အခန်း ၂၁၀၆
Vol. 146 Ch. 2106
အပိုင်း ( 2106 ) အဆင့်မတက်နိုင်ပါ။
"မင်းလည်း အားမနည်းပါဘူး"
လုမင်က ပြောလိုက်၏။
လုမင်သည် အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သော်လည်း ဆံပင်နက်နှင့်လူငယ်မှာမူ စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။ သူ၏အေးစက်ပြီး ထောင်လွှားသောမျက်နှာမှာ ပို၍မှုန်ကုပ်သွားခဲ့၏။ လုမင်က သူ့ကို အထင်သေးနေသည်ဟု ထင်မှတ်သွားခဲ့ခြင်း ဖြစ်သည်။
"ကောင်လေး... ငါ ခုနက ငါ့ရဲ့ခွန်အားအပြည့်ကို မထုတ်ရသေးဘူးကွ။ မင်းက ငါ့ကို ယှဉ်နိုင်တယ်လို့ တကယ်ထင်နေတာလား။ အခု ငါ့ရဲ့ခွန်အားအပြည့်ကို ပြမယ်။ မင်း ငါ့ရဲ့တိုက်ကွက် ဘယ်နှစ်ကွက်ကို ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ဆံပင်နက်နှင့်လူငယ်က အေးစက်စွာ ပြောဆိုလိုက်သည်။ သူ၏အရှိန်အဝါမှာလည်း ပို၍ပင် အားကောင်းလာတော့သည်။
ထိုအချိန်တွင် ခရမ်းရောင်ဆံပင်နှင့်လူငယ်က တားမြစ်လိုက်သည်။
"ဂိုဏ်းတူညီလေး... ရပ်လိုက်ပါ၊ အချိန်ကျခါနီးနေပြီ"
ဆံပင်နက်နှင့်လူငယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ သူက လုမင်ကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်၏။
"ဒီတစ်ကြိမ်တော့ မင်းကို လွှတ်ပေးလိုက်မယ်"
ထိုသို့ပြောဆိုပြီးနောက် သူက လှည့်ထွက်သွားခဲ့ပြီး ခရမ်းရောင်ဆံပင်နှင့်လူငယ်နှင့်အတူ ဂူတစ်ခုအတွင်းသို့ ဝင်ရောက်သွားတော့သည်။
တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာတွင် ဂူတစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။
ထိုလူငယ်နှစ်ဦးမှာ တစ်စုံတစ်ခုကို ဂူပြင်ပ၌ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်ပုံရပေသည်။
'ဒီဂူထဲမှာ တစ်ခုခုတော့ ရှိနေရမယ်။ ဒါက ရတနာတစ်မျိုးမျိုး ဖြစ်နိုင်တယ်'
လုမင်က စဉ်းစားလိုက်သည်။ သို့သော်လည်း အသေအချာ စဉ်းစားပြီးနောက်တွင် လုမင်သည် ထိုဂူထဲသို့ ဝင်မသွားခဲ့ချေ။
ထိုလူငယ်နှစ်ဦးမှာ ကောင်းကင်ကမ္ဘာ၏ ပါရမီရှင်များ ဖြစ်ကြောင်း ထင်ရှားသည်။ လုမင်အနေဖြင့် သူတို့ကို အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ ပြဿနာမရှာလိုပေ။
'ငါ အရင်ဆုံး ထွက်ခွာပြီး တခြားနေရာတွေကို သွားကြည့်တာက ပိုကောင်းလိမ့်မယ်'
လုမင်လည်း သူ့စိတ်ထဲမှ တွေးလိုက်ပြီး တောင်ကြားထဲမှ လှည့်ထွက်လာခဲ့လိုက်သည်။
သို့သော်၊ သူ၏စိတ်ကို တည်ငြိမ်အောင် မလုပ်နိုင်သေးချေ။ ဤနေရာက ရိုးရှင်းသောနေရာ မဟုတ်ကြောင်း ထင်ရှားသည်။ ကောင်းကင်ကမ္ဘာ၏ ပါရမီရှင်များပင် ရှိနေခဲ့သေးသည်။
ဤကမ္ဘာမြေ၏ ထောင့်စွန်းမှာ ယွမ်လု၏ အကျော်အမော်များကြောင့် မဟုတ်ဘဲ ကောင်းကင်ကမ္ဘာ၏ အကျော်အမော်များကြောင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်နိုင်ပါမည်လော။
လုမင်၏ အတွေးများက လျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။
ထို့နောက် လုမင်သည် နောက်ထပ် နှစ်ရက်ခန့် လမ်းလျှောက်ခဲ့ပေသည်။ နောက်ဆုံးတွင် တောင်ကြားလမ်းတစ်ခု၌ ထူးဆန်းသော နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုနေရာတွင် နတ်ဆိုးရေကန် သို့မဟုတ် ဝိညာဉ်ရေကန်နှင့် တူလှသော ရေကန်တစ်ခု ရှိနေခဲ့၏။ မွေးရာပါ မူလစွမ်းအင်များက ၎င်းထံမှ ဖြာထွက်နေခဲ့ပြီး စွမ်းအင်ပမာဏမှာလည်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းလောက်အောင် မြင့်မားလှပေသည်။
လုမင်၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။ သူသည် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကို ဤနေရာရှိ စွမ်းအင်များအား စုပ်ယူစေရန် စီစဉ်လိုက်၏။
ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်တွင် သိုလှောင်ထားသော စွမ်းအင်က သတ်မှတ်ထားသော ပမာဏတစ်ခုသို့ ရောက်ရှိသွားသည်နှင့် ၎င်းကို ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်သည်။ ထိုအခါတွင် သူက အရာရာကို လုပ်ဆောင်ရာ၌ တွန့်ဆုတ်မှု၊ စိုးရိမ်မှုများစွာ ရှိတော့မည် မဟုတ်ချေ။
ချက်ချင်းပင် လုမင်က ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ထုတ်ယူလိုက်ပြီး ကောင်းကင်ဧကရာဇ်၏ခန္ဓာအား ထိန်းချုပ်သည့် ကျင့်စဉ်နည်းလမ်းကို လည်ပတ်လိုက်သည်။ ထို့နောက်မှာတော့ ဤနေရာရှိ စွမ်းအင်များကို စတင်စုပ်ယူလိုက်တော့သည်။
ဤနေရာတွင် မူလစွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့ပြီး ထိုစွမ်းအင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြွယ်ဝသည်။ လုမင်က ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ထိန်းချုပ်သည့် နည်းလမ်းအား လှုံ့ဆော်လိုက်သည်နှင့် အရပ်မျက်နှာအသီးသီးမှ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြွယ်ဝလှသော စွမ်းအင်များမှာ ကောင်းကင်ဧကရာဇ်၏ခန္ဓာသို့ စုပြုံရောက်ရှိလာခဲ့တော့သည်။
ထို့ပြင် ဤနေရာရှိ စွမ်းအင် အရည်အသွေးက အလွန်မြင့်မားသည်။ ကောင်းကင်ဧကရာဇ်၏ခန္ဓာအတွင်းရှိ စွမ်းအင်သိုလှောင်မှုက လျင်မြန်စွာ တိုးတက်လာခဲ့၏။
အချိန်နှင့်အမျှ ကောင်းကင်ဧကရာဇ်၏ခန္ဓာထဲတွင် စွမ်းအင်များ တိုးပွားလာပြီး သန်မာလာနေသည်ကို ခံစားနေရသည်။
ရက်အနည်းငယ် အချိန်တိုအတွင်းမှာပင် ကောင်းကင်ဧကရာဇ်၏ခန္ဓာထဲရှိ စွမ်းအင်မှာ တစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့သည်။
သိုလှောင်ထားသော စွမ်းအင်က တစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည့်အခါ လုမင်အနေဖြင့် ၎င်းကို ထိန်းချုပ်နိုင်စွမ်း ရှိလာလိမ့်မည်။
လုမင်မှာ အလွန်ပင် အူမြူးသွားမိသော်လည်း စွမ်းအင်စုပ်ယူခြင်းကိုတော့ ရပ်တန့်မသွားခဲ့ချေ။ သူက ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ဆက်လက်ထိန်းချုပ်ကာ စွမ်းအင်များကို ရူးသွပ်စွာ ဆက်လက်စုပ်ယူနေခဲ့သည်။
ဤနေရာတွင် စွမ်းအင်များစွာ ရှိနေသည့်အတွက် သူ ပိုမို၍ စုပ်ယူထားခြင်းက ပိုကောင်းပေလိမ့်မည်။
စွမ်းအင်များကို ပိုမိုသိုလှောင်နိုင်လေလေ၊ ကောင်းကင်ဧကရာဇ်၏ ရုပ်ခန္ဓာမှာ ပိုမို၍ အစွမ်းထက်လေလေ ဖြစ်သည်။
တစ်လအကြာတွင် ဤနေရာရှိ စွမ်းအင်များမှာ ခန်းခြောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ၎င်းမှာ အကုန်အစင် စုပ်ယူခြင်း ခံလိုက်ရပြီး ကောင်းကင်ဧကရာဇ်၏ခန္ဓာထဲရှိ စွမ်းအင်မှာလည်း အံ့ဩစရာကောင်းလောက်အောင် သုံးဆယ့်ခြောက် ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့ပြီ။
ယခင်က ကောင်းကင်ဧကရာဇ်၏ ခန္ဓာထဲတွင် အမြင့်ဆုံး သိုလှောင်ထားနိုင်ခဲ့သော စွမ်းအင်ပမာဏမှာ တစ်ဆယ့်ခြောက် ရာခိုင်နှုန်းမျှသာ ရှိခဲ့သည်ကို သိထားကြရမည် ဖြစ်သည်။
စွမ်းအင် သုံးဆယ့်ခြောက်ရာခိုင်နှုန်းက ကြောက်မက်ဖွယ်ရာကောင်းသလို လုံးဝ အံ့အားသင့်စရာပင်။
'ငါသာ ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာကို စွမ်းအင်အပြည့်ဖြည့်တင်းနိုင်ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ'
လုမင်၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သူ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့၏။
အကယ်၍ ကောင်းကင်ဧကရာဇ်၏ခန္ဓာထဲရှိ စွမ်းအင်သာ တစ်ရာ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့မည်ဆိုပါက၊ ကောင်းကင်ဧကရာဇ် ပေါ်ပေါက်မလာသေးသော ဤခေတ်ကာလတွင် သူက အမှန်တကယ်ပင် စိတ်ထင်တိုင်း ပြုမူနိုင်လိမ့်မည်။
ဤသို့တွေးမိသောအခါ လုမင်၏ နှလုံးသားက ပြင်းပြသော စိတ်ဆန္ဒများဖြင့် ပူလောင်လာခဲ့ရသည်။ သူက အလားတူ ရေကန်များကို ရှာဖွေရန် ချက်ချင်း ထွက်ခွာခဲ့တော့သည်။
ကံမကောင်းစွာဖြင့် ဤကဲ့သို့သော ရေကန်မျိုးက အလွန်ပင် ရှားပါးသည်။ လုမင်သည် ရက်အနည်းငယ်ခန့် ဆက်တိုက် ရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ချေ။
လုမင် လက်မလျှော့ချင်သေးဘဲ နောက်ထပ် ရက်အနည်းငယ်ခန့် ထပ်မံရှာဖွေခဲ့သည်။ သို့သော်လည်း ဆယ်ရက်ကျော် ဆက်တိုက် ရှာဖွေပြီးနောက်တွင်မူ လုမင် နောက်ဆုံးတွင် လက်လျှော့လိုက်ရတော့သည်။
ဤနေရာတွင် အချိန်တိုင်း စက္ကန့်တိုင်းက အလွန်အဖိုးတန်လှသဖြင့် သူ မည်သည့်အချိန်ကိုမျှ ဖြုန်းတီး၍ မဖြစ်ချေ။ လုမင်က သိုင်းဧကရာဇ် နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် စတင်ပြင်ဆင်လိုက်သည်။
ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တင်ပျဉ်ခွေထိုင်ကာ သူ၏ အခြေအနေကို ထိန်းချုပ်လိုက်၏။
ရက်အနည်းငယ်အကြာတွင် သူ၏အခြေအနေက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ အနှစ်သာရ၊ အသက်စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့မှာ ပြည့်စုံသွားခဲ့ပြီ။ ထိုအချိန်တွင် လုမင်က သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ရန် စတင်လိုက်တော့သည်။
သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် လူတစ်ဦးသည် သူတော်စင်နှလုံးသား ဗဟိုချက်အဖြစ်သုံးကာ နိယာမများကိုလည်း အဓိကအဖြစ်... အသုံးပြု၍ ကမ္ဘာငယ်တစ်ခုကို ပြောင်းလဲ တိုးတက်စေရမည် ဖြစ်သည်။
နိယာမများက ကမ္ဘာငယ်တစ်ခု၏ အခြေခံအုတ်မြစ် ဖြစ်ကြ၏။
နိယာမများ ရှိမှသာလျှင် ကမ္ဘာငယ်တစ်ခုကို ပြည့်စုံစေနိုင်မည် ဖြစ်၏။
ထို့ကြောင့် ပထမဦးစွာ လူတစ်ဦးက သူတော်စင်နှလုံးသားအတွင်း၌ ကမ္ဘာ့နှလုံးသားကို ဆင့်ကဲပြောင်းလဲစေရန် နိယာမများကို အသုံးပြုရမည်။
ထို့နောက် ကမ္ဘာ့နှလုံးသားနှင့် သူတော်စင်နှလုံးသားတို့ ပေါင်းစပ်သွားပြီး ကမ္ဘာငယ်တစ်ခုကို ဆင့်ကဲပြောင်းလဲ စေရမည် ဖြစ်သည်။
၎င်းမှာ ကမ္ဘာတစ်ခုကို စတင်ဖန်တီးလိုက်သည့်အတိုင်းပင် ဖြစ်ပေသည်။
ပုံမှန်အားဖြင့် လူများ အဆင့်တက်ကြသည့်အခါ သူတို့က ကမ္ဘာ့နှလုံးသားကို ဆင့်ကဲတိုးတက်စေရန်အတွက် နိယာမတစ်မျိုးကိုသာ ဗဟိုချက်အဖြစ် အသုံးပြုကြလေ့ရှိသည်။
သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ပြီးနောက်မှသာ အခြားသော နိယာမများကို နားလည်သဘောပေါက်အောင် လုပ်ဆောင်ကြပြီး ထိုနိယာမများကို ကမ္ဘာငယ်ထဲသို့ ထည့်သွင်းကြခြင်းပင်။ နိယာမများ ပိုမိုထည့်သွင်းလေလေ ကမ္ဘာငယ်မှာ ပိုမိုပြည့်စုံလေလေ ဖြစ်သည်။
သို့သော်လည်း လုမင်က နိယာမငါးမျိုးလုံးကို ထိန်းချုပ်ထားသူ ဖြစ်သဖြင့် ကမ္ဘာ့နှလုံးသားကို ဆင့်ကဲပြောင်းလဲစေရန် ထိုနိယာမငါးမျိုးလုံးကို အသုံးပြုရမည်။
ထိုသို့မဟုတ်ဘဲ နိယာမတစ်မျိုးတည်းကိုသာ အသုံးပြုမည်ဆိုပါက အောင်မြင်ရန်မှာ သူ့အတွက် လုံးဝ မဖြစ်နိုင်ပါ။
"စတင်မယ်"
လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် နိယာမငါးမျိုးလုံးကို ထိန်းချုပ်လိုက်ပြီး ကမ္ဘာ့နှလုံးသားကို ပြောင်းလဲတိုးတက်စေရန် သူတော်စင်နှလုံးသားအတွင်းသို့ ပို့လွှတ်လိုက်၏။
သို့သော်လည်း ထိုအချိန်တွင် သူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။ သူ၏ သူတော်စင်နှလုံးသားမှာလည်း ပေါက်ကွဲထွက်တော့မည့်အတိုင်း ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်ပင်လျှင် စွမ်းအင်တစ်ခုကြောင့် ဆွဲဖြဲခြင်း ခံနေရသည့်ပမာ ရှိနေခဲ့တော့သည်။
သူဟာ လျင်မြန်စွာ ရပ်တန့်လိုက်သည်။ သို့တိုင် သွေးတစ်လုပ် အန်ထုတ်လိုက်ရကာ သူ့မျက်နှာမှာလည်း ဖြူလျော်သွားခဲ့ရတော့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လုမင် မျက်နှာပျက်သွားသည်။
သူ အဆင့်တက်ရန် ကြိုးစားချိန်တွင် နိယာမငါးမျိုးလုံးက သူတော်စင်နှလုံးသားအတွင်းသို့ ဝင်ရောက်သွားခဲ့ကြပြီး တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။ ၎င်းက ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းအင်အားတစ်မျိုး ထွက်ပေါ်လာခဲ့ပြီး သူတော်စင်နှလုံးသားကို ပေါက်ကွဲလုနီးပါး ဖြစ်စေခဲ့၏။ ၎င်းကပင် သူ၏ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်လုနီးပါး ဖြစ်စေခဲ့တော့သည်။
"သိုင်းဧကရာဇ်နယ်ပယ်အောက်မှာ နိယာမအမျိုးမျိုးကို ကျင့်ကြံထားရင် သိုင်းဧကရာဇ်နယ်ပယ်ကို ထိုးဖောက်ဝင်ရောက်လို့မရနိုင်တာမျိုး တကယ်ဖြစ်နေတာလား"
"မဟုတ်ဘူး... ငါ အဲဒါကို မယုံဘူး"
လုမင်က သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ဒဏ်ရာများကို ကုသလိုက်သည်။ ရက်အနည်းငယ်အကြာတွင် သူ၏ဒဏ်ရာများ ပျောက်ကင်းသွားခဲ့၏။ ထိုအခါ သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရန် ထပ်မံကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရပြန်တော့သည်။
"မဖြစ်နိုင်ဘူး... ငါ နိယာမတစ်မျိုးတည်းနဲ့ ကမ္ဘာ့နှလုံးသားကို ဆင့်ကဲတိုးတက်အောင် ကြိုးစားကြည့်မယ်"
လုမင်က လက်မလျှော့လိုဘဲ နည်းလမ်းပြောင်းလိုက်သည်။
သို့သော်၊ မအောင်မြင်ခဲ့ပေ။
နိယာမငါးမျိုး ရှိနေခြင်းကြောင့်၊ သူက ကမ္ဘာ့နှလုံးသားကို ဆင့်ကဲတိုးတက်စေရန် နိယာမတစ်မျိုးကို ထိန်းချုပ်လိုက်သောအခါ အခြားသော နိယာမလေးမျိုးမှာဘည်း အလိုအလျောက် ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ သူ အလိုရှိလျှင်ပင် ၎င်းတို့ကို မထိန်းချုပ်နိုင်ခဲ့ဘဲ ထပ်မံ၍ ဒဏ်ရာရရှိသွားခဲ့ရတော့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လုမင်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူ အလွန်ပင် လက်မခံနိုင်ဖြစ်နေခဲ့ရ၏။ အကယ်၍ သူသာ သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိပါက၊ ၎င်းသည် သူ့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လိမ့်မည်။
"မဟုတ်ဘူး... ငါ့ရဲ့ ကျင့်ကြံခြင်းက မလုံလောက်သေးလို့ ပေါင်းစည်းဖို့ လိုအပ်နေတာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် တခြားနည်းလမ်းတွေ ရှိနေဦးမှာပါ။ ငါ သေချာပေါက် သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ရမယ်"
လုမင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်၏။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရန် အချိန်မကျသေးခြင်းဖြစ်၍ သူ ခေတ္တမျှ စောင့်ဆိုင်းရပေလိမ့်မည်။
သို့သော်လည်း လုမင်သည် ယခုအခါတွင် နိယာမအသစ်များကို နားလည်သဘောပေါက်ရန် မကြိုးစားရဲတော့ချေ။ နိယာမများ ပိုမိုနားလည်သဘောပေါက်လေလေ သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရန် ပိုမိုခက်ခဲလေလေ ဖြစ်လိမ့်မည်။
"အချိန်နာ်းနည်းကျန်သေးတယ်။ ဒီအချိန်တွေမှာ ငါက နိယာမတွေကို အသုံးချတဲ့နေရာမှာ ပိုထူးချွန်အောင် ဘာလို့ မကြိုးစားရမှာလဲ။ ငါက နိယာမငါးမျိုးကို ထိန်းချုပ်ထားတာ... တကယ်လို့ ငါသာ အဲဒါနဲ့ ကိုက်ညီတဲ့ နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးနိုင်ရင် သူ့ရဲ့စွမ်းအားက သေချာပေါက် အဆမတန် မြင့်တက်သွားလိမ့်မယ်"
လုမင်က သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်မည့် ကိစ္စကို ဘေးဖယ်ထားလိုက်ပြီး သူ၏ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်ကို စတင်တွေးတောလိုက်သည်။
ယခုအခါ သူ၏ နတ်ဘုရားစွမ်းရည်များက ကစဉ့်ကလျား နတ်ဘုရားလက်ဝါး၊ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၊ သေခြင်းမျက်လုံးနှင့် အစီရင်လမ်းစဥ်၏ ကျမ်းစာလိပ်သုံးတွဲကဲ့သို့ နိယာမတစ်ခုတည်းအပေါ်တွင်သာ အခြေခံထားကြခြင်းများ ဖြစ်ကြသည်။
ထို့ပြင် နိယာမများ ပေါင်းစပ်ခြင်းဟု ခေါ်ဆိုသောအရာမှာလည်း ၎င်းတို့၏ စွမ်းအားကို သန်မာစေရန်အတွက် နိယာမများကို အကြမ်းထည် ပေါင်းစပ်ထားခြင်းမျှသာ။
ဤသည်မှာ နိယာမများ၏ အခြေခံအကျဆုံး အသုံးပြုပုံလည်း ဖြစ်သည်။