အခန်း (၅၉၇-၅၉၈)
Vol. 50 Ch. 597-598
အခန်း(၅၉၇)
"အခု ကစားသမားတွေကို နေရာချပေးပြီးပြီမို့လို့ အားလုံးပဲ မှော်ကမ္ဘာငယ်လေးကို ဝိုင်းပြီး ကြည့်ရှုအားပေးကြပါဦး" ဘာနာဘီက ကြေညာလိုက်တယ်။
သူ ဒီလိုပြောလိုက်တာနဲ့ တစ်ပြိုင်နက် စင်မြင့်ကြီးက အလယ်ကနေ နှစ်ခြမ်းကွဲပြီး ဘေးဘက်ကို ရွေ့သွားကာ အောက်ခြေက ဧရာမ မှော်ကမ္ဘာငယ်ကို ဖော်ထုတ်ပြသပေးလိုက်ပါတယ်။
ပထမဆုံး မြင်လိုက်ရတဲ့ အမြင်အရဆိုရင် သူတို့က အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီး ဝန်းရံထားတဲ့ ကျွန်းတစ်ကျွန်းတည်းပေါ်မှာ ကစားရမယ့်ပုံပဲ။
"ပွဲရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါ။ အလံကို ကိုင်ပြီး နောက်ဆုံးအထိ ကျန်ရစ်တဲ့သူက ကားလေလံပွဲကို အနိုင်ရမှာ ဖြစ်ပါတယ်"
ဒါဆို ဒါက အလံလုပွဲပေါ့လို့ မိုက်ကယ် စိတ်ထဲကနေ တွေးလိုက်မိတယ်။
တကယ်လို့သာ သူက တကယ် ကစားနေတာဆိုရင် တစ်ယောက်တည်း ရှိနေတာက အကြီးအကျယ် အားနည်းချက် ဖြစ်လိမ့်မယ်။ အထူးသဖြင့် ရန်သူတွေ ဝိုင်းပြီး တိုက်ခိုက်လာကြရင် သူ့အလံက လွယ်လွယ်ကူကူနဲ့ ပါသွားနိုင်တာကိုး။
ဒါပေမဲ့ ကံကောင်းတာက သူက ဒီပွဲမှာ နိုင်ဖို့ မလိုပါဘူး။ သူ လုပ်ရမှာက ပြုတ်မသွားဘဲ တတ်နိုင်သမျှ ကြာကြာ အသက်ရှင်အောင် နေဖို့ပဲ။
ဒီလို သန်မာတဲ့ မက်ဂ်နက်တစ်တွေနဲ့ ထိတွေ့ဆက်ဆံတာက သူ့ရဲ့ ခွန်အားကို သိသိသာသာ တိုးတက်စေလိမ့်မယ်လို့ အနာဂတ်နိမိတ်ဖတ်ကြားသူက ပြောထားဖူးတယ်။ အဲဒါ မှန်သလား၊ မှားသလားဆိုတာကိုတော့ ပွဲထဲရောက်မှပဲ သူ သိရတော့မှာပါ။
"စည်းကမ်းတွေကတော့ ဒါပါပဲ" ဘာနာဘီက ထပ်ပြီး ကြေညာလိုက်တယ်။ "မင်းတို့အသင်း တစ်သင်းချင်းစီကို အလံတစ်ခုစီ ပေးထားမယ်။ အဲဒီအလံကို ကိုယ့်လက်ထဲမှာ မြဲအောင် ထိန်းထားရင်း တခြားကုမ္ပဏီတွေဆီက အလံတွေကို လုယူရမှာ ဖြစ်တယ်။ ကိုယ့်ရဲ့ အလံအောက်မှာ အလံတွေအားလုံးကို စုစည်းနိုင်တဲ့ အသင်းက ပွဲမှာ အနိုင်ရမှာပါ"
မိုက်ကယ်က ဒီစည်းကမ်းကို စိတ်ဝင်စားသွားတယ်။ ဘာလို့လဲဆိုတော့ ပွဲရဲ့ စည်းကမ်းအရ အလံ အလုခံလိုက်ရရုံနဲ့ အသင်း ဒါမှမဟုတ် ကုမ္ပဏီက ချက်ချင်း ရှုံးနိမ့်သွားတာ မဟုတ်လို့ပဲ။ တကယ်လို့ ပွဲထဲကနေ လုံးဝ ပြုတ်မသွားသေးဘူးဆိုရင် နောက်မှ အလံကို ပြန်လုဖို့ အခွင့်အရေး ရှိနိုင်သေးတာကိုး။
ဒီအချိန်မှာပဲ ဒစ်ကီက မိုက်ကယ်နားကို ကပ်လာပြီး သူ့ပုခုံးကို ပုတ်လိုက်တယ်။
"ဟေး မိုက်ကယ်... မင်းအတွက် ငါတို့မှာ ကမ်းလှမ်းချက်လေးတစ်ခု ရှိတယ်" လို့ သူက ပြောလိုက်တယ်။
ဒစ်ကီက သူတို့အုပ်စုနားကို လာဖို့ လက်ဟန်ပြလိုက်လို့ မိုက်ကယ် သွားကြည့်တဲ့အခါ ဘော်ဘီတင်မကဘဲ အဲရစ်နဲ့ အဲလ်ရစ်ပါ စောင့်နေတာကို တွေ့ပြီး သူ အံ့ဩသွားရတယ်။
လက်ဂါစီ့စ် ခေါင်းဆောင် သုံးယောက်စလုံးက တစ်နေရာတည်းမှာ စုံနေကြတာပဲ။
"မိုက်ကယ်... မင်းနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်" အဲလ်ရစ်က နှုတ်ဆက်လိုက်တယ်။
"မင်းကို ဒီမှာ မြင်ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ဟုတ်လား... အဲဒီတုန်းကတော့ မင်းကို သာမန် ကောင်လေးတစ်ယောက်ပဲလို့ ငါ ထင်ခဲ့တာ" အဲရစ်က ခါးကို လက်ထောက်ရင်း ပြောလိုက်တယ်။
"ငါတို့ ဘာလို့ မင်းကို ခေါ်ခိုင်းလဲဆိုတာ ဒစ်ကီ ပြောပြလား" ဘော်ဘီက မေးလိုက်တယ်။
သူက ခေါင်းခါပြလိုက်တယ်။
"ဒါကို ငါ ရှင်းပြနိုင်ပါတယ်" လို့ အဲလ်ရစ်က ပြောတယ်။ "ဒီညနေမှာ ကားတွေကို လေလံပစ်မယ်ဆိုတာ သိတာနဲ့ အဲဒါကို ကိုယ့်အတွက် ရအောင် ယူဖို့ ငါတို့အားလုံး ပူးပေါင်းလုပ်ဆောင်ကြဖို့ ဆုံးဖြတ်လိုက်ကြတာ။
တခြား အဓိက ဂိုဏ်းအဖွဲ့အစည်း သုံးခုကလည်း ဒါကို လိုချင်ကြမှာ ငါတို့ သိတယ်။ ဝန်ခံရမှာ စိတ်ပျက်ဖို့ကောင်းပေမဲ့ သူတို့က ငါတို့ထက် ပိုသန်မာကြတယ်။ ဒီလေလံပွဲမှာ သူတို့ကို နိုင်ဖို့ ငါတို့ရဲ့ အခွင့်အရေးက နည်းနေလိမ့်မယ်။ ဒါပေမဲ့ ငါတို့အားလုံး ပူးပေါင်းလိုက်ရင်တော့ ငါတို့ အောင်ပွဲက သေချာသွားပြီ"
လက်ဂါစီ့စ်တွေတောင်မှ ပူးပေါင်းပြီး လုပ်ဆောင်ရတဲ့အထိ ဖြစ်လိမ့်မယ်လို့ မိုက်ကယ် မထင်ထားခဲ့ဘူး။
"ကားကို ငါတို့အားလုံး ခွဲဝေပြီး တစ်လှည့်စီ သုံးကြဖို့ ဆုံးဖြတ်ထားတယ်" အဲရစ်က ထပ်ပြောတယ်။ "မင်း အလိုရှိရင်လည်း ငါတို့ မင်းကို ကူညီပေးနိုင်ပါတယ်"
"ဒါဆို... မင်းတို့နဲ့ ပူးပေါင်းစေချင်တာပေါ့"
အဲလ်ရစ်က ခေါင်းငြိမ့်ပြသလို တခြားနှစ်ယောက်ကလည်း လိုက်ငြိမ့်ကြတယ်။ "မင်းကို စော်ကားတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်း တစ်ယောက်တည်းနဲ့ ကားကို နိုင်ဖို့ဆိုတာ အခွင့်အရေးက တအားကို နည်းလွန်းတယ်။ ဒါပေမဲ့ မင်း ငါတို့နဲ့ ပူးပေါင်းဖို့ သဘောတူရင်တော့ ငါတို့က မင်းကို ကားတွေ တစ်ခါတလေ ငှားသုံးဖို့ အဆင်သင့်ပဲ"
ဒါက တကယ်ကို ရက်ရောတဲ့ ကမ်းလှမ်းချက်ပဲ။ တကယ်လို့ မိုက်ကယ်သာ ကားတွေကို ကိုယ်တိုင် မပိုင်ဆိုင်ထားဘူးဆိုရင် ဒီကမ်းလှမ်းချက်အတွက် တကယ်ပဲ ကျေးဇူးတင်မိမှာပါ။
| ငှဲ..ငှဲ…ငှဲ... လက်ခံလိုက်စမ်းပါ မိုက်ကယ်။ သူတို့က မင်းကို သူတို့အုပ်စုထဲ ဝင်ခွင့်ပေးနေတာပဲ။ ငှဲ..ငှဲ…ငှဲ... ခွန်အားကြီးလာဖို့က ငါထင်ထားတာထက် ပိုလွယ်ဦးမှာပဲ |
ဒီပွဲက သူ့အတွက် တကယ်တမ်း ဘာမှ အဓိပ္ပာယ်မရှိတာမို့လို့ သူတို့ရဲ့ ကမ်းလှမ်းချက်ကို သဘောတူဖို့ သူ ဆုံးဖြတ်လိုက်တယ်။
"ရတာပေါ့... မင်းတို့နဲ့ အသင်းဖွဲ့ရတာ အဆင်ပြေပါတယ်"
လက်ဂါစီ့စ် သုံးယောက်စလုံးက ဒါကို ကြားတော့ ဝမ်းသာသွားကြတယ်။
"သိပ်ကောင်းတာပဲ မိုက်ကယ်။ နောက်ဆုံးတော့ ငါတို့ အတူတူ အလုပ်လုပ်နိုင်ကြပြီ" ဒစ်ကီက အောင်ပွဲခံရင်း ပြောလိုက်တယ်။
"ငါတို့ရဲ့ အစီအစဉ်က ဒါပဲ" အဲလ်ရစ်က ဦးဆောင်ပြီး ပြောလိုက်တယ်။
ချက်ချင်းပဲ သူ့ရဲ့ အသင်းဖော် လေးယောက်နဲ့ လက်ဂါစီ့စ် အသင်းတွေက တခြား မက်ဂ်နက်တစ်တွေဟာ သူ့စကားကို တည်တည်တံ့တံ့နဲ့ နားထောင်လိုက်ကြတယ်။
"ငါတို့ရဲ့ အလံတွေကို တစ်နေရာတည်းမှာ စုထားပြီး တခြားအသင်း သုံးသင်းရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ကြမယ်။ အလံတွေ စိတ်ချရဖို့အတွက် ငါတို့ရဲ့ အင်အား သုံးပုံနှစ်ပုံလောက်ကို ဒီအလုပ်မှာ သုံးမယ်။ ငါတို့မှာ စုစုပေါင်း ၁၆ ယောက် ရှိတာဆိုတော့ ၁၀ ယောက်က ဒီမှာ စောင့်ကျန်ခဲ့မယ်။
ဒီအတောအတွင်းမှာ ငါတို့ထဲက ၆ ယောက်က တခြားအလံတွေကို လိုက်ရှာဖို့ ထွက်သွားကြမယ်။ အဲဒီအဖွဲ့အစည်းတွေက ငါတို့လို ပူးပေါင်းမှာ မဟုတ်တာ သေချာတယ်။ အဲဒီတော့ ငါတို့ဘက်က ၆ ယောက်နဲ့ သူတို့ဘက်က ၅ ယောက် ဖြစ်မှာမို့လို့ ငါတို့ဘက်က အသာစီးရလိမ့်မယ်"
အဲလ်ရစ်ရဲ့ မဟာဗျူဟာက အကာအကွယ်ကိုပဲ အဓိကထားတာမို့လို့ သိပ်ကို စမတ်ကျလှတယ်။ နောက်ဆုံးတော့ သူတို့က အလံအားလုံးကို တစ်နေရာတည်းမှာ စုထားမှာကိုး။ စုစုပေါင်း လေးခု ရှိတာဖြစ်ပြီး တကယ်လို့ တစ်ယောက်ယောက်က အဲဒါကို ခိုးယူတာ ဒါမှမဟုတ် ဝိုင်းတိုက်တာ လုပ်နိုင်ရင် သူတို့ နိုင်ဖို့အတွက် အလံ နှစ်ခုပဲ လိုတော့မှာပါ။
"စိတ်မပူပါနဲ့၊ ငါတို့ ဒီမှာ ကျန်ခဲ့မှာပါ" ဒစ်ကီက မိုက်ကယ်ကို စိတ်ချအောင် ပြောတယ်။ "မင်း အပြင်ထွက် စွန့်စားစရာ မလိုပါဘူး"
| ပျင်းစရာကြီး... မင်းကတော့ အပြင်ထွက်ပြီး တိုက်ခိုက်ရမှာ |
အနာဂတ်နိမိတ်ဖတ်ကြားသူ ပြောတဲ့အတိုင်း သူ လုပ်ချင်ပေမဲ့လည်း ဒါက သူ ဆုံးဖြတ်ရမယ့်အလုပ် မဟုတ်ဘူး။ နောက်ဆုံးတော့ သူက ဧရာမ စက်ယန္တရားကြီးထဲက စက်သွားလေးတစ်ခုမျှသာပဲလေ။
စိတ်မပူပါနဲ့။ တိုက်ပွဲတွေ အများကြီး ရှိလာလိမ့်မယ်လို့ ငါ ထင်တယ်။ တခြားအသင်းတွေက ငါတို့ ကာကွယ်ထားမယ့် အလံလေးခုကို မက်မောပြီး လာတိုက်ကြမှာပဲ။
အဲလ်ရစ်က သူ့အသင်းနဲ့အတူ မဟာဗျူဟာတွေကို ထပ်ပြီး ဆွေးနွေးရင်း တခြားအသင်းတွေကို သွားတိုက်မယ့် ရှေ့တန်းတိုက်စစ်အုပ်စုကို ဖွဲ့စည်းပြီး အကာအကွယ်အဖွဲ့အတွက်လည်း တာဝန်တွေ ခွဲဝေပေးလိုက်တယ်။
ဒါပေါ့... လက်ဂါစီ့စ်ရဲ့ ခေါင်းဆောင် သုံးယောက်စလုံးက အသန်မာဆုံး တိုက်ခိုက်ရေးသမားတွေ ဖြစ်တာမို့လို့ ရှေ့တန်းတိုက်စစ်အုပ်စုမှာ ပါဝင်ကြတယ်။ ပြီးတော့ သူတို့ကို တစ်ယောက်ချင်းစီ တိုက်ခိုက်ရေးသမား တစ်ယောက်စီ ခေါ်ခွင့်ပေးတာမို့လို့ ရှေ့တန်းတိုက်စစ် နေရာမှာ စုစုပေါင်း ကစားသမား ၆ ယောက် ဖြစ်လာတယ်။
"မိုက်ကယ်" အဲလ်ရစ်က သူ့ကို ကြည့်လိုက်တယ်။ "မင်းရဲ့ အလုပ်က ရိုးရိုးလေးပဲ။ အလံတွေနားကို ကပ်လာတဲ့သူ ရှိရင် မင်းရဲ့ အဲဒီစွမ်းရည်ကို သုံးပြီး သူတို့ကို ပစ်လိုက်ရုံပဲ"
သူတို့အားလုံး ပွဲအတွင်းမှာ သူ့ရဲ့ စွမ်းရည်တွေကို မြင်ဖူးထားကြလို့ သူ့ရဲ့ အရည်အချင်းကို သိနေကြတာပဲ။
အခုလို အခြေအနေမျိုးမှာ သူ့ရဲ့ စွမ်းရည်က ကျူးကျော်ဝင်ရောက်လာသူကို အလံတွေ မယူနိုင်အောင် တားဆီးနိုင်မှာမို့လို့ သိပ်ကို ပြီးပြည့်စုံလှတယ်။
ဒါပေမဲ့ အဲလ်ရစ်နဲ့ တခြားလူတွေ သိထားတာက သူက အဆင့် ၄ မှာပဲ ရှိသေးပြီး သူတို့ကတော့ အဆင့် ၈ ကို ရောက်နေကြပြီ။ ခွန်အား ကွာခြားချက်ကြောင့် သူ့ရဲ့ စွမ်းရည်က လက်တွေ့မှာ အသုံးမဝင်သလို ဖြစ်နေလိမ့်မယ်။
အခြားတစ်ဖက်မှာတော့ သူ့ရဲ့ သဟဇာတအလင်းတန်းက ဒီဗာ ကျင့်စဉ်အပေါ်မှာ အခြေမခံတာမို့လို့ သူတို့ကို ဒဏ်ရာရစေနိုင်စွမ်း ရှိတယ်၊ ဒါကြောင့် ဒီအခြေအနေမှာ သုံးစားလို့ ရပါသေးတယ်။
"ငါတို့ မှော်ကမ္ဘာငယ်လေးထဲကို ဆင်းသွားတဲ့အချိန်မှာ အတူတူ ရှိနေဖို့ မလွယ်လောက်ဘူး၊ အဲဒီတော့ အားလုံးပဲ ပထမဆုံး လုပ်ရမှာက ငါ့ရဲ့ အချက်ပြမှုကို ရှာဖို့ပဲ။ ငါ အချက်ပြမီးကို ကောင်းကင်ပေါ် မြင့်မြင့် ပစ်တင်လိုက်မယ်၊ အဲဒါဆိုရင် ငါမှန်း သိကြလိမ့်မယ်။
အဲဒီနေရာဆီကို စုရုံးလာကြပါ။ ငါတို့ ဆုံရပ်ကို သွားနေတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်အောင် အချင်းချင်း ရင်းနှီးအောင် လုပ်ထားကြဦး"
အဲလ်ရစ်က သူ့ရဲ့ ရှင်းလင်းချက်ကို အဆုံးသတ်လိုက်တာနဲ့ ဘာနာဘီက လူအုပ်ကြီးကို ဆုတ်ရေတွက်ဖို့ နောက်ဆုံးမှာ ကြေညာလိုက်တော့တယ်။
ပွဲက စတော့မယ်။
"သုံး... နှစ်... တစ်... ခုန်လိုက်တော့"
တစ်ယောက်ပြီးတစ်ယောက် ကစားသမားတွေက မှော်ကမ္ဘာငယ်လေးထဲကို ခုန်ဆင်းသွားကြပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေက စင်မြင့်ရဲ့ အနားသတ်ကို ဖြတ်ကျော်သွားတာနဲ့ ပျောက်ကွယ်သွားကြတော့တယ်။
"ကံကောင်းပါစေ မိုက်ကယ်"
"ကံကောင်းပါစေ"
အပေါ်ကနေ ဘိုးနဲ့ ရိန်နာတို့က သူ့ကို အော်ပြီး အားပေးနေတာကို သူ ကြားလိုက်ရလို့ သူတို့ဆီကို လက်မထောင်ပြလိုက်ပြီး ပွဲထဲကို ခုန်ဆင်းလိုက်ပါတော့တယ်။
* * * * * * * *
စာစဉ်(၅၀)
အခန်း(၅၉၈)
မိုက်ကယ်က တောအုပ်တစ်ခုရဲ့ အလယ်ခေါင်ကို ရောက်နေပြီး သူ့ရှေ့တည့်တည့် မြေကြီးပေါ်မှာတော့ ရွှေရောင်အလံတစ်ထောင် စိုက်ထားလျက်သား ရှိနေတယ်။
အဲဒီအလံပေါ်မှာ မင်အမည်းရောင်နဲ့ ရွှေရောင်အနားသတ်တွေနဲ့ ရေးဆွဲထားတဲ့ ရိုးရှင်းတဲ့ 'R' စာလုံးပါတဲ့ ရီနေးတားရဲ့ အမှတ်တံဆိပ် ရှိနေတာပါ။
အလံက တော်တော်လေးကြီးပြီး ၁၀ ပေလောက် မြင့်တာကြောင့် သာမန်လူတစ်ယောက်ထက် အပြတ်အသတ် သာလွန်နေတယ်။ ဒါကြောင့် အဝေးကြီးကနေဆိုရင်တောင် အလွယ်တကူ လှမ်းမြင်နိုင်တယ်။ ဒါတင်မကသေးဘဲ အလံဆီကနေ ပတ်ဝန်းကျင်နဲ့ လုံးဝမလိုက်ဖက်အောင် ထူးဆန်းတဲ့ အလင်းရောင်တစ်မျိုး ဖြာထွက်နေပြီး ပိုလို့တောင် ထင်ရှားပေါ်လွင်နေစေတယ်။
'ဒီကောင်ကို ဖုံးကွယ်ထားလို့တော့ ရမှာမဟုတ်ဘူး။ ကာကွယ်ရုံပဲ ရှိတာပေါ့'
အလံကို သေချာစစ်ဆေးကြည့်လိုက်တော့ အလံထဲမှာ ပျက်စီးသွားခဲ့ရင်တောင် မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာစေနိုင်တဲ့ မှော်စွမ်းအားတစ်မျိုး ပြည့်နှက်နေတာကို သူ သတိပြုမိသွားတယ်။
ဒီလိုဆိုရင်တော့ အလံကို လုယူဖို့ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာတောင် အလံတွေ ပျက်စီးသွားမှာ မဟုတ်တော့ဘူး။
သူက အလံ ဘေးကင်းလုံခြုံဖို့အတွက် သူ့နောက်ကျောမှာ ချက်ချင်း လွယ်လိုက်တယ်။
'ငါ ပထမဆုံး လုပ်ရမယ့်အလုပ်က လက်ဂါစီ့စ်တွေနဲ့ လူစုဖို့ပဲ'
အဲလ်ရစ်က သူ မှော်ကမ္ဘာငယ်လေးထဲကို ရောက်ရောက်ချင်း ကောင်းကင်ယံဆီ အချက်ပြအလင်းလွှတ်မယ်လို့ သူတို့ကို ပြောထားခဲ့တာပါ။
ကံမကောင်းစွာနဲ့ပဲ ကောင်းကင်မှာ ဘာအချက်ပြမှုကိုမှ သူ လုံးဝမမြင်ရဘူး။
'တစ်ခုခု ဖြစ်သွားတာလား'
ဘာပဲဖြစ်ဖြစ် အဲဒီအချက်ပြမှုမရှိဘဲနဲ့တော့ လောလောဆယ် ကျန်တဲ့လက်ဂါစီ့စ်တွေနဲ့ ဆုံတွေ့နိုင်မှာမဟုတ်လို့ သူ့အလံကို သူတစ်ယောက်တည်း ကာကွယ်ရတော့မယ့် သဘောပဲ ဖြစ်နေတယ်။
| မင်း အဲဒီအလံကို ကာကွယ်နေဖို့တောင် မလိုပါဘူး။ ငှဲ..ငှဲ..ငှဲ..ငှဲ… တခြားကစားသမားတွေ မင်းဆီ လာပါစေဦးပေါ့ |
ဘာကြောင့်လဲတော့ မသိဘူး၊ အနာဂတ်နိမိတ်ဖတ်ကြားသူက အမြဲတမ်း သွေးဆာနေတဲ့ပုံပဲ။
သူ့ရဲ့ ဒီဗာကို လျစ်လျူရှုလိုက်ပြီး ဒီနေရာကနေ မရွှေ့ခင် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး အခြေအနေကို သုံးသပ်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။
ဒါကတော့ သူ့ရဲ့ ဒရုန်းက အလွန်အမင်း အသုံးဝင်လာမယ့် နေရာပေါ့။
သူက အိတ်ကပ်ထဲ လက်နှိုက်ပြီး စတုဂံပုံစံ အတုံးလေးကို ထုတ်လိုက်ကာ ဒရုန်းရဲ့ ပန်ကာတွေကို ဖြန့်လိုက်တယ်။
အခုက အဆင့်မြှင့်တင်ရမယ့် အချိန်ပဲ။
သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး ဒရုန်းရဲ့ စနစ်ပေါ်ကို အာရုံစိုက်လိုက်တယ်။
ချက်ချင်းဆိုသလိုပဲ သူ့မျက်စိရှေ့တည့်တည့်မှာ ဒရုန်းရဲ့ လင်းကနဲလင်းလက်နေတဲ့ သုံးဖက်မြင် ပုံရိပ်ယောင်တစ်ခု ပေါ်လာတယ်။ အဆင့်မြှင့်တင်လို့ရမယ့် အစိတ်အပိုင်းတွေကို ပြသဖို့ ဒရုန်းရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို လင်းပြီး ပြသပေးနိုင်တယ်။
သူက ဒရုန်းကိုယ်ထည်ရဲ့ အောက်ခြေအကျဆုံးမှာ တပ်ဆင်ထားတဲ့ ၃၆၀ ဒီဂရီ ကင်မရာကို ပြသဖို့ ပုံရိပ်ယောင်ကို ညွှန်ကြားလိုက်တယ်။
သူ လုပ်လိုက်တာနဲ့တစ်ပြိုင်နက် သူ့ရဲ့ အမြင်အာရုံထဲမှာ ဝင်းဒိုးတစ်ခု ပေါ်လာတယ်။
[မျှဝေအမြင်အာရုံ - ဒီအဆင့်မြှင့်တင်မှုက ဒရုန်းမျက်မှန်ကို ပိုပြီး လင်းလင်းထင်ထင် ဖြစ်သွားစေမယ်။ ဒါက မင်းရဲ့ စိတ်ဝိညာဉ်ထဲကို ဆော့ဝဲလ်ကြောင့် ဖြစ်မယ့် ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ရှိနေရင်တောင် ဒရုန်းကို မောင်းနှင်နိုင်စေလိမ့်မယ်။
ဒရုန်းရဲ့ ကင်မရာကလည်း အကြီးအကျယ် အဆင့်မြှင့်တင်မှုကို ကြုံတွေ့ရလိမ့်မယ်။ ကင်မရာရဲ့ ပုံရိပ်အရည်အသွေးက ဒီဗာတစ်ယောက်နဲ့ စွမ်းရည်တစ်ခုက လက်တွေ့ကမ္ဘာမှာ အပြည့်အဝ အသက်မဝင်ခင် ပြုလုပ်မယ့် နှောင့်ယှက်မှုတွေကို ထိုးဖောက်မြင်နိုင်လောက်အောင် ရှင်းလင်းပြတ်သားလိမ့်မယ်]
[ကုန်ကျစရိတ် - ၂ စက်]
သူက အဆင့်မြှင့်တင်မှုကို ချက်ချင်း ဝယ်ယူလိုက်တဲ့အခါမှာတော့ အရည်နှစ်စက်က ဒရုန်းထဲကို ကျသွားပြီး ချက်ချင်း စုပ်ယူခံလိုက်ရတာကို ရုတ်တရက် မြင်လိုက်ရတယ်။
အဲဒီနောက် ဒရုန်းရဲ့ ကိုယ်ထည်က ပုံသဏ္ဌာန် ပြောင်းလဲလာပြီး နာနိုမှုန်တွေက ကင်မရာရဲ့ လုပ်ဆောင်ချက်တွေကို အဆင့်မြှင့်တင်ဖို့ အစိတ်အပိုင်းအသစ်တွေကို စတင် ပျိုးထောင်ပေးကြတယ်။
မကြာခင်မှာပဲ ဒရုန်းရဲ့ ကင်မရာစနစ်အသစ်က အဆင်သင့် ဖြစ်သွားပြီး သုံးလို့ရမယ့် အခြေအနေ ရောက်သွားတယ်။
သူ မျက်လုံးဖွင့်ပြီး အဆင့်မြှင့်တင်မှုကို စစ်ဆေးကြည့်လိုက်တယ်။
အောက်ခြေက ကင်မရာက ပိုပြီး ကျစ်ကျစ်လျစ်လျစ် ရှိသွားပေမဲ့ ပုံရိပ်အရည်အသွေးက ပိုပြီး ရှင်းလင်းပြတ်သားလာတဲ့အပြင် မျက်မှန်ထဲမှာ မှန်ဘီလူးအလွှာတွေ ပိုပြီး ထပ်ဆင့်ပါဝင်လာတယ်။
ဒါတင်မကဘဲ ပြောင်းလဲသွားတာက ဒါတင် မဟုတ်သေးဘူး။
သူက ကိုယ်ထည်ဘေးက မြုပ်နေတဲ့ ခလုတ်အသေးလေးကို ချက်ချင်း နှိပ်လိုက်တော့ ဒရုန်းရဲ့ ဘေးဘက်ကနေ အံဆွဲအသေးလေးတစ်ခု ဝုန်းခနဲ ထွက်လာတယ်။
အဲဒါက ဒရုန်းရဲ့ ကင်မရာမျက်မှန်ကို ဖော်ပြပေးလိုက်တာပဲ။
ပြီးတော့ ဒီလုပ်ဆောင်ချက်က အကြီးမားဆုံး ပြောင်းလဲမှုပဲ ဖြစ်တယ်။
မူလမျက်မှန်က တစ်ခုလုံး အမည်းရောင်ဖြစ်ပြီး သူ့မျက်နှာရဲ့ လေးပုံတစ်ပုံလောက်ကို ဖုံးအုပ်ထားနိုင်တဲ့ အလွန်ကြီးမားတဲ့ မျက်နှာပြင်ဧရိယာ ရှိခဲ့တာပါ။ အဲဒါက မျက်မှန်ထက်စာရင် မျက်နှာကာကြီးနဲ့ ပိုတူတယ်။
ဒါပေမဲ့ အခုတော့ မျက်မှန်ရဲ့ ဘောင်ရော မျက်နှာကာပါ တော်တော်လေး ပါးလွှာသွားပြီ။
မျက်မှန်မှန်ကလည်း အခုဆိုရင် လင်းထင်နေပြီး တော်တော်လေးလည်း သေးငယ်သွားကာ ခေတ်ပေါ် လေသူရဲမျက်မှန်တွေနဲ့ တူနေတယ်။
သူက အဲဒါကို ချက်ချင်းကောက်ယူပြီး သူ့ခေါင်းပေါ် တပ်လိုက်တယ်။
ချက်ချင်းပဲ သူ့ရှေ့မှာ စနစ်ဝင်းဒိုးတစ်ခု ပေါ်လာတယ်။
[ဒရုန်းနှင့်အတူ မျှဝေအမြင်အာရုံထဲသို့ ဝင်ရောက်နေသည်..]
အဲဒါ ပြီးသွားတာနဲ့တစ်ပြိုင်နက် သူ့စိတ်ထဲမှာ လုံးဝအသစ်စက်စက် အမြင်အာရုံတစ်ခုကို ရုတ်တရက် မြင်လိုက်ရတယ်။
သူက ဒရုန်းမြင်နေရတာကို မြင်နေရသလို တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ကိုယ်ပိုင်အမြင်အာရုံကိုလည်း မြင်နေရတာပါ
အမြင်အာရုံ တစ်ဝက်စီကို မြင်ရတဲ့ မျက်နှာပြင်ခွဲမျိုး မဟုတ်ဘူး။ သူ ဆော့ဖူးတဲ့ ဗီဒီယိုဂိမ်းတွေထဲက မြေပုံအသေးလေးလို ပေါ်လာတဲ့ ဝင်းဒိုးအသေးစားမျိုးလည်း မဟုတ်ပြန်ဘူး။
ဒါက လူသားတွေရဲ့ စကားလုံးနဲ့ ရှင်းပြဖို့ မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ အမြင်အာရုံ နှစ်ခုစလုံးက တစ်ခုနဲ့တစ်ခု နှောင့်ယှက်ခြင်းမရှိဘဲ တစ်ပြိုင်နက်တည်း မြင်နေရလို့ပဲ ဖြစ်တယ်။
သူက သူ့လက်တွေကို ကြည့်ပြီး လက်ချောင်းတွေကို လှုပ်ရှားနေတာကို မြင်နေရတယ်။ အဲဒီအချိန်မှာပဲ သူက ဒရုန်းကို သူ့ရှေ့တည့်တည့်မှာ အပေါ်ကို ပျံတက်ခိုင်းပြီး ကြားထဲမှာ နောက်ပြန်ဂျွမ်းထိုး သုံးလေးပတ်လောက် လုပ်ခိုင်းလိုက်တယ်။
အဲဒီတုန်းကဆိုရင် သူ ဒါမျိုး မလုပ်နိုင်ခဲ့ဘူး။
'လန်းလိုက်တာ။ ဒါက တကယ်ကို တန်ဖိုးရှိတဲ့ အဆင့်မြှင့်တင်မှုပဲ'
ဒီလို သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို မြင်လိုက်ရတော့ ကင်မရာနဲ့ ပတ်သက်ပြီး တခြား ဘာအဆင့်မြှင့်တင်မှုတွေ လုပ်လို့ရဦးမလဲဆိုတာ သူ ပိုပြီး ကြည့်ချင်သွားတယ်။
[အမြင်အာရုံ]
- - ကင်မရာ
- - ဒရုန်းအမြင်အာရုံ
- - မျှဝေအမြင်အာရုံ
- - မက်ဂ်နက်တစ် အမြင်အာရုံ
[မက်ဂ်နက်တစ် အမြင်အာရုံ - ဒီအဆင့်မြှင့်တင်မှုက ဒရုန်းကို ပစ်မှတ်တစ်ခုကို စကင်ဖတ်ပြီး သူတို့ရဲ့ ဒီဗာကျင့်စဉ်နဲ့ သူတို့ရဲ့ စွမ်းရည်တွေကို ထိုးဖောက်မြင်နိုင်စေလိမ့်မယ်]
[ကုန်ကျစရိတ် - ၃ စက်]
'အင်း... ဒါက အသုံးဝင်နိုင်ပေမဲ့ လောလောဆယ် ငါ့ရဲ့ နောက်ဆုံး ၃ စက်ကိုတော့ ဒီအတွက် မသုံးချင်သေးဘူး။ အနာဂတ်နိမိတ်ဖတ်ကြားသူ၊ ငါ ဘယ်အဆင့်မြှင့်တင်မှုကို ရွေးသင့်လဲ။ ကိုယ်ပျောက်စနစ်လား ဒါမှမဟုတ် ဒရုန်းအသေးစားလား'
| ဒါကတော့ ဒရုန်းအသေးစား ဖြစ်ရမှာပေါ့။ ကောင်းကင်မှာ နောက်ထပ် မျက်လုံးတစ်လုံး ရှိနေတာက ဒီလိုပတ်ဝန်းကျင်မျိုးမှာ အလွန်အမင်း အသုံးဝင်လိမ့်မယ်။ ငါတို့ မက်ဂ်နက်တစ်တွေကို ပိုပြီး အမဲလိုက်နိုင်တာပေါ့ |
သူ ခေါင်းကိုသာ ရမ်းလိုက်မိတော့တယ်။ ဒီကောင်က ဒီလောက် ယုံကြည်မှုတွေ ဘယ်ကနေ ရနေတာပါလိမ့်။ သူ့ရဲ့ ပြိုင်ဘက်တွေက တကယ်ကို ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ ထိပ်ဆုံးမှာ ရှိနေကြတာကို အဲဒီကောင် မသိဘူးလား။
'သူတို့ကို အမဲလိုက်ဖို့ထက်စာရင် သူတို့မျက်စိထဲကနေ ပုန်းကွယ်ဖို့က ပိုအရေးကြီးပါတယ်'
| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ… မင်း ဒါမျိုး လုပ်စရာမလိုပါဘူး။ ငါ မင်းကို ပြောသားပဲ။ ငါတို့က ပိုပြီး တိုးတက်လာဖို့အတွက် ပိုပြီး အစွမ်းထက်တဲ့လူတွေကို ရှာဖွေရမယ် |
မိုက်ကယ်ကတော့ မယုံကြည်ဘူး။ တခြားကစားသမားတွေက ဒရုန်းအကြောင်းကို တော်တော်လေး သိထားကြပြီးပြီဆိုတော့ လောလောဆယ် ကိုယ်ပျောက်စနစ်ကို ရွေးချယ်တာက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပုံရတယ်။
ဒါတင်မကဘဲ သူတို့က သူ့ထက် ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေ ပိုကောင်းနိုင်တာမို့ သဟဇာတသေနတ် ကို မြင်လိုက်ရရင် ရှောင်တိမ်းသွားနိုင်ခြေက အပြည့်ရှိနေတယ်။ ဒါပေမဲ့ ဒရုန်းက ပစ်ခတ်ဖို့ အားသွင်းနေတဲ့အချိန်မှာ ကိုယ်ပျောက်စနစ်နဲ့ ပုန်းကွယ်နေမယ်ဆိုရင်တော့ သူ့ရဲ့ပစ်မှတ်ကို ထိမှန်ဖို့ အခွင့်အရေး ပိုများလိမ့်မယ်။
| ငါတို့ရဲ့ သဟဇာတသေနတ်က မလုံလောက်ဘူး။ အဲဒီ မက်ဂ်နက်တစ်တွေက အတုအယောင်တွေ ဖြစ်နိုင်ပေမဲ့ သူတို့က သူတို့ရဲ့ ပတ်ဝန်းကျင်ကို ခံစားသိရှိနိုင်လောက်အောင် ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို လုံလောက်စွာ လေ့ကျင့်ထားပြီးသား |
ဒါက မိုက်ကယ်ကို လုံးဝ ဇဝေဇဝါ ဖြစ်သွားစေတယ်။ 'ဒါဆို မင်းပြောချင်တာက ငါ့ရဲ့ သဟဇာတသေနတ်က သူတို့အပေါ် သက်ရောက်မှုမရှိဘူးပေါ့ ဟုတ်လား။ ငါ ဘာပဲဖြစ်ဖြစ် ရှုံးတော့မှာကို မင်းက ငါ့ကို ဒီဂိမ်းထဲ ဘာလို့ လာခိုင်းရတာလဲ'
| သူတို့အပေါ် သက်ရောက်မှုမရှိဘူးလို့ ငါ မပြောခဲ့ပါဘူး။ သူတို့က အဲဒါကို ရှောင်တိမ်းနိုင်လောက်အောင် အစွမ်းထက်နေကြတာပဲ ရှိတာ |
အနာဂတ်နိမိတ်ဖတ်ကြားသူ ပြောချင်တာက သူ ဒရုန်းပေါ်မှာ ဘယ်လိုအဆင့်မြှင့်တင်မှုမျိုးပဲလုပ်လုပ် သူ့ရဲ့အစွမ်းနဲ့ ပြိုင်ဘက်တွေရဲ့ အစွမ်းကြားက ကွာဟချက်ကို လျှော့ချဖို့ မလုံလောက်ဘူးဆိုတာပဲ ဖြစ်တယ်။
'ဒါဆို ငါ့ကို ဘာလုပ်စေချင်တာလဲ' သူက စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်တယ်။
| ငှဲ..ငှဲ..ငှဲ..ငှဲ… မင်းမှာ သူတို့အားလုံးထက် သာလွန်တဲ့ အားသာချက်တစ်ခု ရှိတယ်။ အဲဒါက ငါပဲ။ ငါက စစ်မှန်တဲ့ ဒီဗာတစ်ယောက်ဖြစ်ပြီး အဲဒီအတုအယောင်တွေလို စိတ်ဝိညာဉ်မဲ့မနေဘူး။
သူတို့က သူတို့ရဲ့ ဒီဗာတွေ ပြောနေတဲ့ အချက်ပြမှုတွေကို ဆက်သွယ်ဖို့နဲ့ အဓိပ္ပာယ်ဖော်ဖို့ နာရီပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ အချိန်ဖြုန်းနေရတဲ့အချိန်မှာ ငါက မင်းကို တိုက်ရိုက် ပြောပြနိုင်တယ်။
ငါ မင်းကို စွမ်းရည်တစ်ခု သင်ပေးနိုင်တယ် |
* * * * * * * *