← Chapters

အခန်း ၂၁၀၇

Vol. 146 Ch. 2107

အခန်း ၂၁၀၇

Vol. 146 Ch. 2107

အပိုင်း ( 2107 ) တိုက်ပွဲ စတင်ပြီ။

အလွယ်ပြောရလျှင် ယခုအချိန်ထိ လုမင်သည် နိယာမများကို လူရိုင်းတစ်ဦးကဲ့သို့ ရိုးရိုးရှင်းရှင်း အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။ သူသည် နိယာမများ၏ ဆန်းကြယ်လှသော စွမ်းရည်များကို လုံးဝ ထုတ်ဖော်နိုင်ခြင်း မရှိသေးချေ။

သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီးနောက်တွင် နိယာမအမျိုးမျိုးကို နားလည်သဘောပေါက်နိုင်ကြောင်း ဦးလေးခုန်းက ပြောခဲ့သည်ကို သူ ကြားဖူးခဲ့သည်။

မတူညီသော လူများအလိုက် သူတို့ နားလည်သဘောပေါက်ထားကြသည့် နိယာမများအကြားတွင် ကြီးမားသော ကွာဟချက်များ သဘာဝအတိုင်း ရှိကြပေလိမ့်မည်။

မတူညီသော နိယာမများကို ပေါင်းစပ်ခြင်းသည်လည်း မတူညီသော နတ်ဘုရားစွမ်းရည်များကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။

ထိုနတ်ဘုရားစွမ်းရည်များထဲတွင် မတူညီသော နိယာမအမျိုးမျိုး ပါဝင်နေကြသောကြောင့် စွမ်းရည်များကလည်း ကြောက်ခမန်းလိလိ ဖြစ်၏။ ၎င်းမှာ နိယာမတစ်ခုတည်းသာပါဝင်သော နတ်ဘုရားစွမ်းရည်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ချေ။

နိယာမတစ်ခုတည်းသာပါသော နတ်ဘုရားစွမ်းရည်ကိုမူ အဆင့်နိမ့်နတ်ဘုရားစွမ်းရည်တစ်ခုအဖြစ်သာ သတ်မှတ်နိုင်သည်။

အချို့သော နိယာမများထဲတွင် နတ်ဘုရားစွမ်းရည် အမျိုးမျိုးပါဝင်နေကြပြီး ၎င်းတို့၏ စွမ်းရည်က မြေကမ္ဘာကိုပင် တုန်ဟိန်းစေနိုင်လောက်ပေ‌သည်။

သိုင်းဧကရာဇ်နယ်ပယ်အထက်တွင်မူ ၎င်းတို့နှင့်ကိုက်ညီသော စွမ်းရည်များရှိသည့် ရှေးဟောင်းကျမ်းစာအချို့ ရှိနေခဲ့ကြသည်။ သို့သော်လည်း ထိုရှေးဟောင်းကျမ်းများ၏ တန်ဖိုးကလည်း မိုးလောက်မြင့်မားလွန်းပေသည်။

'ကစဉ့်ကလျားကျမ်းထဲမှာ နိယာမတစ်ခုတည်းပါတဲ့ နတ်ဘုရားစွမ်းရည်ပဲ ရှိတာလား။ ဒါက မဖြစ်နိုင်ဘူးလေ'

လုမင်က ကစဉ့်ကလျားကျမ်းကို တွေးတောလိုက်မိသည်။

သူ ရရှိခဲ့သော ကစဉ့်ကလျားကျမ်းစာမှာ မပြည့်စုံသေးခြင်း ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းလိုက်မိ၏။

ယုတ္တိဗေဒအရ ပြောရလျှင် ကစဉ့်ကလျားကျမ်းမှာ ကစဉ့်ကလျားဧကရာဇ် ချန်ရစ်ထားခဲ့သော အမွေအနှစ် ဖြစ်သည်။ ၎င်းတွင် အဆင့်နိမ့်နတ်ဘုရားစွမ်းရည်များသာ ရှိနေလိမ့်မည် မဟုတ်သည်မှာ သေချာသလောက်ပင်။ ၎င်း၌ ကစဉ့်ကလျားနိယာမနှင့် မတူညီသော နိယာမများကို ပေါင်းစပ်ထားသည့် နတ်ဘုရားစွမ်းရည်များ ရှိနေမည်မှာ သေချာသည်။

'ဖြစ်ကောင်းဖြစ်နိုင်တာက ငါရထားတဲ့ ကစဉ့်ကလျားကျမ်းဟာ တကယ်ပဲ မပြည့်စုံသေးတာ ဖြစ်လိမ့်မယ်'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ယခုလောလောဆယ်မှာတော့ သူ့လက်ထဲတွင် သူနှင့်ကိုက်ညီသော နတ်ဘုရားစွမ်းရည် မရှိသောကြောင့် မိမိကိုယ့်အားကိုယ်ကိုးကာ ကြိုးစားအားထုတ်ရတော့မည်။

နောက်ပိုင်းအချိန်များတွင် လုမင်က မတူညီသော နိယာမများအကြား ပေါင်းစပ်မှုနှင့် ပတ်သက်၍ အသုံးပြုပုံများကို ရှာဖွေစူးစမ်းရန်အတွက်သာ အာရုံစိုက်လိုက်သည်။

အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီ။ နှစ်နှစ်တာအချိန်မှာလည်း ပြည့်လုနီးနေပြီ ဖြစ်သည်။

လပေါင်းများစွာ ရှာဖွေစူးစမ်းပြီးနောက်တွင် လုမင်က နောက်ဆုံး၌ တိုးတက်မှုတချို့ကို ရရှိခဲ့ပေသည်။

ကစဉ့်ကလျားနိယာမနှင့် သေခြင်းနိယာမတို့မှ နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးရန်ပင် အလွန်ခက်ခဲနေကြောင်းလည်း သိခဲ့ရသည်။

အသန်မာဆုံးသော နိယာမများက တစ်ခုနှင့်တစ်ခု သဟဇာတမဖြစ်ကြဟူသော စကားများမှာ ပြောစကားသက်သက်မျှသာ မဟုတ်ချေ။

သို့သော်လည်း လုမင်သည် မတူညီသော နတ်ဘုရားစွမ်းရည်နှစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းတို့၏ စွမ်းအားများကလည်း အံ့ဩစရာ ကောင်းလွန်းပေသည်။

၎င်းတို့မှာ နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးရန်အတွက် ကစဉ့်ကလျားနိယာမ၊ အစီရင်လမ်းစဉ်နိယာမ၊ ဝါးမျိုခြင်းနိယာမနှင် ခွန်အားနိယာမတို့ကို အသီးသီး ပေါင်းစပ်ထားခြင်း ဖြစ်သည်။ လုမင်က ၎င်းကို 'ကစဉ့်ကလျားတူ'ဟု အမည်ပေးလိုက်၏။

ဤနည်းလမ်းကို အသုံးပြုလိုက်သည့်အခါ သူက အံ့မခန်း စွမ်းအားမျိုးရှိသော ဧရာမ တူကြီးတစ်လက်ကို ရုပ်လုံးဖော်နိုင်လိမ့်မည်။

ထို့ပြင် သေခြင်းနိယာမ၊ ဝါးမျိုခြင်းနိယာမ၊ အစီရင်လမ်းစဉ်နိယာမနှင့် ခွန်အားနိယာမတို့ ပေါင်းစပ်မှုဖြင့် နတ်ဘုရားစွမ်းရည်တစ်ခုကိုလည်း ဖန်တီးခဲ့သည်။ လုမင်က ၎င်းကို 'သေခြင်းတရား၏ဓား'ဟု အမည်ပေးလိုက်၏။

၎င်းကို အသုံးပြုပြီးနောက်တွင်မူ အရာခပ်သိမ်းကို ဖြတ်တောက်နိုင်စွမ်းရှိသော ဓားတစ်လက်အဖြစ် ပေါ်လာခဲ့လိမ့်မည်။

ဟုတ်သည်၊ ဤအရာက အစောပိုင်းအဆင့် နားလည်သဘောပေါက်မှုမျှသာ ရှိသေးသည်။ အမျိုးမျိုးသော နိယာမများ၏ စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိသေးချေ။

ဤမျှ တိုတောင်းလှသော အချိန်အတွင်းမှာပင် ဤအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းမှာ လုမင်၏ နားလည်သဘောပေါက်နိုင်စွမ်းက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ဆိုရမည်။

နောင်အနာဂတ်တွင် သူက တဖြည်းဖြည်းချင်း ကျင့်ကြံပြီး ၎င်းကို ပြည့်စုံအောင် လုပ်ဆောင်သွားသည်နှင့်အမျှ၊ အမျိုးမျိုးသော နိယာမများ၏ လျှို့ဝှက်ဆန်းကြယ်မှုများမှာ ပေါက်ကွဲထွက်လာလိမ့်မည် ဖြစ်သည်။ ဤသိုင်းကွက်နှစ်ခု၏ စွမ်းအားမှာလည်း ပို၍ သန်မာလာလိမ့်မည်။

သို့ရာတွင်၊ ၎င်းက အကြိုအဆင့် နားလည်သဘောပေါက်မှုမျှသာဖြစ်လျှင်ပင် နိယာမများ ရိုးရိုးရှင်းရှင်း ပေါင်းစပ်မှုစွမ်းအားထက် ပို၍ သန်မာသည်။

ဤအရာက သူ၏ တိုက်ခိုက်နိုင်စွမ်းကို နောက်တစ်ကြိမ် အဆများစွာ မြင့်တက်သွားစေခဲ့ပေသည်။

ဤကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့သည်မှာ နှစ်နှစ်ရှိခဲ့ပြီးနောက် လုမင်၏ တိုက်ခိုက်ရေးစွမ်းရည်က အဆများစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

"အချိန်ကျပြီ"

လုမင်က ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

"ဝမ်"

ရုတ်တရက်၊ ပြင်းထန်သော အင်အားတစ်ခုမှာ လုမင်၏ ခန္ဓာကိုယ်အပေါ် သက်ရောက်လာခဲ့၏။ သူ၏ လက်ရှိခွန်အားဖြင့်ပင် ဤအင်အား၏ ရှေ့မှောက်မှာ ဘာမျှ မတတ်နိုင်သေးချေ။ သူ့ခန္ဓာကိုယ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

နောက်တစ်ကိုယ်၌ သူက လေဟာနယ်တစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း သတိပြုမိလိုက်၏။ သူ၏မျက်စိရှေ့မှောက်တွင််မူ ဧရာမ အလင်းတံခါးကြီးတစ်ခု ရှိနေခဲ့ပေသည်။

သူ၏ဘေးတွင် ပုံရိပ်များက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့ကြသည်။

ချင်ယွဲ့၊ ပေါင်ပေါင်နှင့် အခြာယသူများ ဖြစ်၏။

သူသည် ယွမ်ရှင်း၊ မုယန်နှင့် အခြားသူများကိုလည်း မြင်တွေ့ခဲ့ရသေးသည်။

မုယန်က လုမင်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့၏။

ဤတစ်ကြိမ်တွင် သူက ယုံကြည်ချက်အပြည့် ရှိနေခဲ့၏။ သူသည် သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီဖြစ်၍ သူ၏ခွန်အားမှာလည်း အဆမတန် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် လုမင်ကို သတ်ဖြတ်နိုင်မည်ဟု အပြည့်အဝ ယုံကြည်နေတော့သည်။

စင်စစ်တွင်၊ လူတိုင်း၏ မျက်လုံးများထဲမှာ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်၊ လူတိုင်းက ကြီးမားစွာ တိုးတက်သွားခဲ့ကြပြီ မဟုတ်ပါလား။

"ထွက်သွားကြတော့"

ကောင်းကင်ယံမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အလွန်ပင် အိုမင်းရင့်ရော်သော အသံတစ်ခု ဖြစ်၏။

လူတိုင်း၏ နှလုံးခုန်နှုန်း မြန်ဆန်သွားခဲ့ရသည်။ ၎င်းမှာ ဤကမ္ဘာ၏ ပိုင်ရှင်က စကားပြောလိုက်ခြင်း ဖြစ်ကြောင်း သူတို့ သိရှိကြပေသည်။ ထို့ပြင် သူက အလွန်ကြောက်မက်ဖွယ်ကောင်းသော အကျော်အမော်တစ်ဦး ဖြစ်နေမည်မှာ သေချာသည်။

အခြားတစ်ဖက်တွင်မူ၊ လုမင်၌ တွေးတောစရာများ ပိုရှိနေခဲ့သည်။

သူသည် ကောင်းကင်ကမ္ဘာမှ ပါရမီရှင်နှစ်ဦးကို မြင်တွေ့ခဲ့ရ၏။ ဤကမ္ဘာ၏ ပိုင်ရှင်မှာလည်း ကောင်းကင်ကမ္ဘာမှ ဖြစ်နိုင်ခြေ အလွန်များသည်။

ထို့နောက်မှာတော့ လူတိုင်းက အလင်းတံခါးအတွင်းသို့ လှမ်းဝင်လိုက်ကြပြီး ပျောက်ကွယ်သွားခဲ့ကြတော့သည်။

ကံကြမ္မာတောင်တွင်...

ဤကာလအတွင်း၌ ရေတွက်၍မရနိုင်လောက်သော လူအမြောက်အမြား စုဝေးရောက်ရှိနေခဲ့ကြသည်။ လွန်ခဲ့သော နှစ်နှစ်ကထက်ပင် လူဦးရေ ပိုမိုများပြားနေခဲ့၏။

နှစ်နှစ်တာအချိန် ကုန်ဆုံးသွားခဲ့ပြီ။ နယ်မြေဆယ်ခုတိုက်ပွဲမှာ တရားဝင် စတင်တော့မည် ဖြစ်သည်။

ထို့ပြင် ပါရမီရှင် သုံးရာနှစ်ဆယ်က ရှေးဦးလောကမှ ကျန်ရစ်ထားခဲ့သော ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြပြီးနောက် သူတို့ မည်မျှ အကျိုးထူးခဲ့ကြပါသနည်း။

သူတို့၏ ခွန်အားများက မည်မျှအထိ တိုးတက်သွားခဲ့ကြသနည်း။

လူအများစုက သိုင်းဧကရာဇ်နယ်ပယ်သို့ ခြေချနိုင်ခဲ့ကြပြီး ဖြစ်မည်လော။

လူတိုင်းက အလွန်ပင် သိချင်နေခဲ့ကြသည်။

တောင်ထိပ်အထက်ရှိ ကောင်းကင်ယံတွင်မူ နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံထားသော ပုံရိပ်များက နတ်ဘုရားများကဲ့သို့ တည်ငြိမ်စွာ ရပ်နေခဲ့ကြသည်။

သူတို့အားလုံးမှာ နေရာအနှံ့မှ ရောက်ရှိလာကြသော မဟာဧကရာဇ်များ ဖြစ်ကြ၏။

ယွမ်တောင်ဘက်တွင် ဦးလေးခုန်းက ရောက်ရှိလာပြီး မဟာဧကရာဇ်ဝူရှန်းနှင့်အတူ ရပ်နေခဲ့သည်။

ထို့ပြင် မဟာဧကရာဇ် ဟန်၊ မဟာဧကရာဇ် ဟဲနှင့် တာ့လော့ကောင်းကင်ဂိုဏ်းတို့၏ မဟာဧကရာဇ်တို့လည်း အသီးသီး ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

ထိုမျှသာမကဘဲ အမျိုးမျိုးသော မြင့်မြတ်နယ်မြေများမှ အစွမ်းထက် အကျော်အမော် အမြောက်အမြားလည်း ရောက်ရှိလာခဲ့ကြသေးသည်။ ဥပမာအားဖြင့် ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေသည် ရှေးခေတ်ကာလကတည်းက ပထမဆုံးအကြိမ်ဖြစ်သော နယ်မြေဆယ်ခုတိုက်ပွဲတွင် ပါဝင်ဆင်နွှဲရန်အတွက် လူများကို စေလွှတ်ခဲ့ကြသည်။

လူတိုင်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြပေသည်။

ထိုစဉ်၊ ကောင်းကင်ယံ၌ အလင်းတံခါးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သူတို့ ထွက်လာကြပြီ"

လူတိုင်းက မျှော်လင့်နေသော အမူအရာများဖြင့် အလင်းတံခါးကို လှမ်းကြည့်လိုက်ကြ၏။

မကြာမီမှာပင် ပုံရိပ်များက အလင်းတံခါးထဲမှ လမ်းလျှောက်ထွက်လာခဲ့ကြပြီး လေထဲတွင် မတ်တတ်ရပ်လိုက်ကြသည်။

လူပေါင်း သုံးရာနှစ်ဆယ်တိတိရှိပြီး တစ်ယောက်မျှ မပို၊ တစ်ယောက်မျှ မလိုချေ။

"တကယ်ကို ကြီးမားတဲ့ တိုးတက်မှုတွေ ရှိခဲ့ကြတာပဲ။ လူအများစုက သိုင်းဧကရာဇ်နယ်ပယ်ကို ခြေချနိုင်ခဲ့ကြပြီ"

မဟာဧကရာဇ်များနှင့် အစစ်အမှန်ဧကရာဇ်များက လှမ်းကြည့်လိုက်ကြပြီးနောက် အံ့အားသင့်နေသော အရိပ်အယောင်များ လှစ်ဟလာခဲ့ကြသည်။

မဟာဧကရာဇ်နှင့် အစစ်အမှန်ဧကရာဇ်များ၏ ကျင့်ကြံမှုအခြေခံအရ လုမင်နှင့် အခြားသူများ၏ ကျင့်ကြံခြင်းအဆင့်အတန်းကို အလွယ်တကူပင် ထိုးဖောက်မြင်နိုင်ကြပေသည်။

"ကောင်းပြီ... နှစ်နှစ်တာအချိန် ကုန်ဆုံးသွားခဲ့ပြီ။ နယ်မြေဆယ်ခုတိုက်ပွဲကို အခု စတင်တော့မယ်။ လူတိုင်း... အနောက်ကို နည်းနည်းလောက် ဆုတ်ပေးကြပါ"

ဆံပင်ဖြူ အဘိုးအိုတစ်ဦးက ရှေ့သို့ လှမ်းထွက်လိုက်သည်။ သူ၏အသံမှာ အရပ်မျက်နှာအသီးသီးသို့ ဟိန်းထွက်သွားခဲ့၏။

သူသည် ဤတိုက်ပွဲ၏ အခမ်းအနားမှူး ဖြစ်ပြီး ကံကြမ္မာမြို့တော်မှ အကျော်အမော်တစ်ဦးလည်း ဖြစ်သည်။

သိုင်းဧကရာဇ်များ အပါအဝင် လူတိုင်းက အနောက်သို့ ဆုတ်ခွာပေးလိုက်ကြရာ ကံကြမ္မာတောင်က အလွတ်ဖြစ်သွားခဲ့တော့သည်။

ဆံပင်ဖြူ အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော အလင်းတန်းများက တောင်ထိပ်အထက်ရှိ ကောင်းကင်ယံတွင် ပြည့်နှက်သွားခဲ့သည်။ ကျောက်တုံးစင်မြင့်များစွာက လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့ကြ၏။

ကျောက်တုံးစင်မြင့်တစ်ခုချင်းစီက တိုက်ပွဲစင်မြင့်တစ်ခုကဲ့သို့ အလွန်ပင် ကြီးမားပေသည်။

စုစုပေါင်း သုံးရာနှစ်ဆယ်အတိ ရှိခဲ့သည်။

"နောက်ထပ် ပြိုင်ပွဲကတော့ အလွန်ပဲ ရိုးရှင်းပါတယ်။ မင်းတို့တစ်ယောက်ချင်းစီက ကျောက်တုံးစင်မြင့်တစ်ခုစီကို ရွေးချယ်ပြီး အပေါ်ကို လှမ်းတက်လိုက်ရမယ်"

"ဒီကျောက်တုံးစင်မြင့်တွေအပေါ်မှာ အစီရင်တွေကို တည်ဆောက်ထားပြီး သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေအတိုင်း လည်ပတ်ကြမှာ ဖြစ်တယ်။ မင်းတို့ အပေါ်ကို လှမ်းတက်လိုက်တာနဲ့ ကျောက်စင်မြင့်တွေက အလိုအလျောက် လှုပ်ရှားလာလိမ့်မယ်။ ကျောက်စင်မြင့်နှစ်ခု တစ်ခုနဲ့တစ်ခု ထိတိုက်မိတဲ့အချိန်တိုင်းမှာ အပေါ်က ပြိုင်ပွဲဝင်နှစ်ယောက်က ထိပ်ဆုံးဆယ်ယောက်ကို မသတ်မှတ်မချင်း တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်တိုက်ခိုက်ကြရမှာ ဖြစ်တယ်"

ဆံပင်ဖြူ အဘိုးအိုက ကြေညာလိုက်သည်။

လူတိုင်း၏ မျက်လုံးများ အရောင်လက်သွားကြ၏။ ဤစည်းမျဉ်းက ရိုးရှင်းသည်။ သို့သော်၊ ဤစည်းမျဉ်းက ကံတရားနှင့် များစွာ သက်ဆိုင်နေသည် မဟုတ်ပါလော။

သို့သော်လည်း လူအမြောက်အမြား၏ မျက်လုံးများထဲတွင် ယုံကြည်ချက်အပြည့်ရှိသော အမူအရာများ ရှိနေခဲ့ကြသည်။

သူတို့က မိမိတို့၏ ကိုယ်ပိုင်ခွန်အားအပေါ်တွင် ယုံကြည်ချက် ရှိနေကြပြီး သူတို့ဆုံတွေ့ရမည့် မည်သည့်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့ကြပေသည်။

ဤတစ်ကြိမ်တွင် လူတိုင်းက ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့ကြသည်။ သူတို့အားလုံးက ရေတွက်၍မရနိုင်လောက်သော လူအများ၏ ရှေ့မှောက်တွင် သူတို့၏ ခွန်အားများကို ထုတ်ကြွားပြသရန် စိတ်အားထက်သန်နေကြတော့သည်။

"ကျုပ်အရင်သွားမယ်"

တစ်စုံတစ်ဦးက စတင်လှုပ်ရှားလိုက်သည်။ သန်မာထွားကျိုင်းသော ပုံရိပ်တစ်ခုက ကျောက်စင်မြင့်တစ်ခုထက်သို့ ခုန်တက်သွား၏။

"ဝှစ်… ဝှစ်... ဝှစ်..."

နောက်အခိုက်တွင် လူတိုင်းက လှုပ်ရှားလာပြီး ကျောက်စင်မြင့် တစ်ခုစီပေါ်သို့ ခုန်တက်သွားကြတော့သည်။

All Chapters