← Chapters

အခန်း ၂၁၁၇

Vol. 147 Ch. 2117

အခန်း ၂၁၁၇

Vol. 147 Ch. 2117

အပိုင်း ( 2117 ) ထိပ်တန်း ပါရမီရှင်ဆယ်ဦးကြားမှ တိုက်ပွဲ။

အထူးသဖြင့် ဟန်ရှင်းဟဲသည် လုမင်ထံသို့ အဓိက အာရုံစိုက်ထားခဲ့သည်။

"လုမင်... ဒီတစ်ခေါက်တော့ ငါ မင်းကို သေချာပေါက် အနိုင်ယူပြမယ်"

ဟန်ရှင်းဟဲက သွားကြားထဲမှ ထွက်သောလေသံဖြင့် ပြောလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင်လည်း ခြိမ်းခြောက်လိုသော အငွေ့အသက်များ ပြည့်နှက်နေ၏။

"ငါ စောင့်နေမယ်"

လုမင်၏ တုံ့ပြန်မှုမှာ ရိုးရှင်းသည်။

အမှန်အတိုင်းဆိုရလျှင်၊ သူက ဟန်ရှင်းဟဲကို ယခုအခါတွင် စိုးရိမ်ရမည့် ပြိုင်ဘက်တစ်ဦးအဖြစ် အလေးအနက် မထားတော့ချေ။

လုမင်၏ လက်ရှိ တကယ့်ပြိုင်ဘက်များမှာ ထျန်းမင်ယွမ်ရှင်းတို့သာ ဖြစ်ကြသည်။

အခြားတစ်ဖက်တွင်မူ ယွင်ဟောက်က ပေါင်ပေါင်အား လောဘဇောတက်နေ‌သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။

"ကောင်မလေး... မင်းက အချိန်နဲ့ ဟင်းလင်းပြင် နိယာမကို ထိန်းချုပ်နိုင်တဲ့ နတ်ဘုရားသားရဲတစ်ကောင် ဖြစ်ရမယ်၊ ဟုတ်တယ် မဟုတ်လား။ ဒီလိုလုပ်... ငါ့ရဲ့ အိမ်မွေးသားရဲလုပ်ပြီး ငါနဲ့အတူ တိုက်ပွဲဝင်ပါ"

ယွင်ဟောက်က ပြောလိုက်သည်။ သူသည် အမှန်တကယ်ပင် အလိုရှိနေခဲ့ခြင်း ဖြစ်၏။

အကယ်၍၊ သူ့ဘေးနားတွင် အချိန်နှင့်ဟင်းလင်းပြင် နိယာမကို ထိန်းချုပ်နိုင်သော အိမ်မွေးသားရဲတစ်ကောင် ရှိနေပါက သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။

"နင်ကသာ ငါ့ရဲ့ အိမ်မွေးလူသားကောင်ဖြစ်သင့်တာ"

ပေါင်ပေါင်က နှုတ်ခမ်းမဲ့ကာ ပြန်ပြောလိုက်၏။

"ဟမ့်... ဒီလိုဆိုမှတော့ မင်းကို ငါက စိတ်လိုလက်ရ လက်ခံလာအောင် လုပ်ပြရတာပေါ့"

ယွင်ဟောက်က အေးစက်စွာ ပြောဆိုလိုက်သည်။

"ကိုကြီး လုမင်... ဟိုလူက အရူးလားမသိဘူး။ သူက ညီမကို သူ့ရဲ့ အိမ်မွေးသားရဲ လုပ်ခိုင်းနေတယ်"

ပေါင်ပေါင်၏ ခန္ဓာကိုယ်လေးက ဝဲပျံသွားပြီး လုမင်ထံသို့ ရောက်ရှိသွားခဲ့သည်။ သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးက ရေဘဝဲတစ်ကောင်ကဲ့သို့ လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းခိုကပ်နေခဲ့လေသည်။

"သူက တကယ်ကို အရူးတစ်ယောက်ပါပဲ"

လုမင်က ပြုံးလိုက်ပြီး ပေါင်ပေါင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

လူတိုင်း အံ့အားသင့်သွားကြရ၏။ လုမင်နှင့် ပေါင်ပေါင်တို့မှာ ဤမျှ ရင်းနှီးနေကြလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

ပေါင်ပေါင်မှာ လုမင်၏ အိမ်မွေးသားရဲ ဖြစ်နေခဲ့ခြင်းလော။ သို့တည်းမဟုတ် လုမင်ကပင် ပေါင်ပေါင်၏ အိမ်မွေးလူသား ဖြစ်နေခဲ့သလော။

ထိုသို့ဆိုလျှင် ထိတ်လန့်စရာ ကောင်းလွန်းသည်။ သူတို့နှစ်ဦးစလုံးက ထိပ်တန်းဆယ်ယောက်စာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ကြပေသည်။

ယွင်ဟောက်၏ မျက်နှာက မှုန်ကုပ်သွားခဲ့သည်။ သူက လုမင်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

အခြားတစ်ဖက်တွင်မူ ပေါင်သဲ၊ အောင်ခယ့်နှင့် ရှေးနတ်ဆိုးတို့မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး တိုက်ခိုက်လိုစိတ်တို့ကို ထုတ်ဖော်နေကြသည်။

သူတို့ သုံးဦးစလုံးက ရှေးဟောင်းလမ်းစဉ်ကို ကျင့်ကြံခြင်း ပါရမီရှင်များ ဖြစ်ကြရာ မည်သူက ပိုမိုတော်လဲဆိုသည်ကို သဘာဝအတိုင်းပင် သိချင်နေခဲ့ကြပေသည်။

ထိပ်တန်းဆယ်ယောက်ထဲတွင် ထျန်းမင် တစ်ဦးတည်းသာလျှင် ဤအရာအားလုံးက သူနှင့်ဘာမျှမပတ်သက်သကဲ့သို့ အပြုံးတစ်ခုနှင့်အတူ အေးဆေးတည်ငြိမ်စွာ ရပ်နေခဲ့သည်။

လူတိုင်းက ဤတိုက်ပွဲကို မျှော်လင့်ချက်အပြည့်ဖြင့် စောင့်စားနေခဲ့ကြပေသည်။

တိုက်ပွဲက မစတင်ရသေးသော်လည်း လေထုမှာ တင်းမာနေခဲ့ပြီ ဖြစ်သည်။ ထိပ်တန်း ပါရမီရှင် ဆယ်ယောက်အကြားမှ နောက်ဆုံးတိုက်ပွဲက စိတ်လှုပ်ရှားစရာအကောင်းဆုံးနှင့် မော်ကွန်းတင်ကျန်ရစ်မည့် တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

ယွမ်လု၏ သမိုင်းတစ်လျှောက်တွင် ဤမျှ ပါရမီရှင် အမြောက်အမြား ပေါ်ထွက်လာခဲ့ဖူးခြင်း မရှိသလို နယ်မြေဆယ်ခု တိုက်ပွဲလည်း မဖြစ်ပေါ်ခဲ့ဖူးချေ။ ဤမဟာတိုက်ပွဲကြီးက မကြုံစဖူးဖြစ်၍ ထူးခြားလွန်းသည်။

ကောင်းကင်သားတော် အမြောက်အမြားမှာပင် နောက်ခံလူများအဖြစ်သို့ လျှော့ချခြင်း ခံလိုက်ကြရ၏။ အကယ်၍ ဤအကြောင်းကို လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က ပြောခဲ့မည်ဆိုလျှင် သူတို့ ရယ်မောလွန်း၍ သေသွားကြပေလိမ့်မည်။

အတိတ်ကာလတွင်မူ ကောင်းကင်သားတော်တစ်ဦးသည် ဒဏ္ဍာရီတစ်ခု ဖြစ်ပြီး ခေတ်တစ်ခေတ်ကို ဖိနှိပ်ချုပ်ချယ်နိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။

သို့သော်လည်း ယခုခေတ်တွင်မူ သူတို့က အရံလူအဖြစ်သို့ ရောက်ရှိသွားခဲ့ရရာ ၎င်းက လူတိုင်းကို စိတ်လှုပ်ရှားစေခဲ့ပေသည်။

ဤတိုက်ပွဲမှာ သမိုင်းမှတ်တမ်းများတွင် ရေးထိုးကျန်ရစ်ကာ ခေတ်အဆက်ဆက်သို့ လက်ဆင့်ကမ်း သယ်ဆောင်သွားရန် ကံပါလာခဲ့ပြီးသား ဖြစ်သည်။

"မင်းတို့ အနားယူပြီး အားဖြည့်ထားကြပါ၊ သုံးရက်နေရင် တိုက်ပွဲစမယ်"

ဆံပင်ဖြူအဘိုးအိုက တစ်ဖန် ထပ်မံကြေညာလိုက်သည်။

လူတိုင်းက အနားယူရန် နေရာတစ်ခုစီ ရှာဖွေလိုက်ကြ၏။ လုမင်က ချင်ယွဲ့နှင့် အခြားသူများရှိရာထံသို့ လျှောက်လှမ်းသွားခဲ့သည်။

"သခင်လေး... သခင်လေး ဘာမှမဖြစ်ဘူးဆိုတာကို ကျွန်မ သိနေခဲ့တယ်"

ချင်ယွဲ့က အတိုင်းထက်အလွန် ဝမ်းသာနေခဲ့သည်။ သူက အခြားသူများ၏ ထူးဆန်းသော အကြည့်များကို ဂရုမစိုက်တော့ဘဲ လုမင်၏ ရင်ခွင်ထဲသို့ တိုးဝင်ဖက်ထားလိုက်တော့သည်။

"လုမင်"

ဟွမ်လင်က ရှေ့သို့ လျှောက်လာခဲ့သည်။ သူမ၏ မျက်ဝန်းအကြည့်တို့မှာ အနည်းငယ် ရှုပ်ထွေးနေခဲ့သော်လည်း ခဏချင်းမှာပင် ကွယ်ပျောက်သွားခဲ့ပြီး ကောင်းစွာ ဖုံးကွယ်ထားလိုက်လေသည်။

ထို့နောက် အခြားသူများကလည်း လုမင်ကို နှုတ်ဆက်ရန် လာခဲ့ကြသည်။

"ဆရာ"

လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့က လုမင်ကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

ဘေးနားရှိ လူအမြောက်အမြားမှာ လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့က လုမင်၏ တပည့်များ ဖြစ်ကြသည်ကို မသိရှိခဲ့သေးပေ။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး ဆွံ့အသွားခဲ့ကြရသည်။

လုမင်ကိုယ်တိုင်က ငယ်ရွယ်ပြီး အစွမ်းထက်လွန်းသည်။ ယခုအခါတွင်၊ သူက ကောင်းကင်သားတော် တပည့်နှစ်ဦးပင် ရှိနေခဲ့ပြီ။ ၎င်းက အမှန်တကယ်ပင် တုန်လှုပ်စရာ ကောင်းသည်။ မဟာဧကရာဇ်များပင်လျှင် မနာလို ဖြစ်ခဲ့ကြရပေသည်။

"မင်းတို့နှစ်ယောက်စလုံး ကောင်းကောင်းကျင့်ကြံပြီး ဧကရာဇ်တွေ အမြန်ဆုံးဖြစ်အောင် ကြိုးစားကြပါ"

လုမင်က လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့ကို ကြည့်ကာ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက မိမိကိုယ်ကိုယ် ပြန်တွေးမိ၏။ သူ့အတွက် သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာရန်မှာ အလွန်ပင် ခက်ခဲမည့်ပုံ ပေါ်နေသည်။ လက်ရှိအခြေအနေအရ သူသည် သူ့တပည့်နှစ်ဦး၏ ကျော်တက်ခြင်းကို ခံရမည့်ပုံပင် ပေါ်နေပြီ။ ဤအချက်က သူ့မျက်နှာကို အနည်းငယ် နီမြန်းသွားစေခဲ့သည်။

ထို့နောက် လုမင်က မဟာဧကရာဇ် ဝူရှန်း၊ ဦးလေးခုန်းနှင့် အခြားသူများကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။

'လုမင်... ဒီတစ်ခေါက် မင်းရဲ့ အစွမ်းကုန် ထုတ်သုံးပါ။ နယ်မြေဆယ်ခု တိုက်ပွဲ ပြီးသွားရင် ကြီးမားတဲ့ အခွင့်အလမ်းတွေက မင်းကို စောင့်ကြိုနေလိမ့်မယ်'

မဟာဧကရာဇ် ဝူရှန်းက ပြုံးရွှင်စွာဖြင့် လုမင်ထံသို့ အသံပို့လွှတ်ပြီး ပြောလိုက်သည်။

လုမင် အံ့အားသင့်သွားခဲ့၏။ သူတို့ကို စောင့်ကြိုနေသည့် ကြီးမားသော အခွင့်အရေးများ ရှိနေသေးပါသလား။

သို့သော်လည်း ပြန်လည်စဉ်းစားကြည့်သည့်အခါ ၎င်းက အဓိပ္ပာယ်ရှိသည်။ ယခင်ကမူ၊ ၎င်းမှာ လူစိစစ်ရွေးချယ်မှုတစ်ခုမျှသာ ဖြစ်သော်လည်း ယွမ်လု၏ ကမ္ဘာထောင့်စွန်းထဲသို့ ဝင်ရောက်နိုင်ခဲ့ကြသေးသည်။ ယခုအခါက နောက်ဆုံးတိုက်ပွဲဖြစ်၍ အခွင့်အရေးများ မရှိဘဲ အဘယ်သို့ ရှိနိုင်ပါ့မည်နည်း။

'ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်'

လုမင်က ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် လုမင်က နေရာတစ်ခုကို ရွေးချယ်လိုက်ပြီး လေထဲတွင် တင်ပျဉ်ခွေထိုင်လိုက်လေသည်။ သူက ချီစွမ်းအင်ကို လှည့်ပတ်လိုက်ပြီး သူ့အခြေအနေကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ အချိန်က ကုန်လွန်သွားခဲ့ပြီ။

နောက်ဆုံးတိုက်ပွဲက စတင်ရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ဆံပင်ဖြူအဘိုးအိုက ကံကြမ္မာတောင်၏ တောင်ထိပ်တွင် ရပ်နေခဲ့သည်။ သူ့လက်ကို တစ်ချက်ဝေ့ယမ်းလိုက်ရုံဖြင့် ကံကြမ္မာတောင်၏ တောင်ထိပ်တွင် ကြီးမားသော တိုက်ပွဲစင်မြင့်တစ်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းက မိုင်တစ်ရာခန့် ကျယ်ဝန်းပြီး ခရမ်းရွှေရောင်ရှိကာ မြင့်မြတ်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့ပေသည်။

နောက်ဆုံးတိုက်ပွဲမှာ ဤတိုက်ပွဲစင်မြင့်ထက်တွင် ကျင်းပမည် ဖြစ်ကြောင်း ထင်ရှားသည်။

"ထိပ်တန်းဆယ်ယောက်ရဲ့ နောက်ဆုံးတိုက်ပွဲကို အလှည့်ကျ ဆင်နွှဲသွားရမှာ ဖြစ်တယ်။ လူတစ်ယောက်ချင်းစီက ကျန်တဲ့ကိုးယောက်စလုံးနဲ့ တိုက်ခိုက်ရမှာဖြစ်ပြီး သူတို့ရဲ့ နိုင်ပွဲရာခိုင်နှုန်းအလိုက် အဆင့်သတ်မှတ်ချက်ကို ခွဲခြားပေးသွားမှာ ဖြစ်တယ်"

ဆံပင်ဖြူအဘိုးအိုက ပြောဆိုလိုက်သည်။

လုမင်က ခေါင်းငြိမ့်လိုက်၏။ မျှော်လင့်ထားခဲ့သည့်အတိုင်းပင်၊ သူတို့က ဤစနစ်ကို အသုံးပြုကြခြင်း ဖြစ်ပေသည်။

ဤနည်းလမ်းက အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ရန်အတွက် အမျှတဆုံးသော နည်းလမ်း ဖြစ်သည်။ ၎င်းက တစ်ဦးတစ်ယောက်၏ ခွန်အားအပေါ်တွင်သာ လုံးလုံးလျားလျား အခြေခံထားခြင်း ဖြစ်ပြီး မည်သည့်ကံတရားမျှ ပါဝင်ပတ်သက်မှု မရှိချေ။

ဤနည်းလမ်းက အသုံးအများဆုံးသော နည်းလမ်းလည်း ဖြစ်သည်။ လုမင်၏ ဘဝခရီးတစ်လျှောက်တွင် သူက ဤနည်းလမ်းမျိုးနှင့် တစ်ကြိမ်မက ကြုံတွေ့ခဲ့ဖူးပြီးသား ဖြစ်ပေသည်။

"နောက်ပြီးတော့... မင်းတို့အားလုံးရဲ့ တိုက်ပွဲမှာ ဘယ်သူ့ကိုမှ သတ်ဖြတ်ခွင့် မပြုဘူး"

ဆံပင်ဖြူအဘိုးအိုက ထပ်မံပြောလိုက်သည်။

လူအမြောက်အမြားက ခေါင်းငြိမ့်လိုက်ကြ၏။ နောက်ဆုံးကျန်ရှိနေသော ဆယ်ယောက်ထဲမှ တစ်ယောက်ချင်းစီမှာ အလွန်တရာ ပါရမီထူးချွန်ကြသူများ ဖြစ်ကြသည်။

အကယ်၍ သူတို့သာ ဤတိုက်ပွဲကြောင့် သေဆုံးသွားခဲ့ရလျှင် ၎င်းမှာ ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် ဤကဲ့သို့သော စည်းကမ်းချက် ရှိနေခဲ့ခြင်း ဖြစ်သည်။

လုမင်မှာတော့ စိတ်ထဲမှ တိတ်တဆိတ် စိတ်မကောင်းဖြစ်ခဲ့မိလေသည်။ သူသည် မူလက ဤအခွင့်အရေးကို အသုံးပြု၍ ဟန်ရှင်းဟဲကို ရှင်းလင်းပစ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုတော့ အခွင့်အရေး မရှိတော့ပေ။

"ကိုင်း... အခု ငါက တိုက်ပွဲအစီအစဉ်ကို ဆုံးဖြတ်ပေးမယ်။ ပထမဆုံး တိုက်ပွဲအနေနဲ့ ဟန်ရှင်းဟဲနဲ့ လုမင်"

ဆံပင်ဖြူအဘိုးအိုက ကြေညာလိုက်သည်။

လုမင်၏ မျက်ဝန်းများက တောက်ပသွားခဲ့ရ၏။ ပထမဆုံးတိုက်ပွဲက သူ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ထို့ပြင် သူ့ပြိုင်ဘက်မှာ ဟန်ရှင်းဟဲ ဖြစ်နေခဲ့သည်။

ဆံပင်ဖြူအဘိုးအိုက ဤအရာကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း များလား။

လုမင်၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးညွှတ်သွားခဲ့သည်။ ဤအရာကလည်း ကောင်းမြတ်၏။ သူက ဟန်ရှင်းဟဲနှင့် စတင်ရလိမ့်မည်။

"ဝှစ်..."

လုမင်က ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပြီး တိုက်ပွဲစင်မြင့်ထက်သို့ ဆင်းသက်လိုက်သည်။

ဟန်ရှင်းဟဲကလည်း တိုက်ပွဲစင်မြင့်ထက်သို့ ဆင်းသက်လာခဲ့၏။ သူ၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော တိုက်ပွဲစိတ်ဓာတ်များဖြင့် ပြည့်နှက်နေတော့သည်။ ၎င်းက မီးတောက်တစ်ခု ပြင်းထန်စွာ တောက်လောင်နေသည့်အလား ထင်မှတ်ရစေသည်။

"လုမင်... ဒီတစ်ခေါက်တော့ မင်း သေချာပေါက် ရှုံးနိမ့်စေရမယ်"

ဟန်ရှင်းဟဲ က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ တိုက်ခိုက်လိုစိတ်က အရှိန်အဟုန်ဖြင့် မြင့်တက်နေခဲ့၏။

"မင်းက အဲဒီအချိန်တုန်းကတည်းက ရှုံးခဲ့ပြီးသားပဲ။ အခုဆိုရင် မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ ပိုလို့တောင် မဖြစ်နိုင်တော့ဘူး"

လုမင်က ခေါင်းခါယမ်းလိုက်သည်။ သူ့လေသံက အေးဆေးတည်ငြိမ်ခဲ့၏။

လူအများက အံ့အားသင့်သွားကြပြီးနောက် သဘောပေါက်သွားသည့် အရိပ်အယောင်တို့ လှစ်ဟလာခဲ့သည်။ လုမင်နှင့် ဟန်ရှင်းဟဲတို့မှာ ယခင်ကတည်းက တိုက်ခိုက်ခဲ့ဖူးကြသည့်ပုံ ရသည်။

"ဟန်ရှင်းဟဲနဲ့ လုမင် နှစ်ယောက်စလုံးက ယွမ်တောင်ဒေသကပဲ။ သဘာဝအတိုင်း၊ သူတို့က အရင်ကတည်းက တိုက်ခိုက်ခဲ့ဖူးကြတာပေါ့"

"ဒါပေမဲ့ ဟန်ရှင်းဟဲက လုမင်ရဲ့ ပြိုင်ဘက် ဖြစ်ခဲ့ပုံမရဘူး။ သူ အရင်ကတည်းက ရှုံးနိမ့်ခဲ့ဖူးတယ်"

လူအများက ဆွေးနွေးပြောဆိုလိုက်ကြသည်။

"ဟမ့်... အဲဒီအချိန်တုန်းက လုမင်က လှည့်ကွက်တစ်ခုကို သုံးခဲ့ရုံသက်သက်ပဲ"

ဟန်မိသားစုမှ လူများက မကျေမနပ် ဖြစ်သွားကြပြီး ရှင်းလင်းပြောဆိုလိုက်ကြ၏။

ယွမ်တောင်ဒေသရှိ အမျိုးမျိုးသော အင်အားစုများမှ အစွမ်းထက်ပုဂ္ဂိုလ်များအဖို့မူ သူတို့က အထူးအာရုံစိုက်ပြီး စောင့်ကြည့်နေခဲ့ကြပေသည်။

လုမင်နှင့် ဟန်ရှင်းဟဲ နှစ်ဦးစလုံးမှာ ယွမ်တောင်မှ လာခဲ့ကြသူများ ဖြစ်သည်။ အတိတ်ကာလတွင်၊ ဟန်ရှင်းဟဲကို ယွမ်တောင်ဒေသ၏ နံပါတ်တစ် ပါရမီရှင်အဖြစ် အမြဲတစေ လူသိများခဲ့ပေသည်။ သို့သော်လည်း လုမင် ထွက်ပေါ်လာခဲ့သည့် အချိန်မှစ၍ ဤအခြေအနေက ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ဤတိုက်ပွဲတွင် အနိုင်ရရှိသူက ယွမ်တောင်ဒေသ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်လာပေလိမ့်မည်။

"ဟန်ရှင်းဟဲ... ဒါဆိုရင်လည်း ငါ မင်းကို နောက်တစ်ကြိမ် နင်းခြေပြရတာပေါ့။ ငါတို့ကြားက ကွာခြားချက်ကို မင်းကို ငါ နားလည်အောင် လုပ်ပေးမယ်"

လုမင်က ခပ်အေးအေး ပြောလိုက်သည်။

"ဒုန်း..."

ထို့နောက်၊ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ သူက ခြေတစ်ချက်လှမ်းလိုက်သည်နှင့် နိယာမမြစ်ကြီးတစ်စင်းက သူ့ပတ်ဝန်းကျင်တွင် ပေါ်လာတော့သည်။

All Chapters