← Chapters

အခန်း ၂၁၀၅

Vol. 146 Ch. 2105

အခန်း ၂၁၀၅

Vol. 146 Ch. 2105

အပိုင်း ( 2105 ) လျှို့ဝှက်ဆန်းကြယ်သော လူငယ်။

လုမင်က စိတ်နှစ်၍ လေ့ကျင့်ခြင်းအခြေအနေသို့ ဝင်ရောက်သွားလေသည်။

ထိုအချိန်တွင် ဤနေရာသို့ ဝင်ရောက်လာကြသော ပါရမီရှင်များအားလုံးသည်လည်း ကြီးမားသော တိုးတက်မှုများကို ရရှိခဲ့ကြသည်။

"ဝုန်း"

ကျောက်ဆောင်တစ်ခုထက်တွင် အသက် နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးမလေးတစ်ယောက် ထိုင်နေသည်။ ဤအခိုက်တွင် သူ၏ အရှိန်အဝါမှာ ရုတ်တရက် ထိုးတက်သွားခဲ့၏။

ဧကရာဇ်တစ်ပါး၏ အရှိန်အဝါက အကန့်အသတ်မဲ့ ပင်လယ်ပြင်ကြီးကဲ့သို့ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားတော့သည်။

မကြာမီမှာပင် မိုးကြိုးကပ်ဘေးတစ်ခု ကျရောက်လာခဲ့သော်လည်း ကလေးမလေးက ၎င်းကို လွယ်ကူစွာပင် ကျော်ဖြတ်နိုင်ခဲ့သည်။

"ငါ နောက်ဆုံးတော့ သိုင်းဧကရာဇ်နယ်ပယ်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ။ တွိ..."

ကလေးမက တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ဤကလေးမမှာ အခြားသူမဟုတ်ဘဲ ပေါင်ပေါင်ပင် ဖြစ်သည်။

အခြားသော တောင်ကြားတစ်ခုတွင်လည်း မိုးကြိုးကပ်ဘေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မကြာမီမှာပင် ထိုမိုးကြိုးကပ်ဘေးမှာ ပျောက်ကွယ်သွားခဲ့ပြီး လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့၏။

၎င်းက မုယန်ပင်။

ဤအခိုက်တွင် သူ့ခန္ဓာကိုယ်မှ သန်မာသော အရှိန်အဝါတစ်ခု ဖြာထွက်နေခဲ့သည်။ ၎င်းမှာ ဧကရာဇ်ဖိအားပင် ဖြစ်၏။ သူသည်လည်း သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ။

"ဟားဟားဟား၊ ငါ နောက်ဆုံးတော့ သိုင်းဧကရာဇ်နယ်ပယ်ကို ထိုးဖောက်နိုင်ခဲ့ပြီ။ နောက်တစ်ကြိမ် အဲဒီ ထျန်းယွမ်ဆိုတဲ့ကောင်နဲ့ တွေ့ရင်တော့ ငါ သူ့ကို အမှုန့်ကြိတ်ပစ်မယ်"

မုယန်က ယုံကြည်ချက်အပြည့်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ပြီးနောက် သူ့ခွန်အားမှာ အဆများစွာ မြင့်တက်သွားခဲ့၏။ သူသည် လုမင်ကို သတ်ဖြတ်နိုင်မည်ဟု တစ်ရာရာခိုင်နှုန်း ယုံကြည်ချက် ရှိနေတော့သည်။

ဟုတ်သည်၊ ထျန်းယွမ်ဆိုသူမှာ လုမင်ဖြစ်ကြောင်းကိုမူ သဘာဝအတိုင်း သူ မသိရှိခဲ့ချေ။ လုမင်ကို ထျန်းယွမ်ဟုသာ သူ ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

သူတို့တင်မကဘဲ အခြားသော လူအမြောက်အမြားသည်လည်း ထိုးဖောက်နိုင်ခဲ့ကြပေသည်။

ဟန်ရှင်းဟဲ၊ မရဏဓား၊ ကောလုံ...

ဤကောင်းကင်သားတော်များမှာ မူလကပင် ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြသည်။ ဤနေရာတွင် အချိန်အတော်ကြာအောင် လေ့ကျင့်ပြီးနောက် သူတို့အားလုံးက သူတို့၏ အနှောင်အဖွဲ့များကို ချိုးဖျက်ကာ သိုင်းဧကရာဇ်နယ်ပယ်သို့ ခြေချနိုင်ခဲ့ကြပြီ။

စင်စစ်တွင် ဘုရင်ခန္ဓာရှိသူ အချို့ပင်လျှင် ထိုးဖောက်မှုများ ပြုလုပ်နိုင်ခဲ့ကြပြီး သိုင်းဧကရာဇ်များ ဖြစ်လာခဲ့ကြသည်။

ဧကရာဇ်တစ်ပိုင်းနှင့် သိုင်းဧကရာဇ်အကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိ၏။ ၎င်းကို ထိုးဖောက်ရန်မှာ အလွန်အမင်း ခက်ခဲပြီး စုဆောင်းရန်အတွက် အချိန်အတော်ကြာ လိုအပ်၏။

အကယ်၍ ပြင်ပကမ္ဘာတွင်ဆိုပါက ဤမျှ မြန်ဆန်လိမ့်မည် မဟုတ်ချေ။ ဆယ်နှစ်ခန့် စုဆောင်းမှု မရှိဘဲနှင့်မူ ထိုးဖောက်ဝင်ရောက်ရန် အလွန်ပင် ခက်ခဲလိမ့်မည်။

သို့သော်လည်း ဤနေရာတွင်မူ လူအများစုက တစ်နှစ်ကျော်ရုံမျှဖြင့် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြသည်။

ဤအရာက တကယ်ကို ကြီးမားသော အခွင့်အရေးတစ်ခုပင်။

သိုင်းဧကရာဇ် ဖြစ်နှင့်နေပြီးသားဖြစ်သော ယွမ်ရှင်းနှင့် ရဟန်းဝူလျန့်တို့အတွက်မူ သူတို့က နောက်ထပ်ခြေလှမ်းတစ်လှမ်း ထပ်မံလှမ်းတက်နိုင်ခဲ့ကြပြီး သူတို့၏ ကျင့်ကြံခြင်းမှာ ပိုမိုသန်မာလာခဲ့သည်။

လူတိုင်းက တိုးတက်နေခဲ့ကြပြီး သူတို့၏ ခွန်အားများမှာလည်း များစွာ မြင့်တက်လာခဲ့ကြပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့က ဤနေရာသို့ ဝင်ရောက်လာခဲ့ကြသည်မှာ တစ်နှစ်နှင့် ရှစ်လတိတိ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤအချိန်တွင် လုမင်က ကျင့်ကြံခြင်းကို ရပ်တန့်လိုက်၏။

သူသည် သူ၏ ကျင့်ကြံခြင်းက အကန့်အသတ်တစ်ခုသို့ ရောက်ရှိနေပြီဟု ခံစားရသည်။ ထို့ကြောင့် သူသည် သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရန် မကြိုးစားမီ ခေတ္တမျှ အနားယူရန် စီစဉ်ခဲ့လေသည်။

'ဒီနေရာက သဘာဝစွမ်းအင်တွေ ပြည့်နှက်နေတာပဲ။ ဒီမှာ အခြား သဘာဝရတနာတွေ ရှိနေမလားမသိဘူး။ ငါ သွားပြီး ရှာဖွေကြည့်ရင် ကောင်းမယ်'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

အခြားသူများမှာ ဝေးလံသောနေရာသို့ မသွားနိုင်ကြသော်လည်း သူ၏ လက်ရှိခန္ဓာကိုယ်ကြံ့ခိုင်မှုအရ မခက်ခဲတော့ပေ။

သူက ပတ်ဝန်းကျင်ကို လှည့်ပတ်သွားလာရန် စိတ်ကူးမိသည်။

အထူးသဖြင့် သူသည် ဤနေရာမှာ ညီညာမှုမရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပေသည်။ ဤနေရာက တောင်စောင်းတစ်ခုဖြစ်ပြီး သူသည် ထိုတောင်စောင်း၏ အလယ်ဗဟိုတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ သူက ထိပ်ဆုံးသို့ တက်လှမ်းပြီး ပတ်ဝန်းကျင်လောကကြီးကို ကြည့်လိုခဲ့၏။

လုမင်လည်း စဉ်းစားမိသည်နှင့် စတင်လှုပ်ရှားလိုက်တော့သည်။ သူက တောင်စောင်းအတိုင်း အထက်သို့ တက်လှမ်းသွား၏။

ဤနေရာရှိ တောင်စောင်းမှာ မတ်စောက်ခြင်းမရှိသော်လည်း အထက်သို့ တည့်တည့်ဦးတည်နေခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် လုမင်သည် အထက်သို့ ပိုမိုရောက်ရှိလေလေ၊ ဖိအားက ပိုမိုကြီးမားလေလေဖြစ်ကြောင်း သိခဲ့ရပေသည်။

ဤတိုးမြင့်လာမှုမှာ မကြီးမားသော်လည်း ၎င်းမှာ တဖြည်းဖြည်းချင်း ပိုမိုပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင်၊ လုမင်၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအရ ၎င်းကို ကြံ့ကြံ့ခံနိုင်သေးသည်။

လုမင်က တောင်စောင်းအတိုင်း သုံးရက်တိုင်တိုင် လမ်းလျှောက်ခဲ့သည်။ သို့သော် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ချေ။ နေရာတိုင်းမှာ ပြောင်စင်နေခဲ့ပြီး မည်သည့် သက်ရှိသတ္တဝါမျှ ရှိမနေခဲ့သလို ပြင်ပမှ ဝင်ရောက်လာသူ မည်သူ့ကိုမျှလည်း သူ မတွေ့ရှိခဲ့ရပါ။

လုမင်သည် ပြင်ပမှ ဝင်ရောက်လာသော လူများက တောင်စောင်း၏ အောက်ခြေတွင် ရှိနေနိုင်သည်ဟု ခန့်မှန်းလိုက်မိသည်။

ဤသို့ဖြင့် လုမင်သည် နောက်ထပ် တစ်ရက်မျှ လမ်းလျှောက်ခဲ့လေသည်။ ထိုအချိန်တွင် မြေပြင်က ညီညာသွားခဲ့ပြီဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ သူက အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ပုံပင်။

မျက်စိတစ်ဆုံး လှမ်းကြည့်လိုက်ပါက ကျောက်ဆောင်များများ တောင်ကုန်းငယ်များကဲ့သို့ ရှိနေသည်ကို မြင်ရသည်။ သဘာဝအရ တောင်ထိပ်အချို့ ရှိနေခဲ့သော်လည်း မည်သည့်အပင်မျှတော့ ရှိမနေခဲ့ချေ။

ထို့ပြင် ဤနေရာရှိ သဘာဝစွမ်းအင်များမှာ ပိုမိုသိပ်သည်းနေပုံရသည်။

လုမင်က ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွား၏။ သူဟာ လက်မလျှော့လိုဘဲ ဆက်လက်ရှာဖွေလိုခဲ့ခြင်း ဖြစ်သည်။

မကြာမီမှာပင် သူက တောင်ကြားတစ်ခုသို့ ရောက်ရှိလာတော့သည်။

"လူရှိတယ်"

တောင်ကြားအတွင်းသို့ ဝင်ရောက်ပြီးနောက် ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။ လုမင် အံ့ဩသွား၏။

အသက် နှစ်ဆယ်ကျော်အရွယ်ဟု ထင်ရသော လူငယ်နှစ်ဦးက ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေသည်။

ဤလူနှစ်ဦးစလုံးက မျက်နှာစိမ်းများဖြစ်ပြီး လုမင်သည် သူတို့ကို ယခင်က လုံးဝ မမြင်ဖူးခဲ့ချေ။

သူတို့သည် ဝင်ရောက်လာခဲ့ကြသော လူပေါင်း သုံးရာနှစ်ဆယ်ထဲမှ မည်သူမျှ မဟုတ်ပါ။

အကြောင်းမှာ ကံကြမ္မာတောင်ထက်တွင် စောင့်ဆိုင်းနေခဲ့ကြစဉ်က လူပေါင်း သုံးရာနှစ်ဆယ်တို့သည် တစ်ဦးကိုတစ်ဦး အကဲခတ်ကြည့်ဖူးခြင်းကြောင့် ဖြစ်သည်။ သူတို့၏ မှတ်သားနိုင်စွမ်းအရ တစ်ကြိမ်မြင်ဖူးရုံမျှနှင့်တင် တစ်ဦးအပေါ်တစ်ဦး မှတ်သားမိနေကြလိမ့်မည်။

သို့သော်လည်း လုမင်သည် ဤလူငယ်နှစ်ဦးနှင့် ပတ်သက်၍ မည်သည့်ခံစားမှုမျှ ရှိမနေခဲ့ချေ။

ထိုလူငယ်နှစ်ဦးထဲမှ တစ်ဦးက ဝတ်စုံနက်ကို ဝတ်ဆင်ထားခဲ့သည်။ သူ၏ ဆံပင်များကလည်း နက်မှောင်နေပြီး အေးစက်မာကျောဟန် ရှိ၏။

အခြားသော လူငယ်တစ်ဦးတွင်မူ ခရမ်းရောင်ဆံပင်ရှည်များရှိပြီး အလွန်ချောမောသည်။ သူ့တွင် တစ်ချက်ကြည့်ရုံမျှနှင့် မေ့ပျောက်ရန် ခက်ခဲစေသော အရှိန်အဝါတစ်မျိုး ရှိနေခဲ့ပေသည်။

'သူတို့က ဘယ်သူတွေလဲ၊ ဘာဖြစ်လို့ ဒီကို ရောက်နေကြတာလဲ'

လုမင် အလွန်ပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။

ထိုလူပေါင်း သုံးရာနှစ်ဆယ်အပြင် ဤနေရာသို့ ဝင်ရောက်လာခဲ့ကြသော အခြားသူများလည်း ရှိနေသေးသလော။

ဤအချိန်တွင် ထိုလူငယ်နှစ်ဦးသည်လည်း လုမင်ကို မြင်တွေ့သွားခဲ့ကြပြီး အံ့ဩဟန်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

"သူက ဘယ်သူလဲ၊ မျက်နှာစိမ်းပဲ။ ကျုပ် သူ့ကို တစ်ခါမှ မမြင်ဖူးဘူး"

ဆံပင်နက်နှင့် လူငယ်က အေးစက်ပြီး ထောင်လွှားသော အသံဖြင့် ပြောလိုက်သည်။

ခရမ်းရောင်ဆံပင်နှင့် လူငယ်ကမူ စဉ်းစားနေဟန် ရှိ၏။ ရုတ်တရက်၊ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်သည်။

"သူက ယွမ်လုရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နိုင်မလား။ မကြာသေးခင်က ယွမ်လုရဲ့ ပါရမီရှင်အချို့လည်း ဒီကမ္ဘာထဲကို ဝင်ပြီး ကျင့်ကြံနေကြတယ်လို့ ကျုပ်ကြားခဲ့တယ်"

ထိုနှစ်ဦးအကြားရှိ စကားများကို ကြားလိုက်ရချိန်တွင် လုမင် တုန်လှုပ်သွားခဲ့ရသည်။

သူတို့က ဘာကို ဆိုလိုပါသနည်း။

ခရမ်းရောင်ဆံပင်နှင့် လူငယ်က လုမင်ကို ယွမ်လုမှ ပါရမီရှင်တစ်ဦး ဖြစ်နိုင်ကြောင်း ပြောခဲ့သည်။ သို့ဆိုလျှင်၊ ထိုလူငယ်ကိုယ်တိုင်က ယွမ်လုမှ မဟုတ်သော အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်ပါလား။

သူက ကောင်းကင်ကမ္ဘာမှလူပင် ဖြစ်နေပါသလား။

လုမင်က ချက်ချင်းပင် ကောင်းကင်ကမ္ဘာကို တွေးတောလိုက်မိသည်။

သို့သော်လည်း ကောင်းကင်ကမ္ဘာမှ လူတစ်ဦးသည် အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာရသနည်း။

"မင်းက ဘယ်ကလဲ၊ ကောင်းကင်ကမ္ဘာကလား ဒါမှမဟုတ် ယွမ်လုကလား"

ဆံပင်နက်နှင့် လူငယ်မှာ စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခုကို လှစ်ဟလာခဲ့သည်။

"ယွမ်လုကပါ၊ ခင်ဗျားတို့ကရော ဘယ်သူတွေလဲဆိုတာ မေးပါရစေ"

လုမင် လက်ယှက်ပြရင်း ယဉ်ကျေးစွာ ပြောလိုက်၏။

"မျှော်လင့်ထားတဲ့အတိုင်းပဲ... မင်းက ယွမ်လုကပဲ။ ယွမ်လုကနေ ဒီနေရာကို လာနိုင်တဲ့သူ ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကြည့်ရတာ မင်းရဲ့ ကျင့်ကြံခြင်းက အားနည်းပုံမရဘူးပဲ။ ငါ တကယ်ကို သိချင်မိတယ်။ ယွမ်လုက ပါရမီရှင်တစ်ယောက်ရဲ့ ကျင့်ကြံခြင်းက ဘယ်လိုမျိုးလဲဆိုတာ"

ဆံပင်နက်နှင့် လူငယ်ကပင် ပြောသည်။

ထိုသို့ ပြောပြီးနောက် ဆံပင်နက်နှင့် လူငယ်မှာ မတ်တတ်ထရပ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး လုမင်ထံသို့ လှမ်းလျှောက်လာတော့သည်။

လုမင် အံ့ဩသွားခဲ့ရသည်။ ဤလူငယ်နှစ်ဦးက အမှန်တကယ်ပင် ကောင်းကင်ကမ္ဘာမှ ဖြစ်နေပုံပင်။

တစ်ချိန်တည်းမှာပင် လုမင် ဆွံ့အံသွားခဲ့ရသည်။ သူတို့မှာ ယခုလေးတင်မှ ဆုံတွေ့ကြခြင်း ဖြစ်သော်လည်း ဆံပင်နက်နှင့် လူငယ်မှာ သူ့ကို တိုက်ခိုက်ချင်နေပြီ။

"ဝုန်း"

ဆံပင်နက်နှင့် လူငယ်က ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ ၎င်းမှာ ဧကရာဇ်အရှိန်အဝါပင် ဖြစ်တော့သည်။

ထိုဆံပင်နက်နှင့် လူငယ်မှာ သိုင်းဧကရာဇ်တစ်ဦး ဖြစ်သည်။

"လာစမ်း... မင်းရဲ့ ခွန်အားကို ကို ပြစမ်းပါ"

ဆံပင်နက်နှင့် လူငယ်၏ ခြေလှမ်းများမှာ ပိုမို မြန်ဆန်လာခဲ့သည်။ အဆုံးတွင်၊ သူသည် အနက်ရောင် မိုးကြိုးလျှပ်စီးတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လုမင်ထံသို့ ပြေးဝင်လာခဲ့၏။ တစ်ချိန်တည်းမှာပင် သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးအင်အားတစ်ခုက လုမင်ထံသို့ ဖြတ်သန်းလာတော့သည်။

'ပြန်လည်ဝင်စားခြင်း စွမ်းအား... သူက ကောင်းကင်သားတော်ပဲ'

လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။ ထိုဆံပင်နက်နှင့် လူငယ်၏ လက်ဝါးထဲတွင် ပြန်လည်ဝင်စားခြင်း နိယာမများ ပါဝင်နေခဲ့၏။

"ဝုန်း"

လုမင်သည်လည်း လှုပ်ရှားလိုက်ပြီး လက်ဝါးတစ်ချက် ပြန်လည်ရိုက်ထုတ်လိုက်တော့သည်။

လူနှစ်ဦး၏ လက်ဝါးများက ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ပေါက်ကွဲသံကျယ်ကြီးနှင့် တောင်ကြားတစ်ခုလုံး တုန်ခါသွားခဲ့ရ၏။

"မဆိုးဘူးပဲ... ထပ်လာစမ်း"

ဆံပင်နက်နှင့် လူငယ်က လက်ဝါးရိုက်ချက်များဆက်လက်ထုတ်ဖော်လိုက်သည်။ သူသည် ခဏတွင်းမှာပင် လက်ဝါးရိုက်ချက် ဆယ်ချက်မက ရိုက်ထုတ်ခဲ့၏။ ထိုစွမ်းအားက ကြောက်ခမန်းလိလိပင် ဖြစ်တော့သည်။

လုမင်လည်း တစ်ဖက်လူကို တိုက်ခိုက်ရန်အတွက် ကစဉ့်ကလျားနိယာမကို အသုံးပြုခဲ့၏။ သူတို့သည် တိုက်ခိုက်မှု ဆယ်ကြိမ်မက ရင်ဆိုင်ခဲ့သော်လည်း အနိုင်အရှုံးကို ခွဲခြားရန် မလွယ်သေးပေ။

"ဧကရာဇ်တစ်ပိုင်းအဆင့်ပဲရှိတဲ့သူက အမှန်တကယ် ဒီလို သန်မာတဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိနေတာပဲ။ မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အရမ်းသန်မာတယ်။ မဟုတ်မှလွဲ မင်းက ရှေးဟောင်းခန္ဓာလမ်းစဉ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာလား။ မဟုတ်သေးပါဘူး... ရှေးဟောင်းခန္ဓာ ကျင့်ကြံသူတစ်ယောက်က နိယာမကို ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ"

ဝတ်စုံနက်နှင့် လူငယ်က တအံ့တဩဖြင့် ပြောလိုက်သည်။

ခရမ်းရောင်ဆံပင်နှင့် လူငယ်ပင်လျှင် လုမင်ကို အံ့ဩမှု အရိပ်အယောင်အချို့ဖြင့် လှမ်းကြည့်လိုက်မိပေသည်။

'ဒီကောင်က တော်တော်မာတယ်'

လုမင်သည်လည်း အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။

သူ၏ လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ သူတော်စင်စွမ်းအင်၊ ပြီးပြည့်စုံခြင်းအဆင့် ကစဉ့်ကလျားနိယာမတို့ဖြင့် သူ၏တိုက်ခိုက်နိုင်စွမ်းမှာ ကြောက်စရာကောင်းနေပြီ ဖြစ်သည်။ သို့တိုင်၊ ဤလူငယ်လေးကိုတော့ ဘာမှမတတ်နိုင်ခဲ့ပေ။

All Chapters