← Chapters

အခန်း ၂၁၁၄

Vol. 147 Ch. 2114

အခန်း ၂၁၁၄

Vol. 147 Ch. 2114

အပိုင်း ( 2114 ) လူတိုင်း တုန်လှုပ်ကြခြင်း။

လူတစ်ယောက်က အသန်မာဆုံး နိယာမနှစ်ခုကို အမှန်တကယ် တတ်မြောက်ထားပါသလား။

လူတိုင်းက အံ့ဩမင်သက်ပြီး မယုံနိုင်သလို ကြည့်လိုက်ကြသည်။

အချို့သူများဆိုလျှင်၊ တစ်စုံတစ်ဦးက လုမင်အဖြစ် ရုပ်ဖျက်ထားခြင်း ဖြစ်နိုင်သည်ဟုပင် သံသယဝင်နေကြတော့သည်။

သို့သော်လည်း မဟာဧကရာဇ်တစ်ပါးက ဤအရာမှာ လုမင်၏ အစစ်အမှန်ရုပ်သွင်ဖြစ်ပြီး မည်သူမျှ ရုပ်ဖျက်ထားခြင်း မဟုတ်ကြောင်း ထောက်ခံပြောဆိုလာခဲ့သည်။

မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပေသည်။

လူတစ်ယောက်က အသန်မာဆုံးနိယာမ နှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်နေသည်။ ထို့ပြင်၊ သူက သိုင်းဧကရာဇ်နယ်ပယ်သို့ပင် မချိုးဖြတ်နိုင်သေးပါ။

ထို့ထက်၊ ယခင်က ပြသခဲ့သော အစီရင်နိယာမကို ထည့်သွင်းရေတွက်မည်ဆိုလျှင် လုမင်တစ်ဦးတည်းက အသန်မာဆုံးနိယာမ သုံးခုကို ထိန်းချုပ်ထားနိုင်ခြင်း မဟုတ်ပါလော။

၎င်းက လုံးဝကို ပေါက်ကွဲသွားစေခဲ့ပေသည်။

ဤအရာက မကြုံစဖူးသော ကိစ္စရပ်ပင် ဖြစ်သည်။

"ဗုဒ္ဓေါ... ‌ဒါက ကောင်းကင်ကို ဆန့်ကျင်ပြီ၊ လုမင်က ကောင်းကင်ကို ဆန့်ကျင်နေပြီပဲ"

"လူတစ်ယောက်တည်းက အသန်မာဆုံးနိယာမ နှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သိုင်းဧကရာဇ်တစ်ပါးတောင် ဒါကို မလုပ်နိုင်ဘူး"

"အသန်မာဆုံးနိယာမတွေက အတူယှဥ်တွဲပြီး တည်ရှိလို့မရဘူး။ ဒါက ရှေးခေတ်ကတည်းက မပြောင်းလဲခဲ့တဲ့ အမှန်တရားပဲ။ အခုတော့ အဲဒီအမှန်တရားက ချိုးဖောက်ခံလိုက်ရပြီပဲ"

လူအများက အော်ဟစ်လိုက်ကြသည်။ မျိုးဆက်ဟောင်းများစွာမှာလည်း အလားတူပင် ဖြစ်ကြ၏။ ဤရိုက်ခတ်မှုက ပြင်းထန်လွန်းလှသည်။

၎င်းက သူတို့၏ တစ်ဘဝလုံး ယုံကြည်လာခဲ့ကြသော အမှန်တရားက မျက်စိတစ်မှိတ်အတွင်း ပြိုလဲသွားသည့်အလား ဖြစ်နေခဲ့ရာ လုံးဝ စိတ်မအေးနိုင်ကြတော့ချေ။

ကောင်းကင်သားတော်များသည်ပင် စိတ်အေးအေး မထားနိုင်ကြတော့ပါ။ အားလုံးက အထူးခြားဆုံး သတ္တဝါတစ်ကောင်ကို ကြည့်နေသကဲ့သို့ လုမင်အား ကြည့်လိုက်ကြသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဟန်မိသားစုကဲ့သို့ လုမင်နှင့် ရန်ငြိုးရှိထားကြသူများမှာလည်း လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေကြရသည်။

"ဝုန်း..."

ယွမ်ရှင်းနှင့် အခြားသော အသန်မာဆုံး ပါရမီရှင်များလည်း စိတ်အေးအေး မထားနိုင်ကြတော့ချေ။ သူတို့ထံမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့ကြသည်။

"ပြိုင်ဘက်ကင်းတယ်ဟေ့... အစ်ကိုကြီး လုမင်က ဘယ်သူ့ကိုမှ ရှုံးမှာမဟုတ်ဘူး"

ပေါင်ပေါင်၏ အော်လိုက်သံက အကျယ်ဆုံး ဖြစ်သည်။

"ဆရာက ပြိုင်ဘက်ကင်းတယ်"

လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့လည်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

လုမင်လည်း သူ့နှာခေါင်းကို ပွတ်လိုက်မိလေသည်။ သူသည် သူ၏အထောက်အထားကို ထုတ်ဖော်ပြသလိုက်သည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်ဖြစ်ကြောင်း ကြိုတင်သိရှိထားပြီးသား ဖြစ်သည်။

သို့သော်လည်း သူက ၎င်းကို ဖုံးကွယ်ထားခြင်း မပြုခဲ့ချေ။

အကြောင်းမှာ... အကယ်၍ နောက်ပိုင်းတွင် ကံကြမ္မာသားတော်၊ ယွမ်ရှင်းနှင့် အခြား ထိပ်တန်းပါရမီရှင်များကို ရင်ဆိုင်ရမည်ဆိုပါက သူ့အထောက်အထားကို ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ဘဲ သူ့အစွမ်းကုန်ကို အသုံးပြုရမည် ဖြစ်သောကြောင့်ပင်။

သူ၏ အထောက်အထားအမှန်က အနှေးနှင့်အမြန် ဖော်ထုတ်ခံရမည် ဖြစ်သည်။

ထို့ပြင် ယခုအခါ ကောင်းကင်ဧကရာဇ်၏ ခန္ဓာအတွင်းရှိ စွမ်းအင်များမှာလည်း သုံးဆယ့်ခြောက် ရာခိုင်နှုန်းအထိ စုဆောင်းမိထားပြီ ဖြစ်ရာ ယုံကြည်မှု ရှိနေပြီး စိုးရိမ်ပူပန်မှုများ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍၊ နယ်မြေဆယ်ခု တိုက်ပွဲ ပြီးဆုံးသွားသည့်နောက်တွင် မုမိသားစုက သူကိုယ်တိုင်နှင့် ချင်ယွဲ့ကို သို့မဟုတ် အခြားသောလူများကို ရန်မူချင်သည်ဆိုပါကလည်း သူတို့ကို ခေါ်ဆောင်ကာ ထွက်ပြေးသွားရုံသာ။

မည်သို့ပင်ဆိုစေကာမူ၊ ကောင်းကင်ဧကရာဇ်၏ခန္ဓာမှာ မယုံနိုင်စရာကောင်းအောင် သန်မာသည်။ ထို့ပြင် ဦးလေးခုန်းနှင့် အခြားသူများလည်း ရှိနေသေးသည် မဟုတ်ပါလော။

ဤအခိုက်တွင် ဦးလေးခုန်း၊ မဟာဧကရာဇ်ဝူရှန်းနှင့် အခြားသောလူများမှာလည်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ သူတို့၏ မုတ်ဆိတ်များကို ပွတ်သပ်နေကြတော့သည်။

သူတို့သည် နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့ကြသော်လည်း ဤကဲ့သို့သော အရာမျိုးကိုမူ ပထမဆုံးအကြိမ် မြင်တွေ့ကြရခြင်း ဖြစ်သည်။

"အား... ငါ့ကို လွှတ်ပေးပါ"

ထိုအခိုက်တွင် မုယန်က လိပ်ပြာလွင့်မတတ် ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်သည်။

လူတစ်ယောက်က အသန်မာဆုံးနိယာမ နှစ်ခုကို အမှန်တကယ် ထိန်းချုပ်ထားနိုင်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ဤမျှ ကြောက်မက်ဖွယ်ကောင်းနေသည်မှာ မဆန်းတော့ချေ။ ယခုအချိန်တွင် သူက ကြောက်ချေးပါမတတ်ဖြစ်နေပြီ ဖြစ်သည်။

"မုယန်... ငါ့ကို လုပ်ကြံဖို့ သေခြင်းနတ်ဘုရားတိုင်းပြည်ကို ငှားယမ်းခဲ့တာ မင်းပဲ မဟုတ်လား"

လုမင်က အေးစက်စွာ မေးမြန်းလိုက်သည်။

"လုမင်... ငါ့အသက်ကို ချမ်းသာပေးပါ..."

မုယန်က ကြောက်လန့်တကြား အော်ဟစ်လိုက်မိ၏။

လူအများ၏ နှလုံးသားများ တုန်လှုပ်သွားခဲ့ကြသည်။ ဤအရာက အမှန်တကယ်ပင် မုယန်၏ လက်ချက်ဖြစ်ပုံရ၏။ သူသည် သေခြင်းနတ်ဘုရားတိုင်းပြည်မှ လူများကို လုမင်အား လုပ်ကြံရန် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။ လုမင်သည် သေဘေးမှ ရှောင်လွှဲရန် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ကိုမူ သူတို့ မသိရှိကြချေ။ ထို့ပြင် သေခြင်းနတ်ဘုရားတိုင်းပြည်မှ လူများကလည်း သူတို့ လုမင်ကို သတ်ပစ်လိုက်ပြီဟု မှားယွင်းစွာ ထင်မှတ်နေခဲ့ကြခြင်း ဖြစ်သည်။

"လူယုတ်မာ... နင်က ငါ့ဆရာကို မနိုင်တော့ လုပ်ကြံသတ်ဖြတ်သူတွေကိုတောင် စေလွှတ်ခဲ့တယ်ပေါ့။ သေသင့်တဲ့ကောင်"

"ဆရာ... သူ့ကို သတ်ပစ်လိုက်ပါ"

ရှန်းရှန်းနှင့် အိုးရန်မော့လီတို့မှာ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတိုက မုယန်ကို ကိုယ်တိုင်သတ်ချင်စိတ်တို့ပင် ဖြစ်နေကြတော့သည်။

"မုယန်... အနားယူလိုက်ပါတော့"

လုမင်က ပြောလိုက်သည်။ ထို့နောက် မုယန်၏ သွေးပျက်နေသော အကြည့်အောက်မှာပင် လုမင်က သူ့လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်ရာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက မုယန်၏ ဝိညာဉ်ကို တိုက်ရိုက်ပင် ခြေမှုန်းဖျက်ဆီးပစ်လိုက်တော့သည်။

"တောက်စ်"

မုမိသားစုမှ မဟာဧကရာဇ်ကြီး ဒေါသတကြီးဖြင့် တက်ခေါက်လိုက်သည်။

ကောင်းကင်သားတော် တစ်ဦးမှာ ဤကဲ့သို့ သေဆုံးသွားခဲ့ပြီ။ ယင်းက သူတို့၏ နှလုံးသားများမှာ သွေးစိမ်းရှင်ရှင် ယိုစီးစေခဲ့သည်။

ဘုရင်ခန္ဓာသည်ပင် မဟာဧကရာဇ်တစ်ဦး ဖြစ်လာနိုင်သည့် အလားအလာ ရှိသည်ဟု ဆိုကြသည်။ ကောင်းကင်သားတော် တစ်ဦးဆိုပါက သံသယဖြစ်ဖွယ်မလိုပေ။ သူတို့အတွက် မဟာဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်နိုင်မည့် အခွင့်အလမ်းမှာ အလွန်မြင့်မားသည်။ သူတို့က ရှေ့သို့ ခြေတစ်လှမ်း ထပ်မံလှမ်းကာ ကောင်းကင်ဧကရာဇ်နယ်ပယ်ကိုပင် တို့ထိနိုင်စွမ်း ရှိကြပေသည်။

ဤကဲ့သို့သော ပါရမီရှင်မျိုးကို မည်သည့်အင်အားစုမဆို ရတနာတစ်ပါးအလား ဆက်ဆံကြမည် ဖြစ်သည်။ သို့သော်၊ ယခုအခါတွင်မူ သူက လူတိုင်း၏ ရှေ့မှောက်တွင် လုမင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ဝိညာဉ်ပါမကျန် ပျက်စီးသွားခဲ့ရပြီ။

မုယန် သေဆုံးသွားခဲ့ပြီးနောက် မုယန်ကို ကိုယ်စားပြုသည့် ကျောက်စင်မြင့်က စိမ်းဖျော့ဖျော့ အခိုးအငွေ့တစ်ခုအဖြစ် ပြောင်းလဲခဲ့ကာ ပျောက်ကွယ်သွားတော့သည်။

လုမင်ကမူ သူ၏ ကျောက်စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး နောက်သို့ မျောလွင့်သွားခဲ့သည်။

အကြည့်ပေါင်းများစွာက လုမင်ထံသို့ ကျရောက်လာခဲ့ကြသည်။ အချို့မှာ လေးနက်မှုများဖြင့် ပြည့်နှက်နေခဲ့ကြပြီး အချို့က ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့ကြ၏။

ယခင်ကမူ မည်သူမျှ လုမင်ကို အလေးအနက် မထားခဲ့ကြချေ။ ဧကရာဇ်တစ်ပိုင်း တစ်ဦးက မည်မျှပင် သန်မာစေကာမူ၊ သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပါ။

သို့သော်လည်း ယခုအခါတွင်မူ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

လုမင်က မုယန်ကို သတ်ပစ်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အသန်မာဆုံးနိယာမ နှစ်ခုကို တတ်မြောက်ထားသူဖြစ်ကြောင်း ပြသခဲ့ပေသည်။

အရေးကြီးဆုံးအချက်က လုမင်သည် မုယန်ကို သတ်ဖြတ်စဉ်က ကစဉ့်ကလျားနိယာမကို အသုံးမပြုခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ကစဉ့်ကလျားနိယာမနှင့် သေခြင်းနိယာမတို့ နှစ်ခုစလုံးကို အသုံးပြုခဲ့မည်ဆိုပါက၊ သူ့ခွန်အားက မည်မျှအထိ ကြောက်စရာကောင်းမည်နည်း။

လူတိုင်းက လုမင်၏ တိုက်ပွဲစွမ်းရည်ကို ပြန်လည်အကဲဖြတ်လာကြတော့သည်။

ဟုတ်သည်၊ လုမင်ကို အထင်မကြီးကြသေးသော လူများလည်း ရှိနေသေးသည်။ အသန်မာဆုံးနိယာမ နှစ်ခုကို တစ်ပြိုင်နက်တည်း တတ်မြောက်ထားခြင်းမှာ မကြုံစဖူး ကိစ္စရပ်ဖြစ်သော်လည်း အသန်မာဆုံးနိယာမ နှစ်ခုကို ပေါင်းစပ်ပြီး ၎င်းတို့၏ စွမ်းအားကို မြှင့်တင်ရန်မှာမူ မဖြစ်နိုင်ကြောင်း တွေးတောနေခဲ့ကြခြင်း ဖြစ်သည်။

လူအများစုက ဤအမြင်ကို သဘောတူခဲ့ကြပေသည်။

ပြိုင်ပွဲက ဆက်လက်၍ ကျင်းပနေခဲ့သည်။

လုမင်နှင့် မုယန်တို့၏ တိုက်ပွဲပြီးနောက်တွင် လူပေါင်း နှစ်ဆယ်ခန့်သာ ကျန်ရှိတော့သည်။ ကျန်ရှိနေခဲ့သူများမှာလည်း ထိပ်တန်း ကျွမ်းကျင်သူများထဲမှ ကျွမ်းကျင်သူများ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ တိုက်ပွဲတိုင်းက လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပေသည်။

ကံကြမ္မာသားတော်၊ ယွမ်ရှင်း၊ ရဟန်းဝူလျန့်နှင့် အခြားသောလူများက သူတို့၏ ပြိုင်ဘက်များကို ဆက်လက် အနိုင်ယူခဲ့ကြသည်။

မရဏဓားမှာမူ နောက်ဆုံးတွင် အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ရပေသည်။

သူသည် ရှေးဦးလမ်းစဉ်ကို ကျင့်ကြံထားပုံရသော အစစ်အမှန်နဂါးတစ်ကောင်နှင့် ဆုံတွေ့ခဲ့ရသည်။ ၎င်းက အလွန်စွမ်းအားကြီး၏။ မရဏဓားက သူ့အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ၎င်း၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ချေ။ တိုက်ခိုက်မှု ဒါဇင်အနည်းငယ်ခန့်အပြီးတွင် သူ ရှုံးနိမ့်သွားခဲ့ရသည်။

ဟန်ရှင်းဟဲသည်လည်း အစွမ်းထက်သော ပြိုင်ဘက်တစ်ဦးနှင့် ဆုံတွေ့ခဲ့ရသည်။ သို့ရာတွင်၊ သူကိုယ်တိုင်က အမှန်တကယ် သန်မာသည်။ သူ၏ ပြိုင်ဘက်နှင့် တိုက်ကွက်ပေါင်း တစ်ရာကျော် အပြန်အလှန် ဖလှယ်ပြီးနောက်တွင် သီသီလေးဖြင့် အနိုင်ရရှိသွားခဲ့ပေသည်။

ပေါင်ပေါင်သည်လည်း သူ၏ ပြိုင်ဘက်ကို အနိုင်ယူခဲ့၏။

လုမင်၏ အလှည့်သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာသည့်အခါတွင်မူ သူ၏ ပြိုင်ဘက်မှာ သန်မာခြင်း မရှိလှချေ။ သူသည် မုယန်ထက် အနည်းငယ် ပိုအားနည်းပြီး လုမင်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။

တဖြည်းဖြည်းနှင့် လူပေါင်း တစ်ဆယ့်သုံးယောက်သာ ကျန်ရှိတော့သည်။

ကျောက်ပြားစင်မြင့် တစ်ဆယ့်သုံးခုမှာ လေထုထဲတွင် မျောလွင့်နေခဲ့ကြပြီး တစ်ဦးကိုတစ်ဦး အကဲခတ်နေခဲ့ကြသည်။

ဤလူ တစ်ဆယ့်သုံးယောက်မှာ အလွန် သန်မာကြသည်။

၎င်းတို့အနက် ကံကြမ္မာသားတော်၊ ယွမ်ရှင်း၊ ရဟန်းဝူလျန့်၊ ရှေးဦးမိစ္ဆာလမ်းစဉ်ကို ကျင့်ကြံထားသော အစစ်အမှန်နဂါး၊ ခန္ဓာကျင့်ကြံသူနှင့် အချိန်ဟင်းလင်းပြင်သားတော်တို့မှာ အာရုံစိုက်မှုကို အခံရဆုံးလူများ ဖြစ်ကြသည်။

အကြောင်းမူ၊ ဤလူများက လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက သိုင်းဧကရာဇ်နယ်ပယ်သို့ ခြေလှမ်းလှမ်းဝင်ခဲ့ကြသူများ ဖြစ်သောကြောင့်ပင်။

နှစ်နှစ်အကြာတွင်၊ သူတို့က အဆများစွာ ပိုပြီး အားကောင်းလာကြမည်မှာ သေချာသည်။ သူတို့၏ စွမ်းအားမှာ ခန့်မှန်းရန်ပင် မလွယ်ပေ။

သို့သော်လည်း ဤလူများက တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ခြင်း မရှိကြသေးပါ။

'ဒါက ကျောက်စင်မြင့်တွေနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်မလား'

လုမင်က တွေးတောလိုက်မိသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ၊ ကျောက်စင်မြင့်များက အားကောင်းသူနှင့် အားနည်းသူကို အကြမ်းဖျင်းအားဖြင့် ခွဲခြားပေးနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အသန်မာဆုံးလူအချို့မှာ အချင်းချင်း မတွေ့သေးဘဲ အလိုအလျောက် ရှောင်လွှဲနေခဲ့ကြခြင်း ဖြစ်သည်။

ဤအရာက ဖြစ်နိုင်ချေ အလွန်များပေသည်။ အကယ်၍ အသန်မာဆုံးလူအချို့သာ စောစောစီးစီး ဆုံတွေ့ခဲ့ကြမည်ဆိုပါက ၎င်းမှာ မမျှမတ ဖြစ်သွားပေလိမ့်မည်။

ကျောက်စင်မြင့်များက လည်ပတ်နေခဲ့ကြသည်။ ထို့နောက် ကျောက်စင်မြင့်နှစ်ခုက ပျံထွက်လာခဲ့ကြပြီး တစ်ခုနှင့်တစ်ခု တိုက်မိသွားခဲ့ကြ၏။

၎င်းတို့အနက် တစ်ခုမှာ ကံကြမ္မာသားတော် ဖြစ်သည်။

ကံကြမ္မာသားတော်နှင့် ဆုံတွေ့ခဲ့ရသူမှာ မျက်နှာပျက်သွားရ၏။

သူဟာ ကံကြမ္မာသားတော်နှင့် အမှန်တကယ် ဆုံတွေ့ခဲ့ရပြီ။

ကံကြမ္မာသားတော်၏ အမည်မှာ ထျန်းမင် ဖြစ်သည်။ ကံကြမ္မာမြို့တော်ကို သူ့အမည်အဖြစ် အသုံးပြုထားခြင်းအားဖြင့် သူ၏နှလုံးသားမှာ ကောင်းကင်ထက်ပင် မြင့်မားကြောင်း မြင်တွေ့နိုင်ပေသည်။

ထို့ပြင် သူက ဤအမည်နှင့် ထိုက်တန်သည်။

ထျန်းမင်က အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူ၏ အနက်ရောင်ဆံပင်ရှည်ကြီးများမှာ ခါးအထိ ကျဆင်းနေ၏။ သူ့အသွင်က ဒဏ္ဍာရီလာ နတ်ဘုရား၏သားတော်အလား ခန့်ညားလှပေသည်။

သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခုကို အမြဲဆင်မြန်းထားခဲ့သည်။ သူက နေရာတွင် ရပ်နေသော်လည်း တောက်ပသော အလင်းလွှာတစ်ခုက သူ့အား ရစ်ပတ်ထား၏။ ယင်းက သူ့အား ဤကမ္ဘာနှင့် မသက်ဆိုင်သူကဲ့သို့ ထင်မှတ်ရစေသည်။

All Chapters