ဒီအချိန်မှာတော့ ရိုင်းဇင်းဆစ်ထဲက လူတိုင်းဟာ ဖြစ်ပေါ်နေတဲ့ ကားလေလံပွဲဆီကိုပဲ အာရုံရောက်နေကြပြီ။ အာရုံမစိုက်နိုင်တာဆိုလို့ မိုက်ကယ်ကို ကြည့်ပြီး သူတစ်စုံတစ်ခုကို အာရုံစူးစိုက်နေတယ်ဆိုတာ သတိထားမိသွားတဲ့ ရိန်နာ တစ်ယောက်ပဲ ရှိတာပါ။
"မိုက်ကယ်"
သူမက သူ့ကို တွန်းပြီး မေးလိုက်တယ်။
မိုက်ကယ်က မျက်လုံး ဖွင့်လိုက်ပြီး လေလံစင်မြင့်ဆီ လှမ်းကြည့်လိုက်တယ်။ "ဆောရီး၊ ငါ ခဏလောက် နားနေတာ။ ဘာဖြစ်လို့လဲ"
စင်ပေါ်က ကစားသမားတွေဟာ အသံတိုးတိုးတွေနဲ့ အချင်းချင်း တိုင်ပင်နေကြတာကို သူ သတိပြုမိသွားတယ်။ ဒါက တော်တော်လေး ပုံမှန်မဟုတ်တဲ့ ကိစ္စပဲ။ ဘာလို့လဲဆိုတော့ ဂိမ်းအတွင်းမှာ ကစားသမား အများစုက တစ်ချိန်လုံး ကိုယ့်ဘာသာပဲ နေလေ့ရှိကြလို့ပါ။ တစ်ခုခု ပြောဆိုဆက်ဆံမှု ရှိရင်တောင် စကားစမြည် အနည်းငယ် ပြောရုံလောက်ပဲ ရှိတတ်တာ။
ဒါကတော့ ထူးခြားနေတဲ့ပုံပဲ။ အဲလ်ရစ်၊ အဲရစ်၊ ဘော်ဘီနဲ့ အခြား ထိပ်တန်း လက်ဂါစီ့စ်တွေရဲ့ ခေါင်းဆောင်တွေ အားလုံးက ဝိုင်းဖွဲ့ပြီး အရေးကြီးတဲ့ ကိစ္စတစ်ခုကို အချင်းချင်း ဆွေးနွေးနေကြတယ်။
မကြာခင်မှာပဲ သူတို့အားလုံးဟာ အခုတင် ဆုံးဖြတ်လိုက်တဲ့ ကိစ္စတစ်ခုခုကို တစ်ခဲနက် သဘောတူလိုက်ကြတဲ့အတိုင်း အချင်းချင်း ခေါင်းငြိတ်ပြလိုက်ကြတယ်။
ပြီးတော့ အဲလ်ရစ်က ဘာနာဘီ အနားကို ကပ်သွားပြီး သူ့နားနားမှာ တိုးတိုးလေး ပြောလိုက်တယ်။
ဘာနာဘီက ဒါကို ကြားတော့ အံ့ဩသွားတဲ့ ပုံပေါ်ပေမဲ့ ချက်ချင်းပဲ ပရော်ဖက်ရှင်နယ် ပီပီပြင်ပြင်နဲ့ ခေါင်းငြိတ်ပြလိုက်တယ်။
အဲဒီနောက်မှာတော့ ထိပ်တန်း လက်ဂါစီ့စ် ကစားသမားတွေ အားလုံးက သူတို့ရဲ့ ဗွီအိုင်ပီ အခန်းတွေဆီ ပြန်ဖို့ နောက်ကွယ်ကို လျှောက်လှမ်းသွားကြတော့တယ်။
ဒါကို မြင်ရတာက လူအုပ်ကြီးဆီကနေ ဝေခွဲမရတဲ့ ဇဝေဇဝါ ဖြစ်မှုတွေကို သယ်ဆောင်လာပေးသလိုပါပဲ။
ဘာနာဘီက ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ ရှင်းလင်းသွားအောင် လေလံခန်းမတစ်ခုလုံးကို ချက်ချင်းပဲ ကြေညာလိုက်တယ်။
"လူကြီးမင်းအပေါင်းတို့... ထိပ်တန်း လက်ဂါစီ့စ်တွေက ဂိမ်းတွေကို ပြိုင်တူကျင်းပမယ့် ပွဲစဉ်တစ်ခုအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ကျွန်တော့်ကို အကြောင်းကြားလာပါတယ်"
သူ အဲဒီစကားကို ပြောလိုက်တာနဲ့ လူအုပ်ကြီးကြားထဲမှာ အံ့ဩတုန်လှုပ်သွားတဲ့ အသံတွေနဲ့ မျက်နှာပေးတွေ ပျံ့နှံ့သွားတော့တယ်။ ထိပ်တန်း လက်ဂါစီ့စ်တွေက သူတို့ကိုယ်တိုင် ပြန်ပြီး ထိခိုက်နိုင်မယ့် အခြေအနေမျိုးကို ဒီလို သဘောတူလိမ့်မယ်လို့ သူတို့ လုံးဝ မမျှော်လင့်ထားကြတာ ထင်ရှားနေတာပေါ့။
"သူတို့အားလုံး ဘာလို့ ဒီလို သဘောတူလိုက်ကြတာလဲ မသိဘူးနော်" အာလော့စ်က စူးစမ်းချင်စိတ်နဲ့ ပြောလိုက်တယ်။
ဒီလို လေလံပွဲမျိုးကို ပထမဆုံးအကြိမ် ပါဝင်ဖူးတာ ဖြစ်လို့ မိုက်ကယ် တစ်ယောက်ပဲ ဘာမှ နားမလည်ဘဲ ဖြစ်နေခဲ့တာပါ။
"ပြိုင်တူကျင်းပမယ့် ပွဲစဉ်ဆိုတာ ဘာလဲ" သူက သူတို့ကို မေးလိုက်တယ်။
ဘိုးက ချက်ချင်း လှည့်လာပြီး ရှင်းပြပေးတယ်။ "ပြိုင်တူကျင်းပမယ့် ပွဲစဉ်ဆိုတာ ဂိမ်းတစ်ခုပြီးတာနဲ့ နောက်တစ်ခု ချက်ချင်း ဆက်တိုက် ဖြစ်လာမယ့် ဂိမ်းမျိုးကို ပြောတာ။
အခု ကိစ္စမှာဆိုရင်တော့ ကားလေလံဆွဲဖို့ တိုက်ခိုက်ရမယ့် ဂိမ်းက ပုံမှန်အတိုင်း စတင်မှာပါ။ ဒါပေမဲ့ အဲဒါပြီးတာနဲ့ ဘာနားနား နေနေမှ မရှိဘဲ ဝိညာဉ်ဆီ ၁၅ စက်အတွက် တိုက်ခိုက်ရမယ့် နောက်ထပ် ဂိမ်းဆီကို ချက်ချင်း ဆက်သွားမှာပေါ့"
အမှန်တရားကို သိလိုက်ရပြီးတဲ့နောက် သူလည်း သူတို့လိုပဲ အံ့ဩသွားရတယ်။
"သူတို့က ဘာလို့ အဲလို လုပ်ရတာလဲ။ ဂိမ်းတွေကို ဆက်တိုက် လုပ်မယ်ဆိုရင် သူတို့ အင်အားကုန်ခမ်းသွားရုံပဲ ရှိမှာပေါ့" သူက မေးလိုက်တယ်။
"ဒါကတော့ သူတို့အနေနဲ့ အဲဒီဆုတွေထဲက အနည်းဆုံး တစ်ခုကိုတော့ မိမိရရ ဆုပ်ကိုင်နိုင်ဖို့ သေချာအောင် လုပ်ချင်လို့ ဖြစ်လိမ့်မယ်။
နားဖို့ အချိန်မရှိဘူးဆိုတော့ ကစားသမားတွေအနေနဲ့ ဂိမ်းရဲ့ အစောပိုင်းပိုင်းတွေမှာတင် သူတို့ရဲ့ စွမ်းအင်တွေကို အကုန်အစင် သုံးမိမသွားအောင် သတိထားရမယ်လို့ ဆိုလိုတာပဲ။
ဒါကြောင့် အကယ်၍ ကုမ္ပဏီတစ်ခုက ကားအတွက် အစွမ်းကုန် ပုံအောလိုက်မယ်ဆိုရင် ကျန်တဲ့သူတွေက အဲဒီကုမ္ပဏီဟာ နောက်ဂိမ်းမှာ အများကြီး အားနည်းသွားလိမ့်မယ်ဆိုတာ သေချာအောင် လုပ်နိုင်ပြီး ဝိညာဉ်ဆီ စက်တွေကို သူတို့ကိုယ်တိုင် ရရှိဖို့ အခွင့်အရေး ပိုများသွားစေမှာပေါ့"
ကစားသမား အများစုက ခန္ဓာကိုယ် ပုံဖော်ခြင်းရဲ့ သတ္တမမြောက်ကနေ အဋ္ဌမမြောက် အဆင့်တွေမှာ ရှိနေကြတာမို့ သူတို့ရဲ့ တိုက်ပွဲတွေက အများကြီး ပိုပြီး ပြင်းထန်လိမ့်မယ်၊ စွမ်းအင်တွေလည်း အများကြီး ပိုလိုလိမ့်မယ်လို့ ဆိုလိုတာပဲ။
ဂိမ်းရဲ့ ဒီလို အပြောင်းအလဲက ကုမ္ပဏီတစ်ခုတည်းက ဆုတွေ အကုန်လုံးကို အပိုင်စီးသွားတာမျိုး မဖြစ်အောင် သေချာစေပြီး ဗျူဟာနဲ့ စီမံကိန်းတွေအတွက် လမ်းစတွေ အများကြီး ပွင့်သွားစေလိမ့်မယ်။
ဒီတော့မှ ထိပ်တန်း လက်ဂါစီ့စ်တွေ ဘာလို့ ဒါကို သဘောတူခဲ့လဲဆိုတာ သူ သဘောပေါက်သွားတော့တယ်။
"ဒါဆို အခု ဘာဆက်ဖြစ်မှာလဲ"
"လေလံပွဲက ဆက်သွားမှာပေါ့" ဘိုးက ပြန်ဖြေတယ်။ "သူတို့က နောက်ထပ် ဝိညာဉ်ဆီ စက်တွေအတွက် လေလံဆွဲကြလိမ့်မယ်၊ အဲဒါပြီးမှပဲ ဂိမ်းနှစ်ခုလုံးက ပြိုင်တူ စတင်တော့မှာ"
သူမ ပြောတဲ့အတိုင်းပါပဲ၊ ဘာနာဘီက စင်မြင့်ကို ပြန်လည် ပြင်ဆင်လိုက်ပြီး မြေအောက်ကနေ ထွက်ပေါ်လာတဲ့ ဝိညာဉ်ဆီ ပုလင်းငယ်လေး ၁၅ ပုလင်းကို အပေါ်ကို တက်လာစေတယ်။
တစ်ပုလင်းချင်းစီမှာ ဝိညာဉ်ဆီ တစ်စက်စီ ပါဝင်နေတာပါ။
အစက်တွေက သီးခြားစီ ခွဲထားတာမို့ ကစားသမားတွေ ပိုများများအနေနဲ့ အနည်းဆုံး အစက်တစ်စက်လောက် ရဖို့ အခွင့်အရေး ရှိလာမယ်လို့ ဆိုလိုတာပဲ။ ဒါက ငါ သူတို့ကို ယှဉ်ပြိုင်ချင်တယ်ဆိုရင် ငါ့အတွက် ကောင်းတဲ့ ကိစ္စပေါ့။
အဲဒီနောက် ဘာနာဘီက ပုလင်းငယ်တွေကို လူအုပ်ကြီးကို ပြသလိုက်ပြီး လေလံပွဲကို စတင်လိုက်တယ်။
"ဒီ ဝိညာဉ်ဆီ စက်တွေက ဘယ်လောက် အရေးပါတယ်ဆိုတာ ခင်ဗျားတို့အားလုံး သိကြပြီးသားပါ။ အခု ကျွန်တော်တို့ဆီမှာ အဲဒါတွေ ၁၅ ပုလင်း အသင့်ရှိနေပြီး ရောင်းချပေးတော့မှာ ဖြစ်ပါတယ်... ဒါက ဒီညရဲ့ နောက်ဆုံး လေလံပွဲဆိုတာကို ခင်ဗျားတို့ကို သတိပေးပါရစေ... သုံးစရာ ငွေရှိရင် အခုပဲ သုံးလိုက်ကြစို့...
ရွှေဒင်္ဂါး ၁ သန်းကနေ လေလံပွဲကို စတင်ကြစို့"
ထူးဆန်းတာကတော့၊ ဝိညာဉ်ဆီ စက်တွေက အရမ်း နာမည်ကြီးပြီး ကမ္ဘာပေါ်က ကုမ္ပဏီတိုင်း လိုအပ်နေတာ ဖြစ်ပေမဲ့ တံခါးခေါက်သံတွေ သိပ်ပြီး ထွက်မလာခဲ့ပါဘူး။
ပုံမှန်ဆိုရင်တော့ ကုမ္ပဏီတွေက သူတို့ မနိုင်နိုင်မှန်း သိရင်တောင် ကိန်းဂဏန်း အနည်းငယ်နဲ့ လေလံဆွဲလေ့ ရှိကြတယ်။ သူတို့က ထိပ်တန်း လက်ဂါစီ့စ်တွေ စိတ်မဝင်စားလောက်ဘူးဆိုတဲ့ အခွင့်အရေး သေးသေးလေးကို မျှော်လင့်ပြီး ကံစမ်းကြတာပေါ့။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကုမ္ပဏီ အနည်းငယ်လောက်ပဲ ဝိညာဉ်ဆီ စက်တွေအတွက် လေလံဆွဲဖို့ ကြိုးစားနေကြတယ်။
"ဟားဟား၊ အားလုံးက လူရည်မပြည့်ဝတဲ့ သူရဲဘောကြောင်တွေလို ဖြစ်နေတာကို ကြည့်စမ်းပါဦး" ရက်ပ်တာက နောက်ပြောင်လိုက်တယ်။ "သူတို့က အဲဒီ ပြိုင်တူကျင်းပမယ့် ပွဲစဉ်ကို ကြောက်နေကြတာ။ ဇာတ်တိုက် ဖြစ်မယ့် ဂိမ်းနှစ်ခုမှာ ထိပ်တန်း လက်ဂါစီ့စ်တွေကို လုံးဝ မယှဉ်နိုင်ဘူးဆိုတာ သူတို့ သိနေကြတာလေ"
"မင်းက ဘာလို့ ရယ်နေတာလဲ၊ မင်းလည်း လေလံ မဆွဲဘဲနဲ့ကို" ဖင်းမ်က ပြန်ပက်လိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ အသေးစား ဂိုဏ်းတွေက သူတို့ရဲ့ အတိုင်းအတာကို သိကြပါတယ်။ ငွေကြေး ကဏ္ဍတစ်ခုတည်းနဲ့တင် သူတို့ဟာ အချိန်တွေအကြာကြီး တည်ရှိခဲ့တဲ့ အဲဒီ လက်ဂါစီ့စ်တွေနဲ့ အဖွဲ့အစည်းတွေကို ယှဉ်ဖို့ မပြောနဲ့ ဖယောင်းတိုင်မီးနဲ့ နေမင်းကြီးလို ကွာခြားလွန်းတယ်ဆိုတာ သူတို့ သိနေကြတာပေါ့။
"ဂီလ်ဒါရန် ကုမ္ပဏီကနေ ရွှေဒင်္ဂါး သန်း ၁၀၀ ပါ"
"ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုကနေ သန်း ၂၀၀ ပါ"
"တော်ဝင်မိသားစုက ရွှေဒင်္ဂါး သန်း ၅၀၀ နဲ့ လေလံပွဲထဲ ဝင်ရောက်လာပါပြီ"
သူတို့တွေ ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ မြင့်မားတဲ့ ဈေးနှုန်းတွေကို လေလံဆွဲလိုက်ကြတဲ့ အချက်ကတင် အသေးစား ဂိုဏ်းတွေအတွက် သူတို့ဟာ မက်ထရိုပိုလစ်ရဲ့ ထိပ်တန်း ကုမ္ပဏီတွေနဲ့ ဘယ်လောက်တောင် ကွာခြားနေသေးလဲဆိုတာကို ပြင်းပြင်းထန်ထန် သတိပေးလိုက်သလိုပါပဲ။
လေလံပွဲက ဆက်ပြီး မြင့်တက်လာခဲ့ပြီး တံခါးခေါက်သံ တစ်ချက်ချင်းစီတိုင်းမှာ သန်းတစ်ရာစီ တိုးတိုးလာခဲ့တယ်။
နောက်ဆုံးမှာတော့ လေလံဈေးက ရွှေဒင်္ဂါး ၁.၅ ဘီလီယံအထိ ရောက်ရှိသွားတော့တယ်။
အစက်တစ်စက်ချင်းစီက ရွှေဒင်္ဂါး သန်း ၁၀၀ တန်ကြေးရှိတယ်လို့ ဆိုလိုတာပေါ့။
ဒီဈေးနှုန်းကို မြင်လိုက်ရတာက သူ ရရှိခဲ့တဲ့ အစက် ၅ စက်ဟာ ဈေးကွက်ပေါက်ဈေးထက် အများကြီး လျော့နည်းပြီး ရခဲ့တာကို ပိုပြီး ထင်ရှားစေခဲ့တယ်။
နှိုင်းယှဉ်ကြည့်ရင် သူ ရရှိခဲ့တဲ့ ၅ စက်က သန်း ၃၀၀ ပဲ တန်ကြေးရှိခဲ့တာမို့ တစ်စက်ကို သန်း ၆၀ လောက်ပဲ ကျသင့်ခဲ့တာပါ။ ဒါက အတော်လေးကို အထူးလျှော့ဈေးကြီးပေါ့။
"တစ်ကြိမ်... နှစ်ကြိမ်... အတည်ပြုပါတယ်... အဲလ်ရစ်နဲ့ ဂီလ်ဒါရန် ကုမ္ပဏီက ထိပ်တန်း လေလံဈေးရဲ့ ဂုဏ်ပုဒ်ကို ရရှိသွားပါတယ်" ဘာနာဘီက ကြေညာလိုက်ပြီး လူအုပ်ကြီးဆီကနေ အားပေးသံတွေကို ရရှိလိုက်တယ်။
"ကဲ... ရွှေဒင်္ဂါး ၁.၅ ဘီလီယံ လေလံဈေးကို ဘယ်သူ တူညီအောင် လိုက်ချင်ကြသေးလဲ"
သူ အဲဒီမေးခွန်းကို မေးလိုက်တာနဲ့ ချက်ချင်းပဲ အဲဒီ ဗွီအိုင်ပီ အခန်း ၆ ခန်းလုံးက သူတို့ရဲ့ မှောင်မှိုင်းနေတဲ့ မှန်ပြတင်းပေါက်တွေကို လှမ်းခေါက်လိုက်ကြတယ်။
ဒီအချိန်အတွင်းမှာ ထိပ်တန်း လက်ဂါစီ့စ်တွေအတွက် ချီးကျူးထောပနာပြုသံတွေက အလျှံပယ် ပျံ့နှံ့သွားခဲ့တယ်။ ဒီလို ချမ်းသာကြွယ်ဝမှုတွေကို လွယ်လွယ်ကူကူ ထုတ်ကြွားပြနေတာကို မြင်ရတာက လူအုပ်ကြီးကို စိတ်ဝင်တစား ဖြစ်စေခဲ့တာပေါ့။ ဒါက သူတို့ လေလံပွဲကို လာတက်ကြတဲ့ အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
"သူတို့ ဘယ်လောက် ချမ်းသာလဲဆိုတာ မြင်ရတာက ငါ့ကို တကယ်ပဲ စိတ်လှုပ်ရှားစေတယ်" ရက်ပ်တာက ပြောလိုက်တယ်။ "နောင် အနာဂတ်မှာ ငါလည်း အဲဒီလေလံပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်တာပဲ"
"ဟုတ်တယ်၊ ဒါပေမဲ့ အဲလောက်အများကြီး သုံးလိုက်ရင် ငါ့ငွေတွေ အကုန် ကုန်သွားမှာ သေချာတယ်။ သူတို့နဲ့ မပြိုင်ခင် အရင်ဆုံး ငွေစုရဦးမယ်" အာလော့စ်က မှတ်ချက်ချလိုက်တယ်။
အသေးစား ဂိုဏ်းတွေထဲက လူတိုင်းက သူတို့လည်း အဲဒီဂိမ်းမှာ ပါဝင်နိုင်ခဲ့ရင် ကောင်းမှာပဲလို့ ပြောနေကြစဉ်မှာပဲ မိုက်ကယ်က မတ်တပ်ရပ်လိုက်ပြီး မှောင်မှိုင်းနေတဲ့ မှန်ဆီကို မျက်နှာမူလိုက်တယ်။
‘ဒေါက်….’
* * * * * * * *
စာစဉ်(၅၀)
အခန်း(၅၉၄)
သူ မှန်အနက်ရောင် တံခါးကို ဘာလို့ သွားခေါက်ရတာလဲဆိုတာကို အားလုံးက ဇဝေဇဝါဖြစ်ရင်း လှည့်ကြည့်လာကြတယ်။
"အယ်... ဒါက လေလံဆွဲဖို့ပဲလေ မိုက်ကယ်ရဲ့" ရက်ပ်တာက တဟားဟားရယ်ရင်း ပြောလိုက်တယ်။ သူ မှားပြီး သွားခေါက်မိတာပဲလို့ လူတိုင်းက ထင်နေကြတာပေါ့။
သူ နောက်ပြန်လှည့်ကြည့်ပြီး "ငါ သိတယ်၊ ငါ လေလံဆွဲမလို့" လို့ ပြောလိုက်တယ်။
ဒီအချိန်မှာတော့ အခန်းထဲက လူတွေအားလုံး မျက်လုံးအဝိုင်းသားနဲ့ သူ့ကို စိုက်ကြည့်နေကြပြီး သူ ဘာပြောချင်တာလဲဆိုတာကို ချက်ချင်း ခေါင်းထဲ ထည့်မရသေးတဲ့ပုံပဲ။
ရိန်နာက ခေါင်းခါပြီး အံ့ဩမှင်တက်နေရာကနေ သတိပြန်ဝင်လာတဲ့ အခါကျမှပဲ အားလုံးဆီကနေ အလုအယက် အံ့ဩတကြီး အော်ဟစ်သံတွေ ဆူညံစွာ ထွက်ပေါ်လာတော့တယ်။
"မိုက်ကယ်... ဘာကြီး"
"မင်း... မင်းက ဝိညာဉ်ဆီတွေအတွက် လေလံဆွဲချင်တယ်ဟုတ်လား"
"ရူးနေတာပဲ၊ မင်း ရူးသွားပြီ။ သူတို့ထဲက အညံ့ဆုံး ကစားသမားတောင် ကိုယ်ခန္ဓာဖွဲ့စည်းခြင်း သတ္တမအဆင့်မှာ ရှိနေတာ။ မင်း အဲဒါကို သိရဲ့လား"
သူကတော့ ခေါင်းငြိမ့်ပြပြီး သူတို့ စိုးရိမ်တာကို နားလည်ကြောင်း ပြလိုက်တယ်။ မိမိထက် လေးဆင့်လောက် မြင့်တဲ့သူတွေကို သွားတိုက်ခိုက်တာက ရှုံးဖို့ရာ ရာနှုန်းပြည့် သေချာနေတယ်ဆိုတာ သူ သိတာပေါ့။ ဒါပေမဲ့ အနာဂတ်နိမိတ်ဖတ်ကြားသူက ဒါဟာ သူ ပိုသန်မာလာဖို့အတွက် လိုအပ်တဲ့အရာလို့ သူ့ကို ယုံကြည်အောင် ပြောထားခဲ့တယ်လေ။
| ငှဲ..ငှဲ..ငှဲ..ငှဲ… သူတို့က ကျွန်ုပ်တို့ထက် သန်မာနေတော့ကော ဘာဖြစ်လဲ။ ကျွန်ုပ်တို့ရဲ့ အစွမ်းတွေကို ပိုထက်မြက်လာအောင် သူတို့ကို ကျောက်သွေးဓားလို သုံးရုံပေါ့|
‘မင်း ဒါကို သေချာလို့လား’
|အေး၊ သေချာတယ် ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ… ကျွန်ုပ်က ဒီကမ္ဘာကြီးထဲကို အနာဂတ်ကို ခေါ်ဆောင်လာဖို့ မင်းရဲ့ တစ်ခုတည်းသော အလိုဆန္ဒပဲ။ ဘယ်လိုပဲ ပေးဆပ်ရပါစေ ဒါ ဖြစ်လာအောင် ငါ ဘာမဆို လုပ်မှာ။ ပြီးတော့ ဒါက အဲဒီလို လုပ်ဖို့ နည်းလမ်းပဲ|
သူ့မှာ သံသယအချို့ ရှိနေပေမဲ့လည်း အနာဂတ်နိမိတ်ဖတ်ကြားသူ ပြောတာတွေက တစ်မျိုးတော့ အကျိုးအကြောင်း ရှိသားပဲ။ သူ့ရဲ့ ဒီဗာကို သူ ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တယ်၊ အထူးသဖြင့် အဲဒါက မိမိကိုယ်တိုင်ရဲ့ ပုံစံတစ်ခု၊ မိမိရဲ့ စိတ်နေစိတ်ထား အစိတ်အပိုင်းတစ်ခု ဖြစ်မှန်း သိလိုက်ရပြီးတဲ့နောက်မှာပေါ့။
ဒါပေါ့၊ ဘဝင်မြင့်သလို ကြားရနိုင်ပေမဲ့လည်း သူ့ရဲ့ စိတ်နေစိတ်ထားကို သူ ကိုယ်တိုင်ပဲ ယုံကြည်ရမှာပဲလေ။
တစ်ချိန်တည်းမှာပဲ အောက်က လူအုပ်ကြီးကတော့ နောက်ဆုံးစက္ကန့်မှာ နောက်ထပ် တံခါးခေါက်သံတစ်ချက် ကြားလိုက်ရလို့ ချက်ချင်းပဲ ဝေခွဲမရ ဖြစ်သွားကြတယ်။
"ဟင်... ငါ တံခါးခေါက်သံ ခြောက်ချက် ကြားပြီးပြီလေ၊ အားလုံးက လက်ဂါစီ့စ်တွေဆီက လာတာ။ ဘာလို့ နောက်ထပ် ခေါက်သံ ကြားရပြန်တာလဲ"
"ငါလည်း ကြားတယ်။ ဒါပေမဲ့ ဒါက မဖြစ်နိုင်တာ၊ လေလံပွဲမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတဲ့သူ တခြား ဘယ်သူမှ မရှိတော့ဘူးလေ"
"ရေလူသားတွေတော့ မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်က ဝိညာဉ်ဆီ အစက် ၁၅ စက်ကို ယူလာတဲ့သူတွေပဲဥစ္စာ"
လူအများစုက ဒါဟာ အသေးစား အဖွဲ့အစည်းတွေ၊ အထူးသဖြင့် ရိုင်းဇင်းဆစ်ထဲက တစ်ခုခုဆီက လာတာလားလို့ လျှောက်တွေးနေကြတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေအကြောင်း သူတို့ သိထားသလောက်တော့ ဘယ်သူ့မှာမှ ဂိမ်းထဲမှာ ပါဝင်ဖို့ ဘဏ္ဍာရေးအင်အား ဖြစ်ဖြစ်၊ မက်ဂ်နက်တစ် အင်အား ဖြစ်ဖြစ် မရှိကြပါဘူး။
ဒါကြောင့်မို့လို့ လူအတော်များများက ဒီတံခါးခေါက်သံက လူသားတစ်ယောက်ရဲ့ အမှားတစ်ခုကြောင့် ဖြစ်သွားတာပဲလို့ ထင်လိုက်ကြတယ်။ ဖြစ်နိုင်တာက တစ်ယောက်ယောက်က ဂိမ်းအတွက် သိပ်စိတ်လှုပ်ရှားပြီး မှန်အနက်ရောင်ကို မတော်တဆ သွားခေါက်မိတာမျိုးပေါ့။
ဒါနဲ့ လူတိုင်းက အခြေအနေကို ရှင်းရှင်းလင်းလင်း သိရအောင် ဘာနာဘီဆီကို လှည့်ကြည့်လိုက်ကြတယ်။
သို့သော်လည်း ဘာနာဘီကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေတာပါ။ အဲဒီအချိန်မှာပဲ နောက်ကွယ်ကနေ သူ့ရဲ့ အိမ်တော်ထိန်းတစ်ယောက် ထွက်လာပြီး သူ့ကို တီးတိုး စကားပြောလိုက်ရာ သူ့မျက်လုံးတွေ အံ့ဩလွန်းလို့ အဝိုင်းသား ဖြစ်သွားရတယ်။
ဘာနာဘီက သူ ကြားတာ သေချာရဲ့လား ဆိုပြီး အိမ်တော်ထိန်းကို နောက်ပြန် လှည့်ကြည့်လိုက်သေးတယ်။
ဒါပေမဲ့ အတည်ပြုချက် ရပြီးတဲ့နောက်မှာတော့ ဘာနာဘီအနေနဲ့ အမှန်တရားကို လက်ခံလိုက်ရတော့တယ်။
သူက အပေါ်က သီးသန့်ခန်းတစ်ခုဆီ မော့ကြည့်လိုက်တယ်။ မိုက်ကယ်နဲ့ ကျန်တဲ့ ရိုင်းဇင်းဆစ်အဖွဲ့ဝင်တွေက အခန်းတစ်ခန်းတည်းမှာ စုပြီး လေလံပွဲကို အတူတူ ကြည့်နေကြတယ်လို့ သူ့ကို သတင်းပို့လာတာပါ။
ဒါပေမဲ့ မိုက်ကယ်က တံခါးခေါက်ပြီး လေလံပွဲမှာ ပါဝင်ချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဖော်ပြလာတာက ဘာနာဘီကို တော်တော်လေး ဝေခွဲမရ ဖြစ်သွားစေတယ်။
သူက မှန်အနက်ရောင်ကို ကြည့်လိုက်တယ်၊ မိုက်ကယ်ကို မင်း ဆုံးဖြတ်ချက် သေချာရဲ့လားလို့ လှမ်းမေးဖို့ ကြိုးစားနေသလိုမျိုးပဲ။
"ဟမ်း... လူကြီးမင်းအပေါင်းတို့ ခင်ဗျားတို့ ကြားလိုက်တာ မှန်ပါတယ်။ ဝိညာဉ်ဆီ အစက် ၁၅ စက်အတွက် နောက်ထပ် လေလံဆွဲတာတစ်ခု ရှိလာပါပြီ။ သူတို့က ဒင်္ဂါး ၁.၅ ဘီလီယံ လေလံစျေးကို လိုက်ပေးနိုင်ပြီး လက်ဂါစီ့စ်တွေကို ယှဉ်ပြိုင်ဖို့ အဆင်သင့်ပါပဲ"
လူအုပ်ကြီးက ချက်ချင်းပဲ အချင်းချင်း တီးတိုး ရေရွတ်ပြီး ခန့်မှန်းကုန်ကြတော့တယ်။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လေလံဆွဲသူက ဘယ်သူလဲဆိုတာ သူတို့ လုံးဝ မှန်းလို့မရ ဖြစ်နေကြတာပေါ့။
ဘာနာဘီက ချောင်းတစ်ချက်ဟန့်ပြီး နောက်ဆုံးမှာတော့ ကြေညာလိုက်တယ်။
"ရီနေးတားကုမ္ပဏီက လေလံပွဲထဲ ဝင်ချင်တယ်လို့ အကြောင်းကြားလာပါတယ်"
သူ အဲဒီလို ပြောလိုက်တာနဲ့ အားလုံးက အံ့ဩတုန်လှုပ်ပြီး ဝေခွဲမရ ဖြစ်သွားကြတယ်။ ရီနေးတားကုမ္ပဏီ ဟုတ်လား။ မိုက်ကယ်က ရိုင်းဇင်းဆစ်ရဲ့ ထိပ်ဆုံးမှာ ရှိနေလောက်အောင် သန်မာတယ်ဆိုတာ သက်သေပြခဲ့ဖူးပေမဲ့လို့ သူ့နဲ့ လက်ဂါစီ့စ်တွေကြားက ကွာဟချက်က ကောင်းကင်နဲ့ မြေကြီးလိုပဲလေ။
"ဘာကြီး... ရီနေးတားကုမ္ပဏီ ဟုတ်လား"
"မိုက်ကယ်က လေလံဆွဲချင်တယ် ဟုတ်လား။ အဲဒါ မဖြစ်နိုင်တာ"
ဘာနာဘီက သူတို့ရဲ့ စိုးရိမ်မှုတွေကို အမြန်ပဲ အေးငြိမ်းစေလိုက်တယ်။
"ရီနေးတားကုမ္ပဏီအနေနဲ့ ဝိညာဉ်ဆီအတွက် ၁.၅ ဘီလီယံ လေလံစျေးကို ပေးချေနိုင်စွမ်း ရှိတယ်ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်" လို့ သူက ကြေညာလိုက်တယ်။ မိုက်ကယ်ရဲ့ မော်တော်ကားတွေက ရွှေဒင်္ဂါး ၁ ဘီလီယံအထိ ရခဲ့တာမို့ သူ့မှာ လေလံဆွဲဖို့ ပိုက်ဆံ အသေအချာ ရှိနေတာပေါ့။
မိုက်ကယ်မှာ ရှိတဲ့ ချမ်းသာကြွယ်ဝမှု အတိုင်းအဆကို သိလိုက်ရတဲ့အခါ လူအများက နောက်တစ်ကြိမ် အံ့ဩမဆုံး ဖြစ်ရပြန်တယ်။
၁.၅ ဘီလီယံကို သုံးစွဲနိုင်ပြီး အကြွေးတွေပိပြီး ဒေဝါလီခံရမယ့် အခြေအနေမျိုး မရောက်တာက မိုက်ကယ်ရဲ့ ပိုင်ဆိုင်မှုထဲမှာ ပိုက်ဆံ ဘယ်လောက်တောင် ရှိနေသလဲဆိုတာကို အများကြီး သက်သေပြနေတာပဲ။
"သူတို့က လက်ဂါစီ့စ်တွေလောက်ပဲ ချမ်းသာတာလား"
"ဒါနဲ့ ရီနေးတားကုမ္ပဏီရဲ့ စီးပွားရေးက ဘာလဲဟ"
"သူတို့ မက်ထရိုပိုလစ်မှာ လုပ်နေတဲ့ စီးပွားရေးကနေ ဒီပိုက်ဆံတွေအကုန်လုံး ရတာတော့ မဟုတ်တာ အသေအချာပဲ။ ငါ နောက်ဆုံး ကြားတာတော့ သူတို့ ထောင်ထားတာ တစ်လတောင် မပြည့်သေးဘူး"
လက်ဂါစီ့စ်တွေတောင် အံ့ဩသွားကြတယ်။ အဲလ်ရစ်နဲ့ တခြားသူတွေက မိုက်ကယ် ဒီလောက်အထိ ချမ်းသာနေလိမ့်မယ်လို့ မမျှော်လင့်ထားကြဘူး။ ဒါတင်မကဘဲ သူတို့နဲ့ ယှဉ်ပြိုင်ဖို့အထိ သတ္တိရှိလိမ့်မယ်လို့လည်း ပထမကတည်းက ထင်မထားခဲ့ကြပါဘူး။
ဒါကို ကြားပြီးနောက်မှာ ပျော်ရွှင်မြူးတူးနေတဲ့ တစ်ဦးတည်းသောသူကတော့ မြို့စားကတော်ပါပဲ။ သူက သူ့ရဲ့ ဗီအိုင်ပီခန်းထဲမှာ တဟားဟား ရယ်မောရင်း မိုက်ကယ်တစ်ယောက် နောက်ထပ် ရူးသွပ်တဲ့အရာတစ်ခု လုပ်ဦးမယ်ဆိုတာ သူ ကြိုသိနေတယ်လို့ သူ့ရဲ့ အခြံအရံတွေကို ကြွားလုံးထုတ်နေတော့တယ်။
"ဟာသပဲ။ အဲဒီကလေးက အမြဲတမ်း တစ်ခုခု ဖုံးကွယ်ထားတတ်တာ။ ဒါပေမဲ့ ဒီလောက်အထိ ရူးသွပ်တဲ့အရာမျိုး လုပ်လိမ့်မယ်လို့တော့ ငါ မထင်ထားမိဘူး"
ဒီအချိန်မှာတော့ ဘိုး၊ ရက်ပ်တာ၊ ရိန်နာနဲ့ ကျန်တဲ့ ရိုင်းဇင်းဆစ် အဖွဲ့ဝင်တွေက မိုက်ကယ်ကို သူ့ဆုံးဖြတ်ချက်ကနေ နောက်ဆုတ်ဖို့ အစွမ်းကုန် ဖျောင်းဖျနေကြတယ်။
"မင်း ဒါကို လုပ်လို့မရဘူးဆိုတာ သိတယ်မလား" အာလော့စ်က မေးလိုက်တယ်။ "လက်ဂါစီ့စ်တွေက သူတို့ရဲ့ ကစားသမားတွေအဖြစ် အနည်းဆုံး မက်ဂ်နက်တစ် လေးယောက်ရှိဖို့ လေလံဆွဲကြမှာ"
သူ ပြောသလိုပါပဲ၊ ဘာနာဘီက သတင်းဆိုးကို ပြောပြရတော့တယ်။
"စိတ်မကောင်းစရာကတော့ ဒါက တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေတဲ့ ပွဲမို့လို့ မော်တော်ကား လေလံပွဲတုန်းက သဘောတူထားတဲ့ စည်းကမ်းချက်တွေအတိုင်းပဲ သွားရပါလိမ့်မယ်၊ အဲဒီတုန်းက ဂိမ်းအတွင်း ကုမ္ပဏီတစ်ခုကို မက်ဂ်နက်တစ် ငါးယောက်စီ ရှိရမယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ။
အခု ကျွန်တော် မေးပါရစေ။ ရီနေးတားကုမ္ပဏီအနေနဲ့ အဲဒီကစားသမားတွေကို ပံ့ပိုးပေးနိုင်ပါသလား"
ဒါက ပိုက်ဆံပြဿနာတင် မဟုတ်ပါဘူး။ လူအင်အား ပြဿနာလည်း ဖြစ်နေတာ။
ပထမဆုံးအနေနဲ့ မိုက်ကယ်က ဂိမ်းထဲက အညံ့ဆုံး ကစားသမားထက် အနည်းဆုံး တစ်ဆင့် သို့မဟုတ် နှစ်ဆင့်လောက်ပဲ နိမ့်တဲ့ အခြေအနေမှာ ရှိရမှာဖြစ်တယ်။
အရာအားလုံး မျှတမှုရှိစေဖို့ အစည်းအရုံးကိုယ်တိုင်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေပဲလေ။
ဒီအချက်နဲ့တင် မိုက်ကယ်က လေလံပွဲမှာ ပါဝင်ခွင့် လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်တယ်။ သူက အညံ့ဆုံး အဖွဲ့ဝင်ထက် သုံးဆင့်တောင် နိမ့်နေတာကိုး။
ဒါပေမဲ့ သူ့မှာ မှန်ကန်တဲ့ ဒီဗာ ကျင့်စဉ်အဆင့် ရှိနေဦးတော့၊ သူ့မှာ နောက်ထပ် ပြဿနာတစ်ခု ရှိနေသေးတယ်။
သူ့ကုမ္ပဏီမှာ တခြား မက်ဂ်နက်တစ်တွေ မရှိဘူးလေ။ ဒရာဂွန်ဘွန်းတွေက သန်မာချင် သန်မာလိမ့်မယ်၊ ဒါပေမဲ့ သူတို့က ဒီဗာ သို့မဟုတ် စွမ်းရည် မရှိတဲ့ သာမန်လူသားတွေပဲ။ အကယ်၍ သူတို့မှာ ရှိခဲ့ရင်တောင်မှ ကိုယ်ခန္ဓာဖွဲ့စည်းခြင်း ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်မှာ ရှိနေဖို့ လိုအပ်ဦးမှာဖြစ်တယ်။
"ရီနေးတားကုမ္ပဏီမှာ အဲဒီလို လုပ်နိုင်စွမ်း မရှိဘူးလို့ ကျွန်တော့်ကို အခုလေးတင် အကြောင်းကြားလာပါတယ်" ဘာနာဘီက လေသံနှိမ့်ပြီး ပြောလိုက်တယ်။
သူ မိုက်ကယ်ဆီကို မော့ကြည့်မိပြီး အစကတည်းက အရည်အချင်း မပြည့်မီဘဲ ပယ်ချခံရမယ်ဆိုတာ သိရက်သားနဲ့ ဘာလို့ သွားခေါက်ရတာလဲဆိုတာကို တွေးပြီး မဝေခွဲနိုင် ဖြစ်နေတော့တယ်။
* * * * * * * *