← Chapters

အခန်း ၃၅၉

Vol. 32 Ch. 359

အခန်း ၃၅၉

Vol. 32 Ch. 359

အခန်း (၃၅၉)

ဘာသာပြန် - အားသစ်

“ပြိုင်ဘက်ကင်းလက်သီးသူတော်စင်... သူတော်စင်ပင်းယု...”

ချူချန်းက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ပင်းယုတို့ကို အလျင်အမြန် ဦးညွှတ်အရိုအသေပေးလိုက်သည်။ ဤနှစ်ဦးမှာ အနန္တလမ်းစဉ်အကယ်ဒမီနှင့် ဝင်ရိုးစွန်းအကယ်ဒမီတို့၏ ကျောင်းအုပ်ကြီးများ ဖြစ်ကြ၏။ ချူချန်းသည် ဝင်ရိုးစွန်းအကယ်ဒမီမှ ကျောင်းသူတစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် သဘာဝကျကျပင် ရိုင်းပြရဲခြင်း မရှိချေ။

“ကလေးမလေး... ညည်း ဒီကို လာမသင့်ဘူးကွဲ့”

သူတော်စင်ပင်းယုမှာ ပုံမှန်အားဖြင့် အေးစက်တတ်သော်လည်း ချူချန်းကို ကြည့်လိုက်ချိန်၌ သူမ၏ အကြည့်များတွင် နူးညံ့ကြင်နာမှုများ ပေါ်လွင်နေသည်။ အမျိုးသမီးအချင်းချင်း ဖြစ်သောကြောင့်လား မသိ။ သူတော်စင်ပင်းယုသည် အမျိုးသမီးများအပေါ် အမြဲတမ်း ပိုမို နားလည်ခွင့်လွှတ်ပေးတတ်သည်။

“အဲ့လိုလည်း မဟုတ်ပါဘူးရှင့်... ကျွန်မက အခု ကာကွယ်သူအဖွဲ့ချုပ်ရဲ့ တာဝန်ခံလေ။ တကယ်လို့ လင်းဖုန်းသာ ဒီမှာမရှိရင် ကျွန်မက ကာကွယ်သူအဖွဲ့ချုပ်ကို ကိုယ်စားပြုရပါမယ်။ သူ့နာမည်ကို ကျွန်မ အရှက်မခွဲနိုင်ဘူးလေ”

ချူချန်းမှာ အလွန်တရာ ပြတ်သားနေသည်။ ယခုလက်ရှိတွင် သူမက ဝင်ရိုးစွန်းတက္ကသိုလ်မှ သာမန်ကျောင်းသူတစ်ဦး မဟုတ်တော့ချေ။ လင်းဖုန်းနှင့် စေ့စပ်ထားသူ.. သူတော်စင်တစ်ပါး၏ ဇနီးလောင်းဖြစ်ပြီး ကာကွယ်သူအဖွဲ့ချုပ်၏ ယာယီတာဝန်ခံလည်း ဖြစ်သည်။

လင်းဖုန်း မရှိချိန်၌ ချူချန်းအနေဖြင့် ကာကွယ်သူအဖွဲ့ချုပ်ကို ဦးစီးဦးဆောင်ပြုကာ ရှေ့သို့ ထွက်လာရမည် ဖြစ်သည်။

အဓိကအဖွဲ့အစည်းကြီးငါးခုမှ အထက်ပိုင်းပုဂ္ဂိုလ်များနှင့်အတူ သူတော်စင်ရှစ်ပါးစလုံး မေပယ်ရွက်မြို့၌ စုဝေးရောက်ရှိနေခဲ့လေပြီ။ ဤသည်ကား လက်ရှိအချိန်၌ လူသားမျိုးနွယ်စု၏ အသန်မာဆုံး အင်အားစုတစ်ခု ဖြစ်ပေသည်။

မေပယ်ရွက်မြို့

ဤနေရာသည်ကား လူသားများအနေဖြင့် ကပ်ပါးကောင်များကို တားဆီးရန် စိတ်ပိုင်းဖြတ်ထားသော နေရာဖြစ်၏။

မြို့တစ်ခုလုံးတွင် မည်သည့် သာမန်လူမှ မရှိတော့ချေ။ အားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစမသည်။ အဓိကအဖွဲ့အစည်းကြီးငါးခု၏ အထက်တန်းလွှာ အင်အားစုများကိုသာ ချန်ရစ်ထားခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရသော် ဤသည်ကား အစစ်အမှန် အဆုံးအဖြတ်တိုက်ပွဲကြီးပင်။

“ချူချန်း... မင်း အလုပ်ကောင်းကောင်း လုပ်နေတာပဲ။ ဒါပေမဲ့ ဒီအခြေအနေက ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာတော့ သိလောက်မှာပါ။ တကယ်လို့ အခြေအနေတွေ ဆိုးရွားလာရင် ဘာပဲဖြစ်ဖြစ် မင်း အရင်ဆုတ်ခွာရမယ်။ မဟုတ်ရင် ငါ သူတော်စင်လင်းဖုန်းကို မျက်နှာပြရဲမှာ မဟုတ်ဘူး”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ဖြည်းညင်းစွာ ပြောလိုက်၏။

ချွီချန်၏ အဆင့်အတန်းမှာ အလွန်တရာ ထူးခြားလှသည်။ ဘာတိုင်နှင့် ဖြစ်ပွားခဲ့သော အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားမည်ကို သူ အလိုမရှိချေ။

“သူတော်စင်ကြီး... စိတ်မပူပါနဲ့။ အရေးကြီးတာကို ကျွန်မ နားလည်ပါတယ်”

ချူချန်း အလွန်အမင်း ခေါင်းမာမနေခဲ့ချေ။ အခြေအနေများ ဆိုးရွားသွားသည်နှင့် တစ်ပြိုင်နက် သူမ ထွက်သွားရပေမည်။ ဤနေရာ၌ ဆက်နေခဲ့လျှင်ပင် အသုံးဝင်မည် မဟုတ်ကြောင်းကို သူမ သိရှိထား၏။

“လာနေပြီ”

ရုတ်တရက် သူတော်စင်ခန်းက ခပ်တိုးတိုး ပြောလိုက်၏။

တစ်ချိန်တည်းမှာပင် လူတိုင်း ခေါင်းမော့ကာ အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။

ဝရော... ဝရော...

အဝေးရှိ မိုးကုတ်စက်ဝိုင်းဆီမှ ဖုန်မှုန့်တိမ်တိုက်ကြီးတစ်ခု လေထုအတွင်း ပြည့်နှက်လာပြီး ပြင်းထန်လှသော တုန်ခါသံများနှင့်အတူ ရောက်ရှိလာသည်။

မရေမတွက်နိုင်သော ရုပ်ဆိုးအကျည်းတန်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် ကပ်ပါးကောင်များက ရေလွှမ်းမိုးမှုကြီးတစ်ခုအလား အဝေးဆီမှ အလျင်အမြန် တိုးဝင်လာသည်။ အပြတ်သားဆုံး စိတ်ဓာတ်ရှိသူပင်လျှင် ဦးရေပြားများ ထုံကျဉ်သွားသည်အထိ ခံစားရပေမည်။

ယင်းတို့ကား သောင်းနှင့်ချီသော ကပ်ပါးကောင်များ မဟုတ်ပေ။ အနည်းဆုံး သန်းနှင့်ချီ သို့တည်းမဟုတ် ကုဋေနှင့်ချီအထိ ရှိကြပေလိမ့်မည်။ ကပ်ပါးကောင်များ အဝေးဆီမှ အဆက်မပြတ် ချီတက်လာနေစဉ် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

ချူချန်း၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားရသည်။ ဤသည်ကား သူမအနေဖြင့် ဤကဲ့သို့သော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်၏။ သို့သော်လည်း သူမ နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားလိုက်ပြီး ကြောက်ရွံ့မှုကို ထိန်းချုပ်ကာ အတင်းအကျပ် တည်ငြိမ်အောင် နေလိုက်၏။

“ချူချန်း... မင်းတို့ ကာကွယ်သူအဖွဲ့ချုပ်က စက်ရုပ်စစ်တပ်ကို စမ်းကြည့်လိုက်ပါဦး”

သူတော်စင်ခန်းက ရှေ့ရှိ ကပ်ပါးကောင်များကို စေ့စေ့ကြည့်ရင်း လေသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

“ပစ်မှတ်သတ်မှတ်ပြီး... တိုက်ခိုက်”

ချူချန်းက ချက်ချင်း အမိန့်ပေးလိုက်၏။ ချက်ချင်းပင် မရေမတွက်နိုင်သော စက်ရုပ်များက မြို့ရိုးထက်မှ ခုန်ချသွားကြကာ အဝေးရှိ ကပ်ပါးကောင်များထံသို့ ဒီရေလှိုင်းများအလား ပြေးဝင်သွားကြတော့သည်။

“စစ်တပ်အနေနဲ့ ပိုးကောင်တွေကို သုတ်သင်တဲ့နေရာမှာ ကာကွယ်သူအဖွဲ့ချုပ်ကို ကူညီပေးဖို့ အချိန်မရွေး အသင့်ရှိနေပါတယ်”

မေပယ်ရွက်မြို့တွင် စစ်တပ်၏ အဆင့်မြင့်ဆုံး ဧရာမအမြောက်ကြီးများကို တပ်ဆင်ထားသည်မှာ အတော်ကြာလေပြီ။ ဤသည်ကို အဆုံးအဖြတ်တိုက်ပွဲဟု သတ်မှတ်နိုင်သဖြင့် စစ်တပ်အနေဖြင့်လည်း အမြောက်အမြား ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်၏။

ချူချန်းတစ်ယောက် လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။ ဤသည်ကား ကာကွယ်သူအဖွဲ့ချုပ်အနေဖြင့် ပထမဆုံး စတင်ဆင်နွှဲရသည့် တိုက်ပွဲဖြစ်၏။ အလွန်အရေးကြီးသော အဆုံးအဖြတ်တိုက်ပွဲလည်း ဖြစ်သည်။ သူမ မည်သို့ပင်ဖြစ်စေ ကြံ့ကြံ့ခံရမည် ဖြစ်ပေသည်။

ဝုန်း

နောက်ဆုံးတွင် ကာကွယ်သူအဖွဲ့ချုပ်၏ လက်နက်ကိုင် စက်ရုပ်စစ်တပ်နှင့် ကပ်ပါးကောင်များ ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ဆုံကြတော့သည်။

ဤသည်ကား စွမ်းအားချင်း သက်သက်ဆုံတွေ့ကြသည့် ပွဲဖြစ်သည်။ ထိုခဏ၌ စက်ရုပ်စစ်တပ်က အစွမ်းကုန် ထုတ်သုံးကြတော့၏။ ၎င်းတို့သည် တတိယယဉ်ကျေးမှုခေတ်မှ စစ်လက်နက် စက်ရုပ်များဖြစ်ကြသည်။ ထို့ကြောင့် စွမ်းအင်သုံးလက်နက်များကို အသုံးပြုသည့် ထိုစက်ရုပ်များက နတ်ဆိုးများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ကြသည်။

ထို့ပြင် ၎င်းတို့၏ အရေအတွက်ကလည်း နှစ်သိန်းမျှအထိ ရှိနေသည်။

ထို့ကြောင့် ထိုလှိုင်းလုံးကြီးနှစ်ခု အပြင်းအထန် ဆောင့်မိကြတော့၏။ လက်နက်တပ်စက်ရုပ်နှစ်သိန်းက အနည်းမျှပင် ထိန်ချန်ထားခြင်းမရှိဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် ကပ်ပါးကောင်တန်းကြီးများမှာ ရိတ်သိမ်းခံလိုက်ရသည့် ဂျုံခင်းများအလား လဲပြိုသွားကြတော့၏။

ဤကပ်ပါးကောင်များက အံ့ချီးဖွယ်ရာ ပြန်လည်ရှင်သန်နိုင်စွမ်း ရှိကြသော်လည်း လက်နက်တပ်စက်ရုပ်များ၏ လက်နက်များကလည်း အလွန်ကြောက်စရာကောင်းလှသည်။ တစ်ချက်ပစ်ခတ်လိုက်တိုင်း မရေမတွက်နိုင်သော ကပ်ပါးကောင်များ ပြာအဖြစ်သို့ ပြောင်းလဲကာ တိုက်ရိုက် ချေမှုန်းခံလိုက်ရ၏။

ဤသည်ကား စွမ်းအင်သုံးလက်နက်များ၏ ကြောက်မက်ဖွယ်ကောင်းသောအချက် ဖြစ်သည်။ ထိုလက်နက်များရှေ့တွင် ကပ်ပါးကောင်များ၏ ပြန်လည်ရှင်သန်နိုင်စွမ်းသည်ပင် သိပ်ပြီး အရာမထင်တော့ပေ။ ဟုတ်ပေ၏။ ဤသည်ကား သာမန်ကပ်ပါးကောင်များအတွက်သာ အကျုံးဝင်သည်။

လက်နက်တပ်စက်ရုပ်များက နတ်ဆိုးစစ်သူကြီးအဆင့်ရှိ ကပ်ပါးနတ်ဆိုးများကိုမူ သိပ်ပြီး ဒုက္ခမပေးနိုင်ပေ။ အဆုံး၌ ထိုမျှအထိ အားကောင်းသော ကပ်ပါးကောင်နတ်ဆိုးများကို တပြိုင်နက်တည်း ပြာဖြစ်သွားအောင် ပစ်ခတ်ပစ်ရန်က အလွန်ခက်ခဲလှသည် မဟုတ်ပါလား။

ပြာအဖြစ်သို့ ပြောင်းလဲမသွားသရွေ့ ထိုကပ်ပါးကောင်များကို သတ်ရန်က အလွန်ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ကပ်ပါးကောင်များထဲတွင် နတ်ဆိုးစစ်သူကြီးအဆင့်များ နေရာတိုင်းရှိနေသည်တော့ မဟုတ်ပေ။ ၎င်းတို့ထဲမှ အများစုက အလွန်သာမန်ကျသော ကပ်ပါးကောင်များသာ ဖြစ်ကြသည်။

......

ပထမဆုံး အတင်းအဓမ္မ တိုးဝင်လာကြသော ကပ်ပါးကောင်များအားလုံး အမြှောက်စာများသာ ဖြစ်ကြသည်။

တစ်မိနစ်အတွင်းမှာပင် ကပ်ပါးကောင် ငါးသိန်းကျော် သတ်ဖြတ်ခံလိုက်ရ၏။ သို့သော်လည်း ငါးသိန်းဟူသော အရေအတွက်က ကပ်ပါးကောင်များအတွက် ဘာမှမဟုတ်ချေ။

ကပ်ပါးကောင်များ၏ အရေအတွက်မှာ သောင်းဂဏန်း၊ သိန်းဂဏန်းမျှသာ မဟုတ်ပေ။ သန်းဂဏန်း သို့တည်းမဟုတ် ကုဋေချီ၍ ရှိနေခြင်းဖြစ်သည်။ မိခင်ပိုးကောင်ကြီး ရှိနေသရွေ့ ကပ်ပါးကောင်များကို အဆက်မပြတ် မွေးထုတ်ပေးနိုင်၏။ သန်းပေါင်းဆယ်ချီမပြောနှင့် သန်းပေါင်းရာချီ သို့တည်းမဟုတ် ဘီလီယံချီ အရေအတွက်သည်ပင် မပြောပလောက်ပေ။

လက်နက်တပ်စက်ရုပ်များသည် အမှန်တကယ် စွမ်းအားကြီးမားကြသော်လည်း အရေအတွက်က အလွန်နည်းပါးလွန်းလှသည်။ ထို့ပြင် ကပ်ပါးမျိုးစိတ်များထဲမှ နတ်ဆိုးစစ်သူကြီးများ စတင်တိုက်ခိုက်လာသည်နှင့်အမျှ လက်နက်တပ်စက်ရုပ်များလည်း တောင့်မခံနိုင်တော့ပေ။

ဆယ်မိနစ်ကျော်အတွင်းမှာပင် လက်နက်တပ်စက်ရုပ်များ၏ အရေအတွက်က တဖြည်းဖြည်း လျော့နည်းလာသည်။ နောက်ဆုံးတွင် စက်ရြပ်အားလုံး ကပ်ပါးကောင်လှိုင်းလုံးကြီးအောက်တွင် လုံးဝဥဿုံ နစ်မြုပ်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားရတော့၏။

လက်နက်တပ်စက်ရုပ်နှစ်သိန်းမှာ အမြစ်ပြတ် သုတ်သင်ရှင်းလင်းခံလိုက်ရလေပြီ။

ချူချန်း၏ မျက်နှာမှာ အနည်းငယ် ဖြူလျော်သွားသည်။ ဤသည်ကား လက်နက်တပ်စက်ရုပ် နှစ်သိန်းဖြစ်၏။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရလျှင်ပင် ဤစက်ရုပ်များက ဝိုင်းရံပိတ်ဆို့ကာ သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ထို့ပြင် ထိပ်တိုက်တွေ့ဆုံသည့် တိုက်ပွဲတွင်လည်း လက်နက်တပ်စက်ရုပ်များက အသာစီးရတတ်သည်။ လက်နက်တပ်စက်ရုပ်များသည်ကား အမှန်တကယ်ပင် အလွန်အစွမ်းထက်ကြ၏။ ကံဆိုးစွာဖြင့် ကပ်ပါးကောင်များ၏ အရေအတွက်အသာစီးရမှုနှင့် ရင်ဆိုင်ရချိန်တွင် စက်ရုပ်နှစ်သိန်းပင်လျှင် ကပ်ပါးကောင်လှိုင်းလုံးကြီးကို မတားဆီးနိုင်ခဲ့ပေ။

“ချူချန်း... မင်းရဲ့ ကာကွယ်သူအဖွဲ့ချုပ်က အကျိုးပြုမှုတစ်ခု လုပ်ဆောင်နိုင်ခဲ့တာပဲ။ လက်နက်တပ်စက်ရုပါတွေက တော်တော်လေး သန်မာတယ်။ ခုနက ထိပ်တိုက်တွေ့ဆုံတဲ့ တိုက်ပွဲမှာ အနည်းဆုံး ကပ်ပါးကောင် တစ်သန်းလောက်ကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ အခုကတော့ ငါတို့အလှည့် ရောက်ပြီပေါ့”

သူတော်စင်ခန်းက ကာကွယ်သူအဖွဲ့ချုပ်၏ လက်နက်ကိုင်စက်ရုပ်များကို အသိအမှတ်ပြု ချီးကျူးလိုက်သည်။ မည်သို့ပက်ဆိုစေ ဤသို့သော စက်ရုပ်များကို အုပ်စုလိုက် ပြန်လည်ထုတ်လုပ်နိုင်၏။ ပျက်စီးသွားလျှင်လည်း ပျက်စီးပါစေတော့။ အကယ်၍ ထိုအရာများသာ လူသားများဖြစ်ခဲ့လျှင် အသက်ပေါင်းနှစ်သိန်း ဖြစ်ပေလိမ့်မည်။

ချူချန်းက သူမ၏ နှုတ်ခမ်းကို ကိုက်ကာ ခေါင်းငြိမ့်ပြလိုက်၏။ အချိန်အကန့်အသတ်ကြောင့်သာ သူမအနေဖြင့် လက်နက်တပ်စက်ရုပ်နှစ်သိန်းကိုသာ ခေါ်ဆောင်လာနိုင်ခဲ့ခြင်းဖြစ်သည်။

အမှန်စင်စစ် ကပ်ပါးမျိုးစိတ်များ စတင်ပေါက်ကွဲထွက်ပေါ်လာပြီးနောက် သူမ ကာကွယ်သူအဖွဲ့ချုပ်၏ စက်ရုပ်ထုတ်လုပ်ရေးလိုင်းကို အပြည့်အဝဖွင့်လှစ်ခဲ့သည်။ လက်နက်တပ်စက်ရုပ်များကို အဆက်မပြတ် ထုတ်လုပ်ရန် သူမ၏ လုပ်ပိုင်ခွင့်ကို အသုံးပြုခဲ့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters