← Chapters

အခန်း ၂၁၁၂

Vol. 147 Ch. 2112

အခန်း ၂၁၁၂

Vol. 147 Ch. 2112

အပိုင်း ( 2112 ) မုယန်နှင့် ထပ်မံတိုက်ခိုက်ခြင်း။

ပြိုင်ပွဲမှာ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ လေထဲတွင် ရွေ့လျားနေသော ကျောက်စင်မြင့် အရေအတွက်က ဒါဇင်အနည်းငယ်ခန့်သာ ကျန်ရှိတော့သည်။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ အရေအတွက်မှာ ပိုမို နည်းပါးလာခဲ့သည်။

ထို့နောက်တွင်၊ နောက်ထပ် လူအနည်းငယ်က လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ကြသည်။

အစစ်အမှန်နဂါးတစ်ကောင်ကို မြင်ရသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်း၏။ သို့သော်လည်း သူ့ကိုယ်ပေါ်တွင် မည်သည့် နိယာမလှိုင်းဂယက်မျှ ရှိမနေခဲ့ချေ။

မဟာဧကရာဇ်တစ်ပါးက သူဟာ ရှေးဦးမိစ္ဆာလမ်းစဉ်ကို ကျင့်ကြံထားခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ရှေးဦးမိစ္ဆာလမ်းစဉ်သည်လည်း ရှေးဦးကျင့်ကြံမှုလမ်းစဉ် အမျိုးအစားတစ်ခုပင်။

ထို့ပြင်၊ ကတ္တာရာစေးကဲ့သို့ မည်းနက်လွန်းသည့် အသားအရေပိုင်ရှင် လူငယ်တစ်ဦးလည်း ရှိသေးသည်။ သူက အနှိုင်းမဲ့ခွန်အားကို ပိုင်ဆိုင်ထားပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် နိယာမလှိုင်းများကို မမြင်ရပေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် သိုင်းဧကရာဇ်နယ်ပယ် ကောင်းကင်သားတော် တစ်ဦးကို တိုက်ပွဲစင်မြင့်အပြင်ဘက်သို့ လွင့်စင်ထွက်သွားစေခဲ့သည်။

လူတိုင်း တုန်လှုပ်သွားခဲ့ကြရ၏။ အချို့သော မဟာဧကရာဇ်များက ဤအရာမှာလည်း ရှေးဦးကျင့်ကြံမှုလမ်းစဉ် အမျိုးအစားတစ်ခုဖြစ်သည့် ခန္ဓာကျင့်ကြံသူဖြစ်မည်ဟု ခန့်မှန်းလိုက်ကြသည်။

သူတို့က ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုသာ အထူးပြုလုပ်ကြသူများ ဖြစ်ကြပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက ကမ္ဘာမြေကြီးကို တုန်လှုပ်စေမည့် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။

အချို့သော မဟာဧကရာဇ်များက ရှေးဟောင်းကျင့်ကြံမှုလမ်းစဉ်တွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုသက်သက်ဖြင့် ကောင်းကင်ယံထက်ရှိ ကြယ်တာရာများကိုပင် ပြိုကွဲစေနိုင်စွမ်းရှိသော ခန္ဓာကျင့်ကြံသူများရှိကြောင်း ရှင်းပြခဲ့ကြသည်။

၎င်းက အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။

ဝေဖန်ဆွေးနွေးသံများ ဆူညံနေခဲ့သည်။

နယ်မြေဆယ်ခုတိုက်ပွဲက အမှန်တကယ်ပင် မျှော်လင့်မထားသော အရာများဖြင့် ပြည့်နှက်နေခဲ့ပေသည်။ အစွမ်းထက် ကျင့်ကြံသူများမှာ အလွန်ပင် များပြားသည်။

ရှေးဦးကျင့်ကြံမှုလမ်းစဉ်မှ ပါရမီရှင်များပင်လျှင် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့ကြ၏။

ရှေးဟောင်းမိစ္ဆာလမ်းစဉ်၊ ရှေးဟောင်းနတ်ဆိုးလမ်းစဉ်နှင့် ရုပ်ခန္ဓာကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့ကြပြီး ကောင်းကင်သားတော်များကိုပင် ဖိနှိပ်နိုင်ခဲ့ကြသည်။

လူအများစုက သူတို့သုံးဦးစလုံးမှာ ထိပ်ဆုံး ဆယ်ယောက်အတွင်းသို့ ဝင်ရောက်နိုင်စွမ်း ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။

ထို့နောက် လုမင်သည် ဟန်ရှင်းဟဲကလည်း သူ၏ပြိုင်ဘက်ကို အနိုင်ယူလိုက်ကြောင်း မြင်တွေ့ခဲ့ရပေသည်။

ကြာပန်းကမ္ဘာမှ ထွက်လာခဲ့ပြီးနောက် ဟန်ရှင်းဟဲက ပျောက်ကွယ်သွားခဲ့ပြီး တစ်ခါမျှ လူလုံးထွက်မပြတော့ပေ။

သို့သော်လည်း ယွမ်တောင်မြင့်မြတ်သော ကျောင်းတော်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့ဖူးသူက များစွာ ပိုမိုသန်မာလာခဲ့ပြီ ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မလိုပေ။

သူ၏ ပြိုင်ဘက်မှာ ကောင်းကင်သားတော်တစ်ဦး ဖြစ်သော်လည်း၊ သူက သူ့ပြိုင်ဘက်ကို ကြီးစိုးသောနည်းလမ်းဖြင့် အနိုင်ယူလိုက်နိုင်ဆဲ ဖြစ်သည်။ ယင်းက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပေသည်။

ဟန်ရှင်းဟဲက သူ့ပြိုင်ဘက်ကို အနိုင်ယူပြီးနောက်တွင် လုမင်၏ ခြေဖဝါးအောက်ရှိ ကျောက်စင်မြင့်မှာ ရှေ့သို့ ရွေ့လျားသွားခဲ့သည်။

"နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီပဲ"

လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

အကြောင်းမှာ၊ သူကဲ့သို့ လှုပ်ရှားလာရသူက အမှန်တကယ် မုယန်ဖြစ်နေသောကြောင့်ပင်။

တကယ်ကို တိုက်ဆိုင်သည်။

လုမင်၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒ အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

မုယန်ကိုယ်တိုင်လည်း အံ့ဩသွားခဲ့ရ၏။ ထို့နောက် အေးစက်သော သတ်ဖြတ်ချင်စိတ်များက ဓားတစ်လက်အလား ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့တော့သည်။

ကျောက်စင်မြင့် နှစ်ခုက တိုက်မိသွားခဲ့ကြသည်။

"ဟားဟားဟား... ထျန်းယွမ်၊ မင်း တကယ်ကို ကံဆိုးတာပဲ။ ဒီတစ်ကြိမ်မှာတော့ မင်းကို သေချင်းဆိုးနဲ့ သေရစေမယ်"

မုယန်က အားရပါးရ ရယ်မောလိုက်မိသည်။

သူသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့၏။

သူသည် လုမင်နှင့် ဆုံတွေ့ရန် အမြဲတမ်း မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။ သူက လုမင်နှင့် အမှန်တကယ် ဆုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ယခုတစ်ကြိမ်တွင်၊ သူက သေချာပေါက် ကလဲ့စားချေတော့မည် ဖြစ်သည်။

"အလို... ငါကတော့ ငါ့ကိုယ်ငါ တကယ် ကံကောင်းတယ်လို့ ဘာလို့ ခံစားနေရတာလဲ"

လုမင်က ပြုံးလိုက်သည်။

"ထျန်းယွမ်က မုယန်နဲ့ ဆုံပြီဟေ့"

"လွန်ခဲ့တဲ့ နှစ်နှစ်က ထျန်းယွမ်ဟာ မုယန်ကို အနိုင်ယူခဲ့ပြီး ပြုတ်ကျလုနီးပါးအထိ ရိုက်ခဲ့တာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ထျန်းယွမ်က သိပ်ပြီး တိုးတက်လာပုံမရဘဲ သိုင်းဧကရာဇ်နယ်ပယ်ကိုလည်း ထိုးဖောက်နိုင်ခြင်း မရှိခဲ့ဘူး။ အခြားတစ်ဖက်မှာတော့ မုယန်က သိုင်းဧကရာဇ်တစ်ဦး ဖြစ်လာခဲ့ပြီ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ထျန်းယွန်းထက် သေချာပေါက် သာလွန်လိမ့်မယ်"

"ပါရမီရှင်တွေကြားထဲက တိုက်ပွဲမှာ တိုက်ခိုက်ရေးစွမ်းအားက အရေးကြီးသလို အလားအလာကလည်း အရေးကြီးတာပဲ။ ထျန်းယွမ်ရဲ့ အလားအလာက သိပ်ပြီး မကောင်းဘူး ထင်ရတယ်။ သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ် ရှိနေလိမ့်မယ်"

လူတချို့က ဝေဖန်လေကန်လိုက်ကြသည်။ တချို့လူများမှာ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သန်မာသော်လည်း အလားအလာကတော့ သိပ်မမြင့်မားသလို ခံစားကြရပေသည်။ အကယ်၍ သူဟာ အနာဂတ်တွင် သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာနိုင်လျှင်ပင် သူ့အနေဖြင့် ကြီးမားသော အောင်မြင်မှုများ ရရှိရန် အလွန်ခက်ခဲမည် ဖြစ်သည်။

"ဒုန်း... ဒုန်း..."

မုယန်က လုမင်ထံသို့ ခြေသံပြင်းပြင်းဖြင့် လှမ်းလာခဲ့သည်။ သူ၏ သိုင်းဧကရာဇ်နယ်ပယ် အရှိန်အဝါကိုလည်း အပြည့်အဝ ထုတ်ဖော်လိုက်၏။ သူ၏ အရှိန်အဝါများက လေပြင်းမုန်တိုင်းတစ်ခုအလား လုမင်ထံသို့ ရိုက်ခတ်လာတော့သည်။

"ဒီလို ပတ်ဝန်းကျင်ကောင်းမျိုးမှာတောင် မင်းက သိုင်းဧကရာဇ်နယ်ပယ်ကို မထိုးဖောက်နိုင်သေးဘူးပဲ။ မင်းက တကယ့်ကို အမှိုက်တစ်စပဲ။ အနာဂတ်မှာ မင်း ဘယ်တော့မှ ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။ မဟုတ်သေးဘူး... မင်းအတွက် အနာဂတ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူးလေ။ ဒီနေ့ မင်း သေရတော့မယ်"

မုယန်က လှောင်ပြောင်လိုက်သည်။

"မင်း စကားတွေ သိပ်များလွန်းနေပြီ။ သေလိုက်တော့"

လုမင်က ငေါက်ငမ်းလိုက်သည်။ သူက မုယန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင် တိုက်ခိုက်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် သေခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။

"မင်း..."

မုယန်မှာ ဟန်ထုတ်လိုနေသေးသော်လည်း လုမင်က ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ သူက လောကနိယာမများကို လုံးဝ လိုက်နာခြင်း မရှိပါ။

ထို့ကြောင့် သူသည် ကြိမ်းမောင်းလိုက်ပြီး နောက်သို့ ကမန်းကတန်း ဆုတ်ခွာလိုက်ရသည်။ သူ့လက်များကို ရှေ့သို့ ဖိနှိပ်လိုက်ရာ ဟင်းလင်းပြင်နိယာမက လုမင်၏ တိုက်ခိုက်မှုအား ဖျက်ဆီးပစ်လိုက်၏။

"မင်းက အလစ်အသိုက် တိုက်ခိုက်ရင်တောင် ငါ့ရဲ့ ပြိုင်ဘက် မဟုတ်၊ အား...."

မုယန်က လုမင်ကို လှောင်ပြောင်ချင်သော်လည်း လုမင်၏ တိုက်ခိုက်မှုစွမ်းအားမှာ ရုတ်တရက် အဆများစွာ မြင့်တက်လာခဲ့သည်။ သူ့အရှိန်မှာလည်း မြန်ဆန်လာခဲ့၏။ သူက မုယန်၏ တိုက်ခိုက်မှုကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်ပြီး မုယန်၏မျက်နှာကို ရိုက်ချလိုက်တော့သည်။

မုယန်မှာ သနားစဖွယ် အော်ဟစ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာလည်း သဲအိတ်တစ်ခုအလား လွင့်ထွက်သွားခဲ့ရ၏။ သူက ကျောက်စင်မြင့်အပြင်ဘက်သို့ပင် လွင့်စင်သွားလုနီးပါး ဖြစ်သွားရတော့သည်။

သူ့အဖြစ်မှာ အလွန်ပင် သနားစရာ ကောင်းလှသည်။ သူ့မျက်နှာက ဝက်မျက်နှာကဲ့သို့ ရွဲပြဲသွားခဲ့ရပြီး ပေါက်ကွဲထွက်လုမတတ် ဖြစ်သွား၏။

လူအများစုက လေအေးကြီးကို ရှူသွင်းလိုက်မိသည်။ လုမင်က မုယန်ကို အမှန်တကယ် ရိုက်နှက်နိုင်သည်အထိ သန်မာနေခဲ့ပါသလော။

"လူယုတ်မာ၊ ဒါက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လို့ပဲ"

မုမိသားစုမှ ကျွမ်းကျင်သူများက အမှန်တရားကို လက်မခံဘဲ အော်ဟစ်လိုက်ကြသည်။

"အား... ငါ မင်းကို သတ်မယ်"

မုယန်မှာလည်း ဟိန်းဟောက်လိုက်ပြီး ရူးသွပ်သွားသကဲ့သို့ လုမင်ထံ ပြေးဝင်လာတော့သည်။

သူက သူ့ခွန်အားကို အပြည့်အဝ ပေါက်ကွဲထွက်စေလိုက်ပြီး လုမင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။ ဟင်းလင်းပြင်နိယာမဖြင့် ဖွဲ့စည်းထားသော ပင်လယ်ပြင်ကြီးတစ်ခုက လုမင်ကို လွှမ်းခြုံသွားခဲ့တော့သည်။

မူလက သူသည် လုမင်ကို လွယ်ကူစွာပင် ရိုက်နှက်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သိုသော်လည်း တိုက်ပွဲအစမှာတင် လုမင်ကြောင့် ဤမျှအထိ ဆိုးရွားစွာ ရိုက်နှက်ခံရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ သူ့စိတ်ထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေပြီး လုမင်ကို အပိုင်းပိုင်း ခုတ်ပိုင်းချင်စိတ်တို့ ဖြစ်နေတော့သည်။

သို့သော်လည်း လုမင်က လှုပ်ရှားခြင်းမပြုဘဲ ဟင်းလင်းပြင်ပင်လယ်ပြင်ကြီးမှ သူ့ကို လွှမ်းခြုံသွားစေရန် ခွင့်ပြုပေးခဲ့သည်။

"မင်း သေလိုက်စမ်း"

မုယန်က ဟိန်းဟောက်လိုက်သည်။ သူ၏ ကမ္ဘာငယ်လေးမှာ လည်ပတ်သွားခဲ့၏။ သူက ကမ္ဘာငယ်၏ စွမ်းအားနှင့် ဟင်းလင်းပြင်နိယာမတို့ကို ပေါင်းစည်းကာ လုမင်ကို အမှုန်မကျန် ချေဖျက်ပစ်ရန် ကြိုးစားလိုက်တော့သည်။

သို့သော်... နိယာမမြစ်ရှည်ကြီးတစ်ခုက လုမင်၏ ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်နေခဲ့ပြီး ဟင်းလင်းပြင်နိယာမ၏ ကျူးကျော်ဝင်ရောက်မှုကို အစဉ်မပြတ် တားဆီးပေးနေခဲ့၏။

"ဒါက နိယာမမြစ်တစ်စင်းပဲဥစ္စာ... မင်း ငါ့ကို တားလို့ရမှာ မဟုတ်ဘူး... သေလိုက်စမ်း"

မုယန်က ဟိန်းဟောက်လိုက်သည်။ ဟင်းလင်းပြင်ပင်လယ်က အမျိုးမျိုးသော တိုက်ခိုက်ရေးစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး လုမင်ကို တိုက်ခိုက်လိုက်၏။

"မင်းကို တားလို့ရမှာ မဟုတ်ဘူးလို့ ထင်နေတာလား"

"ဒါဆိုရင် ငါက နောက်ထပ် အမျိုးအစားတစ်ခု ထပ်ပေါင်းလိုက်ရင်ကော ဘာဖြစ်မလဲ"

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ ရုတ်တရက်၊ သူ့ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ် နိယာမမြစ်ကြီးတစ်စင်း ပေါ်ပေါက်လာခဲ့၏။

ဤအရာမှာ အစီရင်နိယာမဖြင့် ဖွဲ့စည်းထားသော နိယာမမြစ်ကြီးတစ်စင်း ဖြစ်သည်။

နိယာမမြစ်ရှည်ကြီး နှစ်စင်းက သူ၏ပတ်လည်တွင် လည်ပတ်နေတော့သည်။

"ဘယ်လိုတွေဖြစ်နေတာလဲကွာ"

မုယန်မှာ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိသည်။

လုမင်က သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ထားခြင်း မရှိသေးပေ။ သူက မည်ကဲ့သို့ နိယာမနှစ်မျိုးကို ထိန်းချုပ်ထားနိုင်ရပါသနည်း။

"နိယာမနှစ်မျိုးလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"သူက သိုင်းဧကရာဇ်နယ်ပယ်ကို မထိုးဖောက်ရသေးဘူးလေ၊ ဒါပေမဲ့ နိယာမနှစ်မျိုးကို ထိန်းချုပ်ထားနိုင်တယ်။ တစ်ခုက အသန်မာဆုံးနိယာမဖြစ်ပြီး အခြားတစ်ခုက ဘုရင်လမ်းစဉ်နိယာမပဲ"

မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။ လူအများက တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိကြ၏။

သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ခြင်း မရှိဘဲ နိယာမနှစ်မျိုးကို ထိန်းချုပ်ထားနိုင်ခြင်းမှာ သူတို့၏ စိတ်ကူးနိုင်စွမ်းများထက် များစွာ ကျော်လွန်နေခဲ့သည်။

မဟာဧကရာဇ်များသာလျှင် တည်ငြိမ်နေခဲ့ကြသည်။ သူတို့က အံ့ဩသွားခြင်း မရှိခဲ့ကြချေ။ သူတို့ထဲမှ အများစုမှာ လုမင်၏ ယခင်တိုက်ခိုက်မှုများကို မြင်တွေ့ခဲ့ကြဖူးပြီး ဖြစ်သည်။

"ဒီနေ့ ငါ မင်းကို သတ်မယ်"

လုမင်က အေးစက်စွာ ပြောလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နိယာမနှစ်မျိုးက ပေါင်းစည်းသွားခဲ့ကြ၏။

လုမင်က လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ မုယန်၏ ဟင်းလင်းပြင်ပင်လယ်ပြင်ကြီးမှာ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ရပြီးနောက် ပေါက်ကွဲသွားတော့သည်။

လုမင်သည် ပြည့်စုံခြင်းအဆင့် နိယာမငါးမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ငါးကြိမ်တိုင်တိုင် သန့်စင်ခြင်း ခံထားရပြီးနောက် သူ၏ ရုပ်ခန္ဓာနှင့် သူတော်စင်စွမ်းအင်တို့မှာ အလွန်သန်မာပြီး တူညီသောအဆင့်ရှိသူများထက် များစွာ ကျော်လွန်နေခဲ့ပြီ။

သူ၏ ရုပ်ခန္ဓာနှင့် သူတော်စင်စွမ်းအင် သက်သက်ဖြင့်တင် အလွန်အားကောင်းပြီ ဖြစ်သည်။ ယခုအခါ သူက သေခြင်းနိယာမနှင့် အစီရင်နိယာမတို့ကိုပါ ပေါင်းစည်းလိုက်သည့်အခါ ၎င်းက ပေါက်ကွဲထွက်သွားခဲ့ပြီး မုယန်၏ ဟင်းလင်းပြင်ပင်လယ်ပြင်ကြီးကို ချိုးဖျက်ပစ်လိုက်တော့သည်။

မုယန်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ခါသွားခဲ့ရသည်။ သူသည် သွေးအန်လုနီးပါး ဖြစ်သွားခဲ့၏။

"ဝုန်း"

လုမင်၏ ခန္ဓာကိုယ်က လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားလာပြီး မုယန်ထံသို့ ချဉ်းကပ်သွားကာ လက်ဝါးဖြင့် ရိုက်ချလိုက်ပြန်တော့သည်။

မုယန်က အစွမ်းကုန် တားဆီးရန် ကြိုးစားခဲ့သော်လည်း အသုံးမဝင်ချေ။ သူ့လက်က လုမင်၏လက်နှင့် ထိတိုက်မိသွားခဲ့သည့်အခါ အရိုးအဆစ်အားလုံး ကျိုးလုနီးပါး ဖြစ်သွားခဲ့ရသည်။ သူ၏ လက်မနှင့် လက်ညှိုးအကြားရှိ အရေပြားမှာ စုတ်ပြဲသွားခဲ့ရပြီး သွေးများ စီးကျလာတော့သည်။

"ဝုန်း... ဝုန်း"

ခဏချင်းမှာပင် လုမင်က လက်ဝါးရိုက်ချက် တစ်ရာကျော်ခန့် ထုတ်ဖော်လိုက်သည်။ မုယန်က အစွမ်းကုန် ခုခံရန် ကြိုးစားသေး၏။ သို့သော်လည်း တိုက်ခိုက်မှုတစ်ခု ရင်ဆိုင်ရသည့်အခါတိုင်း ဒဏ်ရာများက ပို၍ဆိုးလာသည်။ တိုက်ခိုက်မှုတစ်ရာကျော် ထိပ်တိုက်ရင်ဆိုင်ပြီးနောက်မှာတော့ မုယန်၏လက်က ပေါက်ကွဲသွားပြီး သွေးနှင့်အသားစများမှာလည်း နေရာအနှံ့သို့ လွင့်စဉ်သွားရတော့သည်။

All Chapters