အခန်း ၆
Vol. 1 Ch. 6
အခန်း (၆) စွန့်စားရလေ အမြတ်ကြီးလေ
"မင်းက ငါ့ကို စစ်မှုထမ်းရတဲ့ဒုက္ခကနေ လွတ်အောင် ကူညီပေးနိုင်တယ်ပေါ့"
ကန်းတာပြောင်၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက်ဆုံးတွင်တော့ သံသယဖြင့်သာ ကျန်ရစ်နေခဲ့သည်။
အကယ်၍ ကျန်းချဲ့က အာဏာရှိသော တပ်မှူးတစ်ဦးဖြစ်ခဲ့လျှင် သူ လုံးဝသံသယဝင်မည် မဟုတ်ပေ။ သို့သော် သူက သာမန် အရန်စစ်သည်တစ်ယောက်မျှသာ ဖြစ်သည်။
ယခင်က တိုက်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း အရန်စစ်သည်ကတော့ အရန်စစ်သည်ပင် ဖြစ်သည်။
အကယ်၍ သူ့တွင်သာ ထိုကဲ့သို့ စွမ်းရည်မျိုးရှိခဲ့လျှင် အရန်စစ်သည်တပ်ဖွဲ့သို့ မည်သို့လုပ် ရောက်လာမည်နည်း။
'သူက ဘာကိုအားကိုးပြီး ဒီလိုစကားမျိုး ပြောရဲတာလဲ'
"ဒီကိစ္စကို ရာနှုန်းပြည့် သေချာတယ်လို့တော့ ငါ အာမမခံရဲဘူး... ဒါပေမဲ့ ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းလောက်တော့ သေချာတယ်... မယုံဘူးဆိုရင်လည်း နေပေါ့... ဒုတိယတပ်မှူးလျိုကျစ်က ငါ့ကို စစ်တဲထဲခေါ်ပြီး သီးသန့်အရက်တိုက်ခဲ့တဲ့ သတင်းကို မင်း ကြားပြီးလောက်ပြီ ထင်တယ်"
"မင်းကို ငါ ဖုံးကွယ်မထားပါဘူး... တပ်မှူးလျိုက ငါ့ကို အရမ်းအထင်ကြီးနေပြီး သူ့ရဲ့ ကိုယ်ရံတော်အဖြစ် ခေါ်ထားဖို့ ပြင်နေတာ... အချိန်ကတော့ ဒီရက်ပိုင်းအတွင်းမှာပဲ... ပြီးတော့ မနေ့က တိုက်ပွဲမှာ မင်းရဲ့ စွမ်းဆောင်ရည်ကလည်း မဆိုးဘူးလေ"
"အဲဒါကြောင့် ငါသာ ကြားဝင်ပြောပေးမယ်ဆိုရင် မျှော်လင့်ချက် တော်တော်ကြီးတယ်"
ကျန်းချဲ့က အားနာခြင်းမရှိဘဲ သူတစ်ပါး၏ အရှိန်အဝါကို အသုံးပြုလိုက်သည်။
မည်သို့ပင်ဖြစ်စေ လျိုကျစ်ကို ကိုယ်တိုင်သွားရောက် မေးမြန်းရဲသူ မည်သူမျှ ရှိမည်မဟုတ်သဖြင့် ဤအခွင့်အရေးကို အသုံးချကာ ကန်းတာပြောင်ကို ခြောက်လှန့်ထားလိုက်ခြင်းက ပိုကောင်းပေသည်။
"မင်းက ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ"
ကန်းတာပြောင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင်တော့ စိတ်ဝင်စားသွားခဲ့သည်။
စိတ်ထဲတွင် သံသယရှိနေသေးသော်လည်း ၎င်းသည် သူ၏ တစ်ခုတည်းသော အခွင့်အရေးပင် ဖြစ်သည်။
နယ်စပ်သို့ ရောက်သွားပါက အသက်ရှင်လျက် ပြန်လာနိုင်ရန်မှာ မျှော်လင့်ချက် ကင်းမဲ့နေပေသည်။
အကယ်၍ ထိုသို့ဖြစ်သွားပါက သူသည် မည်သည့်အခါမျှ ကလဲ့စားချေနိုင်တော့မည် မဟုတ်ပေ။
"ငါ နွားအရွတ် နှစ်ကျင်း... နွားရိုး ဆယ်ကျင်း... နွားသွေး နှစ်ဆယ်ကျင်း... ပြီးတော့ အမဲသား သုံးဆယ်ကျင်း လိုချင်တယ်"
"မင်းက ငါ့ကို အရူးများမှတ်နေလား... ဒီပစ္စည်းတွေရဖို့ အနည်းဆုံး ငွေသုံးဆယ်လျန်တော့ ကုန်မယ်... မင်းရဲ့ လေထဲက ကတိစကားတစ်ခုတည်းနဲ့ ဒီလောက်ကြီးမားတဲ့ တန်ဖိုးကို ငါ့ကို ပေးဆပ်ခိုင်းနေတာလား... လုံးဝ မဖြစ်နိုင်ဘူး"
ကန်းတာပြောင်သည် တောင်းဆိုချက်ကို ကြားသည်နှင့် တစ်ပြိုင်နက် ငြင်းဆန်လိုက်သည်။
"စကားက မဆုံးသေးဘူးလေ... ဘာတွေ လောနေတာလဲ... ငါက အဆက်အသွယ်ပဲ လိုချင်တာ... ပိုက်ဆံ ငါ့ဆီမှာ ရှိတယ်"
"အဆက်အသွယ်ပဲဆိုရင်တော့... မဖြစ်နိုင်စရာတော့ မရှိပါဘူး"
ကန်းတာပြောင်သည် စိတ်အေးသွားပြီး ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်းဆီမှာ အဆက်အသွယ် ရှိတယ်ပေါ့"
"အဆက်အသွယ်တော့ ရှိတယ်... ဒါပေမဲ့ စစ်တပ်ထဲကို သွင်းဖို့က အရမ်းခက်တယ်... အဲဒါတော့ ငါ မလုပ်နိုင်ဘူး"
"ဒီကိစ္စကို ငါ ရှင်းပေးမယ်"
ကျန်းချဲ့က မျက်လုံးများကို မှေးကာ တစ်ဖက်လူကို ကြည့်လိုက်သည်။
"ကောင်းပြီ... ဒါဆို ငါ အရင်ဆုံး သတင်းပို့ပြီး ဈေးစုံစမ်းလိုက်ဦးမယ်"
ပြောပြီးသည်နှင့် ကန်းတာပြောင်က လှည့်ထွက်ရန် ပြင်လိုက်သည်။
"ခဏလေး"
ကျန်းချဲ့က နောက်တစ်ကြိမ် လှမ်းခေါ်လိုက်ပြန်သည်။
"ဘာကိစ္စ ရှိသေးလို့လဲ"
ကျန်းချဲ့က ပြုံးလိုက်ပြီး ကန်းတာပြောင်အနီးသို့ ကပ်ကာ အသံကို နှိမ့်၍ မေးလိုက်သည်။
"မင်း သိုင်းကျင့်ချင်လား"
"မင်း... မင်းဆီမှာ အဆက်အသွယ် ရှိလို့လား"
ကန်းတာပြောင်၏ မျက်လုံးများ လင်းလက်သွားသည်။
စစ်မှုမထမ်းမီကတည်းက သူသည် သိုင်းပညာ လေ့ကျင့်ရန် ရည်ရွယ်ထားခဲ့သော်လည်း ကန်းမိသားစု သားအကြီးဆုံးကြောင့် ထိုက်အန်းမြို့ရှိ သိုင်းကျောင်းများက သူ့ကို လက်မခံခဲ့ကြပေ။
သူသည် ရိုးရှင်းသော လက်ဝှေ့လက်မောင်း ပညာရပ်အချို့ကိုသာ တတ်ကျွမ်းထားသော်လည်း သိုင်းပညာကိုတော့ အလွန်ပင် လေ့လာချင်နေခဲ့သည်။
"ငါ့ဆီမှာ အဆက်အသွယ်ရှိရုံတင် မဟုတ်ဘူး... သိုင်းကျမ်းပါ ရှိတယ်"
ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်။
"ဘာသိုင်းကျမ်းလဲ"
ကန်းတာပြောင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
"စစ်တပ်က ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်... နွားရိုင်းအားအင်ကျင့်စဉ်"
ဟုတ်ပေသည်။ ကျန်းချဲ့သည် နွားရိုင်းအားအင်ကျင့်စဉ်ကို ပြင်ပသို့ ထုတ်သင်ပေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
အကြောင်းမှာ ၎င်းသည် သူ၏ကိုယ်ပေါ်ရှိ တစ်ခုတည်းသော တန်ဖိုးရှိသည့် အရာဖြစ်နေသောကြောင့်ပင်။
ထို့အပြင် လျိုကျစ်ကလည်း အခြားသူများကို မသင်ပေးရန် တားမြစ်ထားခြင်း မရှိသဖြင့် တင်းကျပ်စွာ ပြောရလျှင် စည်းကမ်းဖောက်ဖျက်ခြင်း မဟုတ်ပေ။
နောက်ပြီး သူသာ ပူဇော်ဖွယ်ရာများကို ရရှိကာ နွားရိုင်းအားအင်ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်နိုင်မည်ဆိုပါက လျိုကျစ်လည်း ဤကိစ္စအတွက် ဒေါသထွက်မည် မဟုတ်ကြောင်း ယုံကြည်ထားသည်။
စွန့်စားရလေ အမြတ်ကြီးလေပင်။
ခုနစ်ရက် ကတိကို ပြီးမြောက်ရန်အတွက် သူ စွန့်စားရမည် ဖြစ်သည်။
၎င်းမှာ ညက တစ်ညလုံး စဉ်းစားပြီးနောက် သူ ရရှိခဲ့သော နည်းလမ်းပင် ဖြစ်သည်။
"ငါ့ကို သင်ပေးပါ"
ကန်းတာပြောင်က စိတ်လှုပ်ရှားစွာဖြင့် ကျန်းချဲ့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
နွားရိုင်းအားအင်ကျင့်စဉ်သည် စစ်တပ်၏ အခြေခံကျင့်စဉ်များထဲမှ တစ်ခုဖြစ်သော်လည်း သူ မရနိုင်သော အရာတစ်ခု ဖြစ်နေသေးရာ အခွင့်အရေး ရလာချိန်တွင် သေချာပေါက် လက်လွတ်ခံမည် မဟုတ်ပေ။
ကျန်းချဲ့က လက်ကို သတိမထားမိအောင် ပြန်ရုပ်လိုက်ပြီး ပြုံးလိုက်သည်။
"သင်ပေးလို့တော့ ရတယ်... ဒါပေမဲ့ ငါ ဒီကျင့်စဉ်ကို ရဖို့အတွက် ငွေတွေ အများကြီး ကုန်ထားတာ... ညီအစ်ကိုပြောင်က ရိုးသားတဲ့သူဆိုတော့ ကျွန်တော် ကျန်းချဲ့ကို အရှုံးတော့ မခံစေလောက်ပါဘူး နော်"
"မင်း ဘယ်လောက် လိုချင်လဲ"
ကန်းတာပြောင်လည်း စိတ်တည်ငြိမ်သွားပြီးနောက် လောကတွင် အလကားရသောအရာ မရှိကြောင်း နားလည်သွားသဖြင့် သူ တစ်ခုခုတော့ ပေးဆပ်ရမည်ဟု တွေးလိုက်သည်။
ကျန်းချဲ့က လက်ချောင်း ငါးချောင်းကို ထောင်ပြလိုက်သည်။
"ငွေငါးဆယ်လျန်... မင်း ငွေမက်ပြီး အရူးများဖြစ်နေပြီလား"
ကန်းတာပြောင်က မနေနိုင်တော့ဘဲ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ယခုခေတ်တွင် ဆင်းရဲသား မိသားစုတစ်စုသည် တစ်နှစ်လုံး နေထိုင်စားသောက်ရန်အတွက် ငွေနှစ်လျန်ပင် မကုန်ကျကြောင်း သူ ကောင်းကောင်းသိသည်။
စစ်မှုထမ်း၍ လစာယူလျှင်ပင် ထိုက်အန်းမြို့ စစ်တပ်၏ နှုန်းထားအရ သာမန်စစ်သည်တစ်ဦးသည် တစ်လလျှင် ကြေးပြား ငါးရာသာ ရရှိပေသည်။
သူ့ကို သတ်လိုက်လျှင်ပင် ဤမျှလောက် ငွေအများကြီးကို ရနိုင်မည် မဟုတ်ပေ။
အမှန်တကယ်တော့ ကျန်းချဲ့က ငွေငါးလျန်သာ လိုချင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကန်းတာပြောင်က အထင်လွဲသွားသဖြင့် အမှားကို အမှန်လုပ်ကာ အချိန်ခဏမျှ စဉ်းစားဟန်ပြပြီးနောက် ပြောလိုက်သည်။
"ငါတို့လည်း ရေစက်ရှိတယ်လို့ ဆိုရမှာပေါ့... ဒီလိုလုပ်... ငွေနှစ်ဆယ်လျန်ဆိုရင် ငါတို့ မိတ်ဆွေဖွဲ့လိုက်ကြတာပေါ့"
"ငါ့ဆီမှာ အဲဒီလောက် ငွေမရှိဘူး"
"ငွေဆယ့်ငါးလျန်..."
"ငါ... ငါ့ကိုယ်ပေါ်မှာ ချေးငှားပြီး ရှာရင်တောင် ငွေခုနစ်လျန်ပဲ ရနိုင်မယ်"
ကန်းတာပြောင်က သူ၏ အတတ်နိုင်ဆုံး ပမာဏကို ပြောပြလိုက်သည်။
ကျန်းချဲ့က ခက်ခဲနေသည့် အမူအရာကို ပြသလိုက်သည်။
အခြေအနေက အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကန်းတာပြောင်သည် သိုင်းကျင့်ချင်သော ဆန္ဒကို မထိန်းချုပ်နိုင်တော့ဘဲ သွားကိုတင်းတင်းကိုက်ကာ ပြောလိုက်သည်။
"မင်းလိုချင်တဲ့ ပစ္စည်းတွေက ငွေသုံးဆယ်လျန်လောက်မှ မရရင် မရနိုင်ဘူး... မင်း ငါ့ကို ငွေနှစ်ဆယ်လျန်ပေး... ငါ မင်းအတွက် ရအောင် ရှာပေးမယ်... ဘယ်လိုလဲ"
"ရတယ်"
ကျန်းချဲ့က ရင်ထဲမှ ခံစားချက်များကို ဖိနှိပ်ထားကာ တည်ငြိမ်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အမှန်တကယ်တော့ ကန်းတာပြောင်ကို မရှာမီကတည်းက သူသည် နွားရိုင်းအားအင်ကျင့်စဉ်ကို တစ်ဖက်လူ၏ အဆက်အသွယ်ရှာပေးမှုအတွက် အခကြေးငွေအဖြစ် ပေးရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် တစ်ဖက်လူက အလွန်ရိုးသားလွန်းပြီး လေထဲက ကတိတစ်ခုတည်းဖြင့်ပင် လက်ခံခဲ့သဖြင့် သူလည်း အခွင့်အရေးရခိုက် ငွေအနည်းငယ် ညှစ်ယူလိုက်ခြင်း ဖြစ်သည်။
နေ့လယ်စာ စားပြီးနောက် ကျန်းချဲ့နှင့် ရွှီစန်းတို့သည် အတူတကွ ဆောင့်ကြောင့်ထိုင်ကာ အရန်စစ်သည်တပ်ဖွဲ့၏ အခြေအနေအချို့ကို စကားစမြည် ပြောဆိုနေကြသည်။
သူ၏ လက်ထဲရှိ နွားရိုင်းအားအင်ကျင့်စဉ်မှာ တန်ဖိုးမနည်းသော်လည်း ရောင်းထွက်ရန်မှာ မလွယ်ကူလှပေ။
အဘယ်ကြောင့်ဆိုသော် အရန်စစ်သည် အများစုမှာ တောင်သူလယ်သမားများဖြစ်ကြပြီး သူတို့၏ လက်ထဲတွင် ငွေကြေး မရှိကြပေ။
ထို့အပြင် သူကလည်း ကျင့်စဉ်ကို ဈေးပေါပေါဖြင့် မရောင်းချနိုင်ပေ။ အကယ်၍ ထိုသို့လုပ်ဆောင်ပါက သူ ကိုယ်ပိုင်သိုင်းကျမ်း ဖြန့်ဝေနေသည့် ကိစ္စကို အခြားသူများ ရိပ်မိသွားနိုင်ပေသည်။
ထို့ကြောင့် ငွေကြေး တတ်နိုင်သူများကိုသာ သူ၏ ပစ်မှတ်အဖြစ် ထားရှိရမည် ဖြစ်သည်။
ပင်မတပ်ရင်းမှ စစ်သည်များနှင့် သွားရောက် အရောင်းအဝယ် လုပ်ရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။
ဤကဲ့သို့သော အခြေခံ ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်မျိုးသည် လမ်းဘေးတွင် ပေါနေသည် မဟုတ်သော်လည်း စွမ်းဆောင်ရည် အနည်းငယ်ရှိရုံဖြင့် လေ့ကျင့်ခွင့် ရနိုင်ပေသည်။
'သူ့လို အရန်စစ်သည်တစ်ယောက်နဲ့ ဘာကိစ္စများ စွန့်စားပြီး အရောင်းအဝယ် လုပ်နေရမှာလဲ'
ဂိုပုယီလို လူမျိုးတွေနဲ့ နောက်တစ်ကြိမ် မတွေ့ချင်တော့ပေ။
"ငါတို့ အရန်စစ်သည်တပ်ဖွဲ့ထဲမှာ တကယ်တမ်း အင်အားရှိတဲ့လူဆိုတာ သိပ်မရှိပါဘူး... ကန်းတာပြောင်... ဝူချန်ဖုန်း... လီအာရှန်း... အဲဒီလောက်ပဲ ရှိတာပါ... ကျန်တဲ့သူတွေကတော့ အခြေခံအားဖြင့် ရိုးသားတဲ့ ဆင်းရဲသား ပြည်သူတွေချည်းပါပဲ"
ရွှီစန်းက ကျန်းချဲ့ကို အရန်စစ်သည်တပ်ဖွဲ့၏ အခြေအနေများကို မပျင်းမရိ ရှင်းပြနေသည်။
ကျန်းချဲ့ကို ကျေးဇူးတင်စေချင်ရုံသာမက တစ်ဖက်လူက သူ့ကို ဆရာတင်မေးမြန်းနေခြင်းက သူ့ကို အလွန်သဘောကျစေသောကြောင့် ဖြစ်သည်။
"အပြင်လူတွေ ပြောတာ တကယ်မှန်တာပဲ... အစ်ကိုရွှီက သတင်းအတော်လေး စုံတာကိုး"
ကျန်းချဲ့က တစ်ဖက်လူကို မြှောက်ပင့်ပြောဆိုရန် ဝန်မလေးခဲ့ပေ။
"ညီလေးချဲ့... အစ်ကို စပ်စုတယ်လို့တော့ မထင်ပါနဲ့... မင်းက သူတို့အကြောင်းကို ဘာကိစ္စရှိလို့ စုံစမ်းနေတာလဲ"
ရွှီစန်းသည် ကောလာဟလ သတင်းများကို ဖြန့်ဝေရုံသာမက ထိုသတင်းများကို နားထောင်ရသည်ကိုလည်း အလွန်နှစ်သက်သူ ဖြစ်သဖြင့် မနေနိုင်တော့ဘဲ ဝင်မေးလိုက်သည်။
ကျန်းချဲ့က အောက်သို့ ငုံ့ကြည့်လိုက်ပြီး အကြောင်းပြချက်တစ်ခု ပေးရန် စဉ်းစားလိုက်သည်။
သို့သော် ခေါင်းမော့လိုက်သည်နှင့် တပြိုင်နက် မလှမ်းမကမ်းတွင် ဂိုပုယီက သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ကျန်းချဲ့၏ အကြည့်နှင့် ဆုံသွားသောအခါ တစ်ဖက်လူက သွားဖြဲကာ ပြုံးပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ကို လည်ပင်းပေါ်တွင် တင်ကာ ဖြတ်ပြသည့် အမူအရာကို သတိမပြုမိအောင် လုပ်ပြလိုက်သေးသည်။
ကျန်းချဲ့က မည်သို့မျှ တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ ဂိုပုယီသည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဒုတိယတပ်မှူးလျိုကျစ်၏ စစ်တဲဘက်သို့ လှည့်ထွက်သွားတော့သည်။