← Chapters

အခန်း ၃၆၄

Vol. 32 Ch. 364

အခန်း ၃၆၄

Vol. 32 Ch. 364

အခန်း (၃၆၄)

ဘာသာပြန် - အားသစ်

“တောက်... သေစမ်းကွာ”

သူတော်စင်ခြောက်ပါး၏ မျက်နှာများက ပြာနှမ်းသွားသည်။ သူတို့ ထိုသာမန်ကပ်ပါးကောင်များကို စိတ်တိုင်းကျ သတ်ဖြတ်နိုင်သော်လည်း ထိုသာမန်ကပ်ပါးကောင်များက အမြှောက်စာမျှသာ။

ယင်းတို့အားလုံး သေဆုံးသွားလျှင်ပင် မိခင်ပိုးကောင်ကြီးက ပိုများသည့် အရေအတွက်ကို မြန်မြန်ဆန်ဆန် ထုတ်လုပ်ပေးနိုင်ဆဲပင်။

လူသားများအတွက်ရော...

အကယ်၍ သူတို့သာ မိခင်ပိုးကောင်ကြီးကို ဤကဲ့သို့ ဆက်လက်သောင်းကျန်းခွင့်ပြုမည်ဆိုလျှင် လူသားမျိုးနွယ်အနေဖြင့် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ လူသားများအနေဖြင့် ဤကဲ့သို့သော အင်အားပြုန်းတီးမည့် စစ်ပွဲမျိုးကို မဆင်နွှဲနိုင်ချေ။

“မိခင်ပိုးကောင်ကြီးကို တားဆီးကြစမ်း”

သူတော်စင်ခန်းက အံတင်းတင်းကြိတ်လိုက်၏။ သူတို့တွင် မိခင်ပိုးကောင်ကြီးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် တားဆီးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ထို့ကြောင့် သူတော်စင်ခြောက်ပါးသည် မိခင်ပိုးကောင်ကြီးကို ဟန့်တားရန်အတွက် နောက်တစ်ကြိမ် သွားရောက်နှောင့်ယှက်ကြပြန်သည်။ သို့သော်လည်း ယခုအကြိမ်တွင်မူ မိခင်ပိုးကောင်ကြီးက မေပယ်ရွက်မြို့ကို ပြာအဖြစ်သို့ ပြောင်းလဲပစ်ရန် ဆုံးဖြတ်ထားပုံရ၏။

ပိုးကောင်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက လမ်းတစ်လျှောက်ရှိ အရာအားလုံးကို တိုက်ရိုက်ဖိခြေပစ်လိုက်သည်။ မြင့်မားလှသော အဆောက်အအုံများစွာ ပြိုကျပျက်စီးသွားတော့သည်။

မရေမတွက်နိုင်သော သိုင်းပညာရှင်များသည်လည်း ငိုကြွေးရင်း အသက်လုကာ ထွက်ပြေးနေကြရ၏။ သို့ပေသော်ငြား မည်သို့နှယ် အသုံးဝင်မည်နည်း။ ငါးကီလိုမီတာမျှ ရှည်လျားသော မိခင်ပိုးကောင်ကြီး၏ လက်တွင်းမှ မည်သူမျှ မလွတ်မြောက်နိုင်ကြချေ။

ချူချန်းနှင့် ကျန်းချီကျီတို့လည်း ချွင်းချက်မရှိချေ။ သူတို့နှစ်ဦးစလုံး မိခင်ပိုးကောင်ကြီး ချဉ်းကပ်လာသည်ကို မျှော်လင့်ချက်မဲ့စွာ ငေးကြည့်နေရုံသာ တတ်နိုင်ကြတော့သည်။ ပိုးကောင်ကြီးကမူ သူတို့ကို သတိပင် မပြုမိချေ။

“မရီး... မရီး သေလို့မဖြစ်ဘူး။ တကယ်လို့ မရီးသာ သေသွားရင် ကျွန်တော် အစ်ကိုဖုန်းကို ဘယ်လိုမျက်နှာပြရမလဲ”

ကျန်းချီကျီ အံတင်းတင်းကြိတ်လိုက်ပြီး လှည့်ထွက်ကာ ပြေးတော့သည်။ သူ စွမ်းအင်သုံးလက်နက်ကို ကိုင်ဆောင်လျက် မိခင်ပိုးကောင်ကြီးထံသို့ အရူးတစ်ယောက်လို ပစ်ခတ်လိုက်၏။

ဝုန်း

မိခင်ပိုးကောင်ကြီးက အောက်ရှိ သေးဖွဲသိပ်နုပ်လွန်းလှသော ပိုးကောင်ငယ်လေးကို လှမ်းကြည့်လိုက်သည်။ အကယ်၍ မည်သူပင်ဖြစ်စေ ခုခံဝံ့လျှင် သူ၏ ဧရာမခန္ဓာကိုယ်ကြီးဖြင့် တိုက်ရိုက် ဖိခြေပစ်မည်။

ကျန်းချီကျီ၏ မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသော်လည်း လက်ရှိအချိန်တွင်မူ သူ သနားစဖွယ် ခါးသက်သက်အပြုံးတစ်ခုသာ ပြုံးနိုင်တော့သည်။

“အစ်ကိုဖုန်းကို ပြောလိုက်ပါ... ကျွန်တော့်အတွက် သေချာပေါက် ကလဲ့စားချေပေးဖို့... ဟားဟားဟား...”

ကျန်းချီကျီ အရူးတစ်ယောက်ပမာ ရယ်မောလိုက်၏။

“ချီကျီ...”

ချူချန်း သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ ထိုအခိုက် သူမ အလွန်တရာ မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ရ၏။

ဝှစ်

ရုတ်တရက် ဝေးလံသော ကောင်းကင်ထက်၌ လေသင်္ဘောတစ်စင်း ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလေသင်္ဘောက မေပယ်ရွက်မြို့သို့ ရောက်ရှိလာ၏။

“မိခင်ပိုးကောင်... သေစမ်း”

ရင်းနှီးလှသော အသံတစ်ခုက ကောင်းကင်ထက်၌ ဟိန်းထွက်လာတော့သည်။

တစ်ချိန်တည်းမှာပင် လေသင်္ဘောပေါ်မှ ပုံရိပ်တစ်ခု ပျံသန်းဆင်းသက်လာသည်။ သူ၏ ခန္ဓာကိုယ်က ဝေဟင်ထက်တွင် ရုတ်တရက် ကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ကြီးတစ်လုံးအလား ဧရာမလူသားကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုဧရာမလူသားကြီးက ရှေ့သို့ ခြေလှမ်းကျဲကြီး တစ်လှမ်း လှမ်းလိုက်၏။ ထိုလူသားကြီးက အမှောင်အတိပြီးသော တိမ်တိုက်ကြီးတစ်ခု ပြိုကျလာသည့်ပမာ ကောင်းကင်ယံထက်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

အဆုံးမဲ့ စွမ်းအားများကို သယ်ဆောင်လာပြီး မိခင်ပိုးကောင်ကြီးထံသို့ ပြင်းပြင်းထန်ထန် နင်းခြေချလိုက်တော့သည်။

ဝုန်း

လင်းဖုန်း၏ ခြေဆောင့်ချက်က မိခင်ပိုးကောင်ကြီးအပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။

မိခင်ပိုးကောင်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက မြေပြင်ထဲသို့ တိုက်ရိုက် နစ်ဝင်သွားပြီး ဧရာမကျင်းကြီးတစ်ကျင်း ဖြစ်သွားတော့၏။

“ဒါက...”

“သူတော်စင်လင်းဖုန်း... သူတော်စင်လင်းဖုန်းပဲကွ”

“သူတော်စင်လင်းဖုန်း ပြန်လာပြီ”

ထိုဧရာမခြေဖဝါးကြီးကို မြင်တွေ့လိုက်ရသည်နှင့် ကျန်ရှိနေသော သူတော်စင်ခြောက်ပါးစလုံး အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြရသည်။ သူတော်စင်ခြောက်ပါးသာ ကျန်ရှိတော့သော်လည်း သူတို့၏ စိတ်ထဲ၌ ပြတ်သားသော ဆုံးဖြတ်ချက်များ ရှိနေဆဲပင်။

လင်းဖုန်းကြောင့် သူတို့တွင် မျှော်လင့်ချက်များ မကုန်ဆုံးသေးပေ။

လင်းဖုန်း သေဆုံးသွားခြင်းမရှိဘဲ တစ်စုံတစ်ခုကြောင့်သာ အချိန်ကြန့်ကြာနေခဲ့ခြင်း ဖြစ်မည်ဟု သူတို့ ယုံကြည်ထားခဲ့ကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူတော်စင်လင်းဖုန်း ပေါ်လာခဲ့ချေပြီ။ ထို့ပြင် သူ ပေါ်လာသည့် အရှိန်အဝါက အလွန်တရာ အာဏာစက်ပြင်းထန်လှ၏။ သူသည် အလွန်တရာ မာနထောင်လွှားနေသော ကပ်ပါးကောင်ကြီးကို ခြေတစ်ချက်တည်းဖြင့် မြေပြင်ထဲသို့ နင်းခြေပစ်လိုက်သည်မဟုတ်ပါလား။

အလွန် အားရကျေနပ်စရာကောင်းလှပေ၏။

“အစ်ကိုဖုန်း...”

ကျန်ချီကျီလည်း အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ သူ သေတွင်းထဲမှ သီသီကလေး လွတ်မြောက်လာခဲ့ရ၏။

သူ လင်းဖုန်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို မော့ကြည့်လိုက်မိသည်။ ကံကောင်းစွာဖြင့် လင်းဖုန်း အချိန်မီ ရောက်ရှိလာခဲ့သည်။ မဟုတ်ပါက အကျိုးဆက်က တွေးဝံ့စရာပင် မရှိချေ။

......………

“ချီကျီ... ချူချန်းကို ခေါ်ပြီး ဒီနေရာကနေ အခုချက်ချင်း ထွက်သွားတော့”

လင်းဖုန်းတစ်ယောက် ကျန်းချီကျီနှင့် ချူချန်းတို့ကို သဘာဝကျကျပင် မြင်တွေ့လိုက်ရသည်။ သူ့ စိတ်ထဲတွင်လည်း ထိတ်လန့်တုန်လှုပ်မှုတချို့ ရှိနေခဲ့၏။ သူသာ အနည်းငယ်မျှ နောက်ကျပြီး ရောက်လာခဲ့မည်ဆိုလျှင် ရလဒ်က တွေးဝံ့စရာပင် မရှိချေ။

ကျန်းချီကျီလည်း ယခုအချိန်က အတိတ်အကြောင်းများကို ပြန်ပြောင်းပြောရမည့် အချိန်မဟုတ်ကြောင်း သိသည်။ ထို့ကြောင့် ချူချန်းကို ခေါ်ဆောင်ကာ ချက်ချင်း ထွက်ခွာသွားတော့သည်။

လင်းဖုန်း သူ့ခြေထောက်အောက်ရှိ မိခင်ပိုးကောင်ကြီးကို ကြည့်လိုက်သည်။ သူ့အကြည့်များထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်တချို့ ဖြတ်သန်းသွား၏။

ဝုန်း

မိခင်ပိုးကောင်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက အသည်းအသန် ရုန်းထွက်ရန် ကြိုးစားနေသည်။ ပိုးကောင်ကြီးမှာ ကောင်းကင်တုန်ဟီးစေမည့်နှယ် အမျက်ဒေါသများ ပြည့်နှက်နေချေပြီ။ သူ့ကို ဤမျှအထိ အထိနာအောင် မည်သူကမျှ မလုပ်ဖူးခဲ့ကြချေ။ သူ ဤတစ်လျှောက်လုံးတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ခဲ့ရသည်မဟုတ်ပါလား။ မည်သည့်လူသား မည်သည့်စွမ်းအားကမျှ သူ့ကို မတားဆီးနိုင်ခဲ့ကြချေ။

မကြာသေးမီက ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ခဲ့ကြသည့် သူတော်စင်နှစ်ပါးပင်လျှင် သူ့ကို မဟန့်တားနိုင်ခဲ့ကြချေ။

သို့သော်လည်း ယခုအခါတွင်မူ သူ ဤမျှအထိ သနားစဖွယ် အခြေအနေနှင့် ရင်ဆိုင်နေရချေပြီ။ သူ့အနေဖြင့် ခြေလှမ်းတစ်ချက်တည်းဖြင့် နင်းခြေခြင်းခံရသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။ သူ အလွန်ဒေါသထွက်နေ၏။ ချက်ချင်းဆိုသလို သူ၏ ဧရာမခန္ဓာကိုယ်ကြီးဆီမှ အသက်ရှူကျပ်မတတ် ဖိအားများ ထွက်ပေါ်လာတော့သည်။

“မိခင်ပိုးကောင်ကြီး ဟုတ်လား... မင်းက သာမန် ပိုးကောင်လေးတစ်ကောင်သာသာပါပဲ”

လင်းဖုန်း၏ အကြည့်များက အေးစက်လှသည်။ သူ၏ နင်းခြေမှုကြောင့် မိခင်ပိုးကောင်ကြီး အပြင်းအထန် ဒဏ်ရာရသွားသင့်ကြောင်း သူ ခံစားမိခဲ့၏။ သို့သော်လည်း စင်စစ်တွင်မူ ဤပိုးကောင်ကြီးက ထိခိုက်ပျက်စီးခြင်း မရှိသေးချေ။

မိခင်ပိုးကောင်ကြီးတွင်လည်း ထိုဝက်အူရစ်ပိုးကောင် များကဲ့သို့ ကြောက်မက်ဖွယ်ရာ ပြန်လည်ကုသနိုင်စွမ်း ရှိနေပုံရသည်။

ဝှစ်

မိခင်ပိုးကောင်ကြီး၏ မရေမတွက်နိုင်သော လက်တံများက လင်းဖုန်းထံသို့ ဝေ့ယမ်းတိုက်ခိုက်လာသည်။ သို့သော်လည်း လင်းဖုန်းက လှမ်း၍ ဖမ်းဆွဲလိုက်ရာ မရေမတွက်နိုင်သော လက်တံများက သူ့လက်မောင်းကို ရစ်ပတ်သွားကြတော့သည်။

“ဟမ့်”

လင်းဖုန်း အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ထပ်မံ ကြီးမားလာပြန်သည်။

စေောစောက သူ သုံးကီလိုမီတာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။ ထိုတိုက်ပွဲဝင်ခန္ဓာကိုယ်က စွမ်းအားပိုင်းအရဆိုလျှင် မိခင်ပိုးကောင်ကြီးထက် မဆိုစလောက်မျှ အားနည်းနေသေးသည်။ သို့သော်လည်း ယခုအခါတွင်မူ လင်းဖုန်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လေးကြိမ်တိုင်တိုင် ဖြတ်သန်းထားခဲ့ပြီး ဖြစ်ပေသည်။

သုံးကီလိုမီတာ၊ ငါးကီလိုမီတာ၊ ဆယ်ကီလိုမီတာ...

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖုန်း၏ ခန္ဓာကိုယ်က ဆယ့်ငါးကီလိုမီတာအထိ ပြန့်ကားကြီးထွားလာသည်။

ဆယ့်ငါးကီလိုမီတာရှိသည့် ဤဧရာမခန္ဓာကိုယ်ကြီးဆီမှ ထွက်ပေါ်လာသည့် အရှိန်အဝါတစ်ခုတည်းကပင် သူတော်စင်များအတွက် မခံမရပ်နိုင်လောက်အောင် ဖြစ်စေ၏။

“သူတော်စင်လင်းဖုန်းက ပိုပြီးတော့ သန်မာလာတာပဲ”

သူတော်စင်များစွာ အလွန်တရာ အံ့ဩသွားကြရသည်။ အတိတ်တုန်းက လင်းဖုန်း၏ ခန္ဓာကိုယ်က သုံးကီလိုမီတာမျှသာ မြင့်မားခဲ့သော်လည်း ယခုအခါတွင်မူ ဆယ့်ငါးကီလိုမီတာအမြင့်အထိ ရှိနေခဲ့ချေပြီ။ ယင်းက ငါးဆခန့် တိုးပွားလာခြင်း ဖြစ်၏။

အမှန်စင်စစ် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ၃၁ ကီလိုမီတာအထိ ရောက်ရှိနေပြီဖြစ်ကြောင်းကိုမူ သူတို့ မသိကြချေ။ သို့သော်လည်း လင်းဖုန်းအနေဖြင့် သာမန်မိခင်ပိုးကောင်တစ်ကောင်ကို ရင်ဆိုင်ရန်အတွက်နှင့် အစွမ်းကုန် ထုတ်ဖော်ရန် မလိုအပ်ချေ။

၁၅ ကီလိုမီတာရှိသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အရှိန်အဝါက မိခင်ပိုးကောင်ကြီးကို ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားစေသည်။

“အောက်ကို ဆင်းစမ်း”

လင်းဖုန်းသည်ကား နတ်ဘုရားတစ်ပါးအလားပင်။ မိခင်ပိုးကောင်ကြီးအပေါ်သို့ နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် နင်းချလိုက်ပြန်သည်။

မိခင်ပိုးကောင်ကြီးက ခုခံရန်အတွက် မရေမတွက်နိုင်သော လက်တံများကို ချက်ချင်း မြှောက်လိုက်သည်။ သို့သော်လည်း လင်းဖုန်းက ထိုလက်တံများကို အကြမ်းပတမ်း ဆွဲဖြဲပစ်လိုက်သည်။

မရေမတွက်နိုင်သော လက်တံများ ချက်ချင်း ပြတ်တောက်သွား၏။ မိခင်ပိုးကောင်ကြီးလည်း အလွန်အမင်း နာကျင်သွားသည်။ ဧရာမခြေဖဝါးကြီး ကျရောက်လာသည်နှင့် မိခင်ပိုးကောင်ကြီး မြေပြင်ထဲသို့ နောက်တစ်ကြိမ် ထပ်မံနင်းခြေခံလိုက်ရပြန်သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters