အခန်း ၂၁၁၀
Vol. 146 Ch. 2110
အပိုင်း ( 2110 ) ထိပ်သီး ပါရမီရှင်များ၏ တိုက်ပွဲ။
လူပေါင်း သုံးရာနှစ်ဆယ်အနက် ထက်ဝက်ခန့်မှာ သိုင်းဧကရာဇ်များ ဖြစ်ကြသည်။ ဤအရာက အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းပေသည်။
လွန်ခဲ့သော နှစ်နှစ်က သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိထားသူ လူအနည်းငယ်မျှသာ ရှိခဲ့သည်။
သို့သော်လည်း ယခုအခါတွင်မူ သူတို့အနက် ထက်ဝက်ခန့်က သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။ ထိုကမ္ဘာအတွင်း၌ သူတို့ အကျိုးအမြတ်များ မည်မျှ ရရှိခဲ့ကြသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ထို့ကြောင့်ပင် ပရိသတ်များမှာ လွန်ခဲ့သော နှစ်နှစ်က သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိထားခဲ့ကြသူများက မည်မျှအထိ သန်မာနေလိမ့်မည်နည်းဟူ၍ မတွေးဘဲ မနေနိုင်ကြတော့ချေ။
လူတိုင်းက ကံကြမ္မာသားတော်၊ ယွမ်ရှင်း၊ ရဟန်းဝူလျန့်နှင့် အခြားသူများကို လှမ်းကြည့်လိုက်ကြသည်။ ဤလူများသည် လွန်ခဲ့သော နှစ်နှစ်ကတည်းက သိုင်းဧကရာဇ်များ ဖြစ်နေခဲ့ကြပြီးပြီ။ ယခုအခါ၊ သူတို့၏ ခွန်အားက မှန်းဆရပင် မလွယ်တော့ပေ။
သူတို့က ကျောက်စင်မြင့်ထက်တွင် တည်ငြိမ်စွာ ရပ်နေခဲ့ကြသည်။ ယခင်က သူတို့လည်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြရ၏။ သို့ရာတွင်၊ သူတို့၏ ပြိုင်ဘက်များက အားနည်းလွန်းသဖြင့် သူတို့အားလုံးမှာ လွယ်ကူစွာပင် ချေမှုန်းခံခဲ့ကြရသည်။
လူအများစုက ထိုမျိုးစေ့ပါရမီရှင်များကို တစ်ဖန်ပြန်၍ အကဲဖြတ်စပြုလာခဲ့ကြသည်။ သူတို့က ထိပ်ဆုံးဆယ်ယောက်အတွင်းသို့ မည်သူများ ဝင်ရောက်နိုင်မလဲဆိုတာကို ခန့်မှန်းပြောဆိုလာကြတော့သည်။
လုမင်အတွက်မူ သူက သဘာဝအတိုင်း ချန်လှပ်ခြင်း ခံထားခဲ့ရသည်။
အခြားသူများ၏ မျက်လုံးထဲတွင်၊ လုမင်သည် သိုင်းဧကရာဇ်နယ်ပယ်သို့ မချိုးဖြတ်နိုင်သေးသဖြင့် အရှုံးသမားစာရင်းကို ကြိုတင်ရောက်နှင့်နေခဲ့ပြီ။
တိုက်ပွဲများမှာ ပိုမို ပြင်းထန်လာခဲ့သည်။ သူတို့အားလုံးမှာ သိုင်းဧကရာဇ်များ ဖြစ်ကြ၏။
ထို့ပြင် တိုက်ခိုက်နေကြသူများမှာ အနည်းဆုံး ဘုရင်ခန္ဓာများ ဖြစ်ကြသည်။ သူတို့အနက် အများစုမှာ ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်များ ဖြစ်ကြသော်လည်း ဘုရင်ခန္ဓာပိုင်ရှင်နှင့် ကောင်းကင်သားတော်များမှာ သာမန် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်များထက် များစွာ ပိုမိုသန်မာလှပေသည်။
တိုက်ပွဲက ရှေ့ဆက်နေသကဲ့သို့ လူအမြောက်အများလည်း ကျရှုံးခဲ့ကြသည်။
လုံချန်၊ ဟွမ်လင်၊ ချင်ယွဲ့၊ လော့ထျန်းယီနှင့် အခြားသူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ကျရှုံးသွားခဲ့ကြ၏။ သူတို့အားလုံးက ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်များဖြစ်ကြသော ကောင်းကင်သားတော်များနှင့် ဆုံတွေ့ခဲ့ကြရခြင်း ဖြစ်သည်။
လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့လည်း ကျရှုံးခဲ့ကြပေသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က အလွန်အားနည်းပြီး သိုင်းဧကရာဇ်နယ်ပယ်သို့ မရောက်ရှိသေးချေ။ သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိထားကြသော ကောင်းကင်သားတော်များနှင့် ယှဉ်ပြိုင်ရန်မှာ သူတို့အတွက် ခက်ခဲလွန်းလှသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံး အဆင်ပြေခဲ့ကြပေသည်။ အများဆုံးအနေဖြင့် သူတို့ ဒဏ်ရာရရုံမျှသာ ရှိခဲ့သည်။ ဤအရာက လုမင်ကို စိတ်အေးသွားစေခဲ့ပေသည်။
"ဝုန်း..."
မုယန် တိုက်ခိုက်လိုက်သည်။ သူသည် အမှန်တကယ် အစွမ်းထက်သည်။ ဘုရင်ခန္ဓာရှိသော သိုင်းဧကရာဇ်တစ်ပါးမှာ သူ့ကြောင့် သေလုနီးပါး ဖြစ်သွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်ထက်ဝက်ခန့်မှာ ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲခြင်း ခံလိုက်ရ၏။ ဘုရင်ခန္ဓာရှိသော ထိုသိုင်းဧကရာဇ်သည်လည်း ကျောက်စင်မြင့်အပြင်ဘက်သို့ ခက်ခက်ခဲခဲ ပြေးထွက်ခဲ့ရပြီးမှသာ သေဘေးမှ လွတ်မြောက်ခဲ့ရတော့သည်။
မုယန်သည် အနိုင်ရရှိသွားပြီးနောက် လုမင်ထံသို့ ရန်စလိုသော အကြည့်တစ်ခုကို ပို့လွှတ်လိုက်သည်။ သူသည် လုမင်ကို စိန်ခေါ်နေကြောင်း ထင်ရှားပေသည်။
'ထျန်းယွမ်... မင်း ငါနဲ့ မဆုံဖို့ပဲ ဆုတောင်းထားလိုက်ပါ မဟုတ်ရင်တော့ မင်း သေပြီပဲ'
မုယန်က လုမင်ထံသို့ အသံပို့လွှတ်ပြီး ပြောလိုက်သည်။
သို့ရာတွင်၊ လုမင်က မုယန်ကို လှည့်၍ပင် မကြည့်ဘဲ တိုက်ရိုက် လျစ်လျူရှုထားလိုက်ပေသည်။
ထို့နောက်တွင်မူ လုမင် ကံကောင်းနေသလား၊ ကံဆိုးသည်လား မသိရသော်လည်း နောက်ပိုင်း ရက်အနည်းငယ်အတွင်း၌ တိုက်ပွဲတစ်ခုကိုသာ ဝင်ရောက်တိုက်ခိုက်ခဲ့ရသည်။ သူသည် သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိထားသော ဘုရင်ခန္ဓာပိုင်ရှင်တစ်ဦးနှင့် ဆုံတွေ့ခဲ့ရပြီး သူ့ကို အနိုင်ယူနိုင်လိုက်ပေသည်။
ဤသို့ဖြင့် တိုက်ပွဲ၏ ဆယ်ရက်မြောက်နေ့သို့ ရောက်သောအခါ လူငါးဆယ်ခန့်သာ ကျန်ရှိတော့သည်။
၎င်းက ဤမျှနှောင့်နှေးကြန့်ကြာနေရခြင်း၏ အဓိကအကြောင်းအရင်းမှာ တူညီသော ကျင့်ကြံမှုအဆင့်ပိုင်ရှင် လူအမြောက်အမြား ရှိနေခဲ့ကြခြင်းကြောင့် ဖြစ်သည်။ တိုက်ပွဲများက လွန်စွာ ပြင်းထန်ပြီး အနိုင်အရှုံးကို သတ်မှတ်ရန်ပင် မလွယ်ကူချေ။ အနိုင်အရှုံး မသတ်မှတ်နိုင်မီ နေ့တစ်ဝက်ခန့်အထိ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြရသည့် လူများပင် ရှိနေခဲ့ကြသည်။ ထိုတိုက်ပွဲများက အလွန်ပင် ခါးသီးလှပေသည်။
ကျန်ရှိနေသော လူငါးဆယ်မှာမူ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်များချည်း ဖြစ်ကြသည်။ ဘုရင်ခန္ဓာရှိသူပင် အနည်းငယ်မျှသာ ကျန်ရှိတော့သည်။ အများစုက ကောင်းကင်သားတော်များ ဖြစ်သည်။
နယ်မြေဆယ်ခု တိုက်ပွဲတွင် ပျက်စီးခြင်းနယ်မြေမှလွဲ၍ ကျန်ရှိသော အခြား နယ်မြေကိုးခုလုံးတွင် ကောင်းကင်သားတော် အနည်းငယ်စီ ရှိနေခဲ့ကြသည်။ အထူးသဖြင့် နတ်ကံကြမ္မာနယ်မြေတွင်မူ ပိုမို များပြားလှပေသည်။
စုစုပေါင်းဆိုလျှင် ကောင်းကင်သားတော် လေးဆယ်ကျော်မျှ ရှိနေခဲ့ကြသည်။
ကောင်းကင်သားတော် လေးဆယ်ကျော်မှာ ခေတ်ကာလတစ်ခုတည်းတွင် စုဝေးနေခဲ့ကြခြင်း ဖြစ်၏။ ဤအရာက ယွမ်လုတွင် တစ်ခါမျှ ဖြစ်ပွားဖူးခြင်းမရှိသော အရာတစ်ခုပင် ဖြစ်တော့သည်။
ဒဏ္ဍာရီများအရ၊ ဝေးကွာလှသော အတိတ်ကာလက ကောင်းကင်ကမ္ဘာတွင်သာ ဤမျှ ကြီးကျယ်ခမ်းနားသော အခမ်းအနားမျိုး ဖြစ်ပွားခဲ့ဖူးသည်။
ကျန်ရှိနေသော လူများအနက် ဧကရာဇ်တစ်ပိုင်းနယ်ပယ် ကျင့်ကြံမှုပိုင်ရှင်မှာ လုမင်တစ်ဦးတည်းသာ ရှိတော့သည်။
"အဲဒီ ဧကရာဇ်တစ်ပိုင်းကို ထျန်းယွမ်လို့ ခေါ်တာလား"
"ဟုတ်တယ်... သူ့နာမည်က ထျန်းယွမ်ပဲ၊ သူ့ရဲ့ ကံတရားက တော်တော်လေး ကောင်းတယ်လို့ ပြောရမယ်။ သူက သိပ်ပြီး သန်မာတဲ့သူတွေနဲ့ မဆုံရသေးဘူးလေ"
"အင်း... ဒါပေမဲ့ သူ့ရဲ့ကံတရားက လမ်းဆုံးသွားပါပြီ။ အခုက အားနည်းတဲ့သူတွေ မရှိသလောက်ပဲ ကျန်တော့တာ၊ သူရဲ့ တိုက်ခိုက်နိုင်စွမ်းက သူနဲ့ သက်တူရွယ်တူတွေကြားထဲမှာ အံ့ဩစရာကောင်းတယ်ဆိုပေမဲ့ နှမြောဖို့ကောင်းတာက သူ့ရဲ့ကျင့်ကြံခြင်းက နိမ့်လွန်းနေတာပဲ။ သိုင်းဧကရာဇ်နယ်ပယ်ကို မရောက်ရှိဘဲနဲ့တော့ သူက အဆုံးသတ်မှာ ကျရှုံးသွားရမှာပါပဲ"
သူတို့ပတ်ဝန်းကျင်ရှိ လူတချို့က ဆွေးနွေးပြောဆိုလိုက်ကြသည်။
ဤအချိန်တွင် နောက်ထပ် ကျောက်စင်မြင့်နှစ်ခုက တိုက်မိသွားခဲ့သည်။
လူအများစုမှာ ရင်ခုန်သံများ မြန်ဆန်သွားခဲ့ကြ၏။ လုမင်ပင်လျှင် မျှော်လင့်စောင့်စားနေသော အမူအရာကို ပြသလိုက်မိသည်။
အကြောင်းမူ၊ ထိုလူနှစ်ဦးအနက် တစ်ဦးက ရှေးနတ်ဆိုး ဖြစ်နေခဲ့ခြင်းကြောင့်ပင်။
ရှေးနတ်ဆိုးက ရှေးဦးနတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်သန်မာကြောင်း လုမင် ကောင်းစွာ မှတ်သားမိ၏။ လေးနှစ်ကျော် ငါးနှစ်တာ ကာလအကြာတွင် ရှေးနတ်ဆိုးက ပို၍ ကြောက်စရာကောင်းလာမည်မှာ သေချာသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ခန့်မှန်းရန်ပင် မလွယ်ပေ။
သို့ရာတွင်၊ တစ်ဖက်မှလူမှာလည်း အားနည်းသူ မဟုတ်ပါ။ သူသည်လည်း ကောင်းကင်သားတော်တစ်ဦး ဖြစ်သည်။ လုရှန်းရှန်းကဲ့သို့ပင် သူက ရှင်သန်ခြင်း(အသက်)နိယာမကို ထိန်းချုပ်ထားပြီး သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ။
ဤအရာက အစွမ်းထက်သူများအကြား တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။
သူတို့နှစ်ဦးက မည်သည့်စကားမျှ မပြောဆိုကြဘဲ တိုက်ရိုက်ပင် တိုက်ခိုက်လိုက်ကြသည်။
ထိုကောင်းကင်သားတော်က ရှင်သန်ခြင်းနိယာမကို ထိန်းချုပ်ထားသူ ဖြစ်၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ယံထက်တွင် လက်မောင်းလုံးခန့်အထိ တုတ်ခိုင်သော နွယ်ပင်များဖြင့် ပြည့်နှက်သွားတော့သည်။
နွယ်ပင်တစ်ခုချင်းစီမှာ အလွန်မာကျောပြီး နတ်ဘုရားဓားတစ်လက်အလား ဖြစ်နေခဲ့ကြသည်။ ၎င်းတို့၏ သတ်ဖြတ်ခြင်းစွမ်းအားမှာလည်း တုန်လှုပ်စရာ ကောင်းပေသည်။
သို့သော်လည်း ရှေးနတ်ဆိုးက ပို၍ သန်မာသည်။ သူ့တကိုယ်လုံးကို နတ်ဆိုးအလင်းတန်းတစ်ခုဖြင့် ဖုံးလွှမ်းထားခဲ့၏။ ထိုနတ်ဆိုးအလင်းတန်းက သူ့လက်ထဲတွင် ဓားမော့တစ်လက်အဖြစ် စုစည်းသွားသည်။ သူက ကောင်းကင်ယံထက်တွင် ပြည့်နှက်နေသော နွယ်ပင်များအတွင်းသို့ တိုက်ရိုက် တိုးဝင် တိုက်ခိုက်လိုက်တော့သည်။
သူက ဓားမော့ဖြင့် ခုတ်ပိုင်းလိုက်သည့်အခါတိုင်း နွယ်ပင်များ အဆက်မပြတ် ပျက်စီးသွားခဲ့ကြရသည်။
အချို့သော နွယ်ပင်များက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ခဲ့ကြသော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးအလင်းတန်းများကြောင့် တိုက်ရိုက်ပင် ပျက်စီးသွားခဲ့ရပေသည်။
သန်မာသည်... သန်မာလွန်း၏။
တိုက်ပွဲစတင်သည်နှင့် တပြိုင်နက်၊ ရှေးနတ်ဆိုးက အကြွင်းမဲ့ သာလွန်မှုကို ရရှိထားခဲ့ပြီ ဖြစ်သည်။ သူက အတားအဆီး အလွှာအထပ်ထပ်ကို ချိုးဖျက်ကာ တစ်ဖက်လူထံသို့ အတင်းဝင်ရောက် တိုက်ခိုက်လိုက်တော့သည်။
တစ်ဖက်မှလူမှာ သူ့ခွန်အားအပြည့်ကို အသုံးပြုခဲ့သော်လည်း အခြေအနေမကောင်း ဖြစ်နေဆဲ ဖြစ်သည်။ သူ့အနေဖြင့် ယှဉ်ပြိုင်ရန် ခက်ခဲလွန်း၏။
ဤအရာက လူအများကို မင်သက်သွားစေခဲ့သည်။ သူတို့အနေဖြင့် ယုံကြည်ရန်ပင် ခက်ခဲနေခဲ့ကြလေသည်။
"ဘာတွေ ဖြစ်နေတာလဲ။ ကျုပ် ဘာဖြစ်လို့ သူ့ခန္ဓာကိုယ်ပေါ်က နိယာမ အတက်အကျလှိုင်းတွေကို မခံစားရတာလဲ"
အချို့သော လူငယ်များက ရှေးဟောင်းနတ်ဆိုးလမ်းစဉ်အကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ကြချေ။ ဤအချိန်တွင် သူတို့က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိကြသည်။
"ဒါက ရှေးဟောင်းနတ်ဆိုးလမ်းစဉ် ဖြစ်ရမယ်"
မျိုးဆက်ဟောင်းမှ ပုဂ္ဂိုလ်တစ်ဦးက စကားပြောဆိုလာပြီး ရှင်းပြလိုက်၏။ ဤအရာက လူအများကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့ကို အနည်းငယ်ပင် စိတ်ပျက်သွားစေခဲ့ပေသည်။ ရှေးဟောင်းနတ်ဆိုးလမ်းစဉ်က ကောင်းကင်သားတော်ကိုပင် ဖိနှိပ်ထားနိုင်လောက်အောင် စွမ်းအားကြီးနေပါသလား။
"စိတ်မပျက်ကြပါနဲ့... အခု နိယာမလမ်းစဉ် ထွန်းကားလာတာနဲ့အမျှ သူ့မှာလည်း သူ့ရဲ့ အားသာချက်တွေ ရှိတာပဲ။ ရှေးဟောင်းနတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံဖို့ဆိုတာ အဲဒီလောက် မလွယ်ကူနေဘူး"
"အမှန်ပဲ... ရှေးဟောင်းနတ်ဆိုးလမ်းစဉ်ရဲ့ ကျင့်ကြံခြင်း စည်းကမ်းသတ်မှတ်ချက်တွေက အရမ်း တင်းကျပ်တယ်။ နောက်ပြီးတော့ ရှေးဟောင်းနတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတိုင်းက ဒီလောက်အထိ မသန်မာကြဘူးလေ။ ဒီရှေးနတ်ဆိုးကသာ ရှားရှားပါးပါး ရှေးဟောင်းနတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံရာမှာ အနှိုင်းမဲ့ပါရမီရှင်တစ်ယောက် ဖြစ်နေခဲ့တာ"
လူငယ်များ စိတ်မပျက်စေရန်အတွက် မျိုးဆက်ဟောင်းမှ အကျော်အမော်အချို့က ရှင်းပြလိုက်ကြခြင်း ဖြစ်သည်။
ဤအချိန်တွင် ရှေးနတ်ဆိုး၏ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်ကြမ်းကြုတ်လာခဲ့ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးအလင်းတန်းများကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ ၎င်းက တားဆီး၍မရနိုင်လောက်အောင် ဖြစ်နေခဲ့ပြီး သူ့ပြိုင်ဘက်၏ တိုက်ခိုက်မှုများနှင့် ကာကွယ်ရေးများကို ဆက်တိုက် ဖျက်ဆီးပစ်လိုက်တော့သည်။
"ဝုန်း..."
နောက်ဆုံးတွင်၊ တိုက်ကွက် ဒါဇင်အနည်းငယ်ခန့် ယှဉ်ပြိုင်လိုက်ပြီးနောက် တစ်ဖက်လူမှာ ရှေးနတ်ဆိုးကို မယှဉ်နိုင်တော့ပေ။ သူဟာ ကျောက်စင်မြင့်မှ လွင့်ထွက်သွားခဲ့ရသည်။
သိုင်းဧကရာဇ်နယ်ပယ်သို့ ခြေချခဲ့ပြီးဖြစ်သော ကောင်းကင်သားတော်တစ်ဦးမှာ ရှုံးနိမ့်သွားခဲ့ရပြီ။
ကောင်းကင်သားတော်များသည် အမြဲတစေ ပြိုင်ဘက်ကင်းခြင်း၏ ပြယုဂ်တစ်ခုအဖြစ် ရှိနေခဲ့ကြသည်။ အခြားသော ကောင်းကင်သားတော်များမှလွဲ၍ မည်သူမျှ သူတို့၏ ပြိုင်ဘက် ဖြစ်မလာနိုင်ခဲ့ကြချေ။ သို့သော်လည်း ယနေ့တွင်မူ သူသည် ရှေးဟောင်းနတ်ဆိုးလမ်းစဉ်မှ ပါရမီရှင်တစ်ဦးကြောင့် ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်သည်။
"ဒီရှေးနတ်ဆိုးက တော်တော်ကို သန်မာတယ်။ သူရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အနှိုင်းမဲ့ပဲ၊ သူက ထိပ်ဆုံး ဆယ်ယောက်ထဲကို ဝင်ဖို့ အခွင့်အလမ်း များတယ်"
"ဟုတ်တယ်... သူက ထိပ်ဆုံး ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်လာဖို့ အခွင့်အလမ်း တော်တော်များတယ်"
လူအများစုက ရှေးနတ်ဆိုးအပေါ် အထင်အမြင်ကောင်း ရှိနေခဲ့ကြသည်။
ထို့နောက်တွင်မူ၊ နောက်ထပ် တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် ကျန်ရှိနေသော ဘုရင်ခန္ဓာပိုင်ရှင်များ အားလုံး ကျရှုံးသွားခဲ့ကြတော့သည်။
'ပေါင်ပေါင် တိုက်ခိုက်ရတော့မယ်'
လုမင်၏ မျက်ဝန်းများ လှုပ်ရှားသွားခဲ့သည်။
သူသည် ပေါင်ပေါင်၏ ကျောက်စင်မြင့်က ရှေ့သို့ ရွေ့လျားသွားခဲ့ပြီး အခြားသော ကျောက်စင်မြင့်တစ်ခုနှင့် တိုက်မိသွားသည်ကို တွေ့လိုက်ရ၏။
"ဒီလိုမျိုး ကလေးသာသာလေးပဲ ရှိသေးပုံထောက်ရင်... သူက လူသားမျိုးနွယ်ဝင်တော့ မဖြစ်သင့်ဘူး"
တစ်စုံတစ်ဦးက ပေါင်ပေါင်ကို လှမ်းကြည့်လိုက်မိသည်။ သူဟာ အသက် နှစ်နှစ်၊ သုံးနှစ်ခန့်သာ ရှိပုံရသေးသည်။ သူက ပန်းနုရောင်သန်းနေသော အသားအရေဖြင့် အလွန်ပ ချစ်စရာကောင်းသည်။
အချို့သော မိန်းကလေးငယ်များ၏ မျက်ဝန်းများ တောက်ပသွားခဲ့ကြသည်။ သူတို့က ပေါင်ပေါင်ကို သူတို့၏ ရင်ခွင်အတွင်းသို့ ထည့်သွင်းပွေ့ဖက်ကာ နမ်းရှုပ်ရန် မစောင့်နိုင်ကြတော့ပေ။
"သူက လူသားမျိုးနွယ်ဝင် မဟုတ်ဘူး၊ နောက်ပြီး ဒီကလေးမလေးရဲ့ နောက်ခံက ကြောက်စရာကောင်းလိမ့်မယ်"
အကြီးအကဲတစ်ဦးက ပြောလိုက်သည်။ သူက မဟာဧကရာဇ်တစ်ပါးဖြစ်ပြီး ပေါင်ပေါင်၏ မူလအသွင်ကို မြင်တွေ့ခဲ့ပုံရပေသည်။