← Chapters

အခန်း ၃၅၈

Vol. 32 Ch. 358

အခန်း ၃၅၈

Vol. 32 Ch. 358

အခန်း (၃၅၈)

ဘာသာပြန် - အားသစ်

အချိန်ကာလများ တဖြည်းဖြည်း ကုန်ဆုံးသွား၏။ အစက သူတော်စင်ခုနစ်ပါးစလုံး မလှုပ်မယှက် ရှိနေခဲ့ကြသော်လည်း အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ သူတို့၏ အမူအရာများသည်လည်း အလွန်တရာ ပျက်ယွင်းလာခဲ့ကြသည်။

“တစ်လ ပြည့်သွားပြီ”

သူတော်စင်ခန်း သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ငြိမ်သက်နေဆဲဖြစ်သော အသူတရာသေမင်းပင်လယ်ကို လှမ်းကြည့်လိုက်သည့်။ သူ့အသံမှာ အနည်းငယ် အက်ကွဲပြီး ခါးသက်နေဟန်ရှိ၏။

တစ်လတိုင်တိုင် ရှိခဲ့ပြီဖြစ်သော်လည်း လင်းဖုန်း ကမ်းပေါ်သို့ ပြန်လည်ရောက်ရှိမလာခဲ့သေးချေ။

လင်းဖုန်း ပြန်မရောက်လာရခြင်း၌ ဖြစ်နိုင်ချေ အကြောင်းပြချက် နှစ်ခုရှိသည်။ တစ်ခုမှာ လင်းဖုန်း အကြောင်းတစ်စုံတစ်ရာကြောင့် နှောင့်နှေးနေခဲ့ပြီး အချိန်မီ ပြန်မလာနိုင်ခြင်း ဖြစ်သည်။ အခြားဆိုးရွားလှသော ဖြစ်နိုင်ချေတစ်ခုမှာမူ လင်းဖုန်း ပင်လယ်ရေအောက်ခြေ၌ အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရပြီး ကျဆုံးသွားခဲ့ခြင်းပင် ဖြစ်နိုင်သည်။

သို့သော်လည်း မည်သည့်အကြောင်းပြချက်ကြောင့်ပင်ဖြစ်စေ တစ်လတာ အချိန်ကာလ သတ်မှတ်ချက်က ပြည့်မြောက်သွားခဲ့လေပြီ။ သူတော်စင်များအနေဖြင့် ဆက်လက် စောင့်ဆိုင်းနေရန် မဖြစ်နိုင်တော့ချေ။

“သူတော်စင်လင်းဖုန်း တစ်ခုခုကြောင့်ပဲ နှောင့်နှေးနေခဲ့တာ ဖြစ်ပါစေလို့ပဲ ငါ မျှော်လင့်တယ်။ သူက ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ သူတော်စင်လင်းဖုန်းအတွက် ဆက်သွယ်ရေးကိရိယာတစ်ခု ချန်ထားခဲ့ကြမယ်။ ပြီးတော့ ကပ်ပါးကောင်တွေရဲ့ အကြောင်းကိုလည်း အဲဒီထဲမှာ မှတ်တမ်းတင်ထားခဲ့ကြတာပေါ့။ ငါတို့ကတော့ ကပ်ပါးကောင်တွေကို တားဆီးဖို့အတွက် ချက်ချင်း ထွက်ခွာကြမယ်”

သူတော်စင်ခန်းက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်သည်။ သူ မဖြစ်မနေ လုပ်ရမည့် ကိစ္စရပ်များကို တွန့်ဆုတ်မနေတော့ပေ။ တစ်လတာ အချိန်ကာလ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပြီး လင်းဖုန်း ကမ်းပေါ်သို့ ရောက်မလာခဲ့သဖြင့် သူတို့ သေချာပေါက် ထွက်ခွာကြရတော့မည် ဖြစ်သည်။

ယခုလက်ရှိအချိန်တွင် မရေမတွက်နိုင်သော လူသားများက သူတော်စင်များကို လိုအပ်နေပြီ မဟုတ်ပါလား။

သူတို့ သွားရောက်လျှင် သေဆုံးသွားနိုင်ချေ ရှိသော်လည်း ဤသည်ကား သူတို့၏ တာဝန်ဝတ္တရားပင်။

သူတို့အားလုံးက သူတော်စင်များဖြစ်၏။

လူသားမျိုးနွယ်၏ အစောင့်အရှောက် နတ်ဘုရားများ ဖြစ်ကြသည်။

လူသားမျိုးနွယ်၏ အဓိက ဒေါက်တိုင်များ ဖြစ်ကြသော သူတော်စင်များအနေဖြင့်

သူတို့အားလုံး ဘေးအန္တရာယ်များ ကျရောက်လာချိန်၌ သေချာပေါက် ပခုံးထမ်း တာဝန်ယူကြရမည်သာ။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ဦးဆောင်မှုနှင့်အတူ သူတော်စင်ခုနစ်ပါးစလုံး အသူတရာသေမင်းပင်လယ်မှ စွန့်ခွာကာ လူသားနယ်မြေဆီသို့ ပြတ်ပြတ်သားသား ပြန်လည်ထွက်ခွာသွားကြလေတော့သည်။

“နောက်ဆုံးရ သတင်းတွေအရ အဓိကအဖွဲ့အစည်းကြီး ငါးခုစလုံးက ကပ်ပါးကောင်မျိုးစိတ်တွေကို တားဆီးဖို့အတွက် သူတို့ တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ကြေညာလိုက်ပါပြီ”

“သုတေသနပြုချက်တွေအရ ကပ်ပါးကောင်မျိုးစိတ်တွေဟာ သက်ရှိအားလုံးကို ကပ်ပါးပြုနိုင်ပါတယ်။ သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေအကုန်လုံးကို လုယူပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲပြီး အမြန်ဆုံးနှုန်းနဲ့ ဆင့်ကဲပြောင်းလဲနိုင်တယ်လို့ သိရပါတယ်”

“ပညာရှင်တွေကတော့ ကပ်ပါးကောင်မျိုးစိတ်တွေရဲ့ ကပ်ပါးပြုနိုင်စွမ်းကို တိုက်ဖျက်ဖို့အတွက် ဆေးဝါးတွေကို အစွမ်းကုန် သုတေသနပြုနေတယ်လို့ ပြောကြားထားပါတယ်ခင်ဗျ”

“မိခင်ပိုးကောင်ကြီးက ဒီနေ့မှာ လှုပ်ရှားမှုအသစ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ကျောက်စိမ်းနက်မြို့ကို လုံးဝ ဖျက်ဆီးပစ်ခဲ့ပါတယ်။ သုံးနာရီလောက် အချိန်တိုလေးအတွင်းမှာတင် ကျောက်စိမ်းနက်မြို့မှာရှိတဲ့ လူပေါင်း သုံးသန်းကို ဝါးမြိုပစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ လူပေါင်း ၃၆၀၀ ဝန်းကျင်လောက်ပဲ လွတ်မြောက်လာနိုင်ခဲ့ပါတယ်...”

လူသားမျိုးနွယ်၏ အေးချမ်းမှုများ လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။ နေ့စဉ်နှင့်အမျှ အင်တာနက်ပေါ်တွင် ဝမ်းနည်းကြေကွဲဖွယ်ရာ သတင်းအချက်အလက်မျိုးစုံဖြင့် အစားထိုးခံလိုက်ရသည်။

ကပ်ပါးကောင်မျိုးစိတ်များက ထိန်းမနိုင်သိမ်းမရ ရုတ်တရက်ဆန်စွာ ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။ ဤတစ်ကြိမ်တွင်မူ လူသားအားလုံးသည် အတိတ်ကာလတုန်းက နဂါးကျောက်တုံးမြို့မှ မြို့သူမြို့သားများ ခံစားခဲ့ရသည်များကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ကြရသည်။ ကပ်ပါးကောင်မျိုးစိတ်များ၏ ကြောက်မက်ဖွယ်ကောင်းမှုက အဝေးကသာ မြင်ရကြားရသည့် မသဲမကွဲ ကိစ္စရပ်တစ်ခု မဟုတ်တော့ပေ။ လူသားမျိုးနွယ်တစ်ခုလုံးအတွက် အမှန်တကယ် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာခဲ့ချေပြီ။

ထိုကဲ့သို့သော ဝမ်းနည်းကြေကွဲဖွယ် သတင်းများ နေ့စဉ် ရောက်ရှိလာခဲ့၏။ ယင်းက အတိတ်ကာလတုန်းက ကြမ်းကြုတ်သားရဲကြီးများထက် များစွာ ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ အတိတ်ကာလတုန်းက သားရဲကြီးများက လူသားများကို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သော်လည်း ယခုလက်ရှိ ကပ်ပါးကောင်မျိုးစိတ်များလောက် ဘေးဒုက္ခကြီးမားလှသည် မဟုတ်ချေ။

သူတော်စင်ကလော့ပင်လျှင် တိုက်ပွဲ၌ ကျဆုံးသွားခဲ့ရသည်။

သူတော်စင်တစ်ဦး၏ ကျဆုံးခြင်းက လူသားမျိုးနွယ်အတွက် အထူးပြင်းထန်လှသည့် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကလော့က ဘာတိုင်နှင့် မတူညီသောကြောင့်ပင်။ သူတော်စင်ကလော့သည်ကား သားရဲများနှင့် တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ပထမဆုံးသူတော်စင် ဖြစ်ပေ၏။

အထူးသဖြင့် ယခုလက်ရှိ လူသားမျိုးနွယ်သည် ကပ်ပါးကောင်များကို တိုက်ခိုက်ရန် ထိရောက်သော နည်းလမ်းကို မရှာဖွေနိုင်သေးချေ။ နေ့စဉ်နှင့်အမျှ မြို့ပြများနှင့် နယ်မြေများကို တစ်ခုပြီးတစ်ခု ဆုံးရှုံးနေကြရသည်။ ကပ်ပါးကောင်များမှာ လူသားမျိုးနွယ်စု၏ အလယ်ဗဟို နှလုံးသားဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ကြပြီ ဖြစ်၏။

လဝက်မျှသော အချိန်လေးအတွင်း၌ပင် ကပ်ပါးကောင်များသည် အနည်းဆုံး လူပေါင်း သန်း ၂၀ ခန့်ကို သေဆုံးစေခဲ့သည်။ ထို့အပြင် ဤအရေအတွက်က ဆက်လက် မြင့်တက်နေဆဲပင်။

အထူးသဖြင့် ပိုမိုထိတ်လန့်ဖွယ်ရာ ကောင်းလှသည်မှာ ကပ်ပါးကောင်မျိုးစိတ်များထံမှ နောက်ထပ် သန်းနှင့်ချီသော ကပ်ပါးကောင်များ မွေးဖွားလာခဲ့ခြင်းပင်။ ယင်းတို့အားလုံးမှာ လူသားများကို ကပ်ပါးပြုခြင်းမှတစ်ဆင့် မွေးဖွားလာခဲ့ကြခြင်း ဖြစ်သည်။ ဤကပ်ပါးကောင်များသည်ကား အလွန်တရာ အားကောင်းလှ၏။

ကပ်ပါးကောင်များနှင့် ရင်ဆိုင်ရာတွင် နတ်ဘုရားနယ်ပယ် သိုင်းသမားများဖြစ်စေ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများဖြစ်စေ ထိရောက်မှုမရှိပေ။ လူတိုင်းက သူတော်စင်များ ထွက်ပေါ်လာမည့်အချိန်ကိုသာ မျှော်လင့်စောင့်စားနေခဲ့ကြသည်။

“နောက်ဆုံးရ သတင်းတွေအရ ကာကွယ်သူအဖွဲ့ချုပ်ရဲ့ တာဝန်ခံနဲ့ သူတော်စင်လင်းဖုန်းရဲ့ ဇနီးလောင်းဖြစ်တဲ့ မစ္စချူချန်းတို့ဟာ ကာကွယ်သူအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်များစွာနဲ့အတူ လက်နက်တပ်ဆင်ထားတဲ့ စက်ရုပ် ၂၀၀,၀၀၀ ကျော်ကို ဦးဆောင်ပြီးတော့ မေပယ်ရွက်မြို့ စစ်တလင်းကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်”

နောက်ထပ် သတင်းကြေညာချက်တစ်ခုက လူတိုင်းကို အနည်းငယ် ဆွံ့အသွားစေခဲ့၏။

ကာကွယ်သူအဖွဲ့ချုပ် ဟုတ်လား။

ထိုအချိန်ရောက်မှသာ လူအများအနေဖြင့် ယခုလက်ရှိ၌ အဓိကအဖွဲ့အစည်းကြီးငါးခု မဟုတ်တော့ဘဲ ခြောက်ခုရှိနေပြီ ဖြစ်ကြောင်းကို သတိရသွားခဲ့သည်။ မည်သို့ပင်ဆိုစေ လူအများက သူတော်စင်လင်းဖုန်းကိုသာ မှတ်မိကြသည်။ ကာကွယ်သူအဖွဲ့ချုပ်ကို မှတ်မိသူမှာ အလွန်တရာ နည်းပါးလှ၏။

အကြောင်းမှာ ကာကွယ်သူအဖွဲ့ချုပ်၏ တည်ရှိမှုက အလွန်တရာ အားနည်းလွန်းလှသောကြောင့်ပင်။ အဆုံးတွင်မူ ကာကွယ်သူအဖွဲ့ချုပ်သည် အဓိကအဖွဲ့အစည်းကြီးငါးခု၏ လွှမ်းမိုးမှုနယ်ပယ်များအတွင်း ဖွံ့ဖြိုးတိုးတက်ရန် မရွေးချယ်ခဲ့ပေ။ ကနဦးကတည်းက ပြင်ပနယ်မြေသို့ သွားရောက်ကာ စတင်ခဲ့သည် မဟုတ်ပါလား။ ၎င်းကို မည်သူက သတိထားမိနိုင်မည်နည်း။

သိရှိသူများကလည်း သတိထားစောင့်ကြည့်နေကြသော သိုင်းသမားများသာ ဖြစ်ပေလိမ့်မည်။ သာမန်လူများထဲတွင် ကာကွယ်သူအဖွဲ့ချုပ်အကြောင်းကို သိရှိထားသူမှာ အလွန်တရာ နည်းပါးလှ၏။

သို့သော်လည်း ယခုအခါ သတင်းကြေညာချက်ကို ကြားသိရပြီးမှသာ သူတော်စင်လင်းဖုန်း တည်ထောင်ခဲ့သော ကာကွယ်သူအဖွဲ့ချုပ်တွင် လက်နက်ကိုင်စက်ရုပ်များကဲ့သို့သော အားကောင်းလှသည့် အင်အားစုတစ်ခု ရှိနေကြောင်း သိရှိသွားခဲ့ကြတော့သည်။

သို့သော်လည်း ဤစက်ရုပ်များက အလုပ်ဖြစ်ပါမည်လော။ ာင်းတို့က ကြောက်မက်ဖွယ်ကောင်းလှသော ကပ်ပါးကောင် ရေစီးကြောင်းကြီးကို တားဆီးနိုင်ပါမည်လော။

လက်ရှိအချိန်၌ လူပေါင်းများစွာ သံသယဝင်နေကြရုံသာမက ချူချန်းကိုယ်တိုင်လည်း မသေချာမရေရာ ဖြစ်နေသည်။

သို့သော်လည်း သူမက စက်ရုပ်စစ်တပ်ကို ဦးဆောင်ရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ဆဲပင်။ တုံ့ဆိုင်းမနေတော့ဘဲ ကာကွယ်သူအဖွဲ့ ဌာနချုပ်မှ မေပယ်ရွက်မြို့ဆီသို့ အလျင်အမြန် ထွက်ခွာလာခဲ့ကြသည်။

ကျန်းချီကျီသည်လည်း ချူချန်းနှင့်အတူ လိုက်ပါလာခဲ့ပြီး သူမအား စက်ရုပ်စစ်တပ် အင်အား ၂၀၀,၀၀၀ ကို ကွပ်ကဲရာတွင် ကူညီပေးခဲ့သည်။

နာမည်နှင့်လိုက်ဖက်စွာပင် မေပယ်ရွက်မြို့မှာ မေပယ်ရွက်များ၏ မြို့တော်ပင် ဖြစ်၏။ နေရာအနှံ့တွင် မေပယ်ပင်များ ရှိနေသည်။ ဆောင်းဦးရာသီတွင် ဤနေရာက အလှပဆုံးသော နေရာတစ်ခု ဖြစ်လာလေ့ရှိ၏။ လူအများအပြားမှာ ဤမြို့၏ နာမည်ကျော်ကြားမှုကြောင့် လာရောက်လည်ပတ်လေ့ ရှိကြသည်။

ကံမကောင်းစွာဖြင့် ယခုအချိန်သည်လည်း ဆောင်းဦးရာသီဖြစ်သော်လည်း မည်သည့် ခရီးသွားဧည့်သည်မျှ မလာရဲကြတော့ချေ။ အဘယ်ကြောင့်ဆိုသော်

ကပ်ပါးကောင်မျိုးစိတ်များက မေပယ်ရွက်မြို့ဆီသို့ ချဉ်းကပ်လာနေပြီ ဖြစ်သောကြောင့်တည်း။

ယခုလက်ရှိ မေပယ်ရွက်မြို့မှာ ရှေ့တန်းစစ်မြေပြင်တစ်ခု ဖြစ်လာခဲ့ချေပြီ။

“သူ အခု ဘယ်လိုနေမလဲ မသိဘူး”

ချူချန်း၏ မျက်လုံးများအတွင်း၌ စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေ၏။ သူမ အမှတ်တမဲ့ မြို့ပြင်သို့ လှမ်းကြည့်လိုက်မိသည်။

“ချူချန်း... စိတ်မပူပါနဲ့။ သူတော်စင်လင်းဖုန်းက လွယ်လွယ်ကူကူ ဒုက္ခရောက်မယ့်သူ မဟုတ်ပါဘူး။ သူ တစ်ခုခုကြောင့် နှောင့်နှေးနေတာ ဖြစ်မှာပါ”

စကားဆိုလိုက်သူက ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ဖြစ်သည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ဘေးတွင် သူတော်စင်ခန်းအပါအဝင် သူတော်စင်ခြောက်ပါး ရှိနေသည်။

လင်းဖုန်းမှအပ လူသားမျိုးနွယ်ရှိ သူတော်စင်ခုနှစ်ပါးစလုံး မေပယ်ရွက်မြို့ဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ဤကိစ္စကို သတင်းမထုတ်ပြန်ရသေးပေ။ သူတို့ မေပယ်ရွက်မြို့အတွင်း၌ ပုန်းကွယ်နေခဲ့ကြသည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters