အခန်း ၂၁၀၄
Vol. 146 Ch. 2104
အပိုင်း ( 2104 ) ခွန်အားများ တိုးတက်လာခြင်း။
လုမင်လည်း သူ၏စိတ်ကို ထိန်းချုပ်လိုက်ပြီး ကစဉ့်ကလျားနိယာမကို စတင်ဆင်ခြင်လိုက်သည်။
ခဏချင်းမှာပင်၊ သူသည် ကောင်းကင်နှင့် မြေပြင်အကြားရှိ ကစဉ့်ကလျားနိယာမက ပြင်ပကမ္ဘာထက် များစွာ ပိုမိုထင်ရှားနေသည်ကို ခံစားလိုက်ရ၏။
သူ၏ အတွေးတစ်ခုနှင့်ပင် မိုးနှင့်မြေအကြားရှိ ကစဉ့်ကလျား နိယာမမှာ လုမင်ထံသို့ ပျံသန်းလာခဲ့ပြီး သူ့ကို ဝန်းရံလိုက်တော့သည်။
ပြင်ပမှ ကြည့်မည်ဆိုပါက လုမင်၏ ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်ပြီး အနှိုင်းမဲ့သော အလင်းလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေကြောင်း မြင်ရမည် ဖြစ်သည်။
လုမင်သည် သူ၏ ကစဉ့်ကလျားနိယာမအပေါ် နားလည်သဘောပေါက်မှုက အချိန်နှင့်အမျှ နက်နဲလာနေသည်ကို ခံစားလိုက်ရပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ခန့် ကုန်လွန်သွားသည်။
"ဝုန်း"
လုမင်၏ အရှိန်အဝါမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ကစဉ့်ကလျားနိယာမမှာ လုမင်၏ ခန္ဓာကိုယ်အတွင်း၌ ပြည့်နှက်သွားခဲ့၏။
သူ၏ အတွေးတစ်ခုနှင့်ပင် ကောင်းကင်နှင့် မြေပြင်အကြားရှိ ကစဉ့်ကလျားနိယာမကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းက မြစ်တစ်စင်း၏ ပုံသဏ္ဌာန်ကို ဖွဲ့စည်းလိုက်ပြီး လုမင်၏ ပတ်ပတ်လည်တွင် စီးဆင်းနေတော့သည်။
ကစဉ့်ကလျားနိယာမမှာ မြစ်တစ်စင်း ဖြစ်လာခဲ့ပြီ။
ကစဉ့်ကလျားနိယာမက နောက်ဆုံးတွင် အချုပ်အနှောင်များကို ချိုးဖျက်ကာ ပြည့်စုံခြင်းအဆင့် ရောက်ရှိသွားခဲ့ပြီး မြစ်တစ်စင်း၏ ပုံသဏ္ဌာန်ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ဟုတ်သည်၊ ကစဉ့်ကလျားနိယာမက မြစ်တစ်စင်း ဖြစ်လာသည်ဆိုရာ၌ ၎င်းသည် အမှန်တကယ် မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားခြင်း မဟုတ်ပေ။ စိတ်အာရုံတစ်ခုနှင့်တင် ကစဉ့်ကလျားနိယာမမှာ မြစ်တစ်စင်းကဲ့သို့ သိပ်သည်းကျစ်လျစ်သွားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ထို့နောက် ကစဉ့်ကလျားနိယာမက လုမင်၏ ခန္ဓာကိုယ်အတွင်းသို့ ဆက်လက်စီးဝင်သွားခဲ့ပြီး လုမင်၏ ခန္ဓာကိုယ်နှင့် သူတော်စင်စွမ်းအင်များကို သန့်စင်ရန် ကူညီပေးလေသည်။
ပြီးခဲ့သည့်အကြိမ်က အစီရင်နိယာမမှာ ပြည့်စုံခြင်းသို့ ရောက်ရှိခဲ့စဉ်ကပင် လုမင်၌ အတွေ့အကြုံ ရှိနှင့်နေခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင်မူ ၎င်းမှာ အလွန်ပင် လွယ်ကူချောမွေ့ခဲ့ပေသည်။
နှစ်ရက်အကြာတွင် လုမင်၏ အရှိန်အဝါက အပြည့်အဝ တည်ငြိမ်သွားခဲ့သည်။
"ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ သူတော်စင်စွမ်းအား နှစ်ခုစလုံး အဆများစွာ တိုးတက်လာခဲ့ပြီ"
လုမင်သည် သူ့ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို ဂရုတစိုက် အာရုံခံကြည့်လိုက်ပြီးနောက် ပျော်ရွှင်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
သူ၏ အသန်မာဆုံးဖြစ်သော ကစဉ့်ကလျားနိယာမမှာ မြစ်တစ်စင်း ဖြစ်လာခဲ့ပြီ။ ဧကရာဇ်တစ်ပိုင်း နယ်ပယ်သို့ ခြေချလိုက်ရာတွင် ခန္ဓာကိုယ်နှင့် သူတော်စင်စွမ်းအားကို သန့်စင်မှုမှာ သာမန်နိယာမများထက် များစွာ ပိုစွမ်းအားကြီးသည်။
ပြီးခဲ့သည့်အကြိမ်က အစီရင်နိယာမ အဆင့်တက်ချိန်တွင် သူ၏ ခန္ဓာကိုယ်နှင့် သူတော်စင်စွမ်းအားတို့ တိုးတက်လာခဲ့ဖူးသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ တိုးတက်မှုမှာ ထို့ထက် များစွာ ပိုမိုကြီးမားလှပေသည်။
သူ၏ ဒန်တျန်အတွင်း၌ သူတော်စင်နှလုံးသားက ပုလဲလုံးကဲ့သို့ ကြည်လင်ဝင်းပနေပြီး အဆုံးမဲ့သော သူတော်စင်စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။ သူတော်စင်နှလုံးသားကို လှည့်ပတ်စေလိုက်သည်နှင့် တပြိုင်နက် အဆုံးမဲ့သော သူတော်စင်စွမ်းအင်များက သူ၏ သွေးကြောများအတွင်းသို့ မြစ်တစ်စင်းကဲ့သို့ စီးဝင်လာတော့သည်။
လုမင်၏ ခန္ဓာကိုယ်အတွင်း၌ ဖျော့တော့သော အလင်းရောင်တစ်ခု လှည့်ပတ်စီးဆင်းနေခဲ့သည်။ သူ့တကိုယ်လုံးတွင် အဆုံးမဲ့သော စွမ်းအားများဖြင့် ပြည့်နှက်နေ၏။
သန်မာသည်၊ သန်မာလွန်းပေသည်။
လုမင်သည် သူ၏ တိုက်ခိုက်နိုင်စွမ်းက အဆများစွာ မြင့်တက်သွားခဲ့ပြန်ပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
"အခု သေခြင်းနိယာမနဲ့ ဝါးမျိုခြင်းနိယာမတို့ကို နားလည်ဆင်ခြင်လိုက်ရအောင်"
လုမင်၏ မျက်လုံးများက မျှော်လင့်ချက်တို့ ပြည့်နေသည်။
အကယ်၍ သေခြင်းနိယာမနှင့် ဝါးမျိုခြင်းနိယာမ နှစ်ခုစလုံးသာ ပြည့်စုံသွားခဲ့မည်ဆိုပါက၊ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သူတော်စင်စွမ်းအားမှာ မည်မျှသန်မာလာမည်နည်း။
လုမင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့ပြီး စတင် နားလည်ဆင်ခြင်လိုက်တော့သည်။
ဤကမ္ဘာထောင်စွန်းတွင် နိယာမများကို နားလည်ဆင်ခြင်ခြင်းနှင့် ပတ်သက်၍ ကောင်းကင်၏ ကောင်းချီးပေးခြင်းကို ခံထားရသလို ရှိသည်။ ၎င်းမှာ ပြင်ပကမ္ဘာထက် အဆများစွာ ပို၍မြန်ဆန်ပေသည်။
ထို့ပြင် ဤကမ္ဘာထောင့်စွန်းက ကမ္ဘာဦးလောက စတင်ဖွဲ့စည်းစဉ်က ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက ကမ္ဘာငယ်တစ်ခု၏ ဆင့်ကဲတိုးတက်မှုအတွက် ကြီးမားသော အထောက်အကူ ဖြစ်စေသည်။
သို့သော်လည်း လုမင်သည် သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်မည့် အရိပ်အယောင် မမြင်ရသေးပေ။
လုမင်က စိတ်နှစ်ကာ လေ့ကျင့်နေရင်း မသိလိုက်ခင်မှာပင် အချိန်များ ကုန်ဆုံးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် လဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ။
ထိုလဝက်အတွင်း၌ လုမင်သည် သေခြင်းနိယာမနှင့် ဝါးမျိုခြင်းနိယာမတို့ကို ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။
ဤအရှိန်အဟုန်က အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လှပေသည်။ ပြင်ပကမ္ဘာတွင်ဆိုပါက ဤကဲ့သို့သော အောင်မြင်မှုကို ရရှိရန် အနည်းဆုံး ငါးနှစ်ခန့် အချိန်ယူရမည် ဖြစ်သည်။
သို့သော်လည်း ၎င်းကို ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ မြှင့်တင်ပြီးနောက်တွင်မူ ပြည့်စုံခြင်းသို့ ရောက်ရှိအောင် ကျင့်ကြံရန်မှာ အလွန်ပင် ခက်ခဲလိမ့်မည်။ ၎င်းမှာ အချိန်ယူ၍ စုဆောင်းရဦးမည် ဖြစ်၏။
ထိုအချိန်တွင် လုမင်၏ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာသည်။ သူသည် အခြားသော နိယာမများကိုပါ နားလည်ဆင်ခြင်ရန် စိတ်ကူးမိ၏။
"ငါ ဘယ်နိယာမကို လေ့ကျင့်ရမလဲ"
လုမင်က မျက်မှောင်ကျုံ့လိုက်ပြီး သေသေချာချာ စဉ်းစားလိုက်သည်။
နောက်ဆုံးမှာတော့ သူသည် အမျိုးမျိုးသော နိယာမများကို ကျင့်ကြံနိုင်စွမ်း ရှိသည်။ နိယာမများ ပေါင်းစပ်သွားသည့်အခါ ၎င်းက သူ၏ခွန်အားကို များစွာ တိုးတက်စေနိုင်လိမ့်မည်။ ထို့ပြင် ဤကမ္ဘာထဲမှာ နိယာမများကို နားလည်ဆင်ခြင်ခြင်းက အလွန်မြန်ဆန်သည်။ သူက ဤအခွင့်အရေးကောင်းကို လက်လွတ်မခံလိုချေ။
ထို့ကြောင့် အခြားသော နိယာမများကိုလည်း နားလည်သဘောပေါက်ရန် အလိုရှိနေခဲ့သည်။
ခွန်အားနိယာမ။
ခေတ္တမျှ စဉ်းစားပြီးနောက် လုမင်သည် ခွန်အားနိယာမကို ကျင့်ကြံရန် ဆုံးဖြတ်လိုက်ပေသည်။
ခွန်အားနိယာမမှာ ဘုရင်နိယာမ ဖြစ်သည်။ ၎င်းက သူ၏တိုက်ခိုက်မှုတိုင်းကို ကြောက်မက်ဖွယ်ရာ ခွန်အားများ သယ်ဆောင်သွားစေနိုင်လိမ့်မည်။
ထို့ပြင် လုံချန်နှင့် ဟွမ်လီတို့ နှစ်ဦးစလုံးမှာ ခွန်အားနိယာမကို ကျင့်ကြံကြသူများ ဖြစ်ကြသည်။ လုမင်သည် လုံချန်၊ ဟွမ်လီတို့နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်လေ့ကျင့်ဖူးခဲ့၏။ သူသည် ခွန်အားနိယာမအပေါ် ပိုမိုကောင်းမွန်သော နားလည်မှုတို့ ရှိနှင့်နေခဲ့သည်။ ထို့ကြောင့် ၎င်းကို နားလည်ဆင်ခြင်ရသော် သူ့အတွက် ပိုမိုလွယ်ကူလိမ့်မည်။
ထို့ပြင် နိယာမများ ပိုမိုပြည့်စုံလာသည်နှင့်အမျှ လုမင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သူတော်စင်စွမ်းအားတို့မှာ ပို၍သန်မာလာသည်။ တောင်တစ်လုံးကဲ့သို့ လေးလံသော ကစဉ့်ကလျားနိယာမနှင့် ပေါင်းစပ်လိုက်လျှင် သူ၏ တိုက်ခိုက်မှုများက ပို၍ ကြမ်းတမ်းကာ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိလာလိမ့်မည်။
အကယ်၍ သူက ခွန်အားနိယာမကိုပါ ထပ်မံပေါင်းစပ်လိုက်မည်ဆိုပါက သူ၏ တိုက်ခိုက်မှုများမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာမည်မှာ သေချာသည်။
လုမင်လည်း ခွန်အားနိယာမကို အလေးအနက်ထား၍ နားလည်ဆင်ခြင်ပြန်တော့သည်။
ဤကမ္ဘာမှာ အမှန်တကယ် ထူးခြားသည်။ ရက်အနည်းငယ်အတွင်းမှာပင် လုမင်က ခွန်အားနိယာမကို ဆုပ်ကိုင်မိသွားခဲ့ပြီ ဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူက ၎င်းကို နားလည်ဆင်ခြင်ရန် ပို၍ အာရုံစိုက်လိုက်လေသည်။
ဆယ်ရက်ကျော် လွန်မြောက်ပြီးနောက်တွင် လုမင်က ခွန်အားနိယာမကို အမှန်တကယ် နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သူက လက်သီးတစ်ချက် ထုတ်ဖော်လိုက်သောအခါ ၎င်းက အကန့်အသတ်မဲ့သော ခွန်အားတို့ကို သယ်ဆောင်သွား၏။ ၎င်း၏ စွမ်းအားမှာလည်း တုန်လှုပ်ချောက်ချားဖွယ်ရာအတိ ဖြစ်တော့သည်။
ထိုအချိန်မှစ၍ သူသည် သေခြင်းနိယာမ၊ ဝါးမျိုခြင်းနိယာမနှင့် ခွန်အားနိယာမ သုံးခုစလုံးကို တစ်ပြိုင်နက်တည်း နားလည်ဆင်ခြင်ခဲ့သည်။ သူသည် တစ်ခုချင်းစီကို ရက်အနည်းငယ်စီ အလှည့်ကျ အာရုံပြု ဆင်ခြင်ခဲ့၏။
ဤနည်းလမ်းဖြင့် နောက်ထပ် သုံးလ ကုန်ဆုံးသွားခဲ့သည်။ ဝါးမျိုခြင်းနိယာမမှာ နောက်ဆုံးတွင် ပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့ပြီ။ နိယာမမှာလည်း မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွား၏။ လုမင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သူတော်စင်စွမ်းအားတို့မှာ ထပ်မံ၍ ကြီးမားစွာ တိုးတက်လာပြန်တော့သည်။
ဝါးမျိုခြင်းနိယာမ အဆင့်တက်သွားပြီး သုံးလအကြာတွင် လုမင် ဤနေရာသို့ ရောက်ရှိနေခဲ့သည်မှာ တစ်နှစ်ကျော်သွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် သေခြင်းနိယာမသည်လည်း အဆင့်တက်ခဲ့၏။ ၎င်းက မြစ်တစ်စင်းအဖြစ် ဖွဲ့စည်းသွားခဲ့ပြီး ပြည့်စုံခြင်းသို့ ရောက်ရှိခဲ့ပေသည်။
သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သူတော်စင်စွမ်းအားတို့မှာ နောက်တစ်ကြိမ် ထပ်မံ၍ သန့်စင်ခြင်းခံခဲ့ရသည်။
ယခုအခါ လုမင်သည် သူ၏ သူတော်စင်စွမ်းအားများက လှိုင်းတံပိုးကဲ့သို့ မြင့်တက်လာနေသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ ကြောက်ခမန်းလိလိ ဖြစ်နေပြီ။
သူ၏ ခန္ဓာကိုယ်မှာလည်း ပြင်းထန်သော ပေါက်ကွဲနိုင်စွမ်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ယခုအခါတွင် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသက်သက်နှင့်တင် သာမန် ကြယ်တစ်ပွင့်အဆင့် ဗလာနယ်ဧကရာဇ် တစ်ဦးကို ချေမှုန်းပစ်နိုင်ပြီဟု ခံစားရသည်။
ထို့ပြင် ဤအရာက စိတ်ကူးယဉ်ခြင်း မဟုတ်ချေ။ သူက အမှန်တကယ်ပင် အလွန်အမင်း သန်မာလာခဲ့ခြင်း ဖြစ်သည်။
လုမင်ကိုယ်တိုင်ပင် ယခုအခါ သူ့ကိုယ်သူ မည်မျှသန်မာနေပြီလဲဆိုသည်ကို မသိရှိတော့ချေ။
ယခုအခါ နိယာမလေးခုက ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။ အသန်မာဆုံး နိယာမနှစ်ခုနှင့် ဘုရင်နိယာမနှစ်ခု... သူ၏ ခန္ဓာကိုယ်နှင့် သူတော်စင်စွမ်းအားတို့မှာ လေးကြိမ်တိုင်တိုင် သွန်းလုပ်ခြင်း ခံခဲ့ရပြီ ဖြစ်ပေသည်။
ပြည့်စုံသွားသော နိယာမလေးခု၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ထို့ပြင် လုမင်သည် ခွန်အားနိယာမကိုလည်း အလွန်အမင်း မြင့်မားသော အဆင့်တစ်ခုအထိ ကျင့်ကြံထားခဲ့ပြီး ဖြစ်သည်။ ခွန်အားနိယာမက မြစ်တစ်စင်းအဖြစ် ဖွဲ့စည်းရန် များစွာမဝေးတော့ပေ။
လုမင် ဤနေရာတွင် ရှိနေခဲ့သည်မှာ တစ်နှစ်နှင့် သုံးလ ရောက်ရှိလာသောအခါ သူ၏ ခွန်အားနိယာမသည်လည်း ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့သည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာ နောက်တစ်ကြိမ် ထပ်မံ၍ အဆများစွာ မြင့်တက်သွားပြန်တော့သည်။
"ဝုန်း... ဝုန်း..."
လုမင်က ကစဉ့်ကလျား နတ်ဘုရားလက်ဝါးကို ထုတ်ဖော်လိုက်ပြီး လွတ်လပ်စွာ လှုပ်ရှားလိုက်သည်။ နိယာမငါးမျိုးလုံး ပေါင်းစပ်သွားခဲ့ပြီးနောက် ကောင်းကင်နှင့် မြေပြင်အကြားတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားခဲ့၏။ ၎င်းက ဧရာမခေါင်းလောင်းကြီးတစ်လုံးကို ထိုးနှက်လိုက်သကဲ့သို့ပင်။
"ကောင်းလိုက်တာ... သိပ်ကောင်းတယ်"
အချိန်အတော်ကြာပြီးနောက် လုမင် ရပ်တန့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။ သူ၏ မျက်လုံးများမှာမူ အရောင်တလက်လက် တောက်ပနေတော့သည်။
ဤကမ္ဘာ၏ ဖိအားမှာ ကြီးမားလွန်းလှသည်။ သို့သော်လည်း ယခုအခါ လုမင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်အမင်း သန်မာနေခဲ့ပြီ။ သူသည် သူတော်စင်စွမ်းအားကိုပင် အသုံးပြုရန် မလိုအပ်ဘဲ ခန္ဓာကိုယ်သက်သက်ဖြင့် ကြံ့ကြံ့ခံပြီး ဝေးလံသော နေရာသို့ ခရီးသွားနိုင်ပြီဟု ခံစားရသည်။
ဤအရာမှာ သာမန်လူတစ်ဦး လုံးဝ လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။
"နိယာမတွေက ပြီးပြည့်စုံသွားပေမဲ့ အမှန်တကယ် ပြည့်စုံသွားပုံမရသေးဘူး"
ထို့နောက် လုမင်သည် နိယာမများက ပုံမှန်မဟုတ်ကြောင်း ခံစားလိုက်မိသည်။
သူသည် နိယာမငါးခုကို တစ်ဆက်တည်း နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်၏။ ထိုအခါ ပြီးပြည့်စုံခြင်းက အဆင့်တစ်ခုမျှသာ ဖြစ်သေးကြောင်း သတိပြုမိလိုက်သည်။ ၎င်းက အဆုံးသတ် မဟုတ်သေးဘဲ ဆက်လက်၍ မြင့်မားလာနိုင်စွမ်း ရှိသေးသည်။
ထို့ပြင်၊ နိယာမများက ကမ္ဘာကြီး၏ အခြေခံအုတ်မြစ် ဖြစ်ကြကြောင်း ဦးလေးခုန်း ပြောခဲ့ဖူးသည်ကို သူ အမှတ်ရမိသည်။ ၎င်းတို့မှာ အလွန်နက်နဲပြီး လက်ရှိအဆင့်နှင့် ဝေးကွာလွန်းလှပေသည်။ ဧကရာဇ်တစ်ပိုင်းများ၏ ပြီးပြည့်စုံခြင်းဟု ခေါ်ဆိုသော နိယာမများမှာ အမှန်တကယ် ပြည့်စုံခြင်း၏ ပထမဆုံးအဆင့်မျှသာ ဖြစ်သည်။
နိယာမများကို နားလည်သဘောပေါက်မှုမှာလည်း အဆင့်အမြောက်အမြား ခွဲခြားထားပေသည်။
သို့သော်လည်း ၎င်းကို ထိုးဖောက်ဝင်ရောက်ရန်မှာ အလွန် ခက်ခဲသည်။ သာမန် ဗလာနယ်ဧကရာဇ်များပင်လျှင် ၎င်းကို မထိုးဖောက်နိုင်ကြချေ။
သို့သော်လည်း လုမင်က ထိုအကြောင်းကို ခေတ္တမျှသာ တွေးတောလိုက်ပြီး ဆက်လက်မတွေးတော့ပါ။ သူဟာ သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရန်ပင် အနည်းငယ် ကွာဝေးနေသေးဆဲ ဖြစ်သည်။
"ငါ ဒီမှာ ရှိနေခဲ့တာ တစ်နှစ်နဲ့ သုံးလတောင် ရှိသွားခဲ့ပြီပဲ။ အချိန်သိပ်ပြီး မကျန်တော့ဘူး။ ငါ လောလောဆယ်တော့ အခြားနိယာမတွေကို နားလည်သဘောပေါက်အောင် လုပ်မနေတော့ဘူး။ ဒီနိယာမငါးခုကို ပေါင်းစည်းပြီး သိုင်းဧကရာဇ်နယ်ပယ်ကို ထိုးဖောက်နိုင်ဖို့ပဲ ကြိုးစားတော့မယ်"
လုမင်လည်း သူ၏ ကျင့်ကြံမှုလမ်းကြောင်းကို ရွေးချယ်ပြီး စတင်လေ့ကျင့်လိုက်လေသည်။