← Chapters

အခန်း ၂၁၁၅

Vol. 147 Ch. 2115

အခန်း ၂၁၁၅

Vol. 147 Ch. 2115

အပိုင်း ( 2115 ) ကြောက်စရာကောင်းသော ကံကြမ္မာနိယာမ။

ကံကြမ္မာသားတော် ထျန်းမင်ကို ဤပြိုင်ပွဲတွင် အနိုင်ရရှိရန် ရေပန်းအစားဆုံး အလားအလာရှိသူအဖြစ် အားလုံးက သတ်မှတ်ထားကြသည်။

ပြိုင်ပွဲမစတင်မီက ယွမ်ရှင်းတစ်ဦးတည်းသာ ထျန်းမင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသူဟု ယူဆခဲ့ကြပေသည်။

သို့သော်လည်း ယခုအခါတွင်မူ ရဟန်းဝူလျန့်၊ အစစ်အမှန်နဂါးနှင့် ရှေးဦးခန္ဓာကျင့်ကြံသူကဲ့သို့သော ဖျက်မြင်းများစွာ ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း လူအများစုက ထျန်းမင်သည် ဤပြိုင်ပွဲတွင် အဆင်ပြေပြေ အနိုင်ရရှိလိမ့်မည်ဟု တွေးတောနေကြသေးသည်။

ကံကြမ္မာသားတော်သည် ကံကြမ္မာကို ထိန်းချုပ်နိုင်ပြီး သမိုင်းတစ်လျှောက်တွင် ထိုသို့သောသူ အနည်းငယ်မျှသာ ရှိခဲ့ဖူးသည်။ ၎င်းတို့အနက် အားလုံးနီးပါးကလည်း ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြပြီး ထိပ်သီးကျွမ်းကျင်သူများ ဖြစ်လာခဲ့ကြပေသည်။

"ခင်ဗျား အရှုံးပေးချင်လား"

ထျန်းမင်က တည်ငြိမ်သော အပြုံးဖြင့် မေးလိုက်သည်။

"အသန်မာဆုံးနိယာမ ဆယ်ခုထဲမှာ ကံကြမ္မာနိယာမက အခြားနိယာမတွေထက် နည်းနည်း ပိုပြီးသာလွန်တယ်လို့ ပြောကြတယ်။ ကျုပ်က အဲဒါကို ကြုံတွေ့ခံစားကြည့်ချင်တယ်"

လူငယ်က ပြောလိုက်သည်။ သူသည်လည်း အလွန်ပင် အစွမ်းထက်သော ကောင်းကင်သားတော်တစ်ဦး ဖြစ်၏။ လွန်ခဲ့သော နှစ်နှစ်က သူသည် ဧကရာဇ်နယ်ပယ်သို့ ချိုးဖြတ်လုနီး ဖြစ်ခဲ့သည်။ နှစ်နှစ်ကြာ ကျင့်ကြံပြီးနောက်တွင် သူ၏ကျင့်ကြံခြင်းအဆင့်မှာ ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်သို့ ရောက်ရှိခဲ့၏။ ထိုသို့ဖြစ်ရာ သူက တိုက်ပွဲမဆင်နွှဲဘဲ မည်သို့ အရှုံးပေးလိမ့်မည်နည်း။

ထျန်းမင်က သူ့ခေါင်းကို ညင်သွာစွာ ခါယမ်းလိုက်ပြီး ပြောလိုက်သည်။

"ခင်ဗျား အဲဒီစကားကို ပြောလိုက်တဲ့ အချိန်ကစပြီး ခင်ဗျားရဲ့ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်သွားပြီ။ ခင်ဗျား ရှုံးလိမ့်မယ်"

"ဘာကို ကံကြမ္မာအရ ရှုံးမှာလဲ။ ကျုပ်ရဲ့ ကံကြမ္မာက ကျုပ်အပေါ်မှာပဲ မူတည်တယ်။ ဘယ်သူကမှ ကျုပ်ရဲ့ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး"

လူငယ်က အော်ဟစ်လိုက်ပြီး ထျန်းမင်ထံသို့ ပြေးဝင်သွားခဲ့သည်။

"ခင်ဗျားက မိုးကြိုးပစ်ခံရဖို့ ကံပါလာတယ်"

ထျန်းမင်က ပြုံးလျက် ပြောလိုက်၏။

"ဝုန်း..."

သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အဆုံးမဲ့မိုးကြိုးများက ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး သူ၏ပြိုင်ဘက်ထံသို့ ပစ်ခွင်းလိုက်တော့သည်။

မိုးကြိုးစီးကြောင်း တစ်ခုစီတိုင်းက အရောင်အသွေး စုံလင်သည်။ ၎င်းတွင် မတူညီသော အရောင်ငါးမျိုး ရှိနေပြီး လက်မောင်းလုံးခန့် တုတ်ခိုင်ကြ၏။ ၎င်းတို့၏ စွမ်းအားကလည်း ကြောက်ခမန်းလိလိပင်။

သိပ်သည်းစွာ ကျရောက်လာသော မိုးကြိုးများက လူငယ်ကို တိုက်ရိုက်ပင် လွှမ်းမိုးနစ်မြုပ်သွားစေခဲ့သည်။

လူငယ်က ကျယ်လောင်စွာ ဟိန်းဟောက်မာန်သွင်းလိုက်သည်။ သူက နတ်ဘုရားစွမ်းရည်ဖြင့် မိုးကြိုးများကို ခုခံရန်အတွက် ရူးသွပ်စွာ လှုပ်ရှားလိုက်၏။

"ခင်ဗျားရဲ့ ကံကြမ္မာက မီးလောင်တိုက်သွင်းခံရဖို့ရှိတယ်"

ထျန်းမင်က ထပ်မံ၍ ပြောဆိုလိုက်ပြန်သည်။

ထို့နောက် အဆုံးမဲ့သော မီးတောက်များ ပေါ်ထွက်လာခဲ့၏။ ၎င်းတို့က အလွန်ကြောက်စရာကောင်းကာ လူငယ်ကို လွှမ်းမိုးနစ်မြုပ်သွားစေတော့သည်။

"ခင်ဗျားရဲ့ကံကြမ္မာက ဓားနဲ့ အခုတ်ခံရဖို့ပဲ"

"ခင်ဗျားရဲ့ကံကြမ္မာက တူနဲ့ အထုခံရဖို့ပဲ"

"..."

ထျန်းမင်းက ဆက်တိုက်ဆိုသလို ပြောနေခဲ့သည်။ သူ ပြောလိုက်သည့် စကားလုံးတိုင်းက အမှန်တကယ် ဖြစ်လာခဲ့၏။ တိုက်ခိုက်မှု အမျိုးမျိုးက သူ၏ပြိုင်ဘက်ထံသို့ အဆုံးမရှိ ကျရောက်လာခဲ့တော့သည်။

နောက်ဆုံးတွင် လူငယ်မှာ ဆက်လက်၍ မခုခံနိုင်တော့ချေ။ သူက သွေးများအန်ထုတ်လိုက်ရပြီး စင်မြင့်ထက်မှ လွင့်စင်သွားတော့သည်။

အခြားတစ်ဖက်တွင်မူ ထျန်းမင်က စတင်ချိန်မှ အဆုံးအထိ ပြုံးလျက်သာ ရှိခဲ့သည်။ သူသည် ကျောက်စင်မြင့်ထက်တွင် ရပ်နေခဲ့ပြီး ခြေတစ်လှမ်းမျှပင် မရွေ့လျားခဲ့ချေ။ သူ၏ ဟန်အမူအရာက ထူးကဲလွန်းလှသည်။

လူတိုင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ စကားလုံးများဖြင့် ဖော်ပြ၍မရအောင် တုန်လှုပ်သွားခဲ့ကြ၏။

ကံကြမ္မာနိယာမက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ ၎င်းက တစ်စုံတစ်ဦး၏ ကံကြမ္မာကို အမှန်တကယ် ဆုံးဖြတ်ပေးနိုင်ပါလား။

သူက တစ်ဖက်လူကို မိုးကြိုးပစ်ခံရမည်ဟု ပြောလျှင် ထိုသူသည် မိုးကြိုးပစ်ခံရမည် ဖြစ်ပြီး၊ ဓားဖြင့် အခုတ်ခံရမည်ဟု ပြောလျှင် ဓားဖြင့် အခုတ်ခံရမည် ဖြစ်သည်။

၎င်းမှာ သူက အခြားသူများ၏ ကံကြမ္မာကို ထိန်းချုပ်နေသည့်အလားပင်။

လုမင်၏ မျက်ဝန်းများထဲမှာပင် လေးနက်သော အရိပ်အယောင်တစ်ခု ရှိလာခဲ့ရသည်။

ထျန်းမင်၏ ကျောက်စင်မြင့်က နောက်သို့ ပြန်လည်မျောလွင့်သွားလေသည်။ လူပေါင်း တစ်ဆယ့်နှစ်ယောက် ကျန်ရှိသည်။

မကြာမီ ထိပ်တန်း ဆယ်ယောက်ကို ဆုံးဖြတ်နိုင်တော့မည်။

မကြာမီမှာပင် နောက်ထပ် ကျောက်စင်မြင့်နှစ်ခု ပျံထွက်လာခဲ့ကြပြီး တစ်ခုနှင့်တစ်ခု တိုက်မိသွားခဲ့ကြသည်။

လူတိုင်းက ထပ်မံ၍ တုန်လှုပ်သွားခဲ့ကြရသည်။

ဤအကြိမ်တွင် ရှေ့သို့ လှမ်းထွက်လာခဲ့သူမှာ ယွမ်ရှင်း ဖြစ်၏။

သူ့ပြိုင်ဘက်၏ မျက်နှာမှာလည်း ပျက်ယွင်းသွားခဲ့ရသည်။

အခြားသူများ၏ အမြင်တွင် ယွမ်ရှင်းက ထျန်းမင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသူတစ်ဦး ဖြစ်သည်။ သူနှင့် ဆုံတွေ့ရခြင်းမှာ ကံဆိုးခြင်းသက်သက်ပင် ဖြစ်တော့သည်။

"ဝုန်း..."

ယွမ်ရှင်းက ကြီးစိုးစွာနှင့် လွှမ်းမိုးချုပ်ကိုင်လိုသော အရှိန်အဝါဖြင့် တိုက်ရိုက်ပင် တိုက်ခိုက်လိုက်သည်။

သူ၏ ကစဉ့်ကလျား နတ်ဘုရားလက်ဝါးက တိုက်ခိုက်မှုပိုင်းတွင် နှိုင်းယှဉ်စရာမရှိအောင် သန်မာလှ၏။ သူ တိုက်ခိုက်လိုက်သည့် အချိန်မှစ၍ သူ့ပြိုင်ဘက်ကို အပြတ်အသတ် ချေမှုန်းတော့သည်။

သူ့ပြိုင်ဘက်မှာ သန်မာကောင်း သန်မာနိုင်သော်လည်း အားနည်းချက်ရှိနေဆဲ ဖြစ်သည်။ သူက ယွမ်ရှင်း၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ခဲ့ချေ။

"ယွမ်ရှင်းရဲ့ ကျင့်ကြံခြင်းက သေချာပေါက် ကြယ်တစ်ပွင့်အဆင့် ဗလာနယ်ဧကရာဇ်အဆင့် မဟုတ်တော့ဘူး။ ကျုပ်ထင်တာတော့ သူက ကြယ်နှစ်ပွင့်အဆင့် ဗလာနယ်ဧကရာဇ် ဖြစ်နေပြီ"

တစ်စုံတစ်ဦးက ခန့်မှန်းလိုက်သည်။

လူအများစုက ခေါင်းငြိမ့်လိုက်ကြ၏။ ဤအရာမှာ ပုံမှန်ပင် ဖြစ်သည်။ ယွမ်ရှင်းသည် လွန်ခဲ့သော နှစ်နှစ်ကတည်းက ဗလာနယ်ဧကရာဇ်တစ်ဦး ဖြစ်လာခဲ့ပြီးသား ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူသည် အခွင့်အရေးများစွာနှင့် ထပ်မံ ဆုံတွေ့ခဲ့ရ၏။ သူက မည်ကဲ့သို့ တိုးတက်မလာဘဲ ရှိလိမ့်မည်နည်း။

မကြာမီမှာပင် ယွမ်ရှင်း၏ ပြိုင်ဘက်က ရှုံးနိမ့်သွားခဲ့သည်။ သူသည် သွေးများအန်ထုတ်လိုက်ရပြီး တိုက်ပွဲစင်မြင့်ထက်မှ ထွက်ခွာသွားခဲ့ရတော့သည်။

ယွမ်ရှင်း နောက်ပြန်ဆုတ်သွားပြီးနောက်တွင် လူပေါင်း တစ်ဆယ့်တစ်ယောက် ကျန်ရှိသည်။

ထို့နောက် နောက်ထပ် ကျောက်စင်မြင့်နှစ်ခု တစ်ခုနှင့်တစ်ခု တိုက်မိသွားခဲ့ကြပြန်၏။

"သူပဲ... ရှေးဟောင်းခန္ဓာကျင့်ကြံသူ"

လုမင်၏ မျက်ဝန်းများက လှုပ်ရှားသွားခဲ့ပြီး စိတ်ဝင်စားသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

၎င်းတို့အနက် တစ်ဦးမှာ ပေါင်သဲဟု အမည်ရသော ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်ပေသည်။

ဤလူငယ်က သုံးမီတာနီးပါးခန့် အရပ်မြင့်မားသည်။ သူသည် ကတုံးပြောင်ဖြစ်ပြီး သူ့အသားအရေမှာလည်း ကတ္တရာစေး သို့မဟုတ် အနက်ရောင် သံမဏိနက်ကဲ့သို့ မည်းနက်နေခဲ့၏။ ခန္ဓာကိုယ်ကြံ့ခိုင်ပြီး တစ်ကိုယ်လုံးမှာ အဆုံးအစမဲ့သော အင်အားများဖြင့် ပြည့်နှက်နေသကဲ့သို့ ထင်ရသည်။

ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံသူများက သူတို့၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များကို ကျင့်ကြံခြင်းတွင် အထူးပြုကြသည်။ သူတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက နှိုင်းယှဉ်၍မရနိုင်ဘဲ သူတို့၏အင်အားက အဆုံးမဲ့ပေသည်။

လုမင်က အလွန်ပင် စိတ်ဝင်စားနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း နိယာမဖြင့် ငါးကြိမ်ဆက်တိုက် သန့်စင်ခြင်းကို ခံထားရပြီး ကစဉ့်ကလျားချီသုံးခု ပါဝင်နေခဲ့၏။ ၎င်းက အလွန်ပင် သန်မာနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ပေါင်သဲနှင့် နှိုင်းယှဉ်မည်ဆိုပါက ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသေးသည်။

ပေါင်သဲ၏ ပြိုင်ဘက်လည်း မျက်စိမျက်နှာပျက်သွားသည်။

အကြောင်းမှာ၊ ပေါင်သဲသည်လည်း အသန်မာဆုံးသော လူအနည်းစုထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသောကြောင့်ပင်။

အဘယ်ကြောင့် အားအနည်းဆုံးလူများက ထ်ိပ်သီး လူသုံးယောက်နှင့် ရင်ဆိုင်နေကြရသနည်း။

"ဟားဟားဟား...၊ ကောင်လေး... တိုက်ကွက်ထုတ်လိုက်စမ်း"

ပေါင်သဲက ရယ်မောလိုက်ပြီး လူသန်ကြီးတစ်ယောက်အလား တစ်ဖက်လူထံသို့ လျှောက်လှမ်းသွားခဲ့သည်။

"ဝုန်း..."

ပေါင်သဲက စတင်တိုက်ခိုက်သည်။ ၎င်းက ရိုးရှင်းပြီး တိုက်ရိုက်ဆန်လှ၏။ သူက လက်သီးတစ်ချက်ကို ရိုးရိုးရှင်းရှင်း ထိုးနှက်လိုက်ခြင်း ဖြစ်သည်။

ဤလက်သီးချက်က ဟင်းလင်းပြင်ကို တိုက်ရိုက်ပင် ဖောက်ထွင်းသွားခဲ့သည်။ သူ၏ မည်းနက်သော လက်သီးကြီးက တစ်ဖက်လူထံသို့ ဖိနှိပ်ကျရောက်သွားသည့်အခါ ရှေးဦးနတ်ဘုရားတောင်ကြီးတစ်လုံးအလား ဖြစ်နေခဲ့တော့သည်။

သူ၏ပြိုင်ဘက်မှာလည်း အားနည်းသူတော့ မဟုတ်ချေ။ သူက အလွန် သန်မာသူတစ်ဦးဟုပင် ဆိုနိုင်သည်။ သူသည် ပေါင်သဲကို ခုခံရန်အတွက် သူ့အစွမ်းကုန်ကို ထုတ်ဖော်လိုက်၏။

ကံမကောင်းစွာဖြင့်၊ သူသည် ပေါင်သဲကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးချေ။

ပေါင်သဲ၏ လက်သီးချက်က နိယာမအင်အားကို တိုက်ရိုက်ပင် ဖျက်ဆီးပစ်လိုက်သည်။ သူ့ပြိုင်ဘက်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ရသည်။ သူသည် အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း ပေါင်သဲ၏ လက်သီးချက်ကြောင့် ကျောက်စင်မြင့်ထက်မှ လွင့်ထွက်လုနီးပါး ဖြစ်ခဲ့ရတော့သည်။

"ကောင်လေး... မင်း မလုပ်နိုင်ပါဘူး။ ဟားဟားဟား"

ပေါင်သဲက ရယ်မောလိုက်သည်။ သူ၏ သုံးမီတာမြင့်မားသော ခန္ဓာကိုယ်ကြီးက အံ့ဩဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် သူ့ပြိုင်ဘက်ထံသို့ ပြေးဝင်သွားခဲ့၏။

"ဝုန်း"

ပြိုင်ဘက်က သူ့အစွမ်းကုန် အသုံးပြုကာ နတ်ဘုရားစွမ်းရည် တစ်ခုကို ပေါက်ကွဲစေလိုက်သည်။ သို့သော်၊ ၎င်းက ပေါင်သဲ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါတွင်မူ အသုံးမဝင်ခဲ့ချေ။ ၎င်းက ပေါင်သဲ၏ ကာကွယ်ရေးကို ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ပါ။

ပေါင်သဲ၏ ခန္ဓာကိုယ်က နတ်ဘုရားလက်နက်တစ်ခုအလား ဖြစ်နေခဲ့သည်။ သူက တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ဖောက်ထွင်းသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထံသို့ မိမိရရ ထိုးနှက်လိုက်၏။

ပြိုင်ဘက်က နာကျင်စွာ ညည်းတွားလိုက်ရသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ အရိုးကျိုးသံများလည်း ထွက်ပေါ်လာခဲ့၏။ ထို့နောက် သူက သွေးများအန်ထုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ တိုက်ပွဲစင်မြင့်ထက်မှ တိုက်ရိုက် လွင့်ထွက်သွားခဲ့ရတော့သည်။

လူအမြောက်အမြားက အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ကြရသည်။ ပေါင်သဲက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။ သူ့အင်အားက အဆုံးမဲ့၏။ သူက တိုက်ကွက်အနည်းငယ်ဖြင့်ပင် သူ့ပြိုင်ဘက်ကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

"ကြောက်စရာကောင်းတဲ့ အင်အားပါလား။ ဒါက စစ်မှန်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုရဲ့ စွမ်းအားပဲလား"

လူအုပ်ကြီးထဲတွင် ဟွမ်လီနှင့် လုံချန်တို့၏ မျက်နှာများမှာ အလွန်ပင် လေးနက်နေခဲ့ကြသည်။

သူတို့ကိုယ်တိုင်က ခွန်အားနိယာမကို ကျင့်ကြံထားကြသူများဖြစ်ပြီး အကြွင်းမဲ့အင်အားအဖြစ် လူသိများကြ၏။ သို့သော်လည်း ပေါင်သဲနှင့် နှိုင်းယှဉ်မည်ဆိုပါက သူတို့ဟာ အလှမ်းဝေးကွာနေသေးသည်။

ပေါင်သဲက သူ့ပြိုင်ဘက်ကို အနိုင်ယူပြီးနောက်တွင် လူဆယ်ယောက်သာ ကျန်ရှိခဲ့သည်။

ထိပ်တန်းဆယ်ယောက် ပေါ်ထွက်လာခဲ့ပြီ။

၎င်းတို့မှာ ထျန်းမင်၊ ယွမ်ရှင်း၊ ရဟန်းဝူလျန့်၊ ပေါင်သဲ၊ အစစ်အမှန်နဂါး အောင်ခယ့်၊ အချိန်ဟင်းလင်းပြင်သားတော် ယွင်ဟောက်၊ ပေါင်ပေါင်၊ ဟန်ရှင်းဟဲ၊ ရှေးနတ်ဆိုးနှင့် လုမင်တို့ ဖြစ်ကြသည်။

လူတိုင်း၏ အကြည့်များက ထိုလူဆယ်ယောက်ထံသို့ ကျရောက်သွားခဲ့ကြစ။

ယွမ်လုတစ်ခုလုံးတွင် ရေတွက်၍မရနိုင်လောက်အောင် ပါရမီရှင်များစွာ ရှိနေခဲ့ကြသည်။ ယခုတော့ အသန်မာဆုံးသော ပါရမီရှင် ဆယ်ယောက် ထွက်ပေါ်လာခဲ့ပြီ။ သူတို့က လူတိုင်း၏ အာရုံစိုက်မှု ဗဟိုချက်မ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။

"ကဲ... အခု ထိပ်တန်းဆယ်ယောက် ပေါ်ထွက်လာခဲ့ပြီဖြစ်လို့ မင်းတို့ ခွန်အားပြန်ပြည့်ဖို့အတွက် ငါ သုံးရက် အချိန်ပေးမယ်။ သုံးရက်အကြာမှာ နောက်ဆုံးယှဉ်ပြိုင်ပွဲကို စတင်မယ်"

ဆံပင်ဖြူအဘိုးအိုက ရှေ့သို့ လှမ်းထွက်လာပြီး ကြေညာလိုက်သည်။

"ဆရာက အစွမ်းထက်လိုက်တာ"

"ပေါင်ပေါင်လည်း အတူတူပဲ"

လုရှန်းရှန်း၊ အိုးရန်မော့လီနှင့် အခြားလူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

သို့သော်လည်း လူအများစုမှာ မျက်နှာအမူအရာ မကောင်းကြချေ။ အကြောင်းမှာ၊ သူတို့ အထင်ကြီးထားကြသော ပါရမီရှင်များက ရှုံးနိမ့်သွားခဲ့ကြပြီး ထိပ်တန်းဆယ်ယောက်စာရင်းထဲသို့ မဝင်ရောက်နိုင်ခဲ့ကြသောကြောင့်ပင်။

"အကြီးအကဲ... ကျွန်တော် လက်မခံချင်ဘူး"

ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လူတိုင်းကို ငြိမ်သက်သွားစေခဲ့သည်။

လူငယ်တစ်ဦးက ရှေ့သို့ လှမ်းထွက်လာခဲ့ပြီး ဆံပင်ဖြူအဘိုးအိုကို လက်ယှက်ပြလျက် ဂါရဝပြုလိုက်၏။

"ကျွန်တော်လည်း လက်မခံဘူး"

"ကျွန်တော်ရောပဲ"

လူငယ်အချို့က ရှေ့သို့ လှမ်းထွက်လာပြီး ဆံဖြူအဘိုးအိုကို လက်ယှက်ပြလိုက်ကြသည်။

All Chapters