အခန်း ၁၀
Vol. 1 Ch. 10
အခန်း (၁၀) တံခါးဝအထိ လာရောက် လူတောင်းခြင်း
နောက်တစ်နေ့။
စုပေါင်းလေ့ကျင့်မှု ပြီးဆုံးပြီးနောက် ကျန်းချဲ့သည် အချိန်အားလပ်သွားသဖြင့် လျိုကျစ်က သူ့ကို လာရောက်ခေါ်ဆောင်မည့်အချိန်ကို စောင့်မနေတော့ဘဲ သူကိုယ်တိုင်ပင် အရင်ဆုံး သွားရောက်လိုက်သည်။
သူ၏ စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။
'ဂိုပုယီက ငါ့ကို အသေအချာ စောင့်ကြည့်နေပြီ... ငါက စစ်တပ်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်ကို ကိုယ်ပိုင် ဖြန့်ဝေနေတာကိုပါ သူ ရိပ်မိသွားပြီဆိုတော့ ဒီကိစ္စကို အကြောင်းပြပြီး သေချာပေါက် ပြဿနာရှာလာလိမ့်မယ်... လျိုကျစ်ကိုလည်း ဖိအားပေးလာနိုင်တယ်...'
သူ့အနေဖြင့် ကြိုတင်၍ ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်ထားရမည်ဖြစ်ပြီး မိမိဘက်မှ အလေးသာစေမည့် အချက်များကို တိုးမြှင့်ထားရမည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် လျိုကျစ်သည် အရန်စစ်သည်တပ်ဖွဲ့အတွင်း၌ မရှိပေ။ သူ၏ အထက်အရာရှိဖြစ်သော တပ်မှူးချုပ် ကျူးက တပ်စခန်းအလယ်ဗဟိုရှိ ဆွေးနွေးပွဲတဲကြီးအတွင်းသို့ ခေါ်ယူသွားခြင်း ဖြစ်သည်။ ထို့ကြောင့် အစောင့်များကလည်း သူ့ကို တဲအတွင်းသို့ ဝင်ရောက်ခွင့် မပြုကြပေ။
ကျန်းချဲ့သည်လည်း အထူးအဆန်း မထင်ဘဲ အစောင့်များနှင့် တီးတိုး စကားပြောဆိုနေလိုက်သည်။
တစ်နာရီကျော်ခန့် ကြာပြီးနောက် လျိုကျစ်သည် ပြန်လည်ရောက်ရှိလာခဲ့သည်။ သူက ကျန်းချဲ့ကို အထက်အောက် တစ်ချက် အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားခဲ့သည်။ သိုင်းလေ့ကျင့်ထားသူနှင့် သာမန်လူသည် အပေါ်ယံကြည့်လျှင် သိပ်မကွာခြားသကဲ့သို့ ထင်ရပေသည်။
သို့သော် အမှန်တကယ်တွင် ထိုသို့မဟုတ်ပေ။ ကိုယ်နေဟန်ထား လေ့ကျင့်မှုသည် အခြေအနေတစ်ခုသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် ခြေလှမ်းလှမ်းပုံမှစ၍ ခန္ဓာကိုယ်အနေအထားအထိ အနည်းနှင့်အများဆိုသလို ကွဲပြားခြားနားမှုများ ရှိလာပေသည်။
လျိုကျစ်၏ အမြင်အာရုံစူးရှမှုဖြင့် ကျန်းချဲ့၏ ပြောင်းလဲမှုများကို ရိပ်မိနိုင်ပြီး သူသည် အမှန်တကယ်ပင် ကောင်းစွာ လေ့ကျင့်ထားကြောင်း သိရှိလိုက်သည်။
အနည်းဆုံးတော့ သိုင်းပညာအခြေခံအဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သည်။
ခုနစ်ရက်အတွင်း သိုင်းပညာအခြေခံအဆင့်သို့ ရောက်ရှိသွားခြင်းမှာ ထိုကဲ့သို့သော ပါရမီမျိုးသည် အမှန်တကယ်ပင် ကောင်းမွန်လွန်းသည်ဟု ဆိုရမည် ဖြစ်သည်။ ဂိုညီအစ်ကိုများ၏ ဖိအားကို ရင်ဆိုင်ပြီး ဤကောင်လေးကို ကာကွယ်ပေးရကျိုးနပ်ပေသည်။
"တပ်မှူးကြီး..."
ကျန်းချဲ့က ခါးညွတ်ကာ အရိုအသေပေးလိုက်သည်။
"ငါ့နောက်က လိုက်ခဲ့..."
လျိုကျစ်၏ မျက်နှာတွင် ခပ်ဖွဖွ အပြုံးတစ်ခု ချိတ်ဆွဲထားပြီး ကျန်းချဲ့ကို ခေါင်းညိတ်ပြလိုက်သည်။
"အခုလေးတင် အပြန်လမ်းမှာ တပ်မှူးကြီးဂိုပုရန်နဲ့ အတူဆုံခဲ့တယ်... သူက ငါ့ကို မင်းအကြောင်း သီးသန့်လာမေးတယ်... ကြည့်ရတာ သူတို့က မင်းကို တကယ်ပဲ မျက်စိကျနေတာပဲ..."
လျိုကျစ်သည် အထက်ပိုင်းနေရာတွင် ထိုင်လိုက်ပြီးနောက် ထိုစကားတစ်ခွန်းကို ရုတ်တရက် ထုတ်ပြောလိုက်သည်။ သို့သော် ချက်ချင်းပင် စကားကို လမ်းကြောင်းပြောင်းလိုက်သည်။
"ဒါပေမဲ့ မင်း စိတ်ချပါ... ဒီတပ်မှူးက သူတို့ညီအစ်ကိုကို ထင်ရာစိုင်းခွင့် ပြုမှာမဟုတ်ဘူး... မင်းကို ပထမဆုံးအကြိမ် တွေ့ကတည်းက မင်းရဲ့ အရည်အချင်းကို ငါ အရမ်း သဘောကျခဲ့တာ... ဒါပေမဲ့ မင်းကို ကြိုးစားချင်စိတ်ဖြစ်အောင်လို့သာ ခုနစ်ရက်အတွင်း သိုင်းပညာအခြေခံအဆင့်ကို ရောက်ရမယ်ဆိုပြီး ကတိပေးခိုင်းလိုက်တာ..."
ကျန်းချဲ့သည် အမှန်တကယ်ပင် အောင်မြင်သွားပြီဖြစ်ကြောင်း သေချာသွားသောအခါ လျိုကျစ်သည် စကားပြောဆိုပုံကို ချက်ချင်း ပြောင်းလဲကာ သူ့ကို ချီးကျူးစကားများ ပြောဆိုလာခဲ့သည်။
ထို့အပြင် ကျန်းချဲ့သာ နွားရိုင်းအားအင်ကျင့်စဉ်ကို အောင်မြင်အောင် မကျင့်နိုင်ခဲ့လျှင်ပင် သူ့ကို ကာကွယ်ပေးသွားမည်ဟု သွယ်ဝိုက်သော နည်းလမ်းဖြင့် အရိပ်အမြွက် ပြသလိုက်သေးသည်။
"တပ်မှူးကြီးရဲ့ အသိအမှတ်ပြုမှုကို ကျေးဇူးတင်ပါတယ်..."
ကျန်းချဲ့က အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်သည်။
"ဒါနဲ့ မင်းရဲ့ နွားရိုင်းအားအင်ကျင့်စဉ် လေ့ကျင့်မှုက ဘယ်အခြေအနေရောက်နေပြီလဲ... နားမလည်တာရှိရင် ငါ လမ်းညွှန်ပြသပေးလို့ ရတယ်နော်... ဒီရက်ပိုင်းအတွင်း မင်းကို ပင်မတပ်ရင်းဆီ ပြောင်းရွှေ့ပေးတော့မှာဆိုတော့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရမယ်..."
လျိုကျစ်က သာမန်ကာလျှံကာပင် မေးလိုက်သည်။
"ဒါဆိုရင်လည်း တပ်မှူးကြီးက အမှားပါရင် ထောက်ပြပေးပါ..."
ကျန်းချဲ့သည် ခါးကိုမတ်ကာ ဖြည်းညှင်းစွာ လက်အုပ်ချီလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားပြီး ညာဘက်ခြေထောက်ကို တင်းနေသော လေးကြိုးကဲ့သို့ ရှေ့သို့ ကန်ထွက်လိုက်ကာ နွားရိုင်းလက်ဝှေ့သိုင်းများကို စတင်သရုပ်ပြတော့သည်။
စိတ်အာရုံကို အပြည့်အဝ စူးစိုက်ထားသဖြင့် သူ ထိုးနှက်လိုက်သော လက်သီးတိုင်းသည် အလွန်တရာ အားပါနေပေသည်။ သူ၏ တစ်ကိုယ်လုံးသည် လူစားထိုးလိုက်သကဲ့သို့ လုံးဝ ပြောင်းလဲသွားပြီး လက်သီး... ခြေထောက်... ဒူး... နွားရိုင်းအားအင်ကျင့်စဉ်တွင် ပါဝင်သော သိုင်းကွက်တိုင်းကို တစ်ကွက်ပြီးတစ်ကွက် သရုပ်ပြသနေသည်။
ထို့အပြင် သူသည် ပုံသေကားချပ်အတိုင်း သရုပ်ပြနေခြင်း မဟုတ်ဘဲ အမှန်တကယ် တိုက်ပွဲဝင်နေသည့် အနေအထားမျိုးကို ပြသနေခြင်း ဖြစ်သည်။ လက်သီးထိုးနှက်မှုများမှာ တဖြည်းဖြည်း ပိုမို လျင်မြန်လာပြီး လေခွင်းသံများက တဲတစ်ခုလုံးတွင် ပဲ့တင်ထပ်နေတော့သည်။
ထိုင်ခုံပေါ်ရှိ လျိုကျစ်၏ အကြည့်များမှာ အံ့အားသင့်မှုမှသည် လေးနက်မှုဆီသို့ ကူးပြောင်းသွားပြီး အနည်းငယ် တုန်လှုပ်ချောက်ချားသည့် အရိပ်အယောင်များပင် ပါဝင်လာခဲ့သည်။
ကျန်းချဲ့သည် ခုနစ်ရက်အတွင်း မည်သူ့ထံမှ သင်ယူခြင်းမရှိဘဲ အခြေခံကိုယ်နေဟန်ထား နှစ်ဆယ့်ရှစ်ကွက်ကို အောင်မြင်အောင် ကျင့်နိုင်ခဲ့ခြင်းကပင် အလွန်ကောင်းမွန်လှပြီဟု သူ ထင်မှတ်ထားခဲ့သည်။ ထို့ကြောင့်လည်း သူ၏ ဆွဲဆောင်သိမ်းသွင်းလိုသော ဆန္ဒမှာ ပိုမို ပြင်းပြလာခဲ့ခြင်း ဖြစ်သည်။
သို့သော် ရလဒ်အနေဖြင့် ကျန်းချဲ့က သူ၏ အမှန်တကယ် စွမ်းအားကို ပြသလိုက်သောအခါမှသာ သူသည် ဤလူငယ်လေးကို အထင်သေးမိသွားကြောင်း သဘောပေါက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ် အနေအထားက ခိုင်မာတည်ငြိမ်ရုံသာမက အောက်ပိုင်း အခြေအနေမှာလည်း ထင်းရှူးပင်ကဲ့သို့ ခိုင်မာလှသည်။
ထို့ထက်ပို၍ နွားရိုင်းအားအင်ကျင့်စဉ်ရှိ လက်ဝှေ့သိုင်းများကိုပါ အောင်မြင်အောင် ကျင့်နိုင်ခဲ့ရုံသာမက အလွန်တရာ ကျွမ်းကျင်နေပေသည်။ ကျွမ်းကျင်မှု အဆင့်မှာ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော ပင်မတပ်ရင်းမှ ဝါရင့်စစ်သည်များနှင့်ပင် ယှဉ်နိုင်ပေသည်။
ဤအချက်က သူ့ကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားစေခဲ့သည်။
သူ ကိုယ်တိုင် နွားရိုင်းအားအင်ကျင့်စဉ်ကို ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့စဉ်က အချိန်ခြောက်လခန့် ကြာမြင့်ခဲ့ပြီး ဤအဆင့်သို့သာ ရောက်ရှိခဲ့သည်ဟု မှတ်မိနေသည်။
သို့သော် ကျန်းချဲ့က ခုနစ်ရက်တည်းသာ အချိန်ယူခဲ့ရသည်။
ဤအရာကို ကောင်းမွန်သည်ဟု ပြောရန်ပင် မလုံလောက်တော့ပေ။ ဆယ်နှစ်တွင်မှ တစ်ကြိမ်သာ ပေါ်ထွက်တတ်သော ပါရမီရှင်တစ်ဦးဟု ဆိုရမည် ဖြစ်သည်။
တပ်မှူးချုပ် ကျူး ကိုယ်တိုင် နှုတ်မှဖွင့်၍ ချီးကျူးခဲ့သည်မှာ မထူးဆန်းတော့ပေ။
'ဟူး...'
အဖြူရောင် လေငွေ့များကို သုံးပေခန့် အရှည်အထိ မှုတ်ထုတ်လိုက်ပြီးနောက် ကျန်းချဲ့သည် လက်ဖဝါးနှစ်ဖက်ကို ချက်တိုင်အောက်ရှိ ဒန်ထျန်းနေရာသို့ ဖြည်းညှင်းစွာ နှိမ့်ချကာ သိုင်းကွက်များကို ရုပ်သိမ်းလိုက်သည်။
လျိုကျစ်ကို အနည်းငယ် တုန်လှုပ်သွားစေရန်အတွက် ဤတစ်ကြိမ်တွင် သူသည် မိမိ၏ အရည်အချင်းကို လုံးဝ ဖုံးကွယ်မထားခဲ့ပေ။ သူ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်၍ ရရှိလာသော ရလဒ်များကို တစ်ဖက်လူအား အပြည့်အဝ ပြသလိုက်ခြင်းပင် ဖြစ်သည်။
"တပ်မှူးကြီး... ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါဦး..."
ကျန်းချဲ့က လေးနက်သော အမူအရာဖြင့် တစ်ဖက်လူကို ကြည့်လိုက်သည်။
"အဟမ်း... အဟမ်း..."
ယခုအချိန်တွင် လျိုကျစ်လည်း သတိပြန်ဝင်လာခဲ့ပြီ ဖြစ်သည်။ သူသည် မိမိ၏ အံ့အားသင့်မှုကို ဖုံးကွယ်ရန်အတွက် ဟန်ဆောင် ချောင်းဆိုးလိုက်ပြီးနောက် ကျန်းချဲ့ကို မျက်လုံးချင်းဆုံကာ ကြည့်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှူကာ ခေါင်းညိတ်၍ ပြောလိုက်သည်။
"မဆိုးဘူး... တကယ်ကို ဉာဏ်ရည်ဉာဏ်သွေး ရှိတာပဲ... ဒါပေမဲ့ ဒီလောက်လေးနဲ့တော့ မာနမတက်သွားစေနဲ့ဦး... လူဆိုးထက် လူစွမ်းကောင်းရှိတယ်... တောင်တစ်တောင်ထက် မြင့်တဲ့ တောင်တစ်တောင် ရှိသေးတယ်ဆိုတာကို သိထားရမယ်... အရင်တုန်းက စစ်တပ်ထဲမှာ တစ်ရက်တည်းနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်ကို အောင်မြင်အောင် ကျင့်နိုင်ခဲ့တဲ့ ပါရမီရှင်တွေ ပေါ်ထွက်ဖူးတယ်... အဲဒါကြောင့် အထက်လူကြီးတွေကလည်း အထူးတလည် အလေးထားကြတာပေါ့..."
"ဒီတပ်မှူး ကိုယ်တိုင် နွားရိုင်းအားအင်ကျင့်စဉ်ကို စတင်လေ့ကျင့်တုန်းက မင်းလောက် အချိန်မတိုခဲ့ပေမဲ့ သိပ်တော့ မကွာပါဘူး..."
လျိုကျစ်သည် ကျန်းချဲ့ကို မာနမကြီးရန် သတိပေးနေသော်လည်း သူ၏ စကားများထဲတွင်မူ အလွန်တရာ အသိအမှတ်ပြုနေကြောင်း ပေါ်လွင်နေပေသည်။
သို့သော် ကျန်းချဲ့ မထင်မှတ်ထားမိသော အချက်မှာ လျိုကျစ်၏ ပါရမီက ဤမျှလောက်အထိ မြင့်မားလိမ့်မည်ဟု မမျှော်လင့်ထားခြင်းပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ အောင်မြင်အောင် ကျင့်နိုင်ခဲ့ခြင်းမှာ သူ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများ ပါဝင်သော်လည်း ရွှေလက်ချောင်း၏ ကူညီထောက်ပံ့မှု အနည်းငယ်လည်း ပါဝင်နေသည် မဟုတ်ပါလား။
"တပ်မှူးကြီးရဲ့ သွန်သင်ဆုံးမမှုကို ကျွန်တော် သေချာပေါက် ရင်ထဲမှာ မှတ်ထားပါ့မယ်..."
"ဟားဟားဟား... ဒါကလည်း..."
"တပ်မှူးကြီး... စားဖိုဆောင်တပ်ခွဲက တပ်ကြပ်ဂိုပုယီ ဝင်ခွင့်တောင်းနေပါတယ်..."
လျိုကျစ်၏ စကားမဆုံးမီမှာပင် တဲပြင်ပရှိ အစောင့်က အတွင်းသို့ ဝင်ရောက်လာကာ သတင်းပို့လိုက်သည်။ ကျန်းချဲ့သည် ဂိုပုယီ၏ နာမည်ကို ကြားလိုက်သည်နှင့် တပြိုင်နက် သူ၏ အကြည့်များမှာ အလိုအလျောက် စူးရှသွားခဲ့သည်။
"အင်း... သူ့ကို ဝင်လာခိုင်းလိုက်..."
လျိုကျစ်က မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားပြီး ခေါင်းညိတ်ပြလိုက်သည်။
"အို... တိုက်တိုက်ဆိုင်ဆိုင်ပါလား... မင်းလေးလည်း ဒီမှာ ရှိနေတာကိုး..."
ဂိုပုယီက တဲကြီးအတွင်းသို့ ဝင်လာသည်နှင့် လျိုကျစ်ကို ဦးစွာ လက်အုပ်ချီ အရိုအသေပေးလိုက်သည်။ ထို့နောက် သူ၏ အကြည့်များက ကျန်းချဲ့အပေါ်သို့ ကျရောက်သွားပြီး သားကောင်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြည့်နေပေသည်။
ကျန်းချဲ့ကမူ မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ ရှေ့သို့သာ တည့်တည့် စိုက်ကြည့်နေသည်။ ဂိုပုယီဆိုသည်မှာ လေဟာနယ် တစ်ခုသာ ဖြစ်နေသည့်အလားပင်။
ဂိုပုယီသည်လည်း ဒေါသမထွက်ဘဲ ခပ်ဖွဖွသာ နှာမှုတ်လိုက်သည်။
"တပ်ကြပ်ဂိုက ဘယ်လိုလေနှင်ရာကနေများ ငါ့ရဲ့ အရန်စစ်သည်တပ်ဖွဲ့ဆီ ရောက်လာရတာလဲ..."
လျိုကျစ်က ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
"တပ်မှူးလျို... ကျွန်တော်က ခုနစ်ရက် ကတိအတိုင်း လာခဲ့တာပါ... ဒီရက်ပိုင်းအတွင်း စားဖိုဆောင်တပ်ခွဲမှာ လူအရမ်းလိုနေလို့ပါ... ကျွန်တော့် လက်အောက်က လူတွေက တကယ်ကို မနိုင်မနင်း ဖြစ်နေကြလို့ တပ်မှူးလျိုက ကူညီတဲ့အနေနဲ့ ညီလေးကျန်းချဲ့ကို ကျွန်တော်နဲ့အတူ လိုက်ပြီး ရက်အနည်းငယ်လောက် အလုပ်ကူလုပ်ခွင့် ပြုပါ..."
ဂိုပုယီက ကျန်းချဲ့ကို မျက်စောင်းထိုးကြည့်ရင်း ဟန်ဆောင်အပြုံးဖြင့် ပြောလိုက်သည်။
လျိုကျစ်၏ တုံ့ပြန်မှုမှာမူ မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်ခြင်းပင် ဖြစ်သည်။
"ဒီကိစ္စကတော့ မဖြစ်နိုင်ဘူး ထင်တယ်..."
"ဘာဖြစ်လို့လဲ..."
ဂိုပုယီ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
"ဘာဖြစ်လို့လဲဆိုတော့... ဒီတပ်မှူးက ကျန်းချဲ့ကို အရန်စစ်သည်တပ်ဖွဲ့ကနေ ခေါ်ထုတ်ပြီး ငါ့ဘေးမှာ ခိုင်းဖို့ ဆုံးဖြတ်ထားလို့ပဲ... မင်းလူလိုတယ်ဆိုရင် အရန်စစ်သည်တပ်ဖွဲ့ထဲက တခြားလူတွေကို ထပ်ရွေးသွားလို့ ရတယ်လေ..."
"တပ်မှူးလျို... လွန်ခဲ့တဲ့ ခုနစ်ရက်က ခင်ဗျား ဒီလိုမပြောခဲ့ပါဘူး..."
"အဲဒီတုန်းက ငါ ဘယ်လိုပြောခဲ့လို့လဲ..."
လျိုကျစ်၏ နှုတ်ခမ်းထောင့်တွင် အထင်သေးသော အပြုံးတစ်ခု ပေါ်လာပြီး တစ်ဖက်လူကို ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ခင်ဗျားပြောတာက ကျန်းချဲ့က အရင်လေ့ကျင့်ရေးတိုက်ပွဲမှာ စွမ်းဆောင်ရည်ကောင်းခဲ့လို့ သူ့ကို အကူလုပ်ခိုင်းဖို့က သိပ်မသင့်တော်ဘူး... အဲဒါကြောင့် သူ့ကို ခုနစ်ရက် ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်လေ... ခင်ဗျားရဲ့ မျက်နှာကို ထောက်ပြီး ဒီခုနစ်ရက်အတွင်းမှာ ကျွန်တော် သူ့ကို ဘာမှမလုပ်ခဲ့ဘူး... ဒါပေမဲ့ အခုတော့... ခင်ဗျားစကားက သိပ်တော့ အဓိပ္ပာယ်မရှိတော့ဘူး မဟုတ်လား..."
"ဘယ်သူက သက်သေပြနိုင်လို့လဲ..."
"ဘာ..."
"ငါမေးမယ်... ဒီတပ်မှူးက ဒီလိုစကားတွေ ပြောခဲ့တယ်ဆိုတာကို ဘယ်သူက သက်သေပြနိုင်လို့လဲ..."
လျိုကျစ်က မျက်နှာသေဖြင့် တစ်ဖက်လူကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"တပ်မှူးလျိုက ကတိဖျက်ဖို့ ပြင်နေတာလား..."
ဂိုပုယီ၏ အကြည့်များ စူးရှသွားပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။
"ဟက်..."
လျိုကျစ်က လှောင်ပြုံးတစ်ခု ပြုံးလိုက်ပြီး ကိုယ်ကို နောက်သို့ မှီချလိုက်သည်။
"မင်းကို မျက်နှာသာ ပေးရမယ်... ဂိုပုယီ... မင်းက စားဖိုဆောင်တပ်ခွဲမှာ အချောင်ခိုနေတဲ့ တပ်ကြပ်တစ်ယောက်မျှသာပဲလေ... ဒီတပ်မှူးက မင်းကို မျက်နှာသာ ပေးစရာ လိုလို့လား... မင်းလာတောင်းတာကို မဆိုထားနဲ့... မင်းအစ်ကို ဂိုပုရန် ကိုယ်တိုင် တံခါးဝအထိ လာတောင်းရင်တောင် ဒီနေ့ ကျန်းချဲ့ကို ငါ သေချာပေါက် ကာကွယ်ပေးမယ်... ဘယ်သူမှ သူ့ကို ခေါ်သွားလို့ မရဘူး..."
ထိုစဉ် တဲအပြင်ဘက်မှ သြဇာပါသော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဟုတ်လား... ဒုတိယတပ်မှူးလျိုက တော်တော်လေး စကားကြီးစကားကျယ် ပြောရဲတာပဲ…”