အခန်း ၂၁၁၈
Vol. 147 Ch. 2118
အပိုင်း ( 2118 ) ဟန်ရှင်းဟဲကို ထပ်မံအနိုင်ယူခြင်း။
လုမင်က ရှေ့သို့လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် နိယာမမြစ်တစ်စင်းစီက သူ့ခန္ဓာကိုယ်ဝန်းကျင်၌ ပေါ်ထွက်လာခဲ့သည်။
သူ ပထမဆုံး တစ်လှမ်း လှမ်းလိုက်သည့်အခါတွင် ကစဉ့်ကလျားနိယာမက မြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားပြီး လုမင်၏ ခန္ဓာကိုယ်ကို ဝန်းရံသွားခဲ့သည်။
သူက ဒုတိယတစ်လှမ်း လှမ်းလိုက်သည့်အခါတွင်မူ အခြားသော နိယာမမြစ်တစ်စင်း ပေါ်ထွက်လာပြန်၏။ ၎င်းက သေခြင်းနိယာမမြစ် ဖြစ်သည်။
အသန်မာဆုံး နိယာမမြစ်နှစ်စင်းဖြစ်သည့် ကစဉ့်ကလျားနှင့် သေခြင်းတရားတို့က လုမင်၏ ခန္ဓာကိုယ်ကို ဝန်းရံထားခဲ့ပြီး လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နေတော့သည်။
အကြေင်းမှာ၊ ဤမြင်ကွင်းက ရှေးဟောင်းခေတ်ကာလမှစ၍ ယွမ်လုတွင် တစ်ကြိမ်တစ်ခါမျှ ပေါ်ပေါက်ဖူးခြင်း မရှိသေးသည့် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်သောကြောင့်ပင်။
လူအများစုက ဤအရာအားလုံးကို မှတ်တမ်းတင်ထားရန် သူတို့၏ အရိပ်ကျောက်တုံးများကိုပင် ထုတ်ယူခဲ့ကြသည်။
ထို့နောက်တွင် ပိုမိုတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။
ထိုနိယာမမြစ်နှစ်စင်းက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြပြီး နှစ်ရောင်ခြယ် နိယာမမြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ပေါင်းစပ်သွားပြီ... အသန်မာဆုံး နိယာမနှစ်ခု ပေါင်းစပ်သွားပြီ"
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"ဘုရားရေ... ဒါက ကောင်းကင်ကို ဆန့်ကျင်တာပဲ။ အသန်မာဆုံး နိယာမနှစ်ခုက တကယ်ပေါင်းစပ်သွားတာလား"
"ဒါက အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ"
လူအများက အော်ဟစ်လိုက်ကြသည်။ မဟာဧကရာဇ် အမြောက်အမြားပင်လျှင် စိတ်အေးလက်အေး မနေနိုင်တော့ဘဲ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
အထွတ်အထိပ် နိယာမနှစ်ခု ပေါင်းစပ်သွားခြင်း ဖြစ်သည်။ ဤအရာကို ဒဏ္ဍာရီတစ်ခုဟု ခေါ်ဆိုနိုင်ပေသည်။
ဤအခိုက်အတန့်တွင် ယွမ်ရှင်း၊ ပေါင်သဲနှင့် အခြားသူများလည်း မှင်တက်သွားခဲ့ကြရသည်။
"အမိတ္တဘ...၊ ဒီကောင်က ဘာဖြစ်လို့ အမြဲတမ်း ဒီလောက်အထိ ရူးသွပ်နေရတာလဲ"
ရဟန်းဝူလျန့်က ဗုဒ္ဓအမည်ကို ရွတ်ဆိုလိုက်သည်။ သူ၏ မျက်နှာမှာလည်း ခါးသက်သွားခဲ့မိလေသည်။
အမြဲတမ်း တည်ငြိမ်နေခဲ့သော ထျန်းမင်ပင်လျှင် ယခုအခါ သူ၏အပြုံးများ ပျောက်ကွယ်သွားခဲ့ရပြီး အံ့အားသင့်ရိပ်များ ပေါ်ထွက်လာခဲ့သည်။
ဟန်ရှင်းဟဲသည်လည်း တုန်လှုပ်သွားခဲ့ရပြီး မယုံကြည်နိုင်သည့် အကြည့်မျိုးကို ထုတ်ဖော်လာတော့သည်။
"ငါ မင်းကို ထပ်ပြီးအနိုင်ယူပြမယ်"
လုမင်က ရှေ့သို့ တစ်လှမ်းတိုးကာ လျှပ်စီးတန်းတစ်ခုကဲ့သို့ ဟန်ရှင်းဟဲထံ ပြေးဝင်သွားခဲ့သည်။
"ထာဝရ နတ်ဘုရားခေါင်းလောင်း"
ဟန်ရှင်းဟဲက ဟိန်းဟောက်လိုက်၏။ သူက အရှုံးမပေးလိုဘဲ ဆက်လက်တိုက်ခိုက်ချင်နေသေးသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားခေါင်းလောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းပေါ်တွင် ရှေးဟောင်းပုံစံအမှတ်အသားများ ရှိနေခဲ့၏။
"ဒေါင်..."
ထာဝရ နတ်ဘုရားခေါင်းလောင်းက တုန်ခါသွားခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အသံလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
အတိတ်ကာလနှင့် နှိုင်းယှဉ်ပါက၊ ဟန်ရှင်းဟဲ၏ ထာဝရ နတ်ဘုရားခေါင်းလောင်း စွမ်းအားမှာ အဆများစွာ ပိုမိုသန်မာလာခဲ့ပေသည်။
သို့သော်လည်း ယခုအခါတွင် လုမင်က ကစဉ့်ကလျားနိယာမနှင့် သေခြင်းနိယာမတို့ကို ပေါင်းစပ်ထားပြီး ဖြစ်သည်။ ထို့ပြင်၊ သူ၏ အလွန်သိပ်သည်းသော သူတော်စင်စွမ်းအားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ကြောင့်လည်း ပေါက်ကွဲထွက်လာသော တိုက်ခိုက်နိုင်စွမ်းက အလွန်ပင် အားကောင်းလွန်းနေခဲ့ပြီ။
လုမင်က ဟန်ရှင်းဟဲ၏ တိုက်ခိုက်မှုကို ဂရုမစိုက်ဘဲ ရှေ့ကို ဆက်လက်ပြေးဝင်သွားခဲ့သည်။
ထိုသတ်ဖြတ်ခြင်း အသံလှိုင်းများက လုမင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါ ၎င်းတို့ကို နှစ်ရောင်ခြယ် နိယာမမြစ်က ပိတ်ဆို့ထားလိုက်သည်။ ၎င်းတို့က လုမင်၏ ခုခံကာကွယ်မှုကို လုံးဝ ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ကြချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ လုမင်က ဟန်ရှင်းဟဲ၏ အနားသို့ ရောက်ရှိသွားခဲ့သည်။
"ဝုန်း"
လုမင်က ကစဉ့်ကလျား နတ်ဘုရားလက်ဝါးကို အသုံးပြုကာ အထွတ်အထိပ် နိယာမနှစ်ခုကို ပေါင်းစပ်ပြီး ဟန်ရှင်းဟဲ၏ ထာဝရ နတ်ဘုရားခေါင်းလောင်းကို ရိုက်ချလိုက်၏။
"ဒေါင်..."
ထာဝရ နတ်ဘုရားခေါင်းလောင်းက ပြင်းထန်စွာ တုန်ခါသွားပြီး ပြင်းထန်သော အသံလှိုင်းများက အရပ်မျက်နှာအနှံ့သို့ လွင့်ပျံလာတော့သည်။
အစစ်အမှန်ဧကရာဇ်နှင့် မဟာဧကရာဇ် အနည်းငယ်က လူအများ၏ရှေ့တွင် အတားအဆီးတစ်ခုကို ဖန်တီးလိုက်ကြသည်။ သို့မဟုတ်ပါက၊ အားနည်းသောသူများမှာ ထိုရိုက်ခတ်မှုလှိုင်းများကြောင့် သေဆုံးသွားနိုင်ပေသည်
"ခရတ်..."
ထာဝရ နတ်ဘုရားခေါင်းလောင်းပေါ်တွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာသည်။ အက်ကွဲသံများကိုပင် ကြားလိုက်ကြရ၏။ ထိုအက်ကွဲကြောင်းများက ပင့်ကူအိမ်တစ်ခုကဲ့သို့ ထာဝရ နတ်ဘုရားခေါင်းလောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
"ဝုန်း..."
အဆုံးတွင်၊ ထာဝရ နတ်ဘုရားခေါင်းလောင်းက ပေါက်ကွဲသွားခဲ့ပြီး အလင်းစက်များအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
လုမင်၏ လက်ဝါးအင်အားက ထိုမျှနှင့် ရပ်တန့်မသွားဘဲ ဟန်ရှင်းဟဲ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။ ဟန်ရှင်းဟဲ၏ ခန္ဓာကိုယ်က အရုပ်တစ်ခုကဲ့သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။ သွေးအမြောက်အမြားကိုလည်း အန်ထုတ်လိုက်ရတော့သည်။
ရှုံးနိမ့်သွားခဲ့ပြီ။
ဟန်ရှင်းဟဲမှာ တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။
လူတိုင်းက ဆွံ့အသွားခဲ့ကြပေသည်။
"အထွတ်အထိပ် နိယာမနှစ်ခုရဲ့ ပေါင်းစပ်မှုက ဒီလောက်တောင် ကြောက်စရာကောင်းတာလား"
တစ်စုံတစ်ယောက်က ခြောက်ကပ်နေသော လေသံဖြင့် မယုံကြည်နိုင်သလို ပြောလိုက်သည်။
ဟန်ရှင်းဟဲမှာ ထိပ်တန်းဆယ်ယောက်စာရင်းထဲသို့ ဝင်ရောက်လာခဲ့သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။ သို့သော်လည်း သူသည် လုမင်၏ တိုက်ခိုက်မှုတစ်ခုဖြင့် ရှုံးနိမ့်သွားခဲ့ရသေးသည်။ သူတို့ကြားမှ ကွာဟချက်က မိုးနှင့်မြေပမာ ကြီးမားလွန်းလှသည်။
"ရှေးဟောင်းခေတ်ကတည်းက ယွမ်လုမှာ အထွတ်အထိပ် နိယာမနှစ်ခုကို တတ်မြောက်ထားတဲ့သူ မရှိခဲ့ဘူး။ အဲဒါတွေကို အတူတူ ပေါင်းစပ်နိုင်ခဲ့တဲ့သူဆိုရင် ပိုလို့တောင် မရှိနိုင်ခဲ့ဘူးလေ။ အထွတ်အထိပ် နိယာမနှစ်ခုရဲ့ ပေါင်းစပ်မှုက ဘယ်လိုမျိုး စွမ်းအားရှိမလဲဆိုတာ ဘယ်သူမှ မသိကြဘူး"
တစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။
လူတိုင်းက အသက်ကို ပြင်းပြင်းရှူလိုက်ကြသည်။ ၎င်းက အမှန်တကယ်ပင် ထိုသို့ ဖြစ်ပေသည်။
ထို့ပြင် သူတို့က လုမင် ထိန်းချုပ်ထားနိုင်သော နိယာမများကို တွေးတောမိသွားကြသည်။ နိယာမမြစ်တစ်စင်းကို ထိန်းချုပ်လိုက်သည့် အကြိမ်တိုင်းတွင် သူ၏ သူတော်စင်စွမ်းအားနှင့် ခန္ဓာကိုယ်ကို သန့်စင်စေခဲ့ခြင်း ဖြစ်၏။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အဘယ်ကြောင့် ဤမျှသန်မာနေရသလဲဆိုသည်ကို သူတို့ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ကြပေသည်။
"မင်း ရှုံးပြီ"
လုမင်က ဟန်ရှင်းဟဲကို လျစ်လျူရှုစွာကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
ဟန်ရှင်းဟဲက သွေးတစ်လုတ်ကို ထပ်မံ အန်ထုတ်လိုက်ရ၏။ သူက ဤရလဒ်ကို လက်မခံနိုင်ပေ။
အတိတ်ကာလတွင်၊ သူက ယွမ်လု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့သည်။ သူသည် အလွန်မြင့်မြတ်ပြီး အခြားသူများကို အထက်စီးမှ ကြည့်မြင်ခဲ့သူ ဖြစ်၏။
လုမင်နှင့် ပထမဆုံး တွေ့ဆုံစဉ်က သူသည် လုမင်ကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ လုမင်က ကစဉ့်ကလျား၏သားတော်ဖြစ်မှန်း သိရှိခဲ့သော်လည်း သူ ဂရုမစိုက်ခဲ့ပါ။ သူသည် ရန်သူအားလုံးကို နှိမ်နင်းနိုင်လောက်အောင် သန်မာပြီး ရှုံးနိမ့်လိမ့်မည်မဟုတ်ဟု အမြဲ ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် ကြာပန်းကမ္ဘာ၌ သူသည် လုမင်၏ အနိုင်ယူခြင်းကို ခံခဲ့ရပေသည်။
သို့ရာတွင်၊ ထိုအချိန်က လုမင်သည် လှည့်ကွက်တစ်မျိုးကို အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။ လုမင်က ပြင်ပစွမ်းအားကို ချေးငှားခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင်ခွန်အားဖြင့်ဆိုလျှင် သူ့ကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ဟု သူ အမြဲတစေ တွေးထားခဲ့ပေသည်။
နှစ်ပေါင်းများစွာအတွင်း သူဟာ တံခါးပိတ် ကျင့်ကြံနေခဲ့သည်။ အထူးသဖြင့် နယ်မြေဆယ်ခု တိုက်ပွဲအကြောင်းကို သူ သိရှိရသည့်အခါ ပို၍ပင် ကြိုးစားကျင့်ကြံခဲ့ပေသည်။ သူင နယ်မြေဆယ်ခု တိုက်ပွဲတွင် လူတိုင်းကို အံ့အားသင့်စေချင်သည်။ လုမင်ကိုလည်း လုံးဝ နှိမ်နင်းပြီး သူ၏ခြေဖဝါးအောက်တွင် နင်းခြေပစ်ရန် အလိုရှိခဲ့ပေသည်။
ဤတစ်ကြိမ်တွင် ပါရမီရှင်အရေအတွက်က သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သော်လည်း၊ သူသည် ထိပ်တန်းဆယ်ယောက်စာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ဆဲ ဖြစ်သည်။
သို့သော်... ကံမကောင်းချင်တော့ သူ၏ရန်ဘက် လုမင်မှာ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းအောင် စွမ်းဆောင်ပြခဲ့သည်။
သူသည် ဧကရာဇ်တစ်ပါး ဖြစ်မလာသေးသော်လည်း အသန်မာဆုံးသော နိယာမနှစ်မျိုးကို တတ်မြောက်ထားခဲ့ပြီ။
ယခုဆိုလျှင်၊ လုမင်က သူ့ကို တစ်ကွက်တည်းဖြင့် အနိုင်ယူသွားခဲ့ပြီ ဖြစ်သည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူ့ကိုပင် အထက်စီးမှ ကြည့်မြင်နိုင်လောက်အောင် သန်မာလွန်းနေခဲ့ပေသည်။
ဤအခိုက်အတန့်တွင်၊ သူ၏ ယုံကြည်ချက်နှင့် မာနက ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသည်။ သူက သွေးများကို ဆက်တိုက် အန်နေခဲ့တော့သည်။
"တောက်"
မဟာဧကရာဇ် ဟန်က နာနာကျည်းကျည်း တက်ခေါက်လိုက်သည်။ လုမင်က ဟန်မိသားစု၏ ကံကြမ္မာဆိုးပင်။
"ဆရာက အစွမ်းထက်လိုက်တာ"
"ဆရာက ပြိုင်ဘက်ကင်းတယ်"
လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့က ဆူညံစွာ အော်ဟစ်အားပေးလိုက်ကြသည်။ သူတို့က သူတို့ကိုယ်တိုင် အနိုင်ရရှိခဲ့သည်ထက်ပင် ပို၍ ဝမ်းသာနေကြတော့သည်။
"မင်း ထပ်ပြီး တိုက်ချင်သေးလား"
လုမင်က ရှေ့သို့ ဆက်လက် လှောက်လှမ်းသွားခဲ့သည်။ နှစ်ရောင်ခြယ် နိယာမမြစ်က သူ့အား ဝန်းရံထားပြီး လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့၏။
သူက ဟန်ရှင်းဟဲကို အရှုံးမပေးစေချင်သေးပါ။ ဟန်ရှင်းဟဲသာ အရှုံးမပေးပါက၊ လုမင်သည် ဟန်ရှင်းဟဲကို ရက်ရက်စက်စက် နှိပ်စက်ပစ်နိုင်သည်။
ကံကောင်းထောက်မစွာဖြင့်၊ ဟန်ရှင်းဟဲက သူ့ကို ထိုအခွင့်အရေး မပေးခဲ့ချေ။
"ငါ အရှံးပေးတယ်"
ဟန်ရှင်းဟဲမှာ အလွန်ပင် မလိုလားသော်လည်း အရှုံးကို ဝန်ခံလိုက်ရသည်။ သို့မဟုတ်ပါက၊ သူသည် တစ်ဖက်သတ် နှိပ်စက်ခြင်းကိုသာ ခံရပေလိမ့်မည်။
"ငါ ပြောပါတယ်။ ငါ မင်းကို တစ်ကြိမ် အနိုင်ယူနိုင်ရင် ဒုတိယအကြိမ်လည်း အနိုင်ယူနိုင်တယ်။ အနာဂတ်မှာလည်း မင်းက ငါ့ရဲ့ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"
လုမင်က မာန်မာနအပြည့်ဖြင့် ပြောဆိုပြီး တိုက်ပွဲကွင်းပြင်ထဲမှ ပျံသန်းထွက်ခွာသွားခဲ့သည်။
ဟန်ရှင်းဟဲ၏ မျက်နှာအမူအရာမှာ မည်းမှောင်နေသည်။ သူသည်လည်း တိုက်ပွဲစင်မြင့်ထက်မှ ထွက်ခွာသွားခဲ့ပြီး သူ့ဒဏ်ရာများကို ကုသရန် ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်ရ၏။
ဒါက သူ့အတွက် ပထမဆုံး တိုက်ပွဲမျှသာ ဖြစ်သည်။ သူ့ကို စောင့်ကြိုနေသည့် တိုက်ပွဲများစွာ ရှိနေသေးသည်။
"ပထမဆုံးတိုက်ပွဲမှာ လုမင် အနိုင်ရတယ်။ ဒုတိယတိုက်ပွဲအနေနဲ့ ပေါင်ပေါင်နဲ့ ယွင်ဟောက်"
ဆံပင်ဖြူအဘိုးအိုက ကြေညာလိုက်သည်။
လူအများ၏ မျက်ဝန်းများက အရောင်တောက်ပသွားခဲ့၏။
နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် တိုက်ပွဲတိုင်းက အလွန်တရာ ဆွဲဆောင်မှု ရှိမည်ဖြစ်ကြောင်း သူတို့ သဘောပေါက်ကြသည်။
ပေါင်ပေါင်နှင့် ယွင်ဟောက် နှစ်ဦးစလုံးမှာ အချိန်နှင့်ဟင်းလင်းပြင် နိယာမကို တတ်မြောက်ထားကြသူများ ဖြစ်သည်။
ထို့ပြင် မဟာဧကရာဇ်များ၏ အဆိုအရ ပေါင်ပေါင်၏ မူလအသွင်မှာ ကြီးမားသော နောက်ကြောင်းရှိသည့် နတ်ဘုရားသားရဲတစ်ကောင် ဖြစ်လိမ့်မည်။ ပေါင်ပေါင်၏ မူလအသွင်က မည်သို့ရှိသည်ကို လူတိုင်း သိရှိလိုကြသည်။
"ပေါင်ပေါင်... အစွမ်းကုန် ကြိုးစားပါ"
လုမင်က ပေါင်ပေါင်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
"စိတ်မပူပါနဲ့၊ အဲဒီလူထူးဆန်းကို ညီမလေး သေချာပေါက် ရိုက်ပြမယ်။ တွိ... တွိ..."
ပေါင်ပေါင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
မနီးမဝေးတွင် ယွင်ဟောက်၏ မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်သွားခဲ့သည်။
သူက လူထူးဆန်းကြီးဆိုသည်မှာ အဘယ်နည်း။
သူက ဘယ်လိုမျိုး ထူးဆန်းနေလို့လဲ။
သူက အေးတိအေးစက် အမူအရာဖြင့် တိုက်ပွဲစင်မြင့်အပေါ် တက်သွားသည်။ ပေါင်ပေါင်ကလည်း နောက်မှ လိုက်ပါသွားတော့သည်။