← Chapters

အခန်း ၃၆၆

Vol. 32 Ch. 366

အခန်း ၃၆၆

Vol. 32 Ch. 366

အခန်း (၃၆၆)

ဘာသာပြန် - အားသစ်

အသက်အမြုတေ အပိုင်းအစက မိခင်ပိုးကောင်ကြီးကို အသွင်ပြောင်းမှုများ ဖြစ်ပေါ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် ယင်းက တိတ်တဆိတ် မိစ္ဆာသတ္တဝါတစ်ကောင်ကို ဖန်တီးပေးခဲ့၏။ ဤသည်ကား အသက်အမြုတေ အပိုင်းအစ၏ အန္တရာယ်ပင်။

အကယ်၍ လင်းဖုန်းသာ ပင်လယ်ဧကရာဇ်နန်းတော်ထဲတွင် လီဗိုင်ယာသန်၏ မှတ်ဉာဏ်များကြောင့် လုံးဝဥဿုံ လွှမ်းမိုးခံလိုက်ရမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ် တဖြည်းဖြည်း ပြိုကျပျက်စီးသွားလိမ့်မည်။ မဟုတ်လျှင်လည်း နိုးထလာပြီးနောက် သူ့ကိုယ်သူ လီဗိုင်ယာသန်ဖြစ်သည်ဟု ထင်မှတ်မှားကာ လီဗိုင်ယာသန်၏ မှတ်ဉာဏ်များအတိုင်း ဆက်လက်လှုပ်ရှားပြီး အဆက်မပြတ် ဝါးမြိုနေမိပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် လင်းဖုန်းသည်လည်း လူသားမျိုးနွယ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီး ဖြစ်လာပေလိမ့်မည်။

အသက်အမြုတေ အပိုင်းအစသည် အားနည်းသော သက်ရှိတစ်ကောင်ကို အားကောင်းသည့် သက်ရှိတစ်ကောင်ဖြစ်လာစေရန် တွန်းအားပေးနိုင်သည်။

အားနည်းသည့် သက်ရှိများကို ကြီးမားလှသော စွမ်းအားများ ရရှိစေနိုင်သည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် ယင်းက ဤသက်ရှိကို လုံးဝ ပျက်စီးသွားစေရန်လည်း ဦးတည်သွားနိုင်ပေသည်။

သူ့ရှေ့မှောက်ရှိ မိခင်ပိုးကောင်ကြီးက အားကောင်းပုံရသော်လည်း အမှန်တကယ်တော့ ဤသည်ကား သူ၏ ကန့်သတ်ချက်ပင်။

ဤပိုးကောင်ကြီးက အသက်အမြုတေ အပိုင်းအစမှတစ်ဆင့် လက်ရှိအခြေအနေအထိ အသွင်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် သူ၏ ကန့်သတ်ချက်သို့ အမှန်တကယ် ရောက်ရှိနေခဲ့ချေပြီ။ အမှန်စင်စစ် သူ မည်မျှပင် ဝါးမြိုပါစေ သူ့စွမ်းအားကို ထပ်မံ တိုးမြှင့်နိုင်တော့မည် မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် မိခင်ပိုးကောင်ကြီးသည် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် ဆင်တူသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်၏။ စဉ်ဆက်မပြတ် ဝါးမြိုရန်နှင့် ဖျက်ဆီးရန်သာ တွေးတောနေတော့မည် ဖြစ်သည်။

ရုတ်တရက် လင်းဖုန်း ဖြစ်နိုင်ချေတစ်ခုကို တွေးတောလိုက်မိသည်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကလည်း အသက်အမြုတေ အပိုင်းအစများကို ဝါးမြိုခဲ့ပြီး ဖျက်ဆီးခြင်းဆိုသည့် အသိတစ်ခုတည်းသာ ရှိနေခဲ့ခြင်းများ ဖြစ်နိုင်မည်လော။

ထိုမှတဆင့် သားရဲကြီးက ဖျက်ဆီးခြင်းများကြားထဲမှာ တဖြည်းဖြည်း အဆင့်မြင့်လာပြီး ဂြိုဟ်အဆင့်သက်ရှိအဖြစ် အသွင်ပြောင်းသွားနိုင်မည်လား။

ဤသည်ကား မဖြစ်နိုင်သောအရာ မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် အကြွင်းမဲ့ဖြစ်နိုင်ချေရှိသည်။

မြေပြင်ပေါ်ရှိ မိခင်ပိုးကောင်ကြီးမှာ အဆက်မပြတ် ရုန်းကန်နေဆဲပင်။ လင်းဖုန်း၏ မျက်လုံးများထဲတွင် အေးစက်မှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွား၏။

ကြောက်မက်ဖွယ်ကောင်းသော ကပ်ပါးမျိုးစိတ်ဆိုသည်မှာ ဤကမ္ဘာပေါ်တွင် အမှန်တကယ် မရှိခဲ့ချေ။ ဤသေးဖွဲသိပ်နုပ်လှသော ပိုးကောင်လေးက အတိတ်တုန်းက အသက်အမြုတေ အပိုင်းအစများကို မတော်တဆ ရရှိခဲ့ပြီး မိခင်ပိုးကောင်ကြီးအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလာခဲ့ခြင်းကြောင့်သာ ဤသို့သော ကပ်ပါးကောင်များ တည်ရှိလာခဲ့ခြင်း ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော ကပ်ပါးမျိုးစိတ်တစ်ခုက ဤသို့ပင် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ဤကပ်ပါးကောင်များသည် ကျိုင်းကောင်များနှင့် အလားသဏ္ဌာန်တူပြီး အဆက်မပြတ် ဝါးမြိုဖျက်ဆီးနေကြ၏။ ယင်းတို့သည် အမဲလိုက်သားရဲများထက်ပင် ပို၍ ကြောက်စရာကောင်းလှပေသည်။

“မင်းဆီမှာ သွေးနီရောင်သလင်းကျောက်တွေ ကျန်သေးလား”

“မရှိတော့ဘူး။ မကြာသေးခင်ကမှ ငါ အဲဒီ ဧရာမသွေးနီရောင်သလင်းကျောက်ကြီးကို အကုန် ဝါးမြိုပစ်လိုက်တာ”

မိခင်ပိုးကောင်ကြီးက ရိုးရိုးသားသား ဖြေကြားလိုက်၏။

“နှမြောစရာပဲ”

လင်းဖုန်း သူ့ပတ်ဝန်းကျင်ရှိ သိပ်သည်းစွာ စုရုံးနေကြသော ကပ်ပါးကောင်များကို လှမ်းကြည့်လိုက်သည်။ မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ သူ့လက်ထဲရှိ ဖျက်ဆီးခြင်းလှံတံဖြင့် အောက်သို့ ထိုးစိုက်ချလိုက်တော့၏။

ဝုန်း

ဖျက်ဆီးခြင်းလှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအားများက လှိုင်းလုံးကြီးတစ်ခုအလား ပေါက်ကွဲထွက်ပေါ်လာတော့သည်။ မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ရူးသွပ်စွာ အော်ဟစ်ရင်း အပြင်းအထန် ရုန်းကန်နေ၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်ကို လင်းဖုန်းက ပြင်းပြင်းထန်ထန် ဖိနင်းထားသဖြင့် လုံးဝ လှုပ်ရှား၍ မရခဲ့ချေ။

ထို့ကြောင့် အလွန်တိုတောင်းသော အချိန်ကာလအတွင်းမှာပင် မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်က သာမန်မျက်စိဖြင့် မြင်တွေ့နိုင်လောက်သော အမြန်နှုန်းဖြင့် မြန်မြန်ဆန်ဆန် ပြိုကွဲပျက်စီးလာတော့သည်။ ထို့နောက် ပြာအဖြစ် ပြောင်းလဲကာ လေထုထဲ၌ ပျောက်ကွယ်သွားတော့သည်။

ပိုးကောင်ကြီး၏ ငါးကီလိုမီတာရှိသော ခန္ဓာကိုယ်ကြီးသည် ဖျက်ဆီးခြင်းလှံတံ၏ ဖျက်ဆီးခြင်းစွမ်းအားကို သုံးမိနစ်ပင် မခံနိုင်ပေ။ အရာအားလုံး ပြာအတိ ပြောင်းလဲသွားခဲ့ရသည်။

လူသားယဉ်ကျေးမှုကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည့် မိခင်ပိုးကောင်ကြီးမှာ ဤသို့ပင် ပျက်စီးပျောက်ကွယ်သွားတော့သည်။

မိခင်ပိုးကောင်ကြီး ပျောက်ကွယ်သွားသည်နှင့် ထောင်သောင်းချီသော ကပ်ပါးကောင်များလည်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုဖြစ်ရပ်ကို တွေ့သောအခါ လူတိုင်း အံ့ဩတကြီး ဖြစ်သွားကြရ၏။

မူလကတည်းက ဤကပ်ပါးကောင်များကို မိခင်ပိုးကောင်ကြီးက အထူးနည်းလမ်းများဖြင့် မွေးမြူထားခဲ့ခြင်း ဖြစ်သည်။ ယင်းကို မွေးမြူခြင်းဟုပင် ခေါ်ဆို၍ မရနိုင်ပေား။ ထိုကပ်ပါးကောင်များသည် မူလကတည်းက မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသာ ဖြစ်ကြ၏။

မိခင်ပိုးကောင်ကြီး သေဆုံးသွားသည်နှင့် ဤကပ်ပါးကောင်များသည်လည်း မိခင်ခန္ဓာကိုယ်မရှိဘဲ သဘာဝကျကျပင် အသက်မရှင်နိုင်ကြတော့ချေ။

ထောင်သောင်းချီသော ကပ်ပါးကောင်များ တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားကြသည်။ မြေပြင်ပေါ်ရှိ ကြီးမားလှသော ကပ်ပါးကောင်အလောင်း အရေအတွက်က ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုကို ဖော်ကြူးနေသည်။

“သေပြီ... ကပ်ပါးမျိုးစိတ်တွေ သေကုန်ပြီ”

“ငါတို့ နိုင်ပြီ... ငါတို့တွေ နိုင်ပြီကွ”

“သူတော်စင်ကလော့နဲ့ သူတော်စင်ကတ်တို့နှစ်ယောက် ဒီမြင်ကွင်းကို မြင်မသွားရတာ နှမြောစရာကောင်းလိုက်တာ...”

ကပ်ပါးမျိုးစိတ်များ လုံးဝ သုတ်သင်ရှင်းလင်းခံလိုက်ရသည်။ မိခင်ပိုးကောင်ကြီးပင်လျှင် လင်းဖုန်း၏ ဖျက်ဆီးခြင်းလှံတံအောက်တွင် မည်သို့မျှ မတတ်နိုင်ဘဲ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် လူသားမျိုးနွယ်အတွက် အကျပ်အတည်းကြီး ပြေလည်သွားခဲ့လေပြီ။ သို့သော်လည်း ဤတိုက်ပွဲက လူသားမျိုးနွယ်ကို ကြီးမားလှသော ဆုံးရှုံးမှုကြီးဖြစ်စေခဲ့သည်။ အမြဲထာဝရ အမှတ်ရနေရမည့် ကိစ္စရပ်တစ်ခု ဖြစ်ပေ၏။

သူတော်စင်ကလော့

သူတော်စင်ကတ်

ဤတိုက်ပွဲအတွင်း သူတော်စင်နှစ်ပါး စတေးလိုက်ရသည်။ ဤဖြစ်ရပ်က လူသားမျိုးနွယ်စု၏ အနာကျင်ရဆုံး မှတ်ဉာဏ်တစ်ခု ဖြစ်လာတော့၏။

“အရာအားလုံး ပြီးဆုံးသွားပြီ...”

သူတော်စင်ခန်း သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ အဝေးမှ ပုံရိပ်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်၏။ ယခုအကြိမ်တွင်လည်း လင်းဖုန်းက လူသားမျိုးနွယ်စုနှင့် အသက်ရှင်ကျန်ရှိနေသော သူတော်စင်များကို ထပ်မံ ကယ်တင်ပေးခဲ့ပြန်သည်။

အတိတ်တုန်းက သူသည် အများအကျိုးအတွက်ဆိုကာ လင်းဖုန်းကို စိတ်ပျက်အောင် ပြုလုပ်မိလုနီးပါး ဖြစ်ခဲ့ဖူးသည်။ ကံကောင်းထောက်မစွာဖြင့် ဤအရာအားလုံး ပြီးဆုံးသွားခဲ့ချေပြီ။

“သူတော်စင်လင်းဖုန်း... မင်း အချိန်ကိုက် ပြန်ရောက်လာခဲ့တာပဲ။ တကယ်လို့ မင်းသာ မြန်မြန် ပြန်မလာခဲ့ဘူးဆိုရင် မေပယ်ရွက်မြို့ ကျသွားတာနဲ့ အဓိအဖွဲ့ကြီးခြောက်ခုက အထက်ပိုင်းပုဂ္ဂိုလ်တွေအကုန်လုံး အသက်ဆုံးသွားရလိမ့်မယ်။ ပြန်ပြီးတော့ နာလန်ထူဖို့ ဘယ်နှစ်နှစ်လောက် ကြာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”

သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ လင်းဖုန်း၏ ဘေးသို့ ရောက်လာကြသည်။

လင်းဖုန်းကမူ ထိုမျှအထိ ပျော်ရွှင်နေပုံမရချေ။ သူ ခေါင်းခါယမ်းကာ စကားဆိုလိုက်၏။

“ခင်ဗျားတို့ သိကြလား။ မိခင်ပိုးကောင်ကြီးက တကယ်တော့ ပိုးကောင် သေးသေးလေးတစ်ကောင်ပဲ။ တိုက်ဆိုင်မှုတစ်ခုကြောင့် ဒီသွေးရောင်သလင်းကျောက်ကို ဝါးမြိုလိုက်မိပြီးတော့ နောက်ဆုံးမှာ မိခင်ပိုးကောင်ကြီး ဖြစ်လာခဲ့တာပဲ။ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး နိုးထမလာသေးဘူးဆိုပေမဲ့ ကျွန်တော်တို့လူသားတွေက အရမ်းကို အားနည်းလွန်းနေသေးတယ်...”

လင်းဖုန်းက ခံစားချက်ပါပါ ပြောလိုက်၏။ အသက်အမြုတေ အပိုင်းအစကို ဝါးမြိုလိုက်ရုံမျှဖြင့် သာမန်ပိုးကောင်လေးတစ်ကောင်က မိခင်ပိုးကောင်ကြီးဖြစ်လာကာ လူသားမျိုးနွယ်၏ သူတော်စင်များအားလုံးကို အလွယ်တကူ ချေမှုန်းပစ်နိုင်စွမ်း ရှိသွားသည်။

လူသားယဉ်ကျေးမှုတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိနေခဲ့သည် မဟုတ်ပါလား။

မိခင်ပိုးကောင်ကြီးက အားကောင်းလွန်းနေသည်မဟုတ်ပေ။ လူသားယဉ်ကျေးမှုက အားနည်းလွန်းနေခြင်းသာ ဖြစ်ပေသည်။

ယခင် ယဉ်ကျေးမှုရှစ်ခုနှင့် နှိုင်းဆထောက်ချင့်ကြည့်လျှင် လင်းဖုန်းကို ထည့်မတွက်ပါက လက်ရှိလူသားယဉ်ကျေးမှုက အားအနည်းဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။

“သူတော်စင်တို့... ကျွန်တော်တို့တွေ မေပယ်ရွက်မြို့ကို အရင် ပြန်ထူထောင်ကြတာပေါ့။ လူသားတွေအကုန်လုံးကို နှစ်သိမ့်ပေးပြီးတော့ လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းရေး ပြန်ရအောင် လုပ်ကြရအောင်။ လူသားမျိုးနွယ်ရဲ့ အလုံးစုံစွမ်းအားကို မြှင့်တင်ဖို့ နည်းလမ်းတစ်ခုကို ကျွန်တော် စဉ်းစားကြည့်ပါဦးမယ်”

ထိုသို့ပြောပြီးနောက် လင်းဖုန်း သူ့ခန္ဓာကိုယ်ကို ပုံမှန်အရွယ်အစားသို့ ပြန်လည်ပြောင်းလဲလိုက်၏။ ထို့နောက် ချူချန်းနှင့် ကျန်းချီကျီတို့ကို ရှာဖွေရန် မေပယ်ရွက်မြို့အတွင်းသို့ ပျံသန်းဝင်ရောက်သွားတော့သည်။

သူတော်စင်များသာ ဆွံ့အလျက် အနည်းငယ် ကသိကအောက်ဖြစ်စွာ ကျန်ရစ်ခဲ့ကြတော့သည်။

“လူသားမျိုးနွယ်ရဲ့ အလုံးစုံစွမ်းအားကို မြှင့်တင်ဖို့လား။ သူတော်စင်လင်းဖုန်းက ဘာလုပ်နိုင်မှာမို့လို့လဲ”

သူတော်စင်များအားလုံး အလွန်တရာ သိလိုစိတ် ပြင်းပြနေကြသည်။ သို့သော်လည်း လင်းဖုန်းကသာ မပြောလျှင် သူတို့လည်း မမေးနိုင်ကြချေ။

မည်သို့ပင်ဖြစ်စေ လင်းဖုန်းတွင် လူသားမျိုးနွယ်စု၏ အလုံးစုံစွမ်းအားကို မြှင့်တင်ရန် နည်းလမ်းတစ်ခု အမှန်တကယ် ရှိကောင်းရှိနေနိုင်၏။ သို့ဆိုလျှင် ထိုသည်က လူသားမျိုးနွယ်၏ ကံကောင်းမှုတစ်ခု ဖြစ်ပေလိမ့်မည်။

All Chapters