← Chapters

အခန်း ၂၁၀၂

Vol. 146 Ch. 2102

အခန်း ၂၁၀၂

Vol. 146 Ch. 2102

အပိုင်း ( 2102 ) ကံကြမ္မာတောင်။

"ပြီးသွားပြီလား"

လုမင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ တိုက်ပွဲစင်မြင့်ထက်တွင် လူသိပ်မကျန်တော့ကြောင်း သတိပြုလိုက်မိသည်။ သူ အပါအဝင် လူရှစ်ဆယ်မျှသာ ကျန်ရှိတော့သည်။

လုမင် ဆွံ့အသွားခဲ့သည်။ သူ ခဏတာ အာရုံမစိုက်မိခြင်းက မုယန်ကို လွတ်မြောက်သွားစေခဲ့ပြီ။

"ပြီးသွားပြီ၊ ဟားဟားဟား... ပြီးသွားပြီကွ"

မုယန်က ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

နောက်ဆုံးတွင်၊ သူက နောက်ဆုံးအချိန်အထိ ကြံ့ကြံ့ခံနိုင်ခဲ့ပြီး အခွင့်အရေးတစ်ခုကို ရရှိမည့် နောက်ဆုံး လူရှစ်ဆယ်စာရင်းထဲတွင် ပါဝင်ခွင့် ရရှိသွားခဲ့ပြီ။

'ငါ သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ပြီးတာနဲ့ မင်းကို ငါ ရှစ်ပိုင်းပိုင်းပစ်မယ်'

မုယန်က လုမင်ကို စိုက်ကြည့်ရင်း သူ့နှလုံးသားထဲတွင် ဟိန်းဟောက်လိုက်သည်။

'မင်း ကံကောင်းသွားတာပဲ'

လုမင် သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ကျန်ရှိနေသောသူများကို လှမ်းကြည့်လိုက်၏။

ပေါင်ပေါင်၊ လုရှန်းရှန်း၊ အိုးရန်မော့လီ၊ ချင်ယွဲ့၊ ဟွမ်လင်၊ လုံချန်၊ အိုးရန်ဝူရွှမ့်၊ လော့ရှန်းနှင့် လော့ထျန်းယီတို့ အားလုံး တိုက်ခိုက်ရေးစင်မြင့်ထက်တွင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။

လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့မှလွဲ၍ အခြားသူများအားလုံးမှာ ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။ ထို့အပြင် သူတို့က သုံးယောက်တစ်တွဲ အုပ်စုဖွဲ့ထားကြသဖြင့် ကောင်းကင်သားတော်များ၏ ပစ်မှတ်ထားခြင်းကို မခံရသရွေ့ အဆုံးသတ်အထိ တောင့်ခံနိုင်ရန် မခက်ခဲချေ။

"ကိုင်း... မင်းတို့ ရှစ်ဆယ်စလုံးက ရွေးချယ်ပွဲကို အောင်မြင်သွားကြပြီ။ အခု မင်းတို့ကို ခေတ္တခဏ အနားယူခွင့်ပေးမယ်။ အဲဒီနောက်မှာတော့ ငါ့နောက်ကို လိုက်ခဲ့ကြပါ။ မင်းတို့ကို ကြီးမားတဲ့ အခွင့်အရေးတစ်ခုက စောင့်ကြိုနေတယ်!"

သက်လတ်ပိုင်း မဟာဧကရာဇ်က ကြေညာလိုက်၏။

တိုက်ပွဲစင်မြင့်ထက်ရှိ လူရှစ်ဆယ်လုံးမှာ သဘာဝအတိုင်း အလွန်အမင်း ဝမ်းသာသွားကြသည်။ သို့သော်လည်း ပြုတ်ကျကျန်ရစ်ခဲ့သူများမှာမူ လက်မခံချင်သေးဘဲ သက်ပြင်းချနေကြတော့သည်။

တိုက်ပွဲစင်မြင့်ထက်တွင် ဒဏ်ရာရရှိထားသူအချို့က တင်ပျဉ်ခွေထိုင်လိုက်ကြပြီး သူတို့၏ ဒဏ်ရာများကို စတင်ကုသလိုက်ကြသည်။

"ဒီကအစ်ကိုကြီး... ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

လုရှန်းရှန်း၊ အိုးရန်မော့လီနှင့် အခြားသူများက လျှောက်လာခဲ့ကြပြီး လုမင်ထံသို့ လက်ယှက်ပြလိုက်ကြလေသည်။

"ကိစ္စမရှိပါဘူး"

လုမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဟုတ်သည်၊ သူ၏အသံကိုလည်း သဘာဝအတိုင်း ပြောင်းလဲထားခဲ့ပေသည်။

ချင်ယွဲ့က လုမင်ကို စူးစမ်းလိုသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် လုမင်ကို ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရ၏။ ဤအရာမှာ သူမ၏ မသိစိတ်မှ ခံစားမှု ဖြစ်သည်။

မကြာမီမှာပင် လုံချန်၊ ဟွမ်လင်၊ ဟွမ်လီနှင့် အခြားသူများလည်း လျှောက်လာခဲ့ကြပြီး လုမင်ကို ကျေးဇူးတင်စကား ဆိုလိုက်ကြလေသည်။

လုမင်သည် မူလက သူ့ကိုယ်သူ မိတ်ဆက်ပေးရန် စဉ်းစားလိုက်မိသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူ အောင့်အီးကာ ဆက်လက်သည်းခံနေခဲ့လေသည်။

နောင်မှ အသိပေးလျှင်လည်း အချိန်မနှောင်းသေးချေ။

"အမိတ္တဘ၊ လုံချန်... မတွေ့ရတာ ကြာပြီ"

ရဟန်းဝူလျန့်က ပြုံးရွှင်သော မျက်နှာထားဖြင့် လှမ်းလျှောက်လာခဲ့သည်။ ရဟန်းဝူချန်နှင့် ဝူယွဲ့သီလရှင်တို့သည်လည်း သူနှင့်အတူ ပါလာခဲ့ကြ၏။

ဝူချန်၏ ကျင့်ကြံခြင်းမှာ ဧကရာဇ်တစ်ပိုင်းနယ်ပယ် အထွတ်အထိပ်တွင် ရှိသည်။ သူသည် ကမ္မနိယာမကို ထိန်းချုပ်ထားနိုင်ပြီး အလွန်အစွမ်းထက်၏။ သူသည်လည်း အဆင့်မြင့် ပါရမီရှင်တစ်ဦးပင်။

သီလရှင်ဝူယွဲ့မှာမူ အနည်းငယ် ပို၍ အားနည်းသည်။ သူသည် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်း ရှိနေသော်လည်း ဘုရင်ခန္ဓာကိုသာ ပိုင်ဆိုင်ထားခဲ့ပေသည်။

"ဝူလျန့်... နှစ်တွေအများကြီး ကြာသွားခဲ့ပြီ။ ခင်ဗျားက သိုင်းဧကရာဇ်တစ်ပါးတောင် ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"

လုံချန်ကလည်း ဝူလျန့်ကို နှုတ်ဆက်လိုက်၏။

"ဟားဟားဟား... ဒီကိုယ်တော်က ခင်ဗျားကို ပြောပြရမယ်။ ကျုပ်က ဗုဒ္ဓနတ်ဘုရားတစ်ပါးရဲ့ ပြန်လည်ဝင်စားလာသူ... အထွတ်အထိပ်ကို တက်လှမ်းဖို့အတွက် ကံပါလာတဲ့သူပဲ။ ရှန်းဟွမ်တိုက်ကြီးမှာတုန်းက ကျုပ်က ခင်ဗျားရဲ့ပြိုင်ဘက် မဖြစ်ခဲ့တာဟာ ကျုပ်ရဲ့ အစွမ်းအစကို မဖော်ထုတ်ရသေးလို့ပဲ။ အခုတော့ ခင်ဗျားပဲဖြစ်ဖြစ်၊ လုမင်ပဲဖြစ်ဖြစ်... ဘယ်သူမှ ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး"

ရဟန်းဝူလျန့်က အားပါးတရ ရယ်မောလိုက်သည်။ သူသည် မိမိကိုယ်ကိုယ် အလွန်အမင်း ကျေနပ်နေမိ၏။

"ဟွန့်... တကယ်လို့ ကျွန်မတို့ဆရာသာ ဒီမှာရှိနေရင် ရှင် ဘယ်လိုမှ သူ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"

လုရှန်းရှန်းက ရဟန်းဝူလျန့်မှ လုမင်ကို အထင်သေးစွာ ပြောဆိုနေသည်ကို ကြားလိုက်ရသောအခါ မကျေမနပ် ဖြစ်သွားခဲ့သည်။

သို့သော်လည်း လုမင်၏ အကြောင်းကို ပြောလိုက်သောအခါ လူတိုင်း တိတ်ဆိတ်သွားခဲ့ကြပေသည်။ ယခုအခါတွင် သူ မည်သို့ ရှိနေပါမည်နည်း။

"စိတ်မပူပါနဲ့။ လုမင်က မြေခွေးအိုကြီးတစ်ကောင်ပဲ။ သူက သိပ်ကို ပါးနပ်လွန်းလို့ ဒီလောက်အလွယ်တကူ သေမှာ မဟုတ်ဘူး။ သူ့ကို မနည်း ဖိနှိပ်ထားနိုင်တဲ့ ကျုပိကလွဲရင် ဘယ်သူမှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

ရဟန်းဝူလျန့်က ပြောလိုက်သည်။

လုမင်၏ မျက်ခွံများ တွန့်ခနဲ ဖြစ်သွားခဲ့ရ၏။ ဤရဟန်းက သူ့ကို ချီးကျူးနေခြင်းလော သို့မဟုတ် နှိမ့်ချပြောဆို‌နေခြင်းပင်လော။ အဘယ်ကြောင့် ဤမျှ နားဝင်မချိုရပါသနည်း။

လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့က ဝူလျန့်ကို စိုက်ကြည့်လိုက်ကြသည်။ အကယ်၍ သူတို့သာ ရဟန်းဝူလျန့်ကို မယှဉ်နိုင်ခြင်းကြောင့် မဟုတ်ပါက၊ သူတို့သည် သူ့ကို ဝိုင်းဝန်းရိုက်နှက်လိုက်ကြပြီး ဖြစ်လိမ့်မည်။

"ဝှစ်..."

ဤအခိုက်တွင် ပေါင်ပေါင်၏ ပုံရိပ်က ရုတ်တရက် လှုပ်ရှားသွားခဲ့ပြီး လုမင်၏ ရှေ့မှောက်သို့ ရောက်လာခဲ့သည်။ သူသည် လုမင်ကို စူးစမ်းလိုသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်၏။

သူမကို နှစ်အနည်းငယ်မျှ မမြင်တွေ့ရသော်လည်း ပေါင်ပေါင်က အသက်နှစ်နှစ် သို့မဟုတ် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကဲ့သို့ပင် ရှိနေသေးသည်။ သူ့ကိုကြည့်ရသည်မှာ ဘယ်တော့မှ ကြီးထွားလာမည်မဟုတ်သကဲ့သို့ပင် ဖြစ်သည်။ သို့သော်လည်း သူမ၏ ကျင့်ကြံခြင်းမှာမူ အလျင်အမြန် တိုးတက်လာခဲ့ပြီး သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်လုနီး ဖြစ်နေပြီ။

'ရှင်က အစ်ကိုကြီး လုမင် မဟုတ်လား'

ပေါင်ပေါင်က ရုတ်တရက် ပြောလိုက်သည်။

ဟုတ်သည်၊ ပေါင်ပေါင်သည် စိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်ခြင်းဖြစ်၍ အခြားမည်သူမျှ သဘာဝအတိုင်း မကြားနိုင်ကြချေ။

လုမင်လည်း သူ၏နှာခေါင်းကို ပွတ်လိုက်မိသည်။ မျှော်လင့်ထားသည့်အတိုင်း၊ သူသည် ပေါင်ပေါင်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ချေ။ ထိပ်တန်း စစ်သားရဲဆယ်ကောင်က တကယ်ကို သာမန်မဟုတ်ပါ။

'ပေါင်ပေါင်... ငါပါ။ ဒါပေမဲ့ လောလောဆယ်တော့ ဘယ်သူ့ကိုမှ မပြောပါနဲ့ဦး'

လုမင်က ပေါင်ပေါင်ထံသို့ စိတ်ချင်းဆက်သွယ်၍ အသံပို့လွှတ်လိုက်လေသည်။

'ရှင် မသေသေးဘူးဆိုတာ ကျွန်မ အမြဲတမ်းသိနေခဲ့တယ်'

ပေါင်ပေါင်၏ မျက်ဝန်းတို့မှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ ထို့နောက် သူဟာ လုရှန်းရှန်း၏ ပခုံးထက်သို့ ပြေးတက်သွားခဲ့ပြီး ထိုင်နေလိုက်လေသည်။

"ကျွန်မတို့ ခဏလောက် အနားယူကြရအောင်"

လော့ထျန်းယီက ပြောလိုက်သည်။ လူတိုင်းက ယခုတင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မောပန်းနွမ်းနယ်နေခဲ့ကြပေသည်။

လူတိုင်းက တင်ပျဉ်ခွေထိုင်လိုက်ကြပြီး အနားယူလိုက်ကြသည်။

မလှမ်းမကမ်းမှာတော့ မုယန်က လုရှန်းရှန်းနှင့် အခြားသူများကို ရံဖန်ရံခါ လှမ်းကြည့်တတ်သည်။ သူ့မျက်လုံးထဲတွင် ဆိုးသွမ်းသော အရိပ်အယောင်တစ်ခုက လျှို့ဝှက်စွာ ဖြစ်ပေါ်နေ၏။ သူဟာ ရက်စက်ကြမ်းကြုတ်သော အစီအစဉ်တစ်ခုကို တွေးတောနေခဲ့ခြင်း ဖြစ်သည်။

လုမင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ဖြတ်သန်းသွားခဲ့သည်။ အကယ်၍ သူ၏ အထောက်အထားကိုသာ ထုတ်ဖော်ပြသမိပါက၊ မုယန်သည် လုရှန်းရှန်းနှင့် အခြားသူများကို အန္တရာယ်ရှိစေမည့် အရာတစ်ခုခု အမှန်တကယ် လုပ်ဆောင်လာနိုင်သည်။

သေခြင်းနတ်ဘုရားတိုင်းပြည်မှ လုပ်ကြံသတ်ဖြတ်သူများကို မုယန်က ငှားရမ်းထားခြင်း ဖြစ်နိုင်သည်ဟုပင် သူ သံသယဝင်မိပေသည်။

မကြာမီမှာပင်၊ တစ်ရက် ကုန်ဆုံးသွားခဲ့ပြီး လူတိုင်း၏ အနားယူချိန်မှာလည်း ပြီးသလောက် ဖြစ်သွားခဲ့သည်။

"ငါ့နောက်ကို လိုက်ခဲ့ကြပါ"

သက်လတ်ပိုင်း မဟာဧကရာဇ်က အမိန့်ပေးလိုက်ပြီး လူတိုင်းကို ကံကြမ္မာမြို့တော်၏ ဗဟိုချက်ထံသို့ ဦးဆောင်ခေါ်သွားခဲ့သည်။

အခြားသူများလည်း နောက်မှ လိုက်ပါသွားခဲ့ကြ၏။ သူတို့က အခွင့်အရေးဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း အလွန်ပင် သိချင်နေခဲ့သည်။

မကြာမီမှာပင် ခန့်ညားထည်ဝါလှသော တောင်ကြီးတစ်တောင်က သူတို့၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာခဲ့သည်။

ဤတောင်ကြီးမှာ အလွန်ပင် ခန့်ညားထည်ဝါပြီး မြင့်မား၍ ကောင်းကင်ယံကို ဖောက်ထွက်သွား၏။

ဤအရာမှာ ကံကြမ္မာမြို့တော်တွင် အခန့်ညားဆုံးသော တောင်အဖြစ် လူသိများသည့် ကံကြမ္မာတောင် ဖြစ်သည်။ ၎င်းက ကောင်းကင်ဘုံနှင့် ဆက်သွယ်ထားပြီး ကောင်းကင်ကမ္ဘာသို့ သွားနိုင်သည်ဟုပင် ဒဏ္ဍာရီများတွင် ဆိုထားကြပေသည်။

လူတိုင်း ကံကြမ္မာတောင်ထက်သို့ သက်ဆင်းလိုက်ကြသည်။

သူတို့ရောက်လာသောအခါ ကံကြမ္မာတောင်ထက်တွင် လူအများအပြား ရောက်ရှိနှင့်နေခဲ့ပြီးဖြစ်ကြောင်း သူတို့ သတိပြုမိလိုက်ကြလေသည်။

"တောင်ပိုင်းတိုက်ပွဲနယ်မြေကလည်း ပြီးသွားပြီလား"

လှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက သူတို့၏ အရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်သည်။

"ခင်ဗျားတို့ အရှေ့ပိုင်း တိုက်ပွဲနယ်မြေက မြန်သားပဲ"

သက်လတ်ပိုင်း မဟာဧကရာဇ်က ပြုံးလိုက်ပြီး သူမကို နှုတ်ဆက်လိုက်၏။

တစ်ဖက်လူများမှာ အရှေ့ပိုင်းတိုက်ပွဲနယ်မြေမှဖြစ်ကြောင်း ထင်ရှားသည်။ သူတို့သည်လည်း ထိပ်တန်းပါရမီရှင် အယောက်ရှစ်ဆယ်ကို ရွေးချယ်ခဲ့ကြပြီးပြီ။

နှစ်ဖက်စလုံးမှ ပါရမီရှင်များက တစ်ဦးကိုတစ်ဦး အကဲခတ်လိုက်ကြသည်။

'ဟန်ရှင်းဟဲ'

လုမင်က အရှေ့ပိုင်းတိုက်ပွဲနယ်မြေမှ ပါရမီရှင် ရှစ်ဆယ်ထဲတွင် ဟန်ရှင်းဟဲကို မြင်တွေ့လိုက်ရသည်။

သူ့ကို ယခင်က မမြင်ခဲ့ရခြင်းမှာ၊ သူက အရှေ့ပိုင်းတိုက်ပွဲနယ်မြေသို့ သွားရောက်ခဲ့ခြင်းကြောင့်ပင်။

"ကဲ... မင်းတို့အားလုံးပဲ ဒီမှာ အနားယူနိုင်ပါတယ်။ အချိန်တန်တဲ့အခါကျရင် အခွင့်အရေးက သဘာဝအတိုင်း ပေါ်လာလိမ့်မယ်"

သက်လတ်ပိုင်း မဟာဧကရာဇ်က ပြောလိုက်သည်။

လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားခဲ့ရသည်။ သူတို့အားလုံးက အခွင့်အရေးဆိုသောအရာကို အမျိုးမျိုး တွေးတောနေခဲ့ကြ၏။ ၎င်းက လူများကို သိုင်းဧကရာဇ်များ ဖြစ်လာစေရန် အမှန်တကယ်ပင် ကူညီပေးနိုင်သည်။

လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် ဤနေရာတွင် စောင့်ဆိုင်းနေကြတော့သည်။ တစ်ရက်အကြာတွင် မြောက်ပိုင်းတိုက်ပွဲနယ်မြေမှ ပါရမီရှင်များ ရောက်ရှိလာခဲ့ကြသည်။

နှစ်ရက်အကြာတွင်မူ အနောက်ပိုင်းတိုက်ပွဲနယ်မြေမှ ပါရမီရှင်များလည်း ရောက်ရှိလာခဲ့ကြပေသည်။

လူအမြောက်အမြားမှာ ကံကြမ္မာတောင်၏ အနီးနားတွင် စုဝေးလာခဲ့ကြပြီး ကောင်းကင်ယံတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။

တောင်၏ အမြင့်ဆုံးနေရာတွင်မူ၊ နတ်ဘုရားအလင်းတန်းများဖြင့် လွှမ်းခြုံထားသော ပုံရိပ်အမြောက်အမြား ရှိနေခဲ့သည်။ သူတို့၏ မျက်နှာများကို ရှင်းလင်းစွာ မမြင်တွေ့နိုင်သော်လည်း သူတို့တစ်ဦးချင်းစီက အဆုံးအစမဲ့ပြီး နက်နဲသော အငွေ့အသက်တို့ကို ထုတ်လွှတ်နေခဲ့ကြ၏။

သိုင်းဧကရာဇ်များ။

လူတိုင်း၏ နှလုံးသား တုန်ယင်သွားခဲ့ရသည်။ သူတို့က အထက်မြင့်မားသော နေရာတွင် ရပ်နေကြပြီး နတ်ဘုရားအလင်းတန်းများဖြင့် လွှမ်းခြုံထားသော ဤလူများမှာ အားလုံး မဟာဧကရာဇ်များဖြစ်ကြောင်း သိလိုက်ကြပေသည်။

ဟုတ်သည်၊ သူတို့အားလုံးကတော့ နတ်ကံကြမ္မာနယ်မြေမှ မဟာဧကရာဇ်များ မဖြစ်နိုင်ပေ။ အခြားသော ဒေသများမှ ဧကရာဇ်ကြီးများလည်း ရှိနေနိုင်သည်။

အချိန်များမှာ အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဆယ်ရက် ကုန်လွန်သွားခဲ့ပြီ။

ရုတ်တရက်၊ ကောင်းကင်ယံ၌ အလင်းရောင်ခြည်တစ်ခု ဖြာထွက်လာခဲ့သည်။

ထို့နောက်၊ ဤအလင်းရောင်ခြည်က ပိုမိုလင်းထိန်ကာ တောက်ပလာခဲ့၏။

"ရောက်လာပြီ"

မဟာဧကရာဇ်တစ်ပါးက ပြောလိုက်သည်။

လူတိုင်းက ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ စိတ်ထဲမှာတော့ လှုပ်ရှားနေကြ၏။

ရောက်လာပြီ... မည်သည့်အရာ ရောက်လာသနည်း။

လူတိုင်း သိချင်နေခဲ့ကြသည်။

"ဝုန်း"

ကောင်းကင်ယံက တုန်ခါသွားခဲ့သည်။ ထို့နောက်၊ လူအုပ်ကြီးသည် သူတို့ထံသို့ ဆန့်တန်းလာနေသော လမ်းကြောင်းတစ်ခုကို မြင်တွေ့လိုက်ကြရ၏။

၎င်းက အချိန်ကာလ၏ အမှတ်အသားများ ပြည့်နှက်နေကာ အပြာရောင်ကျောက်တုံးဖြင့် ပြုလုပ်ထားသော ရှေးဟောင်းလမ်းတစ်ခု ဖြစ်သည်။

ကောင်းကင်ယံမှ လမ်းကြောင်းတစ်ခု ဆင်းသက်လာခြင်းမှာ လူတိုင်းကို အံ့အားသင့်စေခဲ့ပေသည်။

All Chapters