← Chapters

အခန်း ၃၆၀

Vol. 32 Ch. 360

အခန်း ၃၆၀

Vol. 32 Ch. 360

အခန်း (၃၆၀)

ဘာသာပြန် - အားသစ်

သူမ ခေါ်ဆောင်လာခဲ့သည့် စက်ရုပ်နှစ်သိန်းအပြင် နောက်ထပ် စက်ရုပ်နှစ်သိန်းမှာ ကာကွယ်သူအဖွဲ့ချုပ်ကို ကာကွယ်ရန် ကျန်ရှိနေခဲ့သည်။ မည်သို့ပင်ဆိုစေ ကာကွယ်သူအဖွဲ့မှာ အဓိက အခြေခံအုတ်မြစ် မဟုတ်ပါလား။

သို့သော်လည်း ယခုအခါတွင် ထိုလက်နက်တပ်စက်ရုပ်များ၏ ထူးချွန်ပြောင်မြောက်လှသော စွမ်းဆောင်ရည်ကို မြင်တွေ့လိုက်ရပြီးနောက် သူမ စိတ်အေးသွားခဲ့ရသည်။ အနည်းဆုံးတော့ ဤစက်ရုပ်များက ထိရောက်မှုရှိ၏။ ထုတ်လုပ်ရေးလိုင်းကို အရှိန်အပြည့်ဖြင့် ဖွင့်လှစ်လိုက်ပြီး ကာကွယ်သူအဖွဲ့၏ မြေအောက်အခြေစိုက်စခန်းရှိ အရင်းအမြစ်များနှင့်ဆိုလျှင် လက်နက်တပ်စက်ရုပါ သန်းပေါင်းများစွာကို ဖန်တီးရန်မှာ အလွန်လွယ်ကူသော အရာတစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော်လည်း စက်ရုပ် သန်းပေါင်းများစွာ ရှိနေခြင်းကရော မည်သို့ ထူးခြားသွားမည်နည်း။

သူတို့ရှေ့မှ ကပ်ပါးကောင်လှိုင်းလုံးကြီးက ခြိမ်းခြောက်မှုရှိနိုင်သော်လည်း ဤသာမန်ကပ်ပါးကောင်များက မည်သို့နှယ် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နိုင်ပါမည်နည်း။

အစစ်အမှန် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးသည်ကား မိခင်ပိုးကောင်ကြီးသာ။

မိခင်ပိုးကောင်ကြီး မရှိလျှင် သူတော်စင်များအနေဖြင့် သူတို့၏ နတ်ဘုရားနယ်မြေများဖြင့် ဤကပ်ပါးကောင်များကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သန်းပေါင်းဆယ်ချီ သို့တည်းမဟုတ် သန်းပေါင်းရာချီ ရှိနေပါစေ အသုံးဝင်မည်မဟုတ်။ အချိန်အနည်းငယ် ပိုပေးရရုံသာ ရှိပေလိမ့်မည်။

သို့သော်လည်း မိခင်ပိုးကောင်ကြီး ရှိနေခြင်းကြောင့် ကိစ္စရပ်များ ထင်ထားသလောက် လွယ်ကူမနေတော့ချေ။ ထိုပိုးကောင်ကြီးက အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် မိခင်ပိုးကောင်ကြီးက သူတော်စင်များထက်ပင် ပိုကြောက်စရာကောင်းသောကြောင့်ပင်တည်း။

“ဧရာမအမြောက်တွေနဲ့ ပစ်ခတ်ကြစမ်း”

သူတော်စင်ခန်း အမိန့်ပေးလိုက်သည်နှင့်အမျှ မေပယ်ရွက်မြို့၏ ဧရာမအမြောက်ကြီးများက အရူးအမူး ပစ်ခတ်ကြတော့သည်။ ဤဧရာမအမြောက်ကြီးများသည် အမှန်စင်စစ် လုံခြုံရေးမဟာမိတ်အဖွဲ့၏ စွမ်းအင်သုံးလက်နက်များကို အမှီပြုကိုးကားထားခြင်းဖြစ်၏။ သာမန်နတ်ဆိုးများအတွက် သေစေနိုင်လောက်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။

ဧရာမအမြောက် ထောင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း ပစ်ခတ်ကြရာ ကောင်းကင်ထက်၌ မိုးချုန်းသံများအလား အဆက်မပြတ် မြည်ဟည်းနေတော့သည်။ ကပ်ပါးကောင်အုပ်ကြီးများသည်လည်း တစ်အုပ်ပြီးတစ်အုပ် လဲပြိုသွားကြသည်။ သို့သော်လည်း ကပ်ပါးကောင်များစွာမှာ မေပယ်ရွက်မြို့၏ တံတိုင်းများဆီသို့ အတင်းအဓမ္မ တိုးဝင်လာကြဆဲပင်။

ထိုအချိန်တွင် သူတော်စင်ခုနစ်ပါးစလုံး အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။

“မီးလျှံနတ်ဘုရားနယ်မြေ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ပထမဆုံး စတင်လှုပ်ရှားလိုက်၏။ သူ၏ နတ်ဘုရားနယ်မြေသည် မေပယ်ရွက်မြို့အပြင်ဘက် ကီလိုမီတာအနည်းငယ် ဧရိယာကို ချက်ချင်း လွှမ်းခြုံသွားသည်။ မရေမတွက်နိုင်သော ကပ်ပါးကောင်များက ရူးရူးမူးမူး တဟုန်ထိုး တိုးဝင်လာကြသော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် တိုက်ခိုက်ရန်ပင် မလိုအပ်ခဲ့ပေ။ သူ၏ နတ်ဘုရားနယ်မြေအတွင်းရှိ မီးတောက်များက ကပ်ပါးကောင်များကို ပြာအဖြစ်သို့ လောင်ကျွမ်းစေပြီးသား ဖြစ်နေသည်။

ဤကပ်ပါးကောင်များသည် မီးပုံထဲသို့ တိုးဝင်သည့် ပိုးဖလံကောင်များပမာ တစ်လှိုင်းပြီးတစ်လှိုင်း နတ်ဘုရားနယ်မြေထဲသို့ အဆက်မပြတ် တိုးဝင်လာကြသည်။ သို့သော်လည်း ထိုအကောင်များ၏ ကြိုးစားမှုများက အချည်းနှီးသာ။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က မေပယ်ရွက်မြို့သို့ သွားရာလမ်းကို ပိတ်ဆို့ထားသရွေ့ မည်သည့်ကပ်ပါးကောင်မျှ မေပယ်ရွက်မြို့ထဲသို့ အတင်းအကျပ် ဝင်ရောက်နိုင်မည်မဟုတ်ချေ။

ဤသည်ကား ရန်သူပေါင်းများစွာကို တစ်ကိုယ်တည်း ဆီးကြိုတားဆီးထားသည့် အစစ်အမှန် စစ်သည်တော်ကြီးတစ်ဦးပင်။

ဤသည်ကား သူတော်စင်တစ်ဦး၏ စွမ်းပကား ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် သူတော်စင်ခန်း၊ သူတော်စင်ပင်းယု၊ သူတော်စင်ကတ်နှင့် အခြားသူများအားလုံးသည်လည်း သူတို့၏ နတ်ဘုရားနယ်မြေများကို အသုံးပြုလိုက်ကြသည်။ မေပယ်ရွက်မြို့တော်အပြင်ဘက်တွင် ထိုးဖောက်၍မရသော ခံစစ်ကြောင်းကြီးတစ်ခုကို တည်ဆောက်လိုက်ကြ၏။

ထိုကပ်ပါးကောင်များသည် နတ်ဘုရားနယ်မြေထဲသို့ ကမူးရှူးထိုး တိုးဝင်သွားကြ၏ သို့ပေသော်ငြား နတ်ဘုရားနယ်မြေအတွင်း၌ သာမန်ကပ်ပါးကောင်ဖြစ်စေ နတ်ဆိုးစစ်သူကြီးဖြစ်စေ နတ်ဆိုးဘုရင်ပင်ဖြစ်စေ အားလုံး အသုံးမဝင်တော့ပေ။

၎င်းတို့ နတ်ဘုရားနယ်မြေထဲသို့ တိုးဝင်လာသည်နှင့် လုံးဝဥဿုံ သုတ်သင်ရှင်းလင်းခြင်း ခံကြရသည်။

ထို့ပြင် ကြယ်တာရာစွမ်းအားစက်ကွင်းများအနေဖြင့် နတ်ဘုရားနယ်မြေများသည် အကန့်အသတ်မရှိသလောက်ပင်။ ယင်းတို့က သူတော်စင်များအတွက် စွမ်းအားများစွာ ကုန်ဆုံးစေခြင်း မရှိချေ။ နတ်ဘုရားနယ်မြေကို ရှစ်လ ကိုးလ ဆယ်လခန့်အထိ အသုံးပြုလျှင်ပင် သူတော်စင်များအပေါ် မည်သည့်သက်ရောက်မှုမျှ ရှိလိမ့်မည်မဟုတ်ပေ။

အရေအတွက်ဆိုသည်ကား သူတော်စင်များအတွက် အဓိပ္ပာယ်မရှိသောအရာ ဖြစ်၏။

သို့သော်လည်း ကံမကောင်းစွာဖြင့် သူတော်စင်များ၏ အစစ်အမှန်ပြိုင်ဘက်မှာ ဤသာမန်ကပ်ပါးကောင်များ မဟုတ်ခဲ့ချေ။ ဤသို့သော ကပ်ပါးကောင်များ မည်မျှပင် များပြားနေပါစေ သူတော်စင်များ၏ မျက်လုံးထဲတွင် အမြှောက်စာမျှသာ ဖြစ်သည်။

သူတို့၏ အစစ်အမှန် ပြိုင်ဘက်သည်ကား မိခင်ပိုးကောင်ကြီးပင်။

ဝုန်း

မြေပြင်ကြီး တုန်ခါသွားသည်နှင့်အမျှ အလွန်တရာ ကြီးမားလှသော ခန္ဓာကိုယ်ကြီးတစ်ခုသည် ဝေးလံလှသော မိုးကုတ်စက်ဝိုင်းထက်တွင် တရိပ်ရိပ် ပေါ်လာသည်။ ထိုအရိပ်ကြီးက တစ်လှမ်းချင်းစီ တိုးကပ်လာသည်။ ကပ်ပါးကောင်များသည်လည်း မီးပုံထဲသို့ တိုးဝင်သည့် ပိုးဖလံများအလား သူတော်စင်များ၏ နတ်ဘုရားနယ်မြေများကို အတင်းဝင်ရောက်တိုက်ခိုက်ခြင်းကို ရပ်တန့်ရန် အမိန့်ရရှိထားပုံရ၏။ ကပ်ပါးကောင်များအားလုံး နောက်သို့ဆုတ်ခွာသွားကြပြီး ရန်လိုစွာဖြင့် မလှုပ်မယှက် စိုက်ကြည့်နေကြတော့သည်။

ဝုန်း ဝုန်း ဝုန်း

မိခင်ပိုးကောင်ကြီး တဖြည်းဖြည်း ချဉ်းကပ်လာသည်။ လူအများအနေဖြင့် မိခင်ပိုးကောင်ကြီးကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသဖြင့် အသက်ရှူသံများကိုပင် မထိန်းချုပ်နိုင် ဖြစ်သွားကြရ၏။ သူတို့ အသက်ရှူကျပ်လုနီးပါး ဖြစ်သွားကြသည်။

ထိုသည်ကား မိခင်ပိုးကောင်ကြီးပင်။ ၎င်း၏ ခန္ဓာကိုယ်ကြီးက ငါးကီလိုမီတာမျှအထိ ရှည်လျားပြီး အသားတောင်ကြီးတစ်လုံးအလား မြင်တွေ့နေရဟည်။ ပိုးကောင်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စိတ်မသက်မသာဖြစ်စေပြီး ထိတ်လန့်ဖွယ်ရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

အစစ်အမှန် တိုက်ပွဲကြီးက ယခုမှသာ စတင်တော့မည်ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြချေပြီ။ မိခင်ပိုးကောင်ကြီး ရောက်ရှိလာခဲ့လေပြီ။

“အစွမ်းကုန် တိုက်ကြ”

သူတော်စင်ခန်းက အော်ပြောလိုက်၏။ သူတော်စင်ခုနစ်ပါးစလုံး နတ်ဘုရားနယ်မြေများကို ထုတ်ဖော်လိုက်ကြပြီး မိခင်ပိုးကောင်ကြီးကို လွှမ်းခြုံပိတ်ဆို့လိုက်ကြတော့သည်။

ဝုန်း

နတ်ဘုရားနယ်မြေ ခုနစ်မျိုးနှင့် ကြယ်တာရာစွမ်းအားစက်ကွင်း ခုနစ်ခုစလုံးက မိခင်ပိုးကောင်ကြီးအပေါ်သို့ ဖိနှိပ်ပစ်လိုက်၏။

မိခင်ပိုးကောင်ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးပင်လျှင် ဖိနှိပ်ခြင်းကို မလွှဲမရှောင်သာ ခံလိုက်ရပြီး အောက်သို့ နိမ့်ဆင်းသွားရသည်။ ဤစွမ်းအားသည်ကား ကမ္ဘာပျက်တော့မည့်အလား ထင်မှတ်ရပြီး မြေပြင်ကြီးပင် အက်ကွဲသွားကာ ပင့်ကူအိမ်သဖွယ် အက်ကြောင်းများ ဖြစ်ပေါ်လာတော့သည်။

“ဒါက...”

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော မေပယ်ရွက်မြို့အတွင်းရှိ လူတိုင်း သူတော်စင်များ၏ စွမ်းပကားကြောင့် ထိတ်လန့်တုန်လှုပ်သွားကြရသည်။ ဤသည်ကား သူတော်စင်များ၏ စွမ်းအားပင်။ လူသားမျိုးနွယ်ကြားတွင် သူတော်စင်များသည် ပြိုင်ဘက်ကင်းဖြစ်သည်ဟူသော ဒဏ္ဍာရီတစ်ခု ရှိခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ ယခုအခါတွင်မူ သူတို့အားလုံး ဤမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသည်။ သူတော်စင်ခုနစ်ပါး တပြိုင်နက်တည်း တိုက်ခိုက်နေခြင်းလည်း ဖြစ်၏။ ဤသည်ကား မည်မျှအထိ ထိတ်လန့်ဖွယ်ရာကောင်းလှသနည်း။

သို့သော်လည်း မိခင်ပိုးကောင်ကြီးက သိသိသာသာပင် ပိုမိုသန်မာလှသည်။ သူတော်စင်ခုနစ်ပါး၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် မဆိုစလောက်မျှသာ ဖိနှိပ်ခံလိုက်ရ၏။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကမူ အနည်းငယ်မျှပင် ဒဏ်ရာရရှိခြင်း မရှိခဲ့ချေ။

နတ်ဘုရားနယ်မြေအတွင်းရှိ မီးလျှံများဖြစ်စေ မုန်တိုင်းများဖြစ်စေ မည်သည့်အရာကမျှ မိခင်ပိုးကောင်ကြီးကို စိုးစိမျှပင် ထိခိုက်ပျက်စီးအောင် မလုပ်နိုင်ပေ။

ဝူး

ရုတ်တရက် မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါသွား၏။ ထို့နောက်ချက်ချင်းပင် ၎င်း၏ ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း မတ်တတ်ရပ်လာတော့သည်။

အခြားတစ်ဖက်တွင်မူ သူတော်စင်ခုနစ်ပါး၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။

သူတို့ မည်သည်ကို ခံစားလိုက်ရသနည်း။

နတ်ဘုရားနယ်မြေ ခုနစ်မျိုးစလုံး တစ်ခုပြီးတစ်ခု မိခင်ပိုးကောင်ကြီး၏ ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။

ဤသည်ကား ကြယ်တာရာစွမ်းအားစက်ကွင်း ခုနစ်ခုဖြစ်ပြီး သူတော်စင်များ၏ စွမ်းအားအားလုံး ဖြစ်သည်။ အကယ်၍ သူတို့ မိခင်ပိုးကောင်ကြီးကို မနှိမ်နင်းနိုင်ခဲ့လျှင်ပင် မဆိုစလောက်မျှတော့ ဖိနှိပ်ထားနိုင်သင့်သည်မဟုတ်ပါလား။

ကံမကောင်းစွာဖြင့် သူတော်စင်ခန်းတစ်ယောက် မိခင်ပိုးကောင်ကြီး၏ စွမ်းအားကို လျှော့တွက်ခဲ့မိ၏။ သူတော်စင်ခုနစ်ပါးသည်လည်း မိမိတို့၏ စွမ်းအားကို အထင်ကြီးခဲ့မိကြသည်။

ဝုန်း

မိခင်ပိုးကောင်ကြီးက ရှေ့သို့ တိုးဝင်လိုက်သည်နှင့် နတ်ဘုရားနယ်မြေ ခုနစ်ခုစလုံး မျက်စိတစ်မှိတ်အတွင်း ပြိုလဲပျက်စီးသွားတော့သည်။

ချက်ချင်းပင် တောင်တန်းများ ပြိုကျကာ မြေပြင်ကြီး အက်ကွဲသွားတော့၏။ မိုးကောင်းကင်ကြီး ရုတ်တရက် ပြိုကျလာသည့်အလား ထင်မှတ်ရပြီး မြေကမ္ဘာတစ်ခုလုံးပင် တုန်ဟီးသွားရသည်။

သူတော်စင်ခုနစ်ပါး၏ နတ်ဘုရားနယ်မြေများသည်ကား မည်မျှအထိ အားကောင်းလှသနည်း။

မည်သို့ပင်ဆိုစေ သူတို့ပင်လျှင် မိခင်ပိုးကောင်ကြီးကို မဖိနှိပ်နိုင်ခဲ့ကြချေ။

မိခင်ပိုးကောင်ကြီးက ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများမှ အတင်းအကျပ် ရုန်းထွက်လိုက်သည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးဖြင့် သူတော်စင်ခုနစ်ပါးအပေါ်သို့ ဖိခြေရန် တိုးဝင်လာတော့သည်။

ဝုန်း

မြေပြင်ကြီး တုန်ခါသွား၏။ သူတော်စင်အားလုံး သေမင်း၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ အကယ်၍ သူတို့သာ မိခင်ပိုးကောင်ကြီး၏ ဖိခြေခြင်းခံရလျှင် သို့တည်းမဟုတ် ၎င်းနှင့် တိုက်မိလျှင် သေချာပေါက် သေဆုံးသွားကြပေလိမ့်မည်။

သူတို့၏ ကြယ်တာရာစွမ်းအားများ မည်မျှပင် ကြွယ်ဝနေပါစေ ထိုမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားရှေ့တွင်မူ အသုံးမဝင်ချေ။

ထာဝရသိုင်းတာအိုအရှင်

All Chapters