အခန်း ၃၆၅
Vol. 32 Ch. 365
အခန်း (၃၆၅)
ဘာသာပြန် - အားသစ်
လင်းဖုန်း ယခုအကြိမ်တွင် မိခင်ပိုးကောင်ကြီးကို လွယ်လွယ်ကူကူ လွှတ်ပေးရန် မရည်ရွယ်ထားချေ။ သူ မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ကို လှုပ်မရအောင် ပြင်းပြင်းထန်ထန် ဖိနင်းထားလိုက်သည်။ ထို့နောက် မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို ကိုင်ဆုပ်ကာ အားကုန် ဆွဲဖြဲပစ်လိုက်တော့သည်။
ဗျီး…ဗျစ်
ဂီး…
မိခင်ပိုးကောင်ကြီး နာကျင်စွာဖြင့် အော်ဟစ်လိုက်ရသည်။ လင်းဖုန်းက ရပ်တန့်ခြင်းမရှိဘဲ မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အသားစတချို့ ဆက်လက်ဆွဲဖြဲပစ်လိုက်သည်။ ပိုးကောင်ကြီး၏ သနားစဖွယ် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
သို့သော်လည်း လင်းဖုန်း စိတ်လှုပ်ရှားခြင်း မရှိချေ။ သူ ထိုမိခင်ပိုးကောင်ကြီး၏ သွေးနှင့် အသားစများကို သေသေချာချာ အာရုံခံကြည့်လိုက်သည်။
“တကယ်ကြီးပဲ... အသက်အမြုတေရဲ့ အရှိန်အဝါ ရှိနေတယ်”
လင်းဖုန်း၏ နှလုံးခုန်နှုန်းများ မြန်ဆန်သွားရသည်။ ဤမိခင်ပိုးကောင်ကြီး၏ အသားစများအတွင်း၌ အသက်အမြုတေ၏ အပိုင်းအစအချို့ အမှန်တကယ် ရှိနေသည်။ ဤသည်က မိခင်ပိုးကောင်ကြီးသည် အတိတ်တုန်းက အသက်အမြုတေ အပိုင်းအစတစ်ခုကို ဝါးမြိုခဲ့ဖူးကြောင်း ဖော်ပြနေခြင်းပင်။
ထိုသို့သာ မဟုတ်ပါက ပိုးကောင်ကြီးအနေဖြင့် ဤမျှအထိ ကြီးမားလှသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်လာရန် မည်သို့မျှ မဖြစ်နိုင်ချေ။
၎င်း၏ ငါးကီလိုမီတာမျှ ရှည်လျားသော ခန္ဓာကိုယ်မှာ အတိတ်တုန်းက တုန်ဖန်းရှန်ထက်ပင် များစွာ ပိုမိုကြီးမားနေသည် မဟုတ်ပါလား။ ဤသည်ကား မိခင်ပိုးကောင်ကြီး ဝါးမြိုခဲ့သော အသက်အမြုတေအပိုင်းအစက သာမန်မဟုတ်ကြောင်း ဖော်ပြနေခြင်းပင်။
“အသက်အမြုတေ အပိုင်းအစတွေက နေရာအနှံ့ ပျံ့ကျဲနေပြီးတော့ ကြမ်းကြုတ်သားရဲတွေ ဝါးမြိုတာ ခံနေရတာလား”
လင်းဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ပုံမှန်မဟုတ်သည့် ကိစ္စရပ်တစ်ခုခုဖြစ်နေသည်ဟု သူ အမြဲ ခံစားနေရသည်။ အဘယ်အကြောင်းတို့ကြောင့် မကြာသေးမီအချိန်အတွင်း ကြမ်းကြုတ်သားရဲများက ပိုမို
သန်မာလာကြရသနည်း။ ယခင်က မမြင်ဖူးခဲ့သော မိစ္ဆာဧကရာဇ်များစွာ ထွက်ပေါ်လာခဲ့ကြသည်။ သူတို့အားလုံး အသက်အမြုတေ အပိုင်းအစများကြောင့် ပိုမိုသန်မာလာခဲ့ကြခြင်း ဖြစ်သည်။
“တကယ်လို့ ပင်လယ်ဧကရာဇ်သာ လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုရင် ငါတို့တွေ ဒီသားရဲတွေကို ကြောက်နေစရာ မလိုဘူး”
လင်းဖုန်း ပင်လယ်ဧကရာဇ်ကို တွေးလိုက်မိသည်။ ပင်လယ်ဧကရာဇ်သည်လည်း အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ဖြတ်သန်းထားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကလည်း ဆယ်ကီလိုမီတာထက်ပင် ကျော်လွန်နေသည် မဟုတ်ပါလား။ မိခင်ပိုးကောင်ကြီးပင်လျှင် ပင်လယ်ဧကရာဇ်နှင့် ယှဉ်လျှင် များစွာ အားနည်းလှပေသည်။
အကယ်၍ ပင်လယ်ဧကရာဇ်သာ ရှိနေမည်ဆိုလျှင် လူသားမျိုးနွယ်က အလွန်အင်အားတောင့်တင်းနေမည်ဖြစ်၏။ လင်းဖုန်းအနေဖြင့်လည်း စိုးရိမ်နေစရာ လိုတော့မည် မဟုတ်ချေ။
ကံဆိုးစွာဖြင့် ယဉ်ကျေးမှုရှစ်ခုကို ကြုံတွေ့ခဲ့ရပြီးနောက် ပင်လယ်ဧကရာဇ်သည် အသူတရာသေမင်းပင်လယ်မှ ထွက်ခွာရန် မျှော်လင့်ချက်ကို လုံးဝ စွန့်လွှတ်ထားခဲ့လေပြီ။ လူသားများအနေဖြင့် နောက်ဆုံးတွင် မိမိကိုယ်ကိုယ်သာ အားကိုးကြရမည် ဖြစ်ပေသည်။
သူ့ခြေထောက်အောက်ရှိ မိခင်ပိုးကောင်ကြီးမှာ အပြင်းအထန် ရုန်းကန်နေဆဲပင်။ လင်းဖုန်း ပိုးကောင်ကြီးကို လတ်တလောတွင် ဖိနှိပ်ထားရုံသာ လုပ်နိုင်သေး၏။ ထို့ကြောင့် မိခင်ပိုးကောင်ကြီးက လင်းဖုန်း၏ ဖိနှိပ်မှုမှ ရုန်းထွက်နိုင်ရန် အစွမ်းကုန် ဆက်လက် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
“ဟမ့်... မင်းကို ငါမသတ်နိုင်ဘူးလို့ ထင်နေတာလား”
လင်းဖုန်း၏ အကြည့်များထဲတွင် အေးစက်မှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွား၏။ ထို့နောက် သူ့လက်ထဲတွင် ဖျက်ဆီးခြင်းလှံတံ ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းအရှိန်အဝါများကို အဆက်မပြတ် ထုတ်လွှတ်နေတော့သည်။
လင်းဖုန်းက ဖျက်ဆီးခြင်းလှံတံကို မိခင်ပိုးကောင်ကြီးထံသို့ ဦးတည်ချိန်ရွယ်လိုက်သည်။ ဤမိခင်ပိုးကောင်ကြီး၏ အသိဉာဏ်က လူသားများနှင့် ကွာခြားမှု သိပ်မရှိချေ။ အထူးသဖြင့် ထိုမျှအထိ ကြီးမားလှသော ခန္ဓာကိုယ်နှင့်ဆိုလျှင် လင်းဖုန်းနှင့် ပင်လယ်ဧကရာဇ်တို့မှတစ်ပါး မည်သူမျှ မိခင်ပိုးကောင်ကြီး၏ ပြိုင်ဘက် မဟုတ်ကြချေ။
ပိုးကောင်ကြီးသည် ဖျက်ဆီးခြင်းလှံတံအတွင်း၌ ပါရှိသော ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းအရှိန်အဝါကို သဘာဝကျကျပင် ခံစားမိလိုက်သည်။ ဤလှံတံသာ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့မည်ဆိုလျှင် သူ အမှန်တကယ် သေဆုံးသွားနိုင်ကြောင်း ကောင်းကောင်း နားလည်လိုက်၏။
ထို့ကြောင့် မိခင်ပိုးကောင်ကြီးလည်း နောက်ထပ် ရူးရူးမိုက်မိုက် မလှုပ်ရှားရဲတော့ချေ။ သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေလျက် အဆက်မပြတ် အော်ဟစ်နေရုံသာ တတ်နိုင်တော့သည်။
“ငါ့ကိုပြောစမ်း... မင်း သွေးနီရောင်သလင်းကျောက်တစ်တုံး ရပြီးတော့ ဝါးမြိုခဲ့တာလား”
လင်းဖုန်းက သူ့စိတ်စွမ်းအားကို အသုံးပြုကာ မိခင်ပိုးကောင်ကြီးကို တိုက်ရိုက်မေးမြန်းလိုက်သည်။ မိခင်ပိုးကောင်ကြီး ဤမျှအထိ ကြီးထွားလာနိုင်သည်ဆိုလျှင် ၎င်းအနေဖြင့် စိတ်စွမ်းအားကို ရိုးရှင်းစွာ အသုံးပြုနိုင်စွမ်း ရှိလိမ့်မည်ဟု သူ ယုံကြည်ထား၏။
မျှော်လင့်ထားသည့်အတိုင်းပင် သိမ်မွေ့လှသော စိတ်စွမ်းအားလှိုင်းတစ်ခုက လင်းဖုန်း၏ စိတ်ထဲသို့ ကူးလူးဝင်ရောက်လာသည်။
“လူသား... ငါ့ကို လွှတ်ပေးရင် ငါ မင်းကို သွေးနီရောင်သလင်းကျောက်အကြောင်း ပြောပြမယ်”
မိခင်ပိုးကောင်ကြီးသည် အမှန်တကယ်ပင် ဈေးဆစ်လာ၏။
“ဟမ့်…မင်းက ကိုယ့်ရဲ့ လက်ရှိအခြေအနေကိုတောင် နားလည်ပုံမရဘူး”
လင်းဖုန်း အေးစက်စက် ပြုံးလိုက်ပြီး သူ့လက်ထဲရှိ ဖျက်ဆီးခြင်းလှံတံဖြင့် ပြင်းပြင်းထန်ထန် ထိုးစိုက်ချလိုက်တော့သည်။
ရွှစ်
ဖျက်ဆီးခြင်းလှံတံက မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။ ချက်ချင်းပင် ဖျက်ဆီးခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ကို စိတ်တိုင်းကျ ဖျက်ဆီးပစ်တော့သည်။
မိခင်ပိုးကောင်ကြီးလည်း နာကျင်စွာဖြင့် အော်ဟစ်လိုက်ရ၏။ သူ့ခန္ဓာကိုယ်က သာမန်မျက်စိဖြင့် မြင်တွေ့နိုင်လောက်သော အမြန်နှုန်းဖြင့် ပြာအဖြစ်သို့ ပြောင်းလဲပျက်စီးသွားသည်။
ပြန်လည်ကုစားနိုင်စွမ်းကရော...
ဖျက်ဆီးခြင်းစွမ်းအားရှေ့တွင် လုံးဝ အသုံးမဝင်ခဲ့ချေ။
ထိုအချိန်တွင်မှ မိခင်ပိုးကောင်ကြီး သေခြင်းတရား၏ ခြိမ်းခြောက်မှုကို အမှန်တကယ် ခံစားလိုက်ရတော့သည်။ သူ့ရှေ့ရှိ လူသား၏ လက်ထဲမှ လှံတံက သူ့ကို အမှန်တကယ် သတ်ဖြတ်နိုင်ကြောင်းကို နောက်ထပ် ယုံမှားသံသယမရှိတော့ချေ။
“ငါ ပြောပါ့မယ်... မင်း မေးတာမှန်သမျှ အကုန်ဖြေပါ့မယ်”
မိခင်ပိုးကောင်ကြီးလည်း ကြောက်ရွံ့သွားချေပြီ။ သေခြင်းတရား၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူ့အနေဖြင့် နာခံရန်မှတပါး အခြားမရှိတော့ချေ။
“မင်း ဒီလိုမျိုး သွေးနီရောင်သလင်းကျောက်မျိုး ရဖူးသလား”
လင်းဖုန်းက သေးငယ်သော အသက်အမြုတေအစိတ်အပိုင်းတစ်ခုကို တိုက်ရိုက် ထုတ်ယူပြလိုက်သည်။ ဤအရာကို သူ တမင်သက်သက် ချန်ထားခဲ့ခြင်း ဖြစ်၏။
“ငါ အရင်က တစ်ခါမှ မမြင်ဖူးဘူး”
မိခင်ပိုးကောင်ကြီးက ခေါင်းယမ်းလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
“ဟုတ်လို့လား”
လင်းဖုန်းက အေးစက်စက် ပြုံးလိုက်သည်။ သူ့လက်ထဲရှိ ဖျက်ဆီးခြင်းလှံတံက မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ထဲသို့ နောက်တစ်ကြိမ် ထိုးစိုက်ဝင်ရောက်သွား၏။ ဖျက်ဆီးခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို အလျင်အမြန် ပျက်စီးသွားစေသည်။ ပိုးကောင်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက သာမန်မျက်စိဖြင့် မြင်တွေ့နိုင်လောက်သော အမြန်နှုန်းဖြင့် ပြာအဖြစ်သို့ တတိတိ ပြောင်းလဲသွားသည်။
မိခင်ပိုးကောင်ကြီး အလွန်အမင်း ထိတ်လန့်သွားတော့သည်။ သူ အလျင်စလို အော်ပြောလိုက်၏။
“ငါ သိတယ်...ငါသိတယ်။ ဒီလိုသလင်းကျောက်မျိုးကို ငါ သိတယ်”
“ငါက အရင်တုန်းက သာမန်ဝက်အူရစ်ပိုးကောင်လေးတစ်ကောင်ပဲ။ ဒါပေမဲ့ ကံကောင်းပြီး ဒီသွေးနီရောင်သလင်းကျောက်ကို တွေ့ပြီးတော့ တဖြည်းဖြည်း စုပ်ယူခွင့်ရခဲ့တယ်။ ဒါကြောင့်မို့ တစ်ကြိမ်ပြီးတစ်ကြိမ် အသွင်ပြောင်းလာခဲ့ပြီး အခုလို ဖြစ်လာတာပါ”
“ဒါ့အပြင် သွေးနီရောင် သလင်းကျောက်ဆီကနေ ဘယ်လိုဝါးမြိုရမလဲဆိုတာကို သင်ယူခဲ့ရတယ်။ ဒီလိုနဲ့ ငါ့ရဲ့ စွမ်းအားတွေ တိုးလာအောင် ဝါးမြိုခဲ့တာပဲ”
“မူလကတော့ ဒီပိုးကောင်လေးတွေကို သုံးပြီးတော့ သူတို့ အဆက်မပြတ် ဝါးမြိုပြီးတဲ့အခါကျရင် ငါ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်လာအောင် လုပ်ဖို့ စဉ်းစားထားခဲ့တာ။ ပြီးရင် သူတို့အားလုံးကို ပြန်ဝါးမြိုလိုက်ပြီးတော့ ငါ့ခန္ဓာကိုယ်ကို နောက်ထပ်တစ်ကြိမ် အသွင်ပြောင်းအောင် လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ မင်းနဲ့တွေ့ပြီးနောက်မှာတော့ ငါ့အစီအစဉ်တွေ ပျက်စီးသွားတယ်...”
မိခင်ပိုးကောင်ကြီး၏ အဖြေကို ကြားလိုက်ရချိန်တွင် လင်းဖုန်း၏ နှလုံးခုန်နှုန်းများ မြန်ဆန်သွားရတော့သည်။
......……
ဤမိခင်ပိုးကောင်ကြီးက အသက်အမြုတေ အပိုင်းအစထဲရှိ လီဗိုင်ယာသန်၏ မှတ်ဉာဏ်များကြောင့် သက်ရောက်ခံခဲ့ရခြင်း ဖြစ်ပေမည်။ သူ လီဗိုင်ယာသန်၏ မှတ်ဉာဏ်များကြောင့် လုံးဝ လွှမ်းမိုးခံလိုက်ရခြင်း မဟုတ်သော်လည်း အနည်းနှင့်အများတော့ သက်ရောက်မှုရှိခဲ့သည်မှာ အသေအချာပင်။
အခြားသက်ရှိများကို ဝါးမြိုပြီး အသွင်ပြောင်းရန်ပင် တွေးခဲ့သေးသည် မဟုတ်ပါလား။
အမှန်စင်စစ် ဤသည်ကား အထင်အမြင်လွဲမှားမှုတစ်ခု ဖြစ်သည်။ လီဗိုင်ယာသန်များက ထူးခြားသော သက်ရှိများ ဖြစ်ကြ၏။
လီဗိုင်ယာသန်များသည် အခြားသက်ရှိများကို ဝါးမြိုခြင်းဖြင့် သူတို့၏ စွမ်းအားများကို တိုးမြှင့်နိုင်သော်လည်း မိခင်ပိုးကောင်ကြီးကဲ့သို့ အခြားသက်ရှိများမှာမူ ထိုသို့ ပြုလုပ်နိုင်မည်ဟု တပ်အပ်မပြောနိုင်ချေ။
ထာဝရသိုင်းတာအိုအရှင်