အခန်း ၃၆၂
Vol. 32 Ch. 362
အခန်း (၃၆၂)
ဘာသာပြန် - အားသစ်
ဤသို့လုပ်ဆောင်မှသာ အနာဂတ်တွင် သူ၏ အလားအလာက ပိုမိုကြီးမားလာပေလိမ့်မည်။ ဤသည်ကား လီဗိုင်ယာသန်အနေဖြင့် သူ၏အသိစိတ်မဲ့သော အခြေအနေထဲ၌ပင် ဆဋ္ဌမအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းအထိ ဖြတ်သန်းနိုင်ခဲ့ပြီး နောက်ဆုံး ဂြိုဟ်ဆင့်သက်ရှိတစ်ကောင် ဖြစ်လာခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
လင်းဖုန်း၏ ဆဲလ်များ စတင်ကွဲပွားလာသည်။ သူ၏ သုံးကီလိုမီတာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးက အရူးအမူး တိုးပွားလာပြီး တိုက်ပွဲဝင်ခန္ဓာကိုယ် ဖွဲ့စည်းပုံစနစ်တစ်ခုလုံး လုံးဝ ဖရိုဖရဲ ဖြစ်သွား၏။ ဤအချိန်တွင် လင်းဖုန်းတစ်ယောက် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စတုတ္ထအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းအတွင်း ဆဲလ်များ၏ စီစဉ်ဖွဲ့စည်းပုံနှင့် ပတ်သက်၍ တိုက်ပွဲဝင်ခန္ဓာကိုယ်လမ်းညွှန်ကျင့်စဉ်၏ စတုတ္ထအဆင့်ကို သဘာဝကျကျ ပုံဖော်ကြည့်လိုက်တော့သည်။
သူ၏ စိတ်စွမ်းအားကလည်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ စီစဉ်ဖွဲ့စည်းပုံကို တဖြည်းဖြည်း လမ်းညွှန်ပေးနေခဲ့၏။
သုံးကီလိုမီတာ၊ လေးကီလိုမီတာ၊ ငါးကီလိုမီတာ...
လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ကြီးထွားလာသည့် အမြန်နှုန်းက မယုံနိုင်စရာကောင်းလှသည်။ ထို့ပြင် ထိုမျှအထိ ကြီးမားလှသော လှုပ်ခတ်မှုကြီးက သဘာဝကျကျပင် ပင်လယ်ဧကရာဇ်နန်းတော် တစ်ခုလုံးကို တုန်ခါသွားစေ၏။
“သူ တကယ်ပဲ နိုးလာပြီးတော့ စတုတ္ထအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှုကိုတောင် စတင်နေပြီပဲ...”
......……
ပင်လယ်ဧကရာဇ်တစ်ယောက် အလွန်တရာ အံ့ဩသွားရသည်။ သူက လင်းဖုန်း လီဗိုင်ယာသန်၏ မှတ်ဉာဏ်များအတွင်း၌ မည်သို့လမ်းပျောက်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။ လင်းဖုန်းအနေဖြင့် ဤဘဝတွင် နောက်တစ်ကြိမ် ဘယ်သောအခါမှ နိုးထလာနိုင်တော့မည်မဟုတ်ဟု သူ ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း လင်းဖုန်း နိုးထလာခဲ့ရုံသာမက စတုတ္ထအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကိုပါ ဖြတ်သန်းနေခဲ့ချေပြီ။ ထိုအဖြစ်သည်ကား တွေးကြည့်ရုံမျှဖြင့်ပင် အံ့ဩတုန်လှုပ်စရာကောင်းလှပေ၏။
သို့သော်လည်း လင်းဖုန်းက ဖျက်ဆီးခြင်းလှံတံ၏ ရွေးချယ်ခြင်းခံရသူ ဖြစ်သည်ကို ထည့်သွင်းစဉ်းစားကြည့်ကာ ပင်လယ်ဧကရာဇ် သိပ်ပြီး အံ့ဩမနေတော့ပေ။
“ကံကြမ္မာရဲ့ ရွေးချယ်ခြင်းခံရတဲ့သူ... မင်းမှာ အဆုံးမဲ့တဲ့ အလားအလာတွေ ရှိတာပဲ။ ကံဆိုးတာက မင်းလည်း အဲ့ဒီသံသရာစက်ဝန်းထဲကနေ မလွတ်မြောက်နိုင်သေးဘူး...”
ပင်လယ်ဧကရာဇ် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ စင်စစ်တွင် သူ မျှော်လင့်ချက်များ ကုန်ဆုံးခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။
ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ကမ္ဘာကြီးကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖျက်ဆီးပစ်ခဲ့သည်။ ဖျက်ဆီးခြင်းလှံတံ၏ ရွေးချယ်ခြင်းခံရသူသည်လည်း ထိုကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို တားဆီးရန် အမြဲတမ်း ပေါ်ပေါက်လာခဲ့သည်။
ယင်းက အဆုံးမရှိသော သံသရာစက်ဝန်းတစ်ခုအတွင်း တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်၏။ ပုံသေရေးဆွဲထားသော ပရိုဂရမ်တစ်ခုနှင့် အလားသဏ္ဌာန်တူပြီး အချိန်တန်လျှင် ထိုပရိုဂရမ်က အလိုအလျောက် အသက်ဝင်လာကာ အရာအားလုံး ပရိုဂရမ်က သတ်မှတ်ထားသည့် အဆုံးသတ်အတိုင်း ပြီးဆုံးသွားကြရသည်။
လင်းဖုန်းသည် အမှန်တကယ်ပင် ဖျက်ဆီးခြင်းလှံတံ၏ ရွေးချယ်ခြင်းခံရသူ ဖြစ်နိုင်ပြီး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကိုလည်း အမှန်တကယ် တားဆီးနိုင်ပေလိမ့်မည်။ သို့သော်လည်း ထိုမျှသာ ဖြစ်၏။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက လူသားယဉ်ကျေးမှုကို ဖျက်ဆီးပစ်ဦးမည်ဖြစ်ပြီး လင်းဖုန်းလည်း သေဆုံးသွားရပေလိမ့်မည်။ သို့သော် သူ မသေဆုံးမီမှာ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေကာ နောက်တစ်ကြိမ် ပြန်လည်အိပ်မော်ကျသွားအောင် ပြုလုပ်နိုင်ပေလိမ့်မည်။
ပင်လယ်ဧကရာဇ်သည် ဤကဲ့သို့သော ဇာတ်ညွှန်းအတိုင်း လည်ပတ်ခဲ့သည်ကို ကိုယ်တိုင်ကိုယ်ကျ ရှစ်ကြိမ်တိုင်တိုင် မြင်တွေ့ဖူးခဲ့ပြီး ဖြစ်သည်။
ပင်လယ်ဧကရာဇ်သည်ကား ထုံထိုင်းနေခဲ့ချေပြီ။ သူ့အနေဖြင့် ထိုကြီးမားလှသော အစီအမံကြီးကို မပြောင်းလဲနိုင်သလို ဤဂြိုဟ်ကြီးပေါ်မှလည်း မလွတ်မြောက်နိုင်ခဲ့ချေ။ သို့ဆိုလျှင် သူ သဘာဝကျကျပင် လင်းဖုန်းကို တကူးတက မကူညီတော့သလို နှောင့်ယှက်မှုလည်း မပြုတော့ပေ။
လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ဆက်လက်ကြီးထွားနေဆဲဖြစ်သော်လည်း ပင်လယ်ဧကရာဇ်ကမူ ယင်းကို အာရုံမစိုက်တော့ပေ။ ယခုအကြိမ်တွင် သူ အမှန်တကယ်ပင် အိပ်မော်ကျသွားခဲ့ချေပြီ။ လင်းဖုန်းအနေဖြင့် ပင်လယ်ဧကရာဇ်နန်းတော်ကနေ အချိန်မရွေး ထွက်ခွာသွားနိုင်ကြောင်းကိုသာ သူ မှာကြားခဲ့၏။
ခြောက်ကီလိုမီတာ၊ ခုနစ်ကီလိုမီတာ၊ ရှစ်ကီလိုမီတာ...
လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ကြီးထွားလာသည့် အမြန်နှုန်းက ရိုးရိုးရှင်းရှင်းပင် အလွန်တရာ မြန်ဆန်လွန်းလှသည်။ သူ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်မှ ရရှိခဲ့သည့် အသက်အမြုတေ အပိုင်းအစပင်လျှင် လင်းဖုန်း၏ ကြီးမားလှသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီး ဖွံ့ထွားလာမှုကို ထောက်ပံ့ပေးနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခုလက်ရှိ လင်းဖုန်း၏ အသက်အမြုတေ အစိတ်အပိုင်းက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်မှ ရရှိခဲ့သည့် အသက်အမြုတေ အစိတ်အပိုင်းထက် ဆယ်ဆမက ပိုမိုကြီးမားနေခဲ့သည်။
ထိုမျှအထိ ကြီးမားလှသော အသက်အမြုတေအပိုင်းအစကို လီဗိုင်ယာသန်က နှစ်ပေါင်းဘီလီယံချီ၍ စုဆောင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းအတွင်းရှိ စွမ်းအင်ပမာဏမှာ လင်းဖုန်း၏ စိတ်ကူးယဉ်နိုင်စွမ်းထက် များစွာ ကျော်လွန်နေ၏။ ထို့ကြောင့် လင်းဖုန်းအနေဖြင့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို သူ့စိတ်တိုင်းကျ အစွမ်းကုန် သန်မာအောင် ပြုလုပ်နိုင်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ဆယ်ကီလိုမီတာကျော်အထိ ကြီးထွားလာသည်။
သို့သော်လည်း ယင်းက အဆုံးသတ်မဟုတ်သေးချေ။
စဉ်ဆက်မပြတ် အလျင်အမြန် ဆက်လက်ကြီးထွားနေဆဲပင်။ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကြောင့် လင်းဖုန်းအနေဖြင့် ပင်လယ်ဧကရာဇ်နန်းတော်တစ်ခုလုံးကိုပင် အပေါ်စီးမှ ငုံ့ကြည့်နိုင်၏။
ငုံ့ကြည့်လိုက်သည့် အချိန်ကျမှသာ ပင်လယ်ဧကရာဇ်နန်းတော်က မည်မျှအထိ ကြီးကျယ်လှသည်ကို သူ နားလည်လိုက်တော့သည်။ ပင်လယ်ဧကရာဇ်၏ နှစ်ပေါင်းဘီလီယံချီ စုဆောင်းမှုက အမှန်တကယ်ပင် ထူးကဲလှပေ၏။
မူလက ကြီးမားလှသော အသက်အမြုတေ အပိုင်းအစမှာ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ အလျင်အမြန် ကျုံ့ဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သိသိသာသာ သေးငယ်သွား၏။ ထို့ပြင် အသက်အမြုတေ ကျုံ့ဝင်သွားသည်ကို သာမန်မျက်စိနှင့်ပင် ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။
ပင်လယ်ဧကရာဇ်နန်းတော်အတွင်းရှိ ပင်လယ်သားရဲဧကရာဇ် နှစ်ကောင်သည်လည်း လင်းဖုန်းနှင့် အသက်အမြုတေ အပိုင်းအစကို အာရုံစိုက်နေခဲ့ကြသည်။ အသက်အမြုတေ အပိုင်းအစ တဖြည်းဖြည်း သေးငယ်သွားသည်ကို ကြည့်ရင်း သူတို့ နှမြောတသဖြစ်နေကြ၏။
ဤသည်ကား ပင်လယ်ဧကရာဇ်နန်းတော်၏ နှစ်ပေါင်းဘီလီယံချီ စုဆောင်းမှုဖြစ်ပြီး ပင်လယ်ဧကရာဇ်နန်းတော်၏ အမြင့်မြတ်ဆုံးရတနာပင် မဟုတ်ပါလား။ ယခုအခါတွင်မူ ယင်းကို လင်းဖုန်းကဲ့သို့ သာမန်လူသားတစ်ယောက်က ဝါးမြိုစုပ်ယူနေခဲ့ချေပြီ။ သို့သော်လည်း ပင်လယ်ဧကရာဇ်က လင်းဖုန်း၏ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို မည်သူမျှ မနှောင့်ယှက်ရန် အမိန့်ပေးထားခဲ့သည်။ ထို့ကြောင့် သူတို့ မကျေမနပ် ဖြစ်နေကြသော်လည်း လင်းဖုန်းကို သွားရောက်မနှောင့်ယှက်ဝံ့ကြချေ။
လင်းဖုန်းလည်း ကျေနပ်မှုများဖြင့် ခေါင်းငြိမ့်လိုက်မိသည်။ သူ ထိုကိစ္စရပ်အားလုံးကို သဘာဝကျကျ မြင်တွေ့ရသည်။ ယင်းကို ပင်လယ်ဧကရာဇ်ထံမှ သူရရှိခဲ့သည့် ကျေးဇူးတစ်ခုအဖြစ် သတ်မှတ်လိုက်၏။
ဆယ်ကီလိုမီတာ၊ ဆယ့်ငါးကီလိုမီတာ၊ ကီလိုမီတာနှစ်ဆယ်၊ နှစ်ဆယ့်ငါးကီလိုမီတာ...
လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က လင်းဖုန်းကိုယ်တိုင်ပင် အနည်းငယ် စိတ်မသက်မသာဖြစ်ရသည့် အဆင့်အထိ ကြီးထွားလာလေသည်။ ယင်းက အလွန်တရာ အားကောင်းလွန်းလှ၏။ သူ တစ်ကြိမ်တစ်ခါမှ ဤမျှအထိ အားကောင်းသည်ဟု မခံစားဖူးခဲ့ချေ။
ကံကောင်းစွာဖြင့် သူသည် ပင်လယ်ရေအောက်ကြမ်းပြင်တွင် ရှိနေခြင်း ဖြစ်သည်။ မဟုတ်ပါက ကီလိုမီတာ ဆယ်ဂဏန်းမျှအထိ ကြီးမားလှသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးက လေထုအလွှာထဲသို့ပင် ရောက်ရှိသွားလောက်ပြီ။
လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ကီလိုမီတာသုံးဆယ်အထိ အဆက်မပြတ် ကြီးထွားလာ၏။ ထို့နောက် တဖြည်းဖြည်းနှင့် ကြီးထွားမှု အရှိန်လျော့သွားပြီး နောက်ဆုံးတွင် ၃၁ ကီလိုမီတာ၌ လုံးဝ ရပ်တန့်သွားတော့သည်။
၃၁ ကီလိုမီတာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်က ပင်လယ်ဧကရာဇ်၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ထက်ပင် များစွာပိုမိုကြီးမားလှသည်။ ဖျက်ဆီးခြင်းလှံတံကို မသုံးလျှင်ပင် လင်းဖုန်း ပင်လယ်ဧကရာဇ်နန်းတော်ကို အလွယ်တကူ ဖျက်ဆီးနိုင်ပြီး ပင်လယ်ဧကရာဇ်ကိုလည်း အနိုင်ယူနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ကြီးမားလှသော အသက်အမြုတေ အပိုင်းအစကြီးမှာ ယခုအခါတွင်မူ ငရုပ်ကျည်ပွေ့တစ်ခုခန့် အရွယ်အစားအထိ ကျုံ့ဝင်သွားခဲ့ချေပြီ။ ယင်းက အမှန်တကယ်ပင် မဆိုသလောက်မျှသာ ကျန်ရှိတော့၏။
ပင်လယ်ဧကရာဇ်နန်းတော်အနေဖြင့် ယခုအကြိမ်တွင် များစွာ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု သတ်မှတ်နိုင်သည်။ ဤအသက်အမြုတေ အပိုင်းအစကြီးသာ မရှိခဲ့လျှင် လင်းဖုန်းအနေဖြင့် ဤမျှအထိ ကြီးမားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို စုစည်းရန်ဝေးစွ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကိုပင် အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ရန် ခက်ခဲပေလိမ့်မည်။
လုံလောက်သော စွမ်းအင်မရှိဘဲ တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု စုစည်းလိုက်မည်ဆိုလျှင် အနာဂတ်တွင် ဆက်လက်ကြီးထွားနိုင်သည်ဆိုသော်ငြား ၎င်း၏ ကြီးထွားမှုက ကန့်သတ်ချက်တစ်ခု ရှိနေလိမ့်မည်ဖြစ်ကြောင်း သိထားရမည်။ ဤသည်ကား လောင်ဘီသမ်တစ်ယောက် စွမ်းအင်အပေါ်တွင် အလွန်တရာ အလေးထားရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
“လင်းဖုန်း... ခုနက တကယ်ကို အန္တရာယ်များခဲ့တာပဲ။ မင်း လီဗိုင်ယာသန်ရဲ့ မှတ်ဉာဏ်တွေထဲမှာ လမ်းပျောက်နေခဲ့တာကွ။ ငါ မင်းကို ဆက်တိုက် လှမ်းခေါ်နေခဲ့ပေမယ့်လည်း အသုံးမဝင်ခဲ့ဘူး”
လောင်ဘီသမ်၏ အသံက လင်းဖုန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ လောင်ဘီသမ်၏ အသံနေအသံထားထဲတွင် စိုးရိမ်စိတ်တချို့နှင့် ထိတ်လန့်တုန်လှုပ်မှုတချို့ ညိတွယ်နေဆဲပင်။
လင်းဖုန်းသာ လီဗိုင်ယာသန်၏ မှတ်ဉာဏ်များအတွင်း၌ လုံးဝ လမ်းပျောက်သွားခဲ့မည်ဆိုလျှင် အကျိုးဆက်က တွေးဝံ့စရာပင် မရှိချေ။ လင်းဖုန်း ယခုအကြိမ်တွင် အမှန်တကယ်ပင် စွန့်စားမှု အလွန်များခဲ့သည်။
“အင်း... ကြိုးစားအားထုတ်မှုမရှိဘဲနဲ့ ဘယ်လိုလုပ် အောင်မြင်မှုတွေ ရှိနိုင်မှာလဲ လောင်ဘီသမ်ရာ။ ငါ ယခုတစ်ကြိမ်မှာ လုံးဝနစ်မျောသွားလုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း နောက်ဆုံးတော့ အောင်မြင်သွားခဲ့တာပဲ။ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုနဲ့ဆိုရင် ငါ အရှင်ဘီမွန်ရဲ့ အမွေအနှစ်အစစ်ကို လက်ခံလို့ ရပြီမလား”
လင်းဖုန်းတစ်ယောက် သူ အစစ်အမှန် အမွေအနှစ်ကို မရရှိသေးသည်ကို သဘာဝကျကျပင် မေ့လျော့မထားခဲ့ချေ။
အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ဖြတ်သန်းပြီးမှသာ အရှင်ဘီမွန်၏ အမွေအနှစ်ကို ရရှိနိုင်မည် ဖြစ်သည်။
“သေချာတာပေါ့... မင်း အမွေအနှစ်ကို ရနိုင်ပါပြီ။ သခင်ကြီးရဲ့ အမွေအနှစ်က သေချာပေါက် အံ့ဩစရာကောင်းလိမ့်မယ်။ မင်းကို စိတ်ပျက်စေမှာ မဟုတ်ပ့ဘူး”
“ကောင်းပြီ... ဒါဆို ငါတို့ အခုပဲ သွားကြစို့”
လင်းဖုန်းတစ်ယောက် ၃၁ ကီလိုမီတာအမြင့်ရှိသည့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အလျင်အမြန် ပြန်လည်ချုံ့လိုက်ကာ ပင်လယ်ဧကရာဇ်ကို နှုတ်ဆက်ရန် ပြင်လိုက်သည်။
ထာဝရသိုင်းတာအိုအရှင်