အခန်း ၃၆၃
Vol. 32 Ch. 363
အခန်း (၃၆၃)
ဘာသာပြန် - အားသစ်
လင်းဖုန်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထိုအခိုက် ပင်လယ်သားရဲနှစ်ကောင် ရောက်ရှိလာကြ၏။
ကျန်ရှိနေသော သေးငယ်လှသည့် အသက်အမြုတေ အပိုင်းအစကို ကြည့်ကာ သူတို့၏ မျက်နှာအမူအရာများမှာ အလွန်တရာ မည်းမှောင်သွားသည်။ လင်းဖုန်းလည်း အနည်းငယ် အားနာသွားမိသော်လည်း ပြုံးကာ ပြောလိုက်သည်။
“ငါ အခု ထွက်သွားတော့မလို့ ပြင်နေတာ။ ငါ့ကို ပင်လယ်ဧကရာဇ်အရှင်မင်းကြီးဆီ ခေါ်သွားပေးပါဦး။ သွားနှုတ်ဆက်မလို့”
ပင်လယ်သားရဲနှစ်ကောင်က အေးစက်စက် စကားဆိုလိုက်၏။
“မလိုတော့ဘူး။ အရှင်ပင်လယ်ဧကရာဇ်က အိပ်မော်ကျသွားပြီ။ သူ မအိပ်စက်ခင်မှာ မင်း အချိန်မရွေး ထွက်သွားနိုင်တယ်လို့ ငါတို့ကို မှာထားခဲ့ပြီးသား”
“ဒါက...”
လင်းဖုန်း အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။ ထို့နောက် ပင်လယ်ဧကရာဇ်နန်းတော်ဆီသို့ လှမ်း၍ အကျယ်ကြီး အော်ပြောလိုက်တော့သည်။
“လင်းဖုန်း အရှင့်ရဲ့ ကျေးဇူးကို အမြဲမှတ်ထားမှာပါ။ အနာဂတ်ကျရင် သေချာပေါက် ပြန်ဆပ်ပါ့မယ်”
ထို့နောက်တွင် သူ ပင်လယ်ဧကရာဇ်နန်းတော်ကနေ ထွက်ခွာလာတော့၏။
“လောင်ဘီသမ်... ငါ ပင်လယ်ရေအောက်ကြမ်းပြင်ကို ရောက်နေခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ”
“တစ်လနဲ့ ကိုးရက်”
လင်းဖုန်း ထိတ်လန့်သွားရသည်။ သူတော်စင်များနှင့် ကတိပေးထားခဲ့သည့် အချိန်ထက် ကိုးရက်မျှ ကျော်လွန်သွားခဲ့လေပြီ။ သူတော်စင်များသည်လည်း အလွန် စိုးရိမ်နေကြပေရော့မည်။ မည်သို့ပင်ဆိုစေ သူလည်း ပင်လယ်ဧကရာဇ်နန်းတော်အတွင်း၌ အသက်အမြုတေ အပိုင်းအစကို ဝါးမြိုစုပ်ယူနေခဲ့ရ၏။ လီဗိုင်ယာသန်၏ မှတ်ဉာဏ်များအတွင်း၌ လုံးဝနစ်မြုပ်လုနီးပါး ဖြစ်ခဲ့ရသဖြင့် အချိန်စော၍ နိုးထလာနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ခဲ့ချေ။
ထို့ကြောင့် လင်းဖုန်း အရှိန်ကို မြှင့်တင်လိုက်တော့သည်။
ရွှစ်
လင်းဖုန်း အသူတရာသေမင်းပင်လယ်အတွင်းမှ ပျံသန်းထွက်ခွာလာခဲ့သည်။ သူ ကမ်းခြေဆီသို့ လှမ်းကြည့်လိုက်သော်လည်း မည်သည့်သူတော်စင်ကိုမှ မတွေ့ချေ။
“ဒါ… ဘာဖြစ်သွားတာလဲ”
......……
လင်းဖုန်း၏ မျက်နှာအမူအရာက တဖြည်းဖြည်း လေးနက်တည်ကြည်လာသည်။ သူ တစ်လကျော်ကြာသည်အထိ ပြန်မလာခဲ့လျှင်ပင် သူတော်စင်အားလုံး ထွက်ခွာသွားကြလိမ့်မည်မဟုတ်ကြောင်း သူ သိသည်။ အနည်းဆုံး တချို့သူတော်စင်များက ကျန်နေခဲ့ပြီး သူ့ကို စောင့်ဆိုင်းနေကြလိမ်မည် ဖြစ်သည်။
ယခုအခါတွင်မူ အဘယ်အကြောင်းကြောင့် သူတော်စင်တစ်ပါးမျှ မရှိရသနည်း။
လင်းဖုန်းက ပတ်ဝန်းကျင်တစ်ခွင်လုံးကို စိတ်စွမ်းအားဖြင့် ဝေ့ဝဲရှာဖွေလိုက်သည်။ ထိုအချိန်တွင် ကမ်းခြေ၌ ဆက်သွယ်ရေးကိရိယာတစ်ခုကို ရှာဖွေတွေ့ရှိသွား၏။
ဝှစ်
လင်းဖုန်း ပျံသန်းသွားပြီး ထိုဆက်သွယ်ရေးကိရိယာကို ကောက်ယူကြည့်လိုက်၏။
ထိုဆက်သွယ်ရေးကိရိယာပေါ်တွင် သတင်းစကားတစ်ခု ချန်ထားခဲ့သည်ကိုလည်း တွေ့ရသည်။
လင်းဖုန်း ၎င်းကို သေသေချာချာ ဖတ်ရှုလိုက်၏။ ဖတ်ရင်းဖတ်ရင်းနှင့် သူ့အကြည့်များက တဖြည်းဖြည်း ပိုမိုအေးစက်လာတော့သည်။
“မေပယ်ရွက်မြို့”
လင်းဖုန်း သူ ထွက်ခွာသွားပြီး တစ်လကျော်အတွင်းမှာပင် လူသားမျိုးနွယ်အနေဖြင့် ဤမျှအထိ ကြီးမားလှသော ကိစ္စရပ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ဖူးချေ။ ထိုသတင်းစကားအရဆိုလျှင် လူသားမျိုးနွယ်သည်ကား အမြစ်ပြတ် သုတ်သင်ရှင်းလင်းခံရမည့် အန္တရာယ်နှင့်ပင် ရင်ဆိုင်နေရချေပြီ။
ဤသည်ကား ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး မဟုတ်ပါချေ။ သာမန်ကပ်ပါးကောင်များက လူသားမျိုးနွယ်စုကို ဤမျှအထိ ကြီးမားသော ဆုံးရှုံးမှုများ မည်သို့ ပေးစွမ်းနိုင်ပါမည်နည်း။
ဝုန်း
လင်းဖုန်း ကောင်းကင်ထက်သို့ အလျင်အမြန် ပျံသန်းသွားတော့သည်။ ဆက်သွယ်ရေးကိရိယာပေါ်ရှိ သတင်းစကားအရဆိုလျှင် သူ့အတွက် လေသင်္ဘောတစ်စင်းကို မလှမ်းမကမ်းတွင် ချန်ထားခဲ့သည်ဟု သိရ၏။ သူ မည်သို့ပင်ဆိုစေ မေပယ်ရွက်မြို့သို့ သူ အမြန်ဆုံး ရောက်ရှိအောင် သွားရပေမည်။
…………
“ပိုင်းဖြတ်စမ်း”
သူတော်စင်ခန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ နှစ်ဦးစလုံး မိခင်ပိုးကောင်ကြီးထံသို့ အရူးအမူး ပျံသန်းတိုးဝင်သွားကြသည်။ သူတို့ မိခင်ပိုးကောင်ကြီးကို ဟန့်တားလိုကြခြင်း ဖြစ်၏။
မရေမတွက်နိုင်သော လက်တံများက သူတော်စင်ပင်းယုနှင့် သူတော်စင်ကတ်တို့ကို ရစ်ပတ်ထားကြသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အရူးတစ်ယောက်ပမာ ကြယ်တာရာသိုင်းပညာရပ်များကို အဆက်မပြတ် ထုတ်ဖော်လိုက်ပြီး မိခင်ပိုးကောင်ကြီး၏ လက်တံများကို ခုတ်ဖြတ်ပစ်လိုက်၏။
ဗုန်း
နောက်ဆုံးတွင် သူတော်စင်ပင်းယု၏ ခန္ဓာကိုယ်ပေါ်ရှိ လက်တံများက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ခုတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ မိခင်ပိုးကောင်ကြီးလည်း ဒေါသတကြီး အော်ဟစ်ညည်းတွားလိုက်ပြီး လက်တံထောင်ပေါင်းများစွာကို အရပ်မျက်နှာအနှံ့ ရူးသွပ်စွာ ရိုက်ချလာတော့သည်။
သူတော်စင်များအားလုံး နောက်သို့သာ ဆက်တိုက် ဆုတ်ခွာနိုင်ကြတော့၏။ အခြားတစ်ဖက်တွင်မူ သူတော်စင်ကတ်မှာ လက်တံများစွာ၏ သိပ်သည်းစွာ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရချေပြီ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လက်တံများဖြင့် ဖုံးလွှမ်းသွားခဲ့ရပြီး မိခင်ပိုးကောင်ကြီး၏ ပါးစပ်ကြီးဆီသို့ မြန်မြန်ဆန်ဆန် ဆွဲခေါ်ခြင်း ခံလိုက်ရတော့သည်။
“ဒီနေ့က အနှေးနဲ့အမြန် ရောက်လာမှာပဲဥစ္စာ...”
သူတော်စင်ကတ်က အလွန်တည်ငြိမ်နေပုံရသည်။ သူ၏ အကြည့်များက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ပင်းယုတို့အပေါ်သို့ ဖြတ်သန်းသွားသည်။ သူ၏ မျက်လုံးများထဲတွင် အဆုံးမရှိသော တောင့်တမှုများ ပေါ်ပေါက်လာ၏။
သူသည်ကား မြင့်မြတ်လှသော အဆင့်အတန်းရှိသည့် သူတော်စင်တစ်ပါး သူတော်စင်အကယ်ဒမီ၏ ကျောင်းအုပ်ကြီး ဖြစ်သည်။ သူ အဘယ်သို့ သေလိုအံ့နည်း။ သူ့တွင်လည်း အသက်ရှင်လိုစိတ် တောင့်တမှုများ ရှိသော်လည်း လက်ရှိအချိန်တွင်မူ သူ မတတ်နိုင်တော့ချေ။
သူတော်စင်တစ်ဦးအနေဖြင့် သူ ရဲရဲဝံဝံ ရှေ့သို့ လှမ်းတက်ရမည် ဖြစ်ပေသည်။
“အားလုံးပဲ နှုတ်ဆက်ပါတယ်...”
သူတော်စင်ကတ်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ထို့နောက် ချက်ချင်းပင် ကောင်းကင်ထက်မှ ကြယ်တာရာစွမ်းအား အမြောက်အမြား တဟုန်ထိုး ကျဆင်းလာပြီး မိုးကောင်းကင်ကြီးတစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားသည်။
“မလုပ်နဲ့... မလုပ်နဲ့ဦး...”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ပင်းယုတို့ အလွန်တရာ စိတ်မထိန်းနိုင် ဖြစ်သွားကြရသည်။ ပညာရေးအဖွဲ့အစည်းမှ သူတော်စင်များဖြစ်ကြသည့်အလျောက် ထိုသူတော်စင်သုံးပါးမှာ အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိကြသည်။ ယခုလက်ရှိအချိန်အထိ တစ်ဦးကိုတစ်ဦး ဖေးမကူညီလာခဲ့ကြခြင်း ဖြစ်၏။
သို့သော်လည်း ယခုအခါတွင်မူ သူတော်စင်ကတ်တစ်ယောက် သေဆုံးရပေတော့မည်။
သူတို့၏ ရှေ့မှောက်တွင်ပင် သေဆုံးရတော့မည် ဖြစ်သည်။
သို့သော်လည်း သူတို့ ဘာမှ မတတ်နိုင်ကြချေ။
တစ်ဒင်္ဂအတွင်းမှာပင် ပုံမှန်အားဖြင့် အေးစက်လှသော သူတော်စင်ပင်းယုပင်လျှင် မျက်ရည်မဆည်နိုင် ဖြစ်သွားသည်။
ဝုန်း
ကြယ်တာရာစွမ်းအား အမြောက်အမြား တဟုန်ထိုး ကျဆင်းလာသည်နှင့်အမျှ သူတော်စင်ကတ်က ကြယ်တာရာစွမ်းအားစက်ကွင်းကို ဖောက်ခွဲပစ်လိုက်တော့သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုလှိုင်းလုံးကြီးက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။
သူတော်စင်များက ခုခံနိုင်ကြဆဲဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ ကပ်ပါးကောင်အုပ်ကြီးများမှာ တစ်အုပ်ပြီးတစ်အုပ် လဲပြိုသွားကြသည်။
ထိုကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုအောက်တွင် လုံးဝဥဿုံ ပြာအတိ ပြောင်းလဲသွားကြရသည်။
မိခင်ပိုးကောင်ကြီးသည် သူတော်စင်တစ်ပါး၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်သော ကြယ်တာရာစွမ်းအားစက်ကွင်း၏ ထိုးနှက်ချက်ကို နောက်တစ်ကြိမ် ခံလိုက်ရသဖြင့် အလွန့်အလွန် ဒေါသထွက်သွားသည်။ သူ အလွန်တရာ အထိနာသွားခဲ့ရသည်။
သို့သော်လည်း သူတော်စင်တစ်ပါး၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုက မိခင်ပိုးကောင်ကြီးကို သေစေနိုင်လောက်သော ဒဏ်ရာကိုမူ မပေးစွမ်းနိုင်ခဲ့ချေ။
“သတ်ကြ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အော်ဟစ်လိုက်၏။ သူ့စိတ်ထဲတွင် ကောင်းကင်တစ်ခွင်လုံး တုန်ဟီးသွားစေမည့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေပြီ။ သို့သော်လည်း သူ အလွန်တည်ငြိမ်နေဆဲပင်။ ဤပိုးကောင်ကြီးသည်ကား အလွန်တရာ ကြောက်စရာကောင်းလှ၏။
သူတို့ အကောင်းဆုံး လုပ်နိုင်သည်မှာ အချိန်ဆွဲရန်သာ ဖြစ်သည်။
အတတ်နိုင်ဆုံး အချိန်ကို ကြာနိုင်သမျှကြာအောင် ဆွဲဆန့်ထားရပေမည်။
ထို့ကြောင့် ကျန်ရှိနေသော သူတော်စင်ခြောက်ပါးစလုံး ကမန်းကတန်း တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ကြ၏။ သူတို့ မိခင်ပိုးကောင်ကြီးကို အဓိကထား၍ သွားရောက်လှုံ့ဆော်မှု မပြုကြတော့ဘဲ သာမန်ကပ်ပါးကောင်များကိုသာ အလေးထား ရှင်းလင်းကြသည်။ ၎င်းတို့ကို မေပယ်ရွက်မြို့သို့ ထပ်မံချဉ်းကပ်မလာနိုင်စေရန် အားကုန်ထုတ်ကာ တားဆီးလိုက်ကြတော့သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် နာရီအနည်းငယ် ကုန်လွန်သွားခဲ့သည်။ မိခင်ပိုးကောင်ကြီးမှာ အလွန့်အလွန် ဒေါသထွက်နေချေပြီ။ ပိုးကောင်ကြီးက သူတော်စင်တစ်ပါးကို ဝိုင်းရံသတ်ဖြတ်ရန် အရူးအမူး ကြိုးစားခဲ့သော်လည်း သူတော်စင်တိုင်းက အလွန်သတိကြီးကြီး ထားလာကြသည်။ တစ်ယောက်ယောက်က လက်တံများ၏ ရစ်ပတ်ခြင်းကို ခံရသည်နှင့် အခြားသူတော်စင်တစ်ပါးက ချက်ချင်း လာရောက်ကယ်ဆယ်ကြ၏။
ဘေးအန္တရာယ်များ ရှိနေဆဲဖြစ်သော်လည်း သူတော်စင်ခြောက်ပါးစလုံး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြချေ။
မိခင်ပိုးကောင်ကြီးက ရုတ်တရက် သောင်းကျန်းလာပြန်သည်။ ချက်ချင်း သူတော်စင်ခြောက်ပါးကို စွန့်လွှတ်လိုက်ပြီး မေပယ်ရွက်မြို့ဆီသို့ တိုက်ရိုက် ဦးတည်ချဉ်းကပ်လာတော့သည်။
ဝုန်း ဝုန်း ဝုန်း
မေပယ်ရွက်မြို့ပေါ်ရှိ ဧရာမအမြောက်ကြီးများက မိခင်ပိုးကောင်ကြီးထံသို့ အရူးအမူး ပစ်ခတ်ကြသော်လည်း အသုံးမဝင်ချေ။ ယင်းတို့က မိခင်ပိုးကောင်ကြီးကို စိုးစိမျှပင် ဒဏ်ရာရအောင် မစွမ်းနိုင်ကြချေ။
ထို့ပြင် မိခင်ပိုးကောင်ကြီးက တစ်လှမ်းချင်းစီ တဖြည်းဖြည်း ချဉ်းကပ်လာဆဲပင်။
မြို့တံတိုင်းများကရော...
မိခင်ပိုးကောင်ကြီးကို မပြောနှင့် သာမန်ကပ်ပါးကောင်များကိုပင် မခုခံနိုင်ချေ။
“ဆုတ်ခွာကြ... အခုချက်ချင်း ဆုတ်ခွာကြတော့”
ကျန်းချီကျီက ချူချန်းကို လှမ်းဆွဲလိုက်သည်။ ချူချန်း တွေးနေသည်များကိုပင် ဂရုမစိုက်တော့ဘဲ နောက်သို့ ကမန်းကတန်း ဆုတ်ခွာသွားတော့သည်။
မိခင်ပိုးကောင်ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ရှေ့တွင် ရှိနေသည်များကို လုံးဝဥဿုံ ဂရုမစိုက်ပေ။ အရာအားလုံးကို အကြွင်းမဲ့ခွန်အားဖြင့် တိုက်ရိုက် ဖိခြေဖျက်ဆီးပစ်လိုက်သည်။
ချက်ချင်းပင် မြို့တံတိုင်းကြီး ပြိုကျသွားသည်။ မိခင်ပိုးကောင်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက မေပယ်ရွက်မြို့အတွင်းရှိ မရေမတွက်နိုင်သော သိုင်းပညာရှင်များကို ဖိခြေပစ်လိုက်တော့သည်။ ပိုးကောင်ကြီးသာ မေပယ်ရွက်မြို့အတွင်း၌ ထိုမျှအထိ သောင်းကျန်းနေလျှင် လူသားမျိုးနွယ်အတွက် ထိုးနှက်ချက်ကြီးကြီးမားမား ဖြစ်သွားပေလိမ့်မည်။
ထာဝရသိုင်းတာအိုအရှင်