အခန်း ၂၁၂၀
Vol. 147 Ch. 2120
အပိုင်း ( 2120 ) ပေါင်ပေါင်၏ မူလအသွင်။
"ယွင်ဟောက်က ဖိနှိပ်ခံလိုက်ရပြီ"
မဟာဧကရာဇ် တစ်ပါးက ရှင်းပြလိုက်သည်။
"ဖိနှိပ်ခံထားရတာ ဟုတ်လား"
လူအချို့က ဇဝေဇဝါ ဖြစ်သွားကြသည်။ အခြားသူများမှာလည်း စဉ်းစားခန်းထုတ်မိကြ၏။
"ထိပ်ဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ဟာ အချိန်နဲ့ ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်နဲ့ မွေးဖွားလာတာလေ။ ယွင်ဟောက်က အချိန်ဟင်းလင်းပြင်သားတော် ဖြစ်နေပေမဲ့လည်း အချိန်နဲ့ဟင်းလင်းပြင် ဝိညာဉ်ကြွက်ထက်စာရင် အနည်းငယ် အားနည်းနေသေးတယ်။ ဒါကြောင့် အချိန်နဲ့ဟင်းလင်းပြင် နိယာမချင်း ရင်ဆိုင်မိတဲ့အခါ သူ ဖိနှိပ်ခံထားရတာပဲ"
မဟာဧကရာဇ်က ထပ်မံ၍ ရှင်းပြလိုက်သည်။
လူတိုင်း သဘောပေါက်သွားကြ၏။ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်က ၎င်း၏ ခန္ဓာကိုယ်အစစ်ကို ထုတ်ဖော်ပြသပြီးမှသာ စစ်မှန်သော စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်။ ၎င်းက အချိန်ဟင်းလင်းပြင် နိယာမကို အမြင့်မားဆုံး အဆင့်အထိ အသုံးပြုနိုင်ပြီး ယွင်ဟောက်၏ အချိန်နှင့် ဟင်းလင်းပြင် နိယာမများကိုပင် တန်ပြန်ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။
ယွင်ဟောက်က ပေါင်ပေါင်၏ ပြိုင်ဘက် မဟုတ်တော့ပေ။
"ဝှစ်..."
ပေါင်ပေါင်က အချိန်နှင့်ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့သည်။ သူ့ခန္ဓာကိုယ်လေးက သေးငယ်သော်လည်း သူမ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အချိန်နှင့် ဟင်းလင်းပြင်က လိုက်ပါနေခဲ့၏။ ဟင်းလင်းပြင်က သူမ၏ ပတ်ပတ်လည်တွင် ရေကဲ့သို့ ရစ်ပတ်နေပြီး အဆုံးမဲ့သော အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများက ယွင်ဟောက်ထံသို့ တိုးဝင်တိုက်ခိုက်လာတော့သည်။
ယွင်ဟောက်က ဟိန်းဟောက်လိုက်သည်။ သူသည် မကျေမနပ် ဖြစ်နေပြီး အခြေအနေကို ပြောင်းလဲပစ်ရန် ကြိုးစားသေး၏။
ကံမကောင်းစွာဖြင့်ပင်၊ ၎င်းမှာ အချည်းနှီးဖြစ်ခဲ့ရသည်။ ဤအခိုက်အတန့်တွင် သူက အချိန်နှင့်ဟင်းလင်းပြင် နိယာမကို ထိရောက်စွာ မထိန်းချုပ်နိုင်တော့ချေ။ ၎င်းတို့ကို ထိန်းချုပ်ရန်မှာ အလွန်တရာ ခက်ခဲလွန်းနေခဲ့သည်။
အချိန်နှင့် ဟင်းလင်းပြင် နိယာမများ မရှိဘဲနှင့် သူသည် ပေါင်ပေါင်၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်ပါတော့မည်နည်း။
သူသည် ထပ်မံ၍ လွင့်ထွက်သွားခဲ့ရပြီး သွေးများ အန်ထွက်လာပြန်တော့သည်။
"နင့်ရဲ့ စွမ်းအားလောက်နဲ့ ငါ့ကို အိမ်မွေးသားရဲအဖြစ် ဖမ်းချင်တာလား။ နင့်ကိုယ်နင် အထင်ကြီးလွန်းနေတာပဲ။ ငါ ပြောပါတယ်... နင်က ငါ့ရဲ့ လူသားအိမ်မွေးသားရဲ ဖြစ်ဖို့ပဲ ပိုသင့်တော်တယ်။ မြန်မြန် ဒူးထောက်ပြီး သခင်မလို့ ခေါ်စမ်း"
ပေါင်ပေါင်မှာ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ သူက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး လက်သည်းသေးသေးလေးဖြင့် ယွင်ဟောက်ကို လှမ်း၍ ကုပ်ခြစ်လိုက်၏။
ယွင်ဟောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူက စွမ်းအားအပြည့် ထုတ်ဖော်လိုက်သော်လည်း အချည်းနှီးသာ။ သူဟာ ကောင်းကင်ကို မဆန်ကျင်နိုင်ခဲ့ချေ။
ပေါင်ပေါင်၏ အပြည့်အဝ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ နောက်ဆုံးတွင်၊ သူ့မျက်နှာမှာ ပေါင်ပေါင်၏ ကုတ်ခြစ်ခြင်းကို ခံလိုက်ရပြီး လက်သည်းရာတစ်ခု ထင်ကျန်ရစ်ခဲ့တော့သည်။
"နင့်မျက်နှာပေါ်မှာ ငါ့ရဲ့ အမှတ်အသား ရှိသွားပြီ။ အခုချိန်ကစပြီး နင်က ငါ့ရဲ့ လူသားအိမ်မွေးသားရဲပဲ။ တွိ... တွိ... တွိ..."
ပေါင်ပေါင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ယွင်ဟောက်မှာမူ သွေးအန်မတတ် ဒေါသထွက်သွားခဲ့ရ၏။
လူတိုင်း ဆွံ့အသွားခဲ့ကြရသည်။ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်၏ ဘဝသက်တမ်းနှင့် နှိုင်းယှဉ်ပါက ပေါင်ပေါင်မှာ ကလေးဘဝတွင်သာ ရှိသေးသည်။ သူက ယွင်ဟောက်ကို တမင်တကာ အရှက်ခွဲနေခြင်း မဟုတ်ချေ။
သို့သော်လည်း ယွင်ဟောက်၏ အမြင်မှာတော့ ၎င်းက သိသာထင်ရှားသော အရှက်ခွဲမှုတစ်ခု ဖြစ်နေခဲ့သည်။ သူက ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း မတတ်သာတော့ဘဲ တိုက်ပွဲစင်မြင့်ပေါ်မှ အလျင်အမြန် ဆင်းသွားခဲ့ပြီး အရှုံးကို ဝန်ခံလိုက်ရတော့သည်။
သူသာ ဆက်လက် တိုက်ခိုက်နေပါက မိမိကိုယ်ကိုယ် ပို၍ အရှက်ခွဲမိရုံသာ ရှိလိမ့်မည်ကို သူ သိနေခဲ့သည်။
'အဲဒီကောင်... ဟုတ်တယ်၊ အဲဒီကောင်က အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်နဲ့ ဆက်ဆံရေး ကောင်းကောင်းရှိသူပဲ။ နောက်မှ အဲဒီကောင်ကို ငါ ကောင်းကောင်း ကလဲ့စားချေရမယ်'
ယွင်ဟောက်မှာ အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ သူက လုမင်ကို စောင်းငဲ့ကြည့်လိုက်၏။
သူသည် ပေါင်ပေါင်ကို မနိုင်သဖြင့် ပေါင်ပေါင်၏ ကိုယ်စား လုမင်ကိုသာ ကလဲ့စားချေရန်သာ ကြံစည်နိုင်တော့သည်။
လုမင်က ယွင်ဟောက်၏ အကြည့်ကို သတိပြုမိသွားပြီး ဆွံ့အသွားခဲ့မိသည်။
ဤအကောင်က အဘယ်ကြောင့် သူ့ကို မကျေမနပ် ဖြစ်နေသော မျက်နှာပေးဖြင့် စိုက်ကြည့်နေရသနည်း။
လုမင်လည်း ခေါင်းယမ်းလိုက်ပြီး ဂရုမစိုက်တော့ချေ။ အကယ်၍ ဤအကောင်က အကောင်းအဆိုးမသိဘဲ လာရှုပ်ပါက နောက်တစ်ကြိမ် ဆုံသည့်အခါ သူ့ကို ကျောင်းမှန်းကန်မှန်းသိအောင် ရိုက်နှက်ဆုံးမရန် သူ စိတ်မရှိချေ။
မည်သို့ပင်ဆိုစေ၊ ပေါင်ပေါင်က ဤပွဲစဉ်တွင် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။
"ဝှစ်..."
ပေါင်ပေါင်က လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်ပြီး လုမင်၏ လည်ပင်းကို ဖက်တွယ်လိုက်လေသည်။
"ကိုကြီး လုမင်... ညီမလေး အရမ်းတော်တယ် မဟုတ်လား။ တွိ... တွိ..."
ပေါင်ပေါင်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"အံ့ဩစရာပဲ... တကယ်ကို အံ့ဩစရာကောင်းတယ်။ ပေါင်ပေါင်က အတော်ဆုံးပဲ"
လုမင်က ပြုံးလျက် ပြောလိုက်၏။
"ပေါင်ပေါင်က အတော်ဆုံးပဲ။ လာပါဦး... အစ်မကြီး ဖက်ပါရစေဦး"
လုရှန်းရှန်းက လျှောက်လာပြီး ပေါင်ပေါင်ကို တောက်ပသော မျက်လုံးများ ကြည့်လိုက်သည်။
လုရှန်းရှန်း၏ မျက်ဝန်းများမှာ ပေါင်ပေါင်၏ မူလသဏ္ဌာန်ကို မြင်တွေ့ရပြီးကတည်းက ကြယ်ပွင့်လေးများကဲ့သို့ လင်းလက်နေခဲ့ခြင်း ဖြစ်သည်။
"ကလေးမလေး... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်စမ်းနဲ့။ နင်ကသာ ငါ့ကို ဒေါ်လေးလို့ ခေါ်ရမှာ၊ တွိ..."
ပေါင်ပေါင်က နှုတ်ခမ်းစူလိုက်ပြီး လုရှန်းရှန်းကို အထင်သေးသလို ကြည့်လိုက်၏။
လုရှန်းရှန်း၏ မျက်နှာက ဆူပုပ်လျက် နောက်ပြန်ဆုတ်သွားခဲ့ရသည်။ ချင်ယွဲ့၊ ဟွမ်လင်နှင့် အခြားသူများလည်း ဤမြင်ကွင်းကြောင့် ရယ်မောလိုက်ကြလေသည်။
လူတိုင်းက လုမင်ကို မနာလိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။
လုမင်သည် ကောင်းကင်သားတော် နှစ်ဦးကို တပည့်အဖြစ် ရရှိထားရုံတင်မက၊ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေး ရှိနေပုံရသည်။
အထူးသဖြင့် ယွင်ဟောက်၏ မျက်ဝန်းများမှာ မနာလိုဝန်တိုမှုများဖြင့် ပြည့်နှက်နေတော့သည်။
"တတိယပွဲစဉ်... ယွမ်ရှင်းနဲ့ ရှေးနတ်ဆိုး"
ဆံပင်ဖြူ အဘိုးအိုက ထပ်မံ၍ ကြေညာလိုက်သည်။
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်း၏ အာရုံစိုက်မှုများမှာ ပြန်လည်၍ ဆွဲဆောင်ခြင်း ခံလိုက်ရ၏။
ပုံရိပ်နှစ်ခုက တိုက်ပွဲကွင်းပြင်အတွင်းသို့ လှမ်းဝင်လာခဲ့ကြသည်။ ၎င်းတို့မှာ ယွမ်ရှင်းနှင့် ရှေးနတ်ဆိုးတို့ပင်။
"ဝုန်း..."
စကားများစွာ ပြောမနေတော့ဘဲ သူတို့က တိုက်ရိုက်ပင် တိုက်ခိုက်လိုက်ကြသည်။ တုန်လှုပ်ချောက်ချားဖွယ် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပွားသွားခဲ့၏။
ကစဉ့်ကလျားသားတော် ယွမ်ရှင်းက အံ့ဩဖွယ် စွမ်းအားမျိုးဖြင့် လေထဲကို ထိုးနှက်လိုက်သည်။ ၎င်းမှာ ရှေးနတ်ဆိုးပေါ်သို့ ဖိနှိပ်ကျရောက်လာသော ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ ရှိနေခဲ့၏။
ရှေးနတ်ဆိုးကို နတ်ဆိုးအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ သူသည် ရှေးဦးနတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံထားခြင်းဖြစ်၏။ သူ၏ တိုက်ခိုက်မှုစွမ်းအားက တကယ်ကို အံ့မခန်းပင်။ သူက ယွမ်ရှင်းနှင့် ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ပထမဆုံး တိုက်ကွက် ဆယ်ကွက်အတွင်းတွင် သူတို့နှစ်ဦးက အင်အားချင်း မျှနေခဲ့ကြသည်။
သို့သော်လည်း တိုက်ကွက် ဆယ်ကွက်ကျော်လွန်ပြီးနောက် ယွမ်ရှင်းက မထိန်းချုပ်တော့ဘဲ သူ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်၏။
ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်...
ဤအရာမှာ ယွမ်ရှင်း၏ ကျင့်ကြံမှုဖြစ်ပြီး ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ် နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်က ယွမ်ရှင်းသည် သိုင်းဧကရာဇ် နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ရုံမျှသာ ရှိသေးသည်။ နှစ်နှစ်မျှ ကျင့်ကြံပြီးနောက်တွင်၊ သူက ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ် နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဤအရှိန်က အလွန်ပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေသည်။
သိုင်းဧကရာဇ်နယ်ပယ်အတွင်းရှိ ချိုးဖျက်မှုတိုင်းမှာ အလွန်ပင် ခက်ခဲပြီး အချိန်အမြောက်အမြား လိုအပ်သည်။
သိုင်းဧကရာဇ်အချို့မှာ အဆင့်ငယ်တစ်ခုတည်းတွင်ပင် နှစ်ပေါင်း ရာနှင့်ချီ၍ ပိတ်မိနေခဲ့ကြပြီး ချိုးဖျက်နိုင်ခြင်း မရှိခဲ့ကြချေ။ နောက်ဆုံးတွင်၊ သူတို့က ကောင်းကင်ကပ်ဘေး အောက်မှာ သေဆုံးသွားခဲ့ကြရသည်။
ယွမ်ရှင်းကမူ ထိုကျင့်ကြံမှုနယ်မြေအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ လျင်မြန်စွာ ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သေည်။ သို့တိုင် ထိုအရှိန်က အလွန်မြန်နေဆဲ ဖြစ်သည်။
စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်သောအခါ ယွမ်ရှင်းက အလွန်တရာ ကြောက်စရာကောင်းသွားသည်။ သူသည် ရှေးနတ်ဆိုးကို အပြည့်အဝ ဖိနှိပ်ထားနိုင်ခဲ့၏။
ရှေးနတ်ဆိုးက အားနည်းသူ မဟုတ်ချေ။ သူသည် အလွန်သန်မာပြီး အဆင့်တူတွင် သူနှင့်ယှဥ်နိုင်သူ ပြိုင်ဘက် အနည်းငယ်မျှသာ ရှိသည်။ ကံမကောင်းစွာဖြင့်၊ သူ၏ ကျင့်ကြံခြင်းမှာ အနည်းငယ် အားနည်းနေသေးသည်။ သူသည် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ် အဆင့်သာ ရှိသေးသဖြင့် ယွမ်ရှင်းကို ယှဉ်ပြိုင်တိုက်ခိုက်ရန်မှာ သူ့အတွက် ခက်ခဲလှသည်။
တိုက်ခိုက်မှုအချို့ ရင်ဆိုင်ပြီးနောက် ရှေးနတ်ဆိုးမှာ သွေးများအန်ကာ နောက်ဆုတ်သွားခဲ့ရသည်။ သူသည် ယွမ်ရှင်း၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ရပြီ။
"ရှေးနတ်ဆိုးရဲ့ ကျင့်ကြံခြင်းက နည်းနည်း အားနည်းနေသေးတာ နှမြောစရာပဲ။ တကယ်လို့ သူသာ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ် နယ်ပယ်ကို ရောက်ရင် ယွမ်ရှင်းနဲ့ ယှဉ်ပြိုင်နိုင်လောက်တယ်"
"ရှေးဦးနတ်ဆိုးလမ်းစဉ်ရဲ့ စွမ်းအားက တကယ် အံ့ဩစရာကောင်းတာပဲ"
လူအချို့က ရှေးနတ်ဆိုးကို ကြည့်ရင်း ဆွေးနွေးလိုက်ကြသည်။
သို့သော်လည်း နောက်တစ်ခဏတွင်မူ လူအုပ်ကြီးက ရှေ့လာမည့်ပွဲစဥ်များကို ပို၍ မျှော်လင့်လာကြတော့သည်။
ယခုအခါ မတိုက်ခိုက်ရသူ လူလေးဦးသာ ကျန်ရှိတော့သည်။ ၎င်းတို့မှာ ထျန်းမင်၊ ရဟန်းဝူလျန့်၊ ပေါင်သဲနှင့် အစစ်အမှန်နဂါး အောင်ခယ့်တို့ပင်။
ဤလူလေးဦးမှာ အလွန်တရာ ကြောက်စရာကောင်းသော ပါရမီရှင်များ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်နှစ်ကတည်းက သူတို့သည် သိုင်းဧကရာဇ် နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးပြီ။
မကြာမီ၊ သူတို့ လေးဦးက တိုက်ခိုက်ကြရတော့မည် ဖြစ်သည်။ ၎င်းက အထွတ်အထိပ် တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
"ရဟန်းဝူလျန့်နဲ့ အစစ်အမှန်နဂါး အောင်ခယ့်"
ဆံပင်ဖြူ အဘိုးအိုက ကြေညာလိုက်သည်။
လူအုပ်ကြီးမှာ ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့ကြ၏။
ရဟန်းဝူလျန့်မှာ မကြာသေးမီ နှစ်များအတွင်း ရုတ်တရက် ထွက်ပေါ်လာခဲ့သော ဗုဒ္ဓလမ်းစဥ် ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသည် ပြိုင်ဘက်ကင်းသော ပါရမီကို ပြသခဲ့သူ ဖြစ်၏။
သူသည် မိမိကိုယ်ကိုယ် ဗုဒ္ဓ၏ ပြန်လည်ဝင်စားခြင်းဖြစ်ကြောင်းနှင့် သူ၏ အတိတ်ဘဝမှာ ပြိုင်ဘက်ကင်းသော တန်ခိုးရှင်ကြီးတစ်ဦး ဖြစ်ကြောင်း ပြင်ပကမ္ဘာသို့ ကြွားဝါပြောဆိုလေ့ ရှိသည်။
သူ၏ စရိုက်လက္ခဏာမှာ တစ်ခါတရံတွင် ဝေဖန်ခြင်း ခံရသော်လည်း သူ၏ပါရမီနှင့် တိုက်ခိုက်ရေးစွမ်းအားမှာမူ သံသယဖြစ်စရာမလိုပေ။ သူသည် ယွမ်လုကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသူ ဖြစ်သည်။
အောင်ခယ့်နှင့် ပတ်သက်၍မူ သူသည် ရှေးဦးမိစ္ဆာလမ်းစဉ်ကို ကျင့်ကြံထားသော အစစ်အမှန်နဂါးတစ်ကောင် ဖြစ်သည်။ သူ့တွင် ပြိုင်ဘက်ကင်းသော မိစ္ဆာခန္ဓာရှိပြီး အလားတူ နှိုင်းယှဉ်၍မရနိုင်လောက်အောင် စွမ်းအားကြီးမားသူ ဖြစ်၏။
သူတို့နှစ်ဦးတွင် မည်သူက အနိုင်ရရှိမည်နည်း။
လူအုပ်ကြီးမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ပုံရိပ်နှစ်ခုက တိုက်ပွဲကွင်းပြင်အတွင်းသို့ လှမ်းဝင်လာခဲ့ကြ၏။
"အမိတ္တဘ၊ ဒကာတော်... မင်းနဲ့ ငါက ရေစက်ရှိကြတယ်။ မင်းအနေနဲ့ ငါ့ရဲ့ အစောင့်အရှောက် နတ်ဘုရားသားရဲ ဘာဖြစ်လို့ မလုပ်ရမှာလဲ"
ရဟန်းဝူလျန့်က တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"ဘုန်းကြီး... မင်း ငါ့ကို စော်ကားနေတာလား။ မင်းရဲ့ လည်ပင်းကို ငါ လိမ်ချိုးပစ်မယ်"
အောင်ခယ့်၏ မျက်နှာမှာ ခက်ထန်မှုတို့ ပြည့်နှက်သွားခဲ့သည်။
အောင်ခယ့်သည် နတ်သားရဲနယ်မြေမှ လာခဲ့ခြင်း ဖြစ်၏။
နတ်သားရဲနယ်မြေသည် အစစ်အမှန်နဂါးများ၊ ဖီးနစ်များနှင့် ချီလင်များကဲ့သို့သော အားကောင်းသည့် နတ်ဘုရားသားရဲမျိုးစုံ တည်ရှိရာ အရပ် ဖြစ်သည်။ သူသည် နတ်သားရဲနယ်မြေတွင် နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့ပေသည်။
ယခုအခါတွင်မူ ရဟန်းဝူလျန့်က သူ့ကို သူ၏ အစောင့်အရှောက် နတ်ဘုရားသားရဲအဖြစ် ဖမ်းယူလိုနေခဲ့သည်။
သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်ပါတော့မည်နည်း။
"အမိတ္တဘ၊ ဒကာတော်... မင်းက ပါးစပ်ဟလိုက်တာနဲ့ ငါ့လည်ပင်းကို လိမ်ချိုးပစ်ချင်နေတာပဲ။ မင်းရဲ့ သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်က ပြင်းထန်လွန်းနေတယ်။ မင်း ဗုဒ္ဓရဲ့လမ်းစဥ်ထဲကို ဝင်ပြီး မင်းရဲ့ သတ်ဖြတ်လိုတဲ့ စိတ်ကို သန့်စင်သင့်တယ်"
ရဟန်းဝူလျန့်က တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ပြောလိုက်ပြန်သည်။
သို့သော်လည်း လုမင်နှင့် လုံချန်တို့က သူ့ကို အထင်သေးသလို ကြည့်လိုက်ကြပေသည်။ ဤရဟန်းက တစ်ခုခု အကြံထုတ်နေသည်မှာ သေချာသည်။
"မင်းခေါင်းကိုပဲ သန့်စင်လိုက်... သေစမ်း"
အောင်ခယ့်က ဟိန်းဟောက်လိုက်သည်။ နဂါးဟိန်းသံနှင့်အတူ သူက သူ၏ မူလအသွင်သို့ ပြောင်းလဲလိုက်၏။ ၎င်းက သွေးသန့်စင်သော ခရမ်းရွှေရောင် အစစ်အမှန်နဂါးကြီး ဖြစ်တော့သည်။