အခန်း ၃၆၁
Vol. 32 Ch. 361
အခန်း (၃၆၁)
ဘာသာပြန် - အားသစ်
“ဆုတ်ခွာကြ... ဆုတ်ခွာကြတော့။ အစီအစဉ် B ကို သုံးပြီးတော့ မိခင်ပိုးကောင်ကြီးနဲ့ ရင်ဆိုင်မယ်။ ငါတို့ ဘာပဲဖြစ်ဖြစ် မိခင်ပိုးကောင်ကြီးကို ဟန့်တားထားရမယ်”
သူတော်စင်ခန်းက ချက်ချင်း အော်ပြောလိုက်၏။
သူတော်စင်ခုနစ်ပါးက ယခုအကြိမ် မေပယ်ရွက်မြို့တွင် ကပ်ပါးမျိုးစိတ်များကို တားဆီးရန် အစီအစဉ်များစွာကို ရေးဆွဲထားခဲ့ကြသည်။ ပထမအစီအစဉ်မှာ သူတော်စင်ခုနစ်ပါး ပူးပေါင်းပြီး မိခင်ပိုးကောင်ကြီးကို ဖိနှိပ်ရန် ဖြစ်၏။
အကယ်၍ ထိုအစီအစဉ် အလုပ်မဖြစ်ခဲ့လျှင် သူတို့ အစီအစဉ်Bကို အကောင်အထည်ဖော်ကြမည် ဖြစ်သည်။ ယင်းကား မိခင်ပိုးကောင်ကြီး၏ ပတ်ဝန်းကျင်တွင် လှည့်လည်သွားလာရင်း ၎င်းကို အဆက်မပြတ် နှောင့်ယှက်ဟန့်တားရင်း သာမန်ကပ်ပါးကောင်များကို ဖိနှိပ်သတ်ဖြတ်ရန် ဖြစ်သည်။
ဤသည်ကား အရှင်းလင်းဆုံးနှင့် အကြမ်းတမ်းဆုံး နည်းလမ်းဖြစ်နိုင်ပြီး မည်သည့် ထိရောက်မှုမျှ ရှိလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ဤသည်ကား နောက်ဆုံးရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်ပေသည်။ သို့မဟုတ်ပါက ကပ်ပါးကောင်များ၏ များပြားလှသော အရေအတွက်နှင့်ဆိုလျှင် လူသားမျိုးနွယ်ကို သုတ်သင်ရှင်းလင်းပစ်ရန်မှာ သူတို့အတွက် အလွန်ခက်ခဲလိမ့်မည် မဟုတ်ချေ။
သူတော်စင်ခုနစ်ပါးစလုံး သူတို့၏ နည်းလမ်းကို ချက်ချင်း ပြောင်းလဲလိုက်ကြပြီး မိခင်ပိုးကောင်ကြီး၏ ပတ်ဝန်းကျင်တွင် အဆက်မပြတ် လှည့်ပတ်လှုပ်ရှားကြတော့သည်။ သူတို့၏ နတ်ဘုရားနယ်မြေများ ဆွဲဖြဲခြင်းခံလိုက်ရသော်လည်း သူတို့တွင် အဆုံးမဲ့ ကြယ်တာရာစွမ်းအားများ ရှိနေဆဲပင်။
ထို့ကြောင့် သူတို့၏ ကြယ်တာရာစွမ်းအားများဖြင့် ပေါ့ပေါ့ပါးပါး ထိုးနှက်ချက်တစ်ခုချင်းစီတိုင်းက ကပ်ပါးကောင် ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာကို မှုန့်မှုန့်ညက်ညက် ကြေသွားစေသည်။ မိခင်ပိုးကောင်ကြီး တစ်ခုခုလုပ်ရန် ကြိုးစားတိုင်း သူတော်စင်များက လာရောက်နှောင့်ယှက်ကြ၏။
ခဏမျှအတွင်းမှာပင် သူတို့ အမှန်တကယ်ပင် ထိုကပ်ပါးကောင်များ၏ တိုက်ခိုက်မှုများကို တားဆီးနိုင်ခဲ့ကြသည်။
“ကောင်းတယ်...”
မေပယ်ရွက်မြို့အတွင်းရှိ လူအများမှာ အလွန်တရာ စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူတော်စင်များပင် ဖြစ်၏။ ယခုအခါ သူတော်စင်များက မိခင်ပိုးကောင်ကြီးကို ဟန့်တားထားနိုင်ပြီး ကပ်ပါးမျိုးစိတ်များ၏ တိုက်ခိုက်မှုများကို ခုခံနိုင်သည်ကို မြင်တွေ့လိုက်ရသဖြင့် သူတို့ နောက်ဆုံးတွင် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်လေပြီ။
သို့သော်လည်း မိခင်ပိုးကောင်ကြီးကမူ အလွန့်အလွန် ဒေါသထွက်နေခဲ့ချေပြီ။
ရွှစ်
မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်မှ လက်တံများစွာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလက်တံများက လျှပ်စီးလက်သည့်အလား သူတော်စင်များထံသို့ လွှဲယမ်းတိုက်ခိုက်လာတော့၏။ ထို့ပြင် မိခင်ပိုးကောင်ကြီးက အလွန်ပါးနပ်လှသည်။ သူ့ စွမ်းအားများကို အရပ်မျက်နှာနှစ်ခု သို့တည်းမဟုတ် သုံးခုတည်းဆီသို့သာ အာရုံစိုက်လိုက်၏။
လက်တံများ၏ အမြန်နှုန်းက မယုံနိုင်စရာကောင်းလှသည်။ သူတော်စင်များ ယင်းတို့ကို သတိပြုမိလိုက်လျှင်ပင် ရှောင်တိမ်းရန် အလွန်ခက်ခဲပေလိမ့်မည်။
များမကြာမီ သူတော်စင်ပင်းယုနှင့် သူတော်စင်ကတ်တို့ နှစ်ဦးစလုံး လက်တံများ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရတော့သည်။
“သူတော်စင်ပင်းယု...”
“သူတော်စင်ကတ်...”
သူတော်စင်နှစ်ဦး အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို မြင်တွေ့လိုက်ရသဖြင့် သူတော်စင်အားလုံး ထိတ်လန့်ဒေါသထွက်သွားကြရသည်။ သူတို့အားလုံး ရူးသွပ်စွာဖြင့် မိခင်ပိုးကောင်ကြီးထံသို့ ပြေးဝင်သွားကြတော့၏။
...………
လင်းဖုန်းတစ်ယောက် လီဗိုင်ယာသန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့တည်းမဟုတ် သူသည် လီဗိုင်ယာသန်၏ အတိတ်မှတ်ဉာဏ်များအတွင်းသို့ လုံးဝနစ်မြုပ်သွားပြီး ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
လီဗိုင်ယာသန်၏ များပြားကျယ်ပြောလှသော အတိတ်မှတ်ဉာဏ်များနှင့် ရင်ဆိုင်ရချိန်တွင် လင်းဖုန်း၏ နှစ်နှစ်ဆယ်ကျော်မျှသာ ရှိသေးသည့် မှတ်ဉာဏ်များက အရေးမပါလှချေ။
လီဗိုင်ယာသန်၏ မှတ်ဉာဏ်များအတွင်း၌ သူ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဝါးမြိုခဲ့သည်။ နောက်ဆုံးတွင်မူ သူ အားကောင်းသည့ါ သက်ရှိတချို့နှင့် တွေ့ဆုံခဲ့၏။
ထိုသက်ရှိများက နိုင်ငံများနှင့် ယဉ်ကျေးမှုများကို တည်ထောင်ထားခဲ့ကြသည်။ သူတို့သည်ကား ဉာဏ်ပညာနှင့် ပြည့်စုံကြပြီး ကျင့်ကြံခြင်းနည်းလမ်းများကိုလည်း နားလည်ကြ၏။ သူတို့သည် မွေးဖွားလာချိန်တွင် အားနည်းကြသော်လည်း ကျင့်ကြံခြင်းဖြင့် တဖြည်းဖြည်း သန်မာလာနိုင်ကြသည်။
သို့သော်လည်း ထိုသက်ရှိများ မည်မျှပင် သန်မာနေပါစေ လီဗိုင်ယာသန်နှင့် ရင်ဆိုင်ရချိန်တွင်မူ ရလဒ်က သတ်မှတ်ပြီးသား ဖြစ်နေခဲ့ချေပြီ။
လီဗိုင်ယာသန်က ထိုအားနည်းသော သက်ရှိများ၏ တိုက်တာအိုးအိမ်များကို ဖျက်ဆီးပစ်လိုက်သည်။
ထိုသက်ရှိများအားလုံးကို ဝါးမြိုသည်။
သူတို့၏ ခုခံမှုများကို ချေမှုန်းပစ်လိုက်သည်။
ထိုသို့ဖြင့် ယဉ်ကျေးမှုတစ်ခုလုံး ပျက်စီးသွားခဲ့ရတော့သည်။
၎င်းတို့၏ လက်ရာမြောက်လှသော ဗိသုကာလက်ရာများ၊ ကျယ်ပြောလှသော သမိုင်းကြောင်းများနှင့် ထွန်းကားလှသော ယဉ်ကျေးမှုများ...
ထိုအရာအားလုံး လီဗိုင်ယာသန်၏ ဖျက်ဆီးမှုအောက်တွင် အချိန်ကာလ၏ ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။
ကန္တာရပြင်ကျယ်ကြီးအတွင်း၌ အရိုးစုများစွာ ဖရိုဖရဲ လွင့်စင်ပျံ့ကျဲနေ၏။ ဤသည်ကား အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုပင်။
ထိုအခိုက် မူလက ခံစားချက်ကင်းမဲ့ပြီး သတိမရှိခဲ့သော လီဗိုင်ယာသန်၏ စိတ်အနက်ရှိုင်းဆုံးနေရာတွင် ခံစားချက်အရိပ်အယောင်တချို့ ဖြတ်သန်းသွားသည်။
“ငါက... လီဗိုင်ယာသန် မဟုတ်ဘူး”
“ငါ ဖျက်ဆီးဖို့ မလိုဘူး”
တဖြည်းဖြည်းနှင့် လီဗိုင်ယာသန်၏ မှတ်ဉာဏ်များအတွင်း၌ အလင်းစလေးတစ်ခု ပေါ်ပေါက်လာပြီး တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ထို့နောက် ချက်ချင်းပင် လင်းဖုန်း၏ သတိက တဖြည်းဖြည်း ပြန်လည်နိုးထလာတော့၏။
ဟူး
လင်းဖုန်း သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသလို သူ ခံစားလိုက်ရသည်။
ထိုအခိုက် သူ့စိတ်ထဲရှိ ဧရာမ မှတ်ဉာဏ်အစုအဝေးကြီးကို ရှုမြင်မိသွားသည်။ ယင်းက သူ့ကို အလွန်တရာ ထိတ်လန့်သွားစေ၏။
သူ လီဗိုင်ယာသန်၏ မှတ်ဉာဏ်များအတွင်းသို့ လုံးဝနစ်မျောသွားပြီး လီဗိုင်ယာသန်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားရန် မဆိုစလောက်မျှသာ လိုတော့ခြင်း ဖြစ်သည်။
ဤအသက်အမြုတေ အပိုင်းအစက အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ ပင်လယ်ဧကရာဇ်က ဤအသက်အမြုတေကို လင်းဖုန်း အသုံးပြုရန်အတွက် တွန့်ဆုတ်ခြင်းမရှိ ပေးခဲ့သည်မှာ မဆန်းတော့ချေ။ ပင်လယ်ဧကရာဇ်က ထိုမျှအထိ ရက်ရောလွန်းနေခဲ့ခြင်း မဟုတ်တန်ရာ၏။ ဤသည်ကား ပင်လယ်ဧကရာဇ်၏ စမ်းသပ်မှုတစ်ခုလည်း ဖြစ်နိုင်ပေသည်။
လင်းဖုန်းသာ လီဗိုင်ယာသန်၏ မှတ်ဉာဏ်များအတွင်း၌ လုံးဝ လမ်းပျောက်သွားခဲ့မည်ဆိုလျှင် အချိန်ကြာလာသည်နှင့်အမျှ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က တဖြည်းဖြည်း ပြိုလဲသွားမည်ဖြစ်ပြီး နောက်ဆုံးတွင် သူ လုံးဝ သေဆုံးသွားပေလိမ့်မည်။
“သေခြင်းနဲ့ ရှင်ခြင်းကြား အခြေအနေတွေထဲမှာ ကြီးမားတဲ့ အန္တရာယ်တွေ ရှိသလို ကြီးမားတဲ့ အခွင့်အရေးတွေလည်း ရှိတာပဲ”
လင်းဖုန်း စိုးရိမ်စိတ်တချို့ ရှိနေဆဲဖြစ်သော်လည်း သူအကျိုးကျေးဇူး များစွာရရှိခဲ့သည်။
လက်ရှိအချိန်တွင် သိသိသာသာ တိုးတက်မှုတစ်ခုကိုဆိုရလျှင် သူ၏ စိတ်စွမ်းအားသည် စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်၏ စတုတ္ထအဆင့်သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် ချိုးဖျက်ဝင်ရောက်သွားခဲ့ချေပြီ။ မည်သည့် အတားအဆီးမျှ မရှိခဲ့ချေ။ ဤသည်ကား သင့်တော်သော အခြေအနေများ ပြည့်စုံသွားချိန်တွင် ဖြစ်ပေါ်လာသည့် သဘာဝကျလှသော ရလဒ်တစ်ခုပင်။
အဆုံး၌ လီဗိုင်ယာသန်၏ မှတ်ဉာဏ်များအတွင်းတွင် လင်းဖုန်းတစ်ယောက် နှစ်ပေါင်းဘီလီယံချီသော မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည့် လီဗိုင်ယာသန်တစ်ကောင် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။ အမှန်စင်စစ် လင်းဖုန်းသာ သူ၏ စိတ်စွမ်းအားကို သေသေချာချာ ကျင့်ကြံမည်ဆိုလျှင် ပဉ္စမအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်ပင် မဖြစ်နိုင်သည်မဟုတ်ပေ။
ဤသည်ကား အမှန်တကယ်ပင် ကြီးမားလှသော ရရှိမှုတစ်ခုပင်။
ထို့ပြင် ပိုမိုကြီးမားသည့ အကျိုးကျေးဇူးမှာ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းနှင့် သက်ဆိုင်နေသည်။
လီဗိုင်ယာသန်သည် ဗီဇစိတ်အတိုင်းသာ လှုပ်ရှားခဲ့ခြင်းဖြစ်၏။ သို့သော်လည်း လီဗိုင်ယာသန်၏ မှတ်ဉာဏ်များမှတစ်ဆင့် သူ ပထမအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းမှသည် ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် နောက်ဆုံး ပဉ္စမအကြိမ်အထိ မည်သို့တဖြည်းဖြည်း ဖြတ်သန်းခဲ့သည်ကို လင်းဖုန်း အမှန်တကယ် ခံစားသိရှိနိုင်ခဲ့သည်။
လင်းဖုန်းအနေဖြင့် ထိုလုပ်ငန်းစဉ်တစ်ခုလုံးကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့်အလား ခံစားခဲ့ရ၏။
ထို့ကြောင့် လင်းဖုန်း ထိုမှတစ်ဆင့် နားလည်မှုအချို့ကိုလည်း ရရှိခဲ့သည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းက တက်ကြွလှုပ်ရှားနေကြပြီး ဆာလောင်တောင့်တနေကြသည်ကိုပင် သူ ခံစားနေရသည်။
စတုတ္ထအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းက အချိန်အနည်းငယ်မျှသာ လိုတော့သည်။
ဝူး
လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းက တက်ကြွလှုပ်ရှားနေကြပြီး စွမ်းအင်ကို အလွန်တရာ တောင့်တနေကြသည်။
ဤသည်ကား လင်းဖုန်းအနေဖြင့် ဤမျှအထိ သဘာဝကျကျ ဖြစ်ပေါ်လာသော အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်၏။
ဤသည်က သူ၏စုဆောင်းမှုမှာ အမှန်တကယ်ပင် ကြွယ်ဝပြည့်စုံနေပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။
အတိတ်တုန်းက ပထမအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းဖြစ်စေ ဒုတိယအကြိမ်ဖြစ်စေ သို့တည်းမဟုတ် တတိယအကြိမ်ပင် ဖြစ်စေ လင်းဖုန်းအနေဖြင့် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို အမြဲတစေ မိမိဘာသာ လှုံ့ဆော်ခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် သူ၏ ပထမဆုံးအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းမှာလည်း သေခြင်းနဲ့ ရှင်ခြင်းကြား အခြေအနေတစ်ခု၏ ဖိအားပေးမှုကြောင့်သာ အလားအလာများ ပေါက်ကွဲထွက်ပေါ်ကာ အောင်မြင်ခဲ့ခြင်း ဖြစ်၏။
အမှန်စင်စစ် ဤသည်ကား ကောင်းသောအရာတစ်ခု မဟုတ်ပေ။ ယင်းက လူတစ်ယောက်၏ အလားအလာများကို တဖြည်းဖြည်း ကုန်ဆုံးသွားစေလိမ့်မည်။ အကောင်းဆုံးအရာမှာ မည်သည့်ထိန်းချုပ်မောင်းနှင်မှုမျှ မပါဘဲ သဘာဝကျကျ အသက်အနှစ်သာရ တိုးတက်ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။
ဥပမာအားဖြင့် လီဗိုင်ယာသန်သည် ဗီဇစိတ်အတိုင်း တစ်ဆင့်ချင်းစီ စုဆောင်းခဲ့ခြင်း ဖြစ်၏။ နှစ်ပေါင်းဘီလီယံချီ၍ အဆက်မပြတ် စုဆောင်းခြင်းနှင့် ဝါးမြိုခြင်းတို့မှတစ်ဆင့် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှုတိုင်းက သဘာဝကျကျ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ရသည်။
ထာဝရသိုင်းတာအိုအရှင်