← Chapters

အခန်း ၂၁၁၉

Vol. 147 Ch. 2119

အခန်း ၂၁၁၉

Vol. 147 Ch. 2119

အပိုင်း ( 2119 ) အချိန်ဟင်းလင်းပြင် နိယာမများကြားမှ ယှဉ်ပြိုင်ပွဲ။

"မင်းက ငါ့ရဲ့ အိမ်မွေးသားရဲ ဖြစ်လာသင့်တယ်။ ငါတို့ နှစ်ယောက်စလုံးက အချိန်နဲ့ ဟင်းလင်းပြင်နိယာမတွေကို ကျင့်ကြံကြတာဆိုတော့ ဒါက ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိစေမှာပဲ"

ယွင်ဟောက်က ထပ်မံပြောဆိုလိုက်သည်။

"မဟုတ်သေးဘူး၊ နင်ကသာ ငါ့ရဲ့ အိမ်မွေးလူသား ဖြစ်ရမှာ"

ပေါင်ပေါင်က နှုတ်ခမ်းဆူလိုက်၏။

ယွင်ဟောက်၏ မျက်နှာအမူအရာက မည်းမှောင်သွားခဲ့သည်။

"မင်း သဘောမတူရင် မင်း သဘောတူတဲ့အထိ ငါ မင်းကို ရိုက်နှက်ရလိမ့်မယ်"

"ဝှစ်..."

ယွင်ဟောက်က လှုပ်ရှားလိုက်သည်။ သူ လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက်၊ သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားခဲ့၏။ သူ့ခန္ဓာကိုယ်က မယုံကြည်နိုင်စရာ အမြန်နှုန််းဖြင့် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားနေသကဲ့သို့ ထင်ရသည်။

လူအများက သူ လှုပ်ရှားသွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။ နောက်တစ်ခဏတွင်မူ၊ ယွင်ဟောက်က ပေါင်ပေါင်၏ ရှေ့မှောက်သို့ ရောက်ရှိနေခဲ့ပြီ။ သူက ပေါင်ပေါင်ကို သူ့လက်ဖြင့် လှမ်းဖမ်းလိုက်သည်။

ပေါင်ပေါင်မှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ အဖမ်းခံလိုက်ရ၏။

သို့သော်လည်း တကယ်တမ်းမှာတော့ ယွင်ဟောက်သည် ဘာကိုမျှ ဖမ်းမိခြင်းမရှိခဲ့ချေ။ ပေါင်ပေါင်၏ ပုံရိပ်မှာ ပုဖ့ရိပ်ယောင်တစ်ခုကဲ့သို့ ကွဲကြေပျက်စီးသွားခဲ့သည်။

၎င်းမှာ နောက်ကျန်ပုံရိပ်မျှသာ ဖြစ်သည်။ ပေါင်ပေါင်က ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီ။

ယွင်ဟောက်က ပေါင်ပေါင်၏ နောက်ကျန်ပုံရိပ်ကို လှမ်းဖမ်းလိုက်သည့် အချိန်၌ပင်၊ ပေါင်ပေါင်၏ ပုံရိပ်က ယွင်ဟောက်၏ နောက်ကျောဘက်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူက သူ၏လက်သေးသေးလေးဖြင့် ယွင်ဟောက်ကို တိုက်ခိုက်လိုက်၏။

သို့ရာတွင်၊ ယွင်ဟောက်၏ ပုံရိပ်မှာလည်း ထိုနည်းအတိုင်းပင် ကွဲကြေသွားခဲ့သည်။ ဤအရာမှာလည်း ပုံရိပ်တစ်ခုပင်။ ယွင်ဟောက်၏ ပုံရိပ်မှာလည်း ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

"ဝှစ်... ဝှစ်..."

မျက်စိတစ်မှိတ်အတွင်း ယွင်ဟောက်၏ ပုံရိပ်က ပေါင်ပေါင်၏ နောက်ကွယ်တွင် ပြန်ပေါ်လာခဲ့သည်။ ထိုမျှမက တိုက်ပွဲစင်မြင့်၏ အခြားသော နေရာများတွင်လည်း ယွင်ဟောက်၏ ပုံရိပ်ပေါင်း မြောက်မြားစွာ ပေါ်ထွက်လာခဲ့၏။

"ပျော်စရာကောင်းတယ်၊ တွိ... တွိ..."

ပေါင်ပေါင်က အော်ဟစ်လိုက်သည်။ သူမ၏ သေးငယ်သော ပုံရိပ်လေးမှာလည်း ပျောက်ကွယ်သွားခဲ့၏။ နောက်တစ်ခဏ၌ ပုံရိပ်ပေါင်း မြောက်မြားစွာ ပေါ်ထွက်လာပြီး ယွင်ဟောက်၏ ပုံရိပ်များဆီသို့ အုပ်မိုးတိုက်ခိုက်လိုက်ကြတော့သည်။

မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲစင်မြင့်ပေါ်တွင် ပုံရိပ်များစွာက လျှပ်စီးလက်သကဲ့သို့ ဖြစ်သွားခဲ့ကြသည်။ ပုံရိပ်တစ်ခုပြီးတစ်ခု လျှပ်တပြက် ပေါ်လာသော်လည်း ၎င်းတို့မှာ တစ်ခုပြီးတစ်ခု ပျက်စီးသွားကြ၏။ အဆုံးတွင်၊ ၎င်းတို့အားလုံးမှာ ပုံရိပ်များသာဖြစ်ကြောင်း သိရှိလိုက်ရသည်။ မူလခန္ဓာကိုယ်အစစ်ကို တစ်ချက်မျှပင် ထိမှန်ခြင်း မရှိခဲ့ချေ။

အားနည်းသော ကျင့်ကြံသူများမှာ ဤမြင်ကွင်းကြောင့် ခေါင်းများပင် မူးနောက်လာရသည်။

သူတို့က ခန္ဓာကိုယ်အစစ်နှင့် ကြေးမုံရိပ်ကို ခွဲခြား၍ မမြင်နိုင်ကြတော့ချေ။ တိုက်ပွဲစင်မြင့်ပေါ်တွင် ရေမျက်နှာပြင်ကဲ့သို့ ရိပ်ခတ်နေသော ဟင်းလင်းပြင်ကိုသာ သူတို့ မြင်တွေ့နိုင်ကြသည်။ ပုံရိပ်တစ်ခုပြီးတစ်ခု လျှပ်ခနဲ ပေါ်လာကာ တိုက်ခိုက်နေကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရာနှင့်ချီသော ပုံရိပ်များက တစ်ခုနှင့်တစ်ခု အပြန်အလှန် ယှက်သန်းနေကြတော့သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ အရှိန်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ အဆုံးတွင်၊ ထိုပုံရိပ်နှစ်ခုလုံးကို လုံးဝ မမြင်နိုင်တော့ချေ။

လုမင်က ထိုပုံရိပ်နှစ်ခုကို ကြည့်ရှုနိုင်ရန် သူတော်စင်စွမ်းအားကို သူ၏ မျက်ဝန်းများဆီသို့ စီးဆင်းစေခဲ့သည်။

"အံ့ဩစရာပဲ။ သူတို့ နှစ်ယောက်လုံးက အချိန်နဲ့ဟင်းလင်းပြင် နိယာမတွေကို အသုံးပြုတဲ့နေရာမှာ အလွန်တရာ နက်နဲတဲ့ အဆင့်ကို ရောက်နေကြပြီ"

အစစ်အမှန်ဧကရာဇ်တစ်ပါးက ချီးကျူးလိုက်သည်။

အချိန်နှင့်ဟင်းလင်းပြင် နိယာမမှာ အစကတည်းက အလွန်ဆန်းကြယ်သည်။ သာမန်လူများအနေဖြင့် အချိန်နှင့်ဟင်းလင်းပြင် နိယာမများကို ထိန်းချုပ်ထားသူတစ်ဦးကို ထိမိရန်ပင် လွယ်ကူလိမ့်မည် မဟုတ်ချေ။

ဤအရာမှာ အချိန်နှင့်ဟင်းလင်းပြင်ကို အသုံးပြုခြင်း၊ အချိန်နှင့် ဟင်းလင်းပြင်တို့၏ ထိပ်တိုက်တွေ့ဆုံမှုပင် ဖြစ်သည်။

တစ်မိနစ်မျှသာ ကြာမြင့်ခဲ့သော်လည်း သူတို့နှစ်ဦးမှာ ရေတွက်၍မရနိုင်သော တိုက်ကွက်များကို အပြန်အလှန် ဖလှယ်ခဲ့ကြပြီးပြီ။

"မင်းရဲ့ အချိန်ဟင်းလင်းပြင် နိယာမကို ငါ ချိုးဖျက်ပြမယ်"

ယွင်ဟောက်မှာ စိတ်မရှည် ဖြစ်လာခဲ့သည်။ သူ၏ အရိပ်သဏ္ဌာန်များအားလုံး ပျောက်ကွယ်သွားပြီး တစ်ခုတည်းသာ ကျန်ရစ်ခဲ့၏။

"ဝုန်း"

သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများက ပိုမို ပြင်းထန်လာသည်။ ကမ္ဘာစွမ်းအားများက အချိန်ဟင်းလင်းပြင် နိယာမနှင့်အတူ ပေါင်းစပ်ကာ ထွက်ပေါ်လာခဲ့၏။ သူ့ကို ဗဟိုပြု၍ ဟင်းလင်းပြင်မှာ အစဉ်မပြတ် ပြိုလဲကာ ပေါက်ကွဲနေခဲ့တော့သည်။

အချိန်စီးဆင်းမှုပင်လျှင် ကမောက်ကမ ဖြစ်သွားခဲ့ရသည်။

ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်...

ဤအရာမှာ ယွင်ဟောက်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့် ဖြစ်သည်။

သူက အားကောင်းသော ကျင့်ကြံခြင်းအဆင့် အခြေခံဖြင့် ပေါင်ပေါင်ကို ဖိနှိပ်ပစ်လိုသည်။

"ဝုန်း... ဝုန်း..."

သူက လေပြင်းမုန်တိုင်းကဲ့သို့ ပေါင်ပေါင်ထံသို့ ဦးတည်သွားခဲ့သည်။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဟင်းလင်းပြင်က ပေါက်ကွဲသွားခဲ့သည်။ အချိန်က ကစဉ့်ကလျား ဖြစ်သွားခဲ့ကာ ပေါင်ပေါင်၏ ကြေးမုံရိပ်များမှာလည်း တစ်ခုပြီးတစ်ခု ပြိုလဲပျက်စီးသွားခဲ့ရ၏။

ပေါင်ပေါင်၏ ခန္ဓာကိုယ်အစစ် ပေါ်လာခဲ့ပြီးနောက် အချိန်နှင့် ဟင်းလင်းပြင်၏ ကစဉ့်ကလျား စီးဆင်းမှုအတွင်းတွင် လွင့်မျောနေရတော့သည်။

"ရှုံးနိမ့်လိုက်"

ယွင်ဟောက်က အေးစက်စွာ ပြောလိုက်သည်။ သူက ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ရာ ပေါင်ပေါင်၏ ရှေ့တွင် ပေါ်လာခဲ့၏။ သူ့လက်ထဲတွင်လည်း ဓားတစ်စင်း ပေါ်လာသည်။

ဤအရာက အချိန်နှင့်ဟင်းလင်းပြင် စွမ်းအားများမှ သိပ်သည်းဖြစ်တည်လာသော ဓားတစ်စင်းဖြစ်၏။ ၎င်းက အလွန်တရာ ထက်မြက်ပြီး ပေါင်ပေါင်ထံသို့ ပိုင်းချလိုက်တော့သည်။

ပေါင်ပေါင်က သူမ၏ လက်သေးသေးလေးကို ဝေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင်လည်း အချိန်နှင့်ဟင်းလင်းပြင် ဓားတစ်စင်း သိပ်သည်းပေါ်ထွက်လာပြီး ပြိုင်ဘက်နှင့် ထိပ်တိုက် ရင်ဆိုင်မိခဲ့သည်။

"ဒုန်း..."

လေဟာနယ်တစ်ခုလုံး တုန်ခါသွားခဲ့၏။ ပေါင်ပေါင်၏ ကျင့်ကြံခြင်းအဆင့်က အနည်းငယ် အားနည်းနေသေးပြီး ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ် အဆင့်သာ ရှိသေးသည်။ သူက စွမ်းအားပိုင်းတွင် ယွင်ဟောက်ကို ယှဉ်နိုင်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူသည် ပြိုင်ဘက်ကြောင့် လွင့်ထွက်သွားရသည်။

ယွင်ဟောက်က ပေါင်ပေါင်ကို လွင့်ပျံသွားအောင် ဖိအားပေးပြီးနောက် နောက်မှလိုက်လံကာ ထပ်မံ တိုက်ခိုက်ပြန်တော့သည်။

တိုက်ကွက်အချို့က ဆက်တိုက်ဆိုသလို ကျရောက်ပြီးနောက် ပေါင်ပေါင်မှာ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး အရေးနိမ့်နေသော အနေအထားသို့ ကျရောက်သွားခဲ့ရသည်။

ယွင်ဟောက်က သူ၏ ပိုမိုသန်မာသော ကျင့်ကြံခြင်းအခြေခံကို အသုံးပြုကာ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကို အဆက်မပြတ် ကွဲကြေစေခဲ့သည်။ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများကို နှောင့်ယှက်ကာ ပေါင်ပေါင်ကို ထိပ်တိုက် ရင်ဆိုင်လာရအောင် ဖိအားပေးခဲ့၏။

"ပေါင်ပေါင်... မင်း လုပ်နိုင်တယ်"

လုရှန်းရှန်း၊ အိုးရန်မော့လီနှင့် အခြားသူများက ပေါင်ပေါင်အတွက် အော်ဟစ်အားပေးလိုက်ကြသည်။

"ငါ့ရဲ့ အိမ်မွေးသားရဲ ဖြစ်လာစမ်း"

ယွင်ဟောက်က အေးစက်စက်ဖြင့် ပေါင်ပေါင်ကို စိုက်ကြည့်လိုက်၏။

"တွိ... တွိ..."

ပေါင်ပေါင်၏ မျက်ဝန်များက ဒေါသများ ပြည့်နှက်လာသည်။ သူ့ခန္ဓာကိုယ်မှ ဖြူစင်သော အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ နောက်တစ်ခဏတွင်မူ ပေါင်ပေါင်က သူမ၏ မူလခန္ဓာအဖြစ်သို့ တိုက်ရိုက် ကူးပြောင်းသွားခဲ့တော့သည်။

၎င်းမှာ သေးငယ်သော အချိန်နှင့်ဟင်းလင်းပြင် ဝိညာဉ်ကြွက်လေးတစ်ကောင် ဖြစ်သည်။ သူမ၏ အမွှေးအမျှင်များက ဆီးနှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူပြီး တောက်ပနေသော အရောင်အဝါများပင် လင်းလက်နေ၏။ ၎င်းက ထူးထူးခြားခြားကို ချစ်စရာ ကောင်းလွန်းခဲ့ပေသည်။

"ဒါ... ဒါက အချိန်နဲ့ဟင်းလင်းပြင် ဝိညာဉ်ကြွက်များလား"

"ထိပ်ဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ အချိန်နဲ့ဟင်းလင်းပြင် နတ်ဝိညာဉ်ကြွက်ပဲ"

တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင် မြင်ကွင်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့ရသည်။

"ဒါက အချိန်နဲ့ဟင်းလင်းပြင် ဝိညာဉ်ကြွက်ပဲ"

ယွင်ဟောက်၏ မျက်ဝန်းများမှာ လောဘစိတ်များဖြင့် တောက်လောင်သွားခဲ့သည်။ သူက ပေါင်ပေါင်ကို သူ့ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ရယူရန် မစောင့်ဆိုင်းနိုင်တော့ပေ။

ယွမ်လုတွင် ထိပ်ဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်၏ သွေးမျိုးဆက်ကို နိုးထစေနိုင်သည့် ပါရမီရှင်အချို့ ရှိကြသည်။ ယွမ်လုက ကျယ်ပြောပြီး အတိုင်းအဆမဲ့ရာ ထိုကဲ့သို့သော ပါရမီရှင် အမြောက်အမြား ရှိနေခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ထိပ်ဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်၏ သွေးမျိုးဆက်ကို နိုးထစေခဲ့သော ထိုပါရမီရှင်များမှာ အဆုံးသတ်တွင် လူသားများသာ ဖြစ်ကြသည်။ သူတို့က ၎င်းတို့၏ သွေးမျိုးဆက်ကို အနည်းငယ်မျှသာ နိုးထစေနိုင်ခဲ့ခြင်းဖြစ်ပြီး ထိပ်ဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်နှင့် နှိုင်းယှဉ်ရန် ဝေးကွာနေသေးသည်။

လောကကြီးတွင် ရေတွက်၍မရနိုင်သော နတ်ဘုရားသားရဲများ ရှိကြသော်လည်း ထိပ်ဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်မှာမူ ဆယ်ကောင်အတိသာ ရှိကြသည်။

ထိုထိပ်ဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်ထဲမှ တစ်ကောင်ချင်းစီကလည်း ပြိုင်ဘက်ကင်း၏။ လောကကြီးတွင် ထို ထိပ်ဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်ထဲမှ တူညီသော သားရဲနှစ်ကောင် ပေါ်ထွက်လာရန်မှာ မဖြစ်နိုင်ချေ။

၎င်းတို့ထဲမှ တစ်မျိုးချင်းစီမှာ တစ်ကောင်တည်းသာ ရှိသည်။

ထို ထိပ်ဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်ထဲမှ တစ်ကောင် ကျဆုံးသွားသည့် အခါမှသာ အသစ်တစ်ကောင် မွေးဖွားလာနိုင်ပေသည်။

ရှေးဟောင်းခေတ်ကာလတွင် ထိုထိပ်ဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်ထဲမှ တစ်ကောင်ချင်းစီက လောကကြီး၏ အထွတ်အထိပ် ပညာရှင်များ ဖြစ်ခဲ့ကြသည်။ ထို ထိပ်ဆုံး နတ်ဘုရားသားရဲများ မည်မျှစွမ်းအားကြီးမားပြီး ပါရမီထူးချွန်ကြသည်ကို မည်သူမဆို စိတ်ကူးပုံဖော်ကြည့်နိုင်ပေသည်။

ယခုအခါတွင်မူ ၎င်းက ငယ်ရွယ်သော အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်လေး ဖြစ်နေခဲ့သည်။ ၎င်းက အလွန်တရာ ရှားပါးလှပေသည်။

'ဒီအချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်က ငါ့အပိုင်... ငါ့အပိုင်ပဲ...'

ယွင်ဟောက်က ကြုံးဝါးလိုက်သည်။

အချိန်ဟင်းလင်းပြင် နတ်ဝိညာဉ်ကြွက်မှာ အချိန်နှင့် ဟင်းလင်းပြင်ကို ထိန်းချုပ်ရန် မွေးဖွားလာခြင်း ဖြစ်သည်။ အကယ်၍ သူသာ ၎င်းကို ရရှိခဲ့ပါက သူ့အတွက် ကြီးမားသော အထောက်အပံ့ ဖြစ်လာပေလိမ့်မည်။

"အရှုံးပေးစမ်း"

ယွင်ဟောက်က ဆက်လက် တိုက်ခိုက်လိုက်သည်။

"လူသားအိမ်မွေးသားရဲကြီး... တကယ်တမ်း အရှုံးပေးရမဲ့သူက နင်ပဲ"

ပေါင်ပေါင်က အော်ဟစ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်က တောက်ပလာခဲ့ပြီး ဖြူစင်သော အလင်းတန်းများ ပျံ့နှက်သွားကာ ဟင်းလင်းပြင်ကို ရေလှိုင်းများကဲ့သို့ ထပ်မံ ရိုက်ခတ်သွားစေခဲ့တော့သည်။

"ဝုန်း..."

ပေါင်ပေါင်၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။ သူသည် မည်သည့်ခြေရာလက်ရာမျှ မချန်ဘဲ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့၏။

ထိုအခိုက်တွင် အရပ်မျက်နှာအနှံ့ရှိ ဟင်းလင်းပြင်က ကျုံ့ဝင်လာခဲ့ပြီး ယွင်ဟောက်ထံသို့ ညှစ်ထုတ်ပိတ်ဆို့လာတော့သည်။

"ကွဲကြေစမ်း"

ယွင်ဟောက်က အော်ဟစ်လိုက်သည်။ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ် ကျင့်ကြံခြင်းအဆင့်ကို အပြည့်အဝ ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။ သူက အချိန်ဟင်းလင်းပြင် နိယာမနှင့်အတူ သူသည် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကို ခွဲခြေပစ်ရန် ကြိုးစားခြင်း ဖြစ်သည်။

သို့သော်လည်း နောက်အခိုက်တွင် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရသည်။

သူ၏ အချိန်ဟင်းလင်းပြင် နိယာမက ဖိနှိပ်ခြင်း ခံနေရသည်ကို ခံစားလိုက်ရ၏။ ပို၍ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသည်မှာ သူ၏ အချိန်နှင့် ဟင်းလင်းပြင် နိယာမမှာပင် ပြောင်းလဲခြယ်လှယ်ခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်တော့သည်။

သူ ထုတ်ဖော်လိုက်သော အချိန်နှင့် ဟင်းလင်းပြင် နိယာမမှာ သူ့ကို ပြန်လည်၍ ဖိနှိပ်လာခဲ့သည်။

"ဝုန်း"

ယွင်ဟောက်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ အဆုံးမဲ့ အချိန်ဟင်းလင်းပြင် စွမ်းအားများက သူ့ခန္ဓာကိုယ်ပေါ်သို့ ဖိနှိပ်ကျရောက်လာပြီး သူ၏ ကမ္ဘာစွမ်းအားကို ဖောက်ထွက်သွားခဲ့၏။ သူ့ခခန္ဓာကိုယ်မှာ လွင့်ထွက်သွားခဲ့ရပြီး သွေးအမြောက်အမြားကို အန်လိုက်ရတော့သည်။

"ဒါ... ဒါက ဘာဖြစ်သွားတာလဲ"

လူအများမှာ ဆွံ့အသွားခဲ့ကြရသည်။

ယခုလေးတင် ယွင်ဟောက်က အသာစီးရနေခဲ့သည်မှာ ထင်ရှားသည်။ မျက်စိတစ်မှိတ်အတွင်းမှာတင် အခြေအနေတစ်ခုလုံးက အဘယ်ကြောင့် လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့ရသနည်း။ ယွင်ဟောက်မှာ ပေါင်ပေါင်၏ တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ဒဏ်ရာရရှိသွားခဲ့ပြီ။

ဤအပြောင်းအလဲက မြန်ဆန်လွန်းလှသည်။

All Chapters