အခန်း ၂၁၀၃
Vol. 146 Ch. 2103
အပိုင်း ( 2103 ) ရှေးဦးကမ္ဘာ၏ ထောင့်စွန်းတစ်ခု။
ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာမှ လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာပြီး အောက်ဘက်သို့ ဆန့်တန်းလာခဲ့ရာ လူတိုင်း အံ့အားသင့်သွားခဲ့ရသည်။
ဤလမ်းမကြီးမှာ မည်သည့်နေရာမှ ရောက်ရှိလာခြင်းဖြစ်သနည်း။ သို့မဟုတ်ပါက ၎င်းသည် မည်သည့်နေရာသို့ ဦးတည်သွားပါသနည်း။
အခွင့်အလမ်းဆိုသောအရာမှာ ဤလမ်းမကြီးနှင့် ပတ်သက်ဆက်နွယ်နေပါသလော။
လူအုပ်ကြီးက ဂရုတစိုက် လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ ဤလမ်းမ၏ အဆုံးတွင် အဆုံးသတ်တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်ကြ၏။ လမ်းမကြီး၏ အဆုံး၌ အလင်းတံခါးတစ်ချပ် ရှိနေခဲ့သည်။ ထိုအလင်းတံခါးက မည်သည့်နေရာသို့ ဦးတည်နေသည်ကိုမူ သူတို့ မသိကြပေ။
"အားလုံးပဲ... ဒီအခွင့်အလမ်းက ဘာလဲဆိုတာ ငါ မင်းတို့ကို ပြောပြပါရစေ"
ဤအခိုက်တွင် ဆံပင်ဖြူအဖိုးအိုတစ်ဦးက ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ သူသည်လည်း မဟာဧကရာဇ်တစ်ပါးဖြစ်ကြောင်း ထင်ရှားပေသည်။
"ဒီလမ်းမကြီးရဲ့ အဆုံးဟာ ရှေးကမ္ဘာရဲ့ ထောင့်စွန်းတစ်ခုဆီကို ဦးတည်နေပါတယ်။ အဲဒီနေရာကို ဘာလို့ ကမ္ဘာမြေရဲ့ ထောင့်စွန်းလို့ ခေါ်တာလဲဆိုရင်တော့... အဲဒါက ရှေးဦးကမ္ဘာ စတင်မွေးဖွားလာတုန်းက အဲကမ္ဘာထောင့်စွန်းဟာ သီးခြားကွဲထွက်သွားခဲ့လို့ပဲ။ အဲဒီနေရာက ရှေးဦးကမ္ဘာ စတင်ဖြစ်ပေါ်စဉ်က အခြေအနေတွေကို အခုထိ ထိန်းသိမ်းထားနိုင်သေးတယ်"
"အဲဒီနေရာမှာ နိယာမတွေက အရမ်းထင်ရှားပြီး သဘာဝ ယွမ်ချီစွမ်းအင်တွေကလည်း ကြွယ်ဝတယ်။ နိယာမကို လေ့ကျင့်သူပဲဖြစ်ဖြစ်... ရှေးဦးလမ်းစဉ်ကို လေ့ကျင့်တဲ့သူပဲဖြစ်ဖြစ်... အဲဒီနေရာမှာ ကျင့်ကြံခြင်းအရှိန်အဟုန်က အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လိမ့်မယ်"
ဆံပင်ဖြူ မဟာဧကရာဇ်က ပြောလိုက်သည်။
မြင်ကွင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
၎င်းက ရှေးဦးကမ္ဘာ စတင်ဖြစ်ပေါ်စဉ်က ကမ္ဘာမြေ၏ ထောင့်စွန်းတစ်ခု အမှန်တကယ် ဖြစ်နေသည်။ ထို့ပြင်၊ ရှေးဦးကမ္ဘာ စတင်ဖြစ်ပေါ်စေက အခြေအနေများကို ယခုထက်တိုင် ထိန်းသိမ်းထားနိုင်သေးသည်။ ၎င်းက ကျင့်ကြံခြင်းအတွက် စိတ်ကူးကြည့်၍ပင် မရနိုင်လောက်သော အခွင့်အရေးတစ်ခု ဖြစ်သည်။
အခွင့်အရေး... ၎င်းမှာ အမှန်တကယ်ပင် မိုးလောက်ကြီးသော အခွင့်အရေးတစ်ခုပင်။
သိုင်းဧကရာဇ်များ အပါအဝင် ရေတွက်၍မရနိုင်သော လူအပေါင်းတို့၏ မျက်လုံးများတွင် ပြင်းပြသော လောဘမီးများ လောင်ကျွမ်းလာခဲ့ရသည်။
သိုင်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန်အတွက် လူတစ်ဦးက ကမ္ဘာငယ်တစ်ခုကို စတင်တည်ဆောက်ကြရမည်။
ရှေးဦးကမ္ဘာ စတင်ဖြစ်ပေါ်စဉ်က ကမ္ဘာမြေ၏ ထောင့်စွန်းအတွင်းသို့ ဝင်ရောက်ရခြင်းမှာ ကမ္ဘာငယ်တစ်ခု၏ ရုပ်သွင်ပြောင်းလဲတိုးတက်မှုအတွက် အမှန်တကယ် ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။
ထိုနေရာသို့ ဝင်ရောက်သွားသူတိုင်းက သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် အခွင့်အလမ်းများနေခြင်းမှာ အံ့ဩစရာမရှိတော့ပေ။
"ဒီကမ္ဘာမြေရဲ့ ထောင့်စွန်းကို ဗလာနယ်ထဲကနေ တန်ခိုးရှင်ကြီးတစ်ပါးက ရရှိခဲ့တာ ဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ ဒါကို ရွေးချယ်ပွဲအောင်မြင်ခဲ့တဲ့ ပါရမီရှင်တွေအတွက် ဆုလာဘ်တစ်ခုအနေနဲ့ အသုံးပြုလိမ့်မယ်"
"ဒါပေမဲ့ ဒီကမ္ဘာမြေရဲ့ ထောင့်စွန်းက သိပ်ပြီးမကျယ်ပြောသလို ရှိနေခဲ့တာလည်း သိပ်ကို ကြာမြင့်နေခဲ့ပြီ။ ဒါကြောင့် သိုင်းဧကရာဇ်နယ်ပယ်အောက်က လူတွေ ဒါမှမဟုတ် အဆင့်နိမ့် ဗလာနယ်ဧကရာဇ်အတွက်ပဲ အသုံးဝင်လိမ့်မယ်။ တကယ်လို့ ကျင့်ကြံခြင်းက ဒီထက်ပိုပြီး မြင့်မားနေမယ်ဆိုရင်တော့ သိပ်ပြီး အသုံးဝင်မှာ မဟုတ်တော့ဘူး"
ဆံပင်ဖြူအဖိုးအိုက ထပ်မံရှင်းပြလိုက်သည်။ ယင်းကြောင့် သိုင်းဧကရာဇ်အမြောက်အမြားမှာ သက်ပြင်းချလိုက်ကြလေသည်။
"သွားကြပေတော့၊ မင်းတို့က အဲဒီထဲမှာ နှစ်နှစ်ပဲ အချိန်ရမယ်။ နှစ်နှစ်ကြာရင် အဲဒီတန်ခိုးရှင်က မင်းတို့ကို အပြင်ကို ပြန်ပြီး ပို့လွှတ်ပေးလိမ့်မယ်။ အဲဒီထဲမှာ မင်းတို့ ဘယ်လောက်အထိ ရရှိမလဲဆိုတာကတော့ မင်းတို့ကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်"
"နောက်ပြီးတော့ နှစ်နှစ်ကြာလို့ မင်းတို့ ပြန်ထွက်လာရင် အစစ်အမှန် နယ်မြေဆယ်ခု တိုက်ပွဲ စတင်လိမ့်မယ်"
ဆံပင်ဖြူမဟာဧကရာဇ်က ကြေညာလိုက်၏။
နှစ်နှစ်... သူတို့တွင် နှစ်နှစ်တိတိ အချိန်ရမည် ဖြစ်သည်။
လုမင်၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သူက ဤနှစ်နှစ်တာ အချိန်ကာလကို ကောင်းမွန်စွာ အသုံးချရမည်။
"ကိုင်း... ဒီရှေးဟောင်းလမ်းမကြီးအတိုင်း သွားကြပေတော့"
ဆံပင်ဖြူမဟာဧကရာဇ်က ပြောလိုက်သည်။
"ဝှစ်... ဝှစ်..."
ဆံပင်ဖြူ မဟာဧကရာဇ်၏ စကားသံအဆုံးတွင် ပုံရိပ်တချို့က ရှေးဟောင်းလမ်းမကြီးထက်သို့ လှမ်းတက်လိုက်ကြပြီး အထက်သို့ ချက်ချင်း လှမ်းလျှောက်သွားခဲ့သည်။
"တို့လည်း သွားကြစို့"
ချင်ယွဲ့၊ လုရှန်းရှန်းနှင့် အခြားသူများလည်း ရှေးဟောင်းလမ်းမကြီးထက်သို့ ခြေချလိုက်ကြ၏။
ကျန်းထျန်း၊ ယွမ်ရှင်း၊ မုယန်နှင့် အခြားသူများသည်လည်း ရှေးဟောင်းလမ်းမကြီးထက်သို့ လှမ်းတက်လိုက်ကြပြီး ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်သွားကြတော့သည်။
ထိုအချိန်တွင် ရှေ့ဆုံးမှ လူက အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် အလင်းတံခါးအတွင်းသို့ လှမ်းဝင်လိုက်ပြီး ပျောက်ကွယ်သွားခဲ့၏။
ပတ်ဝန်းကျင်ရှိ ရေတွက်၍မရနိုင်သော လူအမြောက်အမြားမှာတော့ အားကျနေရုံမှတပါး အခြား ဘာမှမတတ်နိုင်ကြပေ။
ဤအရာမှာ အဓိကအားဖြင့် လူငယ် ပါရမီရှင်များအတွက် ဖြစ်သည်။ သူတို့၏ မျက်လုံးများထဲတွင် ပြင်းပြသော လောဘမီးများ လောင်ကျွမ်းနေခဲ့ကြသော်လည်း သူတို့ လုပ်ဆောင်နိုင်သည့်အရာ ဘာမှမရှိပါ။
ဤအရာမှာ ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်။ ဤလူငယ် သုံးရာနှစ်ဆယ်မှာ နှစ်နှစ်အကြာတွင် အမှန်တကယ် ပိုမိုသန်မာလာလိမ့်မည်ဖြစ်ကြောင်း သိရှိနေခဲ့ကြပေသည်။
သူတို့နှင့် ကျန်သော လူငယ်များအကြားရှိ ကွာဟချက်မှာလည်း ပိုမို ကျယ်ပြန့်သွားတော့မည် ဖြစ်သည်။
သန်မာသူက အမြဲတမ်း သန်မာနေလိမ့်မည်။
သို့သော်လည်း မည်သူမျှ ခိုးဝင်ရန် မဝံ့ရဲခဲ့ကြချေ။ ဤနေရာတွင် မဟာဧကရာဇ်အမြောက်အမြား ရှိနေသဖြင့် ခိုးဝင်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။
လုမင်သည်လည်း ရှေးဟောင်းလမ်းမကြီးထက်သို့ လှမ်းတက်လိုက်ပြီး တစ်လှမ်းချင်းစီ အထက်သို့ တက်လှမ်းသွားခဲ့လေသည်။
မကြာမီမှာပင်၊ လုမင်က ရှေးဟောင်းလမ်းမကြီး၏ အဆုံးသို့ ရောက်ရှိသွားခဲ့ပြီး အလင်းတံခါးသို့ ရောက်ရှိလာခဲ့သည်။ လုမင်လည်း အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ အတွင်းကို လှမ်းဝင်လိုက်တော့သည်။
ထို့နောက်တွင် ပါရမီရှင် သုံးရာနှစ်ဆယ်စလုံးက တောက်ပသော အလင်းတံခါးအတွင်းသို့ လှမ်းဝင်လိုက်ကြပြီး အတွင်း၌ ပျောက်ကွယ်သွားခဲ့သည်။
ထိုအခါ ရှေးဟောင်းလမ်းမကြီးမှာလည်း ပြန်လည်ကျုံ့ဝင်သွားခဲ့ပြီး အလင်းတံခါးအတွင်းသို့ ဝင်ရောက်သွား၏။ ထို့နောက်တွင် အလင်းတံခါးသည်လည်း လေထုထဲတွင် ပျောက်ကွယ်သွားခဲ့တော့သည်။
"အကြီးအကဲတို့... ဒီကမ္ဘာမြေရဲ့ ထောင့်စွန်းကို ဘယ်အစွမ်းထက်တဲ့ တန်ခိုးရှင်က ရရှိခဲ့တာလဲဆိုတာ သိပါရစေ"
လူတစ်ဦးက မေးလိုက်သည်။
အစွမ်းထက်သော ပုဂ္ဂိုလ်အချို့မှာ ထိုတန်ခိုးရှင်ထံသို့ သွားရောက်ညှိနှိုင်း၍ သူတို့၏မျိုးဆက်များကို ဝင်ရောက်ကျင့်ကြံစေနိုင်လျှင် ကောင်းပေမည်ဟု တွေးတောနေကြခြင်း ဖြစ်သည်။
"သူက ကောင်းကင်ကမ္ဘာကပဲ"
ဆံပင်ဖြူ မဟာဧကရာဇ်က ပြောလိုက်၏။
လူတိုင်း ပါးစပ်ပိတ်သွားခဲ့ကြရသည်။ ၎င်းက အမှန်တကယ်ပင် ကောင်းကင်ကမ္ဘာမှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးတစ်ပါး ဖြစ်နေခဲ့ပေသည်။
တစ်ချိန်တည်းမှာပင် လူတိုင်းက တိတ်တဆိတ် တုန်လှုပ်သွားခဲ့ကြရသည်။ ကောင်းကင်ကမ္ဘာမှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးတစ်ပါးက ယခုတစ်ကြိမ် နယ်မြေဆယ်ခုတိုက်ပွဲကို အာရုံစိုက်နေခဲ့ခြင်း ဖြစ်နိုင်ပါမည်လော။
"အားလုံးပဲ... နှစ်နှစ်ကြာရင် ပြန်လာခဲ့ကြပါ"
ဆံပင်ဖြူ မဟာဧကရာဇ်က ပြောလိုက်သည်။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပြီး နေရာမှ ထွက်ခွာသွားတော့သည်။
"နှစ်နှစ်အကြာမှာ ဘယ်သူတွေ နိုးထလာပြီး ဘယ်သူက ကျရှုံးသွားမလဲ"
လူတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူတို့က ၎င်းကို မျှော်လင့်နေခဲ့ကြပေသည်။
ထို့နောက် လူတိုင်းက လူစုခွဲသွားခဲ့ကြပြီး ကံကြမ္မာတောင်၏ ပတ်ဝန်းကျင်မှာလည်း တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားတော့သည်။
လုမင်မှာ အလင်းတံခါးအတွင်းသို့ လှမ်းဝင်လိုက်ပြီးနောက် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရသည်။ နောက်အခိုက်မှာတော့ သူသည် ကျောက်ဆောင်တစ်ခုထက်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၏။
"ဘယ်လောက်တောင် ပြင်းထန်တဲ့ ဖိအားလဲ"
သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် လုမင်သည် အရပ်ဆယ်မျက်နှာမှ သူ့ထံသို့ ပြေးဝင်လာသော အဆုံးမဲ့ဖိအားများကို ခံစားလိုက်ရသည်။
၎င်းက သူ့အပေါ်တွင် အချိန်ပြည့် ဖိနှိပ်ထားသော တောင်ပေါင်းရာချီ ရှိနေသကဲ့သို့ပင်။
"ဝုန်း"
လုမင်က ရှေ့သို့ တစ်လှမ်းလှမ်းရန် ကြိုးစားလိုက်ရာ ကျယ်လောင်သော မြည်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
လုမင်၏ ခန္ဓာကိုယ်က တောင်တစ်လုံးကဲ့သို့ အမှန်တကယ် လေးလံနေခဲ့ပေသည်။
"ဒါက ရှေးဦးကမ္ဘာ စတင်ပွင့်လာချိန်က ကမ္ဘာမြေရဲ့ ထောင့်စွန်းပဲလား"
လုမင်က တိုးတိုးလေး ရေရွတ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်လေသည်။
မျက်စိတစ်ဆုံး သူမြင်နေရသည်မှာ အဆုံးမဲ့ကျောက်ဆောင်များ ဖြစ်သည်။
နေရာတိုင်းတွင် ကျောက်ဆောင်များ ရှိနေခဲ့ပြီး မြေပြင်မှာ ဗလာကျင်းနေခဲ့၏။ မည်သည့် အပင်မျှ ရှိမနေခဲ့သလို မည်သည့် သက်ရှိသတ္တဝါမျှလည်း ရှိမနေခဲ့ချေ။
ဆိတ်သုဉ်းပြီး ရှေးဟောင်းဆန်သော အရှိန်အဝါတစ်ခုမှာ နေရာတစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်။
ထို့ပြင် လုမင်က ဤနေရာရှိ သဘာဝ မူလစွမ်းအင်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ကြွယ်ဝနေသည်ကို သတိပြုလိုက်မိသည်။
သူ အသက်ရှူသွင်း၊ ရှူထုတ်လိုက်စဉ်မှာပင် သိပ်သည်းလှသော မူလစွမ်းအင်များက အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ပါးစပ်အတွင်းသို့ စီးဝင်သွားခဲ့ပေသည်။
ထို့ပြင် လုမင်သည် ဤနေရာရှိ နိယာမများက အလွန်အမင်း ထင်ရှားနေသည်ကို ခံစားလိုက်ရသည်။ သူက ဝိညာဉ်အသိကို ဖြန့်ကြက်လိုက်သောအခါ သူ့ခန္ဓာကိုယ်က အဆုံးမဲ့နိယာမများထဲတွင် နစ်မြုပ်သွားသကဲ့သို့ ခံစားရ၏။
လုမင်က သူတော်စင်စွမ်းအင်ကို သူ၏မျက်လုံးများအတွင်းသို့ ပို့လွှတ်လိုက်ရာ အံ့ဩမှင်တက်သွားခဲ့ရသည်။
ဤအချိန်တွင် လုမင်၏ မျက်စိရှေ့မှောက်ရှိ အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်နှင့် မြေကမ္ဘာအကြားတွင် သေးငယ်သော ဖဲကြိုးမျှင်လေးများ ကူးခတ်နေကြပြီး အမျိုးမျိုးသော အလင်းတန်းများကို ထုတ်လွှတ်နေခဲ့ကြ၏။
၎င်းမှာ ဖဲကြိုးမျှင်လေးများ ထောင်ပေါင်းများစွာဖြင့် ဤကမ္ဘာကြီးကို ဖွဲ့စည်းတည်ဆောက်ထားသကဲ့သို့ပင်။
ထိုအရာများမှာ အခြားမဟုတ်ဘဲ နိယာမများ၏ ချည်မျှင်များ ဖြစ်ကြသည်။ ၎င်းတို့က နိယာမများ အလွန်ထင်ရှားသော ကမ္ဘာဦးခေတ်တွင်သာ ပေါ်ပေါက်လာနိုင်သော အရာမျိုးပင်။
"ဒါက ကောင်းကင်နဲ့ မြေပြင် စတင်ပွင့်လန်းစဉ်က ကမ္ဘာ... ကောင်းကင်နဲ့ မြေပြင် စတင်ပွင့်လန်းစဉ်က ကမ္ဘာပေပဲ"
လုမင် တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူ၏မျက်လုံးများထဲမှာလည်း အံ့ဩမှုများဖြင့် ပြည့်နှက်နေတော့သည်။
ဒဏ္ဍာရီများအရ ကောင်းကင်နှင့် မြေပြင် စတင်ပွင့်လန်းပြီး အရာခပ်သိမ်း ရုပ်သွင်ပြောင်းလဲတိုးတက်လာသောအခါ ထိုအချိန်က ကျင့်ကြံခြင်းပတ်ဝန်းကျင်မှာ အကောင်းဆုံး ဖြစ်ခဲ့သည်။ နိယာမများက ထင်ရှားလွန်းပြီး သဘာဝ မူလစွမ်းအင်များလည်း ကြွယ်ဝခဲ့၏။ ကျင့်ကြံခြင်းလမ်းစဉ်က အဆမတန် မြန်ဆန်ခဲ့ပေသည်။
သက်လတ်ပိုင်း မဟာဧကရာဇ် ပြောခဲ့သည်မှာ မှန်ကန်သည်။ ဤအရာက တကယ်ကို မိုးလောက်ကြီးသော အခွင့်အရေးတစ်ခုပင်။
အကယ်၍ ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဤနေရာတွင် ကျင့်ကြံမည်ဆိုပါက၊ သူတို့၏ သိုင်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန် အခွင့်အလမ်းမှာ အမှန်တကယ် ကြီးကြီးမားမား တိုးတက်လာနိုင်မည် ဖြစ်သည်။
"ဒါပေမဲ့ ကောင်းကင်နဲ့ မြေပြင် စတင်ပွင့်လန်းစဉ်အချိန်က ပျက်စီးခြင်းခေတ်ပဲ။ ကောင်းကင်နဲ့ မြေပြင်ကြားက ဖိအားကလည်း သိပ်ကို ကြီးမားလွန်းတယ်"
လုမင် သက်ပြင်းချလိုက်မိသည်။
သူက ဤနေရာတွင် လုံးဝ မပျံသန်းနိုင်ချေ။
ပျံသန်းရန် မဆိုထားဘိ၊ ခေတ္တမျှ လမ်းလျှောက်ခြင်းကပင် သူ၏ခန္ဓာကိုယ်ထဲရှိ သူတော်စင်စွမ်းအင်များကို ကုန်ခမ်းသွားစေနိုင်သည်။
အကောင်းဆုံးနည်းလမ်းမှာ သူ ရှိနေသည့်နေရာတွင်နေထိုင်ပြီး တိတ်ဆိတ်စွာ ကျင့်ကြံခြင်းပင် ဖြစ်တော့သည်။
တကယ်လည်း ဝင်ရောက်လာခဲ့သော လူတိုင်းနီးပါးမှာ ဤကဲ့သို့ပင် ဖြစ်ကြသည်။ သူတို့အားလုံးက တင်ပျဉ်ခွေထိုင်လိုက်ကြပြီး တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့ကြလေသည်။
ဤအရာမှာ ရှားပါးလှသော အခွင့်အရေးတစ်ခု ဖြစ်သည်။ သူတို့တွင် နှစ်နှစ်သာ အချိန်ရသဖြင့် သဘာဝအတိုင်း ၎င်းကို တန်ဖိုးထားရမည်။
လုမင်လည်း တင်ပျဉ်ခွေထိုင်ပြီး ဝိညာဉ်အသိကို ဖြန့်ကျက်လိုက်သည်။ ထိုအခါ သူက ကမ္ဘာ့နိယာမအမျိုးမျိုးကို ရှင်းလင်းစွာ ခံစားလိုက်ရတော့သည်။