အခန်း ၃၅၇
Vol. 32 Ch. 357
အခန်း (၃၅၇)
ဘာသာပြန် - အားသစ်
ပင်လယ်ဧကရာဇ်နန်းတော်အတွင်း၌ လင်းဖုန်းတစ်ယောက် သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထုတ်ဖော်ထားဆဲဖြစ်သည်။ သုံးကီလိုမီတာမျှ အမြင့်ရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးက ခန့်ညားထည်ဝါလှသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
သို့သော်လည်း ယခုလက်ရှိအချိန်၌ လင်းဖုန်း၏ အမူအရာမှာ အနည်းငယ် စိတ်ရှုပ်ထွေးကာ ဝေခွဲမရဖြစ်နေဟန်ရှိသည်။
သူ ပင်လယ်ဧကရာဇ်နန်းတော်ရှိ ကြီးမားလှသော အသက်အမြုတေ အပိုင်းအစကြီးကို စတင်စုပ်ယူခဲ့သည်မှာ ဆယ်ရက်မက ကြာမြင့်ခဲ့လေပြီ။ ထိုကာလတစ်လျှောက်လုံး လင်းဖုန်းတစ်ယောက် ထိုဖြစ်စဉ်အတွင်း၌ လုံးဝဥဿုံ ဈာန်ဝင်နေခဲ့ခြင်း ဖြစ်သည်။
ဤကြီးမားလှသော အသက်အမြုတေ အပိုင်းအစကြီးအတွင်းတွင် လီဗိုင်ယာသန်၏ မှတ်ဉာဏ်ပေါင်းမြောက်မြားစွာ ပါဝင်နေသည်။ ထို့အပြင် ယင်းတို့က အလွန်တရာ ပြည့်စုံလွန်းလှသည်။
အဓိကအားဖြင့် လီဗိုင်ယာသန် အားနည်းသည့်အချိန်မှစ၍ ဆဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ပြီးမြောက်ပြီး ဂြိုဟ်အဆင့်သက်ရှိတစ်ခု ဖြစ်လာသည်အထိ ကြီးထွားလာခဲ့သည့် ဖြစ်စဉ်တစ်ခုလုံး ပါဝင်၏။
အသက်အမြုတေ အပိုင်းအစကြီးက ကြီးမားလွန်းလှသကဲ့သို့ မှတ်ဉာဏ်များကလည်း အလွန်တရာ များပြားလှသည်။ ယင်းကို အနည်းငယ်မျှ စုပ်ယူလိုက်ရုံဖြင့်ပင် နှစ်ပေါင်းသောင်းချီသော မှတ်ဉာဏ်များကို လက်ခံရရှိခြင်းနှင့် တူညီနေသည်။
ထို့ပြင် လင်းဖုန်းက ဤဖြစ်စဉ်တစ်ခုလုံးအတွင်း၌ လုံးဝ စိတ်နှစ်ကာ စျာန်ဝင်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ အသိစိတ်ကပင် စတင်၍ ပျက်ယွင်းကျဆင်းလာခဲ့သည်။ ထိုကိစ္စကို လင်းဖုန်းကိုယ်တိုင်ပင် သတိမပြုမိခဲ့ချေ။
လီဗိုင်ယာသန်၏ မှတ်ဉာဏ်များက လင်းဖုန်းအား များစွာသော နားလည်သဘောပေါက်မှုများကို ပေးစွမ်းနိုင်သည်မှာ အမှန်ပင်။ သူ၏ စိတ်စွမ်းအားကိုပင် စိတ်ဝိညာဉ်လမ်းညွှန်ကျင့်စဉ်၏ စတုတ္ထအဆင့်သို့ ရောက်ရှိသွားစေနိုင်ခဲ့သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူ အန္တရယ်တစ်ခုနှင့် ရင်ဆိုင်နေရသည်။အကယ်၍ လင်းဖုန်းသာ ဤမှတ်ဉာဏ်များအတွင်း၌ လုံးဝဥဿုံ နစ်မြုပ်သွားပြီး ပြန်လည်ရုန်းထွက်နိုင်ခြင်း မရှိတော့ပါက လီဗိုင်ယာသန်၏ မှတ်ဉာဏ်များ၏ ဝါးမြိုလွှမ်းမိုးခြင်းကို ခံလိုက်ရမည် ဖြစ်သည်။ မည်သည့်အခါမျှ ပြန်လည်နိုးထလာနိုင်တော့မည် မဟုတ်ချေ။
လင်းဖုန်း ယခုအခါ ထိုမှတ်ဉာဏ်များအတွင်း၌ လမ်းပျောက်နေပြီ ဖြစ်သော်လည်း သူကိုယ်တိုင် ထိုအကြောင်းကို သတိမထားမိခဲ့ချေ။ သူ့ကိုယ်သူ လီဗိုင်ယာသန်တစ်ကောင်အဖြစ် ထင်မှတ်နေခဲ့ပြီး ရေပြင်ကျယ်ကြီးအတွင်း၌ စိုးရိမ်ပူပန်မှုမရှိဘဲ အကြွင်းမဲ့ အရှင်သခင်အဖြစ် လှည့်လည်ကျက်စားနေခဲ့သည်။
သူ၏ စွမ်းအားများ တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ ကုန်းပေါ်သို့ စတင်တက်ရောက်ပြီး မြင်မြင်သမျှ သတ်ဖြတ်ကာ ဝါးမြိုတော့သည်။
ဤတစ်ကြိမ်တွင် လက်ခံရရှိသော မှတ်ဉာဏ်များက အလွန်တရာ အသေးစိတ်ကျပြီး ပြည့်စုံလွန်းလှသည်။ ယင်းက လင်းဖုန်း နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်တွင် ရရှိခဲ့သော အသက်အမြုတေ အပိုင်းအစနှင့် လုံးဝနီးပါး ကွာခြားလှ၏။ အတိတ်ကာလတုန်းက မှတ်ဉာဏ်များမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့ပြီး တပိုင်းတစစီသာ တည်ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်းအနေဖြင့် အတိတ်ကာလတုန်းက ယခုကဲ့သို့ လုံးဝဥဿုံ နစ်မျောသွားခြင်းမျိုး မရှိခဲ့ချေ။
ယခုမူ ဤမျှအထိ ပြည့်စုံလှသော မှတ်ဉာဏ်များကို ရရှိခဲ့သဖြင့် လင်းဖုန်းတစ်ယောက် သူ့ကိုယ်သူ လီဗိုင်ယာသန်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလား ခံစားနေရခြင်းမှ ရုန်းမထွက်နိုင်ဖြစ်နေသည်။ သူ လီဗိုင်ယာသန်၏ လုပ်ဆောင်ချက်များ၊ အတွေးအခေါ်များ စသည့် အရာအားလုံးကို အပြည့်အဝ ဆက်ခံရရှိထားပြီး ဗီဇစိတ်အတိုင်း လုံးဝ လိုက်ပါဆောင်ရွက်နေခဲ့တော့သည်။
…...
“အင်း... သူက လီဗိုင်ယာသန်ရဲ့ မှတ်ဉာဏ်တွေကြားမှာ လမ်းပျောက်နေပြီပဲ။ ဖျက်ဆီးခြင်းလှံတံက တကယ်ပဲ သူ့ကို ရွေးချယ်ခဲ့တာ ဟုတ်ရဲ့လား...”
မှောင်မိုက်လှသော နေရာတစ်ခုအတွင်းမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းကား ပင်လယ်ဧကရာဇ်ပင်။
သို့သော်လည်း ပင်လယ်ဧကရာဇ်က လှုပ်ရှားခြင်း မရှိခဲ့ချေ။ အသက်အမြုတေကို စုပ်ယူရန်က ထိုမျှအထိ မလွယ်ကူကြောင်း သူ သေသေချာချာ သိထားသည်။ သူ ယခုကဲ့သို့ အလွယ်တကူ သဘောတူညီခဲ့ခြင်းမှာ လင်းဖုန်းအနေဖြင့် ဤအသက်အမြုတေ အပိုင်းအစကို အမှန်တကယ် စုပ်ယူနိုင်ခြင်း ရှိ မရှိကို စမ်းသပ်လို၍လည်း ဖြစ်၏။
သို့သော်လည်း ယခုလက်ရှိ အခြေအနေများကို ထောက်ရှုရလျှင် အဆုံးသတ်တွင်မူ လင်းဖုန်းက သာမန်သက်ရှိတစ်ယောက်နှင့် ထူးမခြားနားပင်။ ထိုမှတ်ဉာဏ်များအတွင်း၌ လမ်းပျောက်နေခဲ့ပြီ ဖြစ်သည်။
ပင်လယ်ဧကရာဇ်၏ လက်အောက်ရှိ ပင်လယ်သားရဲတချို့သည်လည်း လီဗိုင်ယာသန်၏ မှတ်ဉာဏ်များအကြားတွင် လမ်းပျောက်ခဲ့ဖူးကြသည်။ ပြန်လည်ရုန်းထွက်နိုင်ခြင်း မရှိခဲ့ကြချေ။
နောက်ဆုံးတွင် သူတို့အားလုံး ပင်လယ်ဧကရာဇ်၏ ဝါးမြိုခြင်းကို ခံခဲ့ကြရသည်။ သူတို့က လီဗိုင်ယာသန်၏ မှတ်ဉာဏ်များအတွင်း၌ နစ်မြုပ်နေခဲ့ကြသဖြင့် အတင်းအကျပ် နှိုးခဲ့လျှင်ပင် သူတို့အနေဖြင့် လီဗိုင်ယာသန်အဖြစ်သာ ပြောင်းလဲသွားကြပေလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုရသော် အကယ်၍ သူတို့သာ လီဗိုင်ယာသန်၏ မှတ်ဉာဏ်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရမည်ဆိုလျှင် ယင်းက လီဗိုင်ယာသန် ပြန်လည်ရှင်သန်လာခြင်းနှင့် ထပ်တူထပ်မျှပင် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ပင်လယ်ဧကရာဇ်က လင်းဖုန်းအား အချိန်အနည်းငယ် ပိုပေးရန် ဆုံးဖြတ်လိုက်ဆဲပင်။ ယင်းက သူ လင်းဖုန်းကို ယုံကြည်၍ မဟုတ်ချေ။ ဖျက်ဆီးခြင်းလှံတံကို ယုံကြည်ခြင်းကြောင့်သာ ဖြစ်သည်။ ဖျက်ဆီးခြင်းလှံတံ၏ ရွေးချယ်ခြင်းကို ခံရသည့် သက်ရှိတစ်ယောက်တွင် သေချာပေါက် ပုံမှန်နှင့်မတူ တမူထူးခြားသည့် အရာတစ်ခုခု ရှိနေလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
………
ချောက်နက်သေမင်းပင်လယ်၏ ကမ်းခြေတွင်မူ သူတော်စင်ခန်းနှင့် အခြားသူများ တိတ်တဆိတ် စောင့်ဆိုင်းနေကြဆဲပင်။
သူတော်စင်လေးပါးစလုံး၏ အမူအရာများက အလွန်တရာ တည်ကြည်လေးနက်နေသည်။ အတော်လေးလည်း စိုးရိမ်ပူပန်နေကြကြောင်း သိသာထင်ရှားလှ၏။
ရွှစ်
ရုတ်တရက် အဝေးတစ်နေရာမှ လေသင်္ဘောသုံးစီး ပေါ်ပေါက်လာသည်။
“ပြိုင်ဘက်ကင်းသူတော်စင်တို့ ပြန်လာပြီ”
သူတော်စင်ယွမ်ယီ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ရိပ်အနည်းငယ် ပေါ်ပေါက်လာသည်။ သူတို့ နောက်ဆုံးတော့ ပြန်လည်ရောက်ရှိလာကြလေပြီ။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ထံမှ သတင်းစကားကို လက်ခံရရှိခဲ့ပြီးကတည်းက သူတော်စင်လေးပါးမှာ တစ်ရက်ချင်းစီတိုင်းကို အလွန်တရာ ဆိုးဆိုးဝါးဝါး နှေးကွေးစွာဖြင့် ဖြတ်သန်းနေခဲ့ကြရ၏။
များမကြာမီ လေသင်္ဘောပေါ်မှ သူတော်စင်သုံးပါး ဆင်းသက်လာကြသည်။ ယင်းတို့ကား ပညာရှင်အဖွဲ့မှ သူတော်စင်သုံပါးဖြစ်၏။ သူတို့သုံးယောက်စလုံး အခြားမြို့ပြတစ်ခုသို့ သွားရောက်ကာ လေသင်္ဘောသုံးစီးကို ယူဆောင်အသုံးပြု၍ အတတ်နိုင်ဆုံး အမြန်ဆုံးနှုန်းဖြင့် အပြေးအလွှား ပြန်လည်ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
“ပြိုင်ဘက်ကင်းသူတော်စင်... မင်း ပို့ခဲ့တဲ့ သတင်းစကားက အမှန်ပဲလား”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အခြားသူများ အသူတရာသေမင်းပင်လယ်၏ ကမ်းခြေသို့ ပြန်လည်ရောက်ရှိလာကြသောအခါ သူတော်စင်ခန်းက ချက်ချင်းပင် မမေးဘဲ မနေနိုင်တော့ချေ။
“အဲဒါ အမှန်ပဲ။ ဒါတင်မကသေးဘူး။ အခု အခြေအနေတွေက အရင်ကထက် ပိုပြီးတော့တောင် ဆိုးရွားနေပြီ။ ကပ်ပါးကောင်မျိုးစိတ်တွေက လုံးဝ ပျံ့နှံ့သွားပြီ။ နဂါးကျောက်တုံးမြို့တင်မကဘူး။ အခြားအဆင့်အတန်း အမျိုးမျိုးရှိတဲ့ မြို့ပြ ဆယ်မြို့မကမှာပါ ကပ်ပါးကောင်တွေ ပေါ်လာကြပြီ။ ဒီတစ်ကြိမ် လူသားမျိုးနွယ်က တစ်ခါမှ မကြုံဖူးသေးတဲ့ ဘေးဒုက္ခကြီးနဲ့ ရင်ဆိုင်နေရပြီ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်လုံးများမှာ သွေးရောင်အလား ချင်းချင်းနီရဲနေ၏။ ဤကာလအတွင်း နေ့တိုင်းလိုလို ယုံနိုင်စရာပင် မရှိလှသည့် သတင်းဆိုးများကိုသာ ကြားသိနေခဲ့ရသည်။ ကပ်ပါးကောင်များက အလွန်တရာ မြန်မြန်ဆန်ဆန် ပျံ့နှံ့နေသည်။ လူသားများအနေဖြင့် မည်သို့မျှ တွန်းလှန်နိုင်စွမ်း မရှိကြချေ။
သူတော်စင်များပင်လျှင် ထိုအကောင်များ၏ ပြိုင်ဘက် မဟုတ်ပါက သာမန်လူသားများဆိုလျှင် ပြောနေစရာပင် လိုတော့မည် မဟုတ်ချေ။
“သူတော်စင်ကလော့လည်း ကျဆုံးသွားပြီ”
သူတော်စင်ကလော့အကြောင်း ပြောလိုက်သောအခါ သူတော်စင်ခုနစ်ပါးစလုံး တိတ်ဆိတ်သွားကြ၏။ သူတော်စင်ကလော့၏ ဝမ်းနည်းကြေကွဲဖွယ်ရာ ကျဆုံးမှုက ဤအဖြစ်အပျက်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းပြီး ရက်စက်ကြမ်းတမ်းလှကြောင်း မီးမောင်းထိုးပြသနေသည်။
အကယ်၍ ကပ်ပါးကောင်မျိုးနွယ်စုများကို ဤအတိုင်းသာ ဆက်လက်သောင်းကျန်းခွင့် ပေးထားမည်ဆိုပါက လူသားမျိုးနွယ်တစ်ခုလုံး နောက်ထပ် လအနည်းငယ် သို့မဟုတ် တစ်နှစ်မပြည့်မီ အချိန်အတွင်း၌ လုံးဝ ပျက်စီးသွားရပေလိမ့်မည်။
“ဒါနဲ့... သူတော်စင်လင်းဖုန်းက ဘယ်မှာလဲ။ အခုအချိန် သူတော်စင်လင်းဖုန်း တစ်ယောက်တည်းကပဲ ဒီမိခင်ပိုးကောင်ကြီးကို တားဆီးနိုင်လိမ့်မယ်”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း လင်းဖုန်းကို မတွေ့ရ။ ထို့ကြောင့် သူ့စိတ်ထဲ၌ မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရ၏။
“သူတော်စင်လင်းဖုန်းက အခုထက်ထိ ထွက်မလာသေးဘူး။ အခုဆိုရင် လဝက်လောက် ကုန်သွားပြီ။ အရင်တုန်းက သူတော်စင်လင်းဖုန်း ပြောခဲ့တဲ့ သဘောတူညီချက်အရဆိုရင် ငါတို့တွေ နောက်ထပ် လဝက်လောက်ပဲ ဆက်ပြီး စောင့်နိုင်တော့မယ်”
သူတော်စင်ခန်းက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သူ့အမူအရာက တည်ကြည်လေးနက်နေသည်။
“ဒါပေမဲ့ နောက်ထပ် လဝက်အတွင်းမှာတင် လူပေါင်းဘယ်လောက်တောင် ထပ်ပြီး သေဆုံးရဦးမလဲ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကမူ အနည်းငယ် စိုးရိမ်ပူပန်နေသည်။
“ငါတို့ ဘာမှလုပ်လို့မရဘူး။ တကယ်လို့ ငါတို့ ခုနစ်ယောက်စလုံး သွားရင်တောင်မှ မိခင်ပိုးကောင်ကြီးကို တားနိုင်မှာတဲ့လား။ သူတော်စင်လင်းဖုန်းကသာ ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ အခုလက်ရှိ ငါတို့ အကောင်းဆုံး လုပ်နိုင်တာကတော့ စောင့်ဆိုင်းနေဖို့ပဲ ရှိတယ်”
သူတော်စင်ခန်း နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။ သူက ဂုဏ်ရှိန်ဂုဏ်ဝါကြီးမားလှပြီး အားလုံးက လေးစားရသူ ဖြစ်သဖြင့် ယခုကဲ့သို့သော ကြီးမားလှသော ကိစ္စရပ်များတွင် ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသား ချမှတ်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် သူတော်စင် ခုနစ်ပါးစလုံး တိတ်ဆိတ်သွားပြီး အသူတရာသေမင်းပင်လယ်၏ ကမ်းခြေတွင်သာ စိတ်ရှည်လက်ရှည် ဆက်လက် စောင့်ဆိုင်းနေခဲ့ကြရတော့၏။
နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်သော သတင်းများ ရောက်ရှိလာသည်။ ယင်းတို့အားလုံးနီးပါးက ဝမ်းနည်းကြေကွဲဖွယ် သတင်းဆိုးများသာ ဖြစ်ကြသည်။
ကပ်ပါးကောင်မျိုးစိတ်များ ပျံ့နှံ့နှုန်းက တဖြည်းဖြည်း ပိုမိုမြန်ဆန်လာ၏။ လူသားမျိုးနွယ်မှာ အမှန်တကယ်ပင် သေခြင်းရှင်ခြင်း စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်နေရလေပြီ။
ထာဝရသိုင်းတာအိုအရှင်