← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း (၁၂) အခြေအနေ ပြောင်းပြန်လှန်သွားခြင်း

"ဟုတ်ပါတယ်... သူက ကျန်းချဲ့ပါပဲ..."

လျိုကျစ်က ပြန်ဖြေလိုက်သည်။

"ကောင်းပြီ... သူ့မှာ ထူးခြားတဲ့ အရည်အချင်းရှိလို့ မင်းက သူ့ကို သိုင်းသင်ပေးခဲ့တယ်ဆိုတာကို လက်ခံပေးလို့ ရတယ်ထားပါတော့... ဒါပေမဲ့ သူက ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်ကို တခြားလူတွေဆီ ခိုးသင်ပေးပြီး ငွေကြေးယူခဲ့တဲ့ ကိစ္စကိုကျတော့ မင်း ဘယ်လို ရှင်းပြမလဲ..."

ကိစ္စများက ဤအခြေအနေအထိ ရောက်ရှိလာပြီဖြစ်ရာ ဂိုပုရန်နှင့် လျိုကျစ်တို့ကြားတွင် မျက်နှာပျက်စရာများ လုံးဝ မရှိတော့ဘဲ တစ်ဖက်လူကို ဖိနှိပ်နိုင်ရန် နည်းလမ်းပေါင်းစုံကို အသုံးပြုလာတော့သည်။

"သိုင်းကျင့်စဉ်ကို သင်ပေးပြီး ငွေကြေးယူတယ်ဆိုတာက ခင်ဗျား တပ်ချင်တိုင်း တပ်လို့ရတဲ့ အပြစ်မျိုး မဟုတ်ဘူး... ကန်းတာပြောင်နဲ့ ဝူချန်ဖုန်းတို့က အရင် လေ့ကျင့်ရေးတိုက်ပွဲမှာ စွမ်းဆောင်ရည် အရမ်းကောင်းခဲ့တယ်... ကျန်းချဲ့က ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်ကို လေ့ကျင့်နေတုန်း သူတို့က မြင်သွားပြီး သင်ပေးဖို့ တောင်းဆိုခဲ့ကြတယ်... အဲဒီနောက် ကျန်းချဲ့က ကျွန်တော့်ဆီကို သတင်းလာပို့တော့ ကျွန်တော်ကပဲ ခွင့်ပြုပေးလိုက်တာ... ငွေကြေးကိစ္စကကျတော့ သူတို့က ကျန်းချဲ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးကြတာလေ... ဘာများ မှားနေလို့လဲ..."

လျိုကျစ်သည် ကျန်းချဲ့၏ စိတ်နှလုံးကို အပြည့်အဝ သိမ်းကျုံးယူငင်ရန်အတွက် အပြစ်အားလုံးကို သူ၏ ခေါင်းပေါ်သို့ လွှဲပြောင်းတင်ယူလိုက်ခြင်းပင် ဖြစ်သည်။

သူ့ကဲ့သို့သော ဒုတိယတပ်မှူးတစ်ယောက် အနေဖြင့် ဤကိစ္စမျိုးကို လုပ်ဆောင်ခြင်းမှာ စည်းကမ်းချိုးဖောက်ခြင်းဟု မသတ်မှတ်နိုင်သော်လည်း အကယ်၍ ကျန်းချဲ့လို အရန်စစ်သည်တစ်ယောက်သာ လုပ်ဆောင်ခဲ့ပါက သေဒဏ်ပေးခံရမည့် အပြစ်မျိုး ဖြစ်သည်။

"ဟာသတွေ..."

ဂိုပုရန်က တစ်ခုခု ဆက်ပြောရန် ပြင်လိုက်သော်လည်း လျိုကျစ်က ရုတ်တရက် ဖြတ်ပြောလိုက်ပြီး ခါးညွတ်ကာ တင်ပြလိုက်သည်။

"တပ်မှူးချုပ်... ကျွန်တော့်မှာ တင်ပြစရာ အရေးကြီးကိစ္စ တစ်ခု ရှိပါသေးတယ်..."

"ပြောလေ..."

တပ်မှူးချုပ်ကျူးက လက်ကိုယမ်းကာ ခွင့်ပြုလိုက်သည်။

အမှန်တကယ်တော့ သိုင်းကျင့်စဉ်ကို သင်ပေးခြင်းမှာ ကြီးမားသော အပြစ်တစ်ခု မဟုတ်ပေ။ သာမန် ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ် တစ်ခုသာဖြစ်ပြီး နေရာတိုင်းတွင် ပေါများနေသည့် အရာဖြစ်ရာ သူ အာရုံစိုက်ရန်ပင် မလိုအပ်လှပေ။ သူတို့ကို ဤနေရာသို့ ခေါ်ယူလိုက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူတို့ နှစ်ဦးစလုံး၏ ရာထူးအဆင့်အတန်းများကြောင့်သာ ဖြစ်သည်။

တစ်ဦးက တပ်မှူးကြီးဖြစ်ပြီး နောက်တစ်ဦးက သူ မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိသော ဒုတိယတပ်မှူး ဖြစ်သည်။ ထိုနှစ်ဦးကြားတွင် ပဋိပက္ခ ဖြစ်ပွားလာပါက သူ ကိုယ်တိုင် ဝင်ရောက် စီရင်ဆုံးဖြတ်ပေးရမည် ဖြစ်သည်။

"ဒီကိစ္စက အရမ်းကို အရေးကြီးလို့ အနားကိုကပ်ပြီး တင်ပြခွင့် ပြုပါ..."

"လာခဲ့လေ..."

တပ်မှူးချုပ်ကျူးက လျိုကျစ်၏ အမူအရာကို ကြည့်ပြီး ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိလိုက်သဖြင့် ခေါင်းညိတ်လိုက်သည်။

လျိုကျစ်သည် တည်ငြိမ်သော မျက်နှာထားဖြင့် စားပွဲအနီးသို့ လျှောက်သွားပြီး ကိုယ်ကိုကိုင်းကာ တီးတိုး စကားအချို့ကို ပြောလိုက်သည်။

တပ်မှူးချုပ်ကျူး၏ အစပိုင်းတွင် ဂရုမစိုက်သော အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး ကျန်းချဲ့ကို အထက်အောက် အကြိမ်ကြိမ် အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် လျိုကျစ်ကို ကြည့်ကာ မေးလိုက်သည်။

"ဒီကိစ္စက တကယ်ပဲလား..."

"ကျွန်တော် အသက်နဲ့ရင်းပြီး အာမခံရဲပါတယ်..."

လျိုကျစ်က ပြတ်သားစွာ ပြန်ဖြေလိုက်သည်။

သူတို့၏ စကားပြောသံများကို ဂိုပုရန်က ရှင်းလင်းစွာ မကြားရသော်လည်း မကောင်းသော နိမိတ်တစ်ခုကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ လျိုကျစ်က သူ၏ ဘေးသို့ ပြန်လည် ရောက်ရှိလာသောအခါ သူက အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။

"တပ်မှူးချုပ်... လျိုကျစ် ပြောသမျှက ကျန်းချဲ့ကို ဘက်လိုက်နေတာတွေချည်းပါပဲ... အမှန်တကယ်က ကျန်းချဲ့ဟာ ငွေကြေးရဖို့အတွက် အရန်စစ်သည်တပ်ဖွဲ့ထဲမှာ သိုင်းကျင့်စဉ်ကို ဖြန့်ဝေနေတာပါ... ဝူချန်ဖုန်းက အဲဒီထဲက တစ်ယောက်တည်းပဲ ရှိပါသေးတယ်... တခြား သက်သေတွေကိုလည်း ကျွန်တော် ရှာပေးနိုင်ပါတယ်..."

တပ်မှူးချုပ်ကျူးက ချက်ချင်း မတုံ့ပြန်သေးဘဲ မျက်လုံးများကို မှေးကျဉ်းကာ အချိန်ခဏမျှ စဉ်းစားနေလိုက်သည်။ ထို့နောက် ကျန်းချဲ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"မင်းက ဒီကိစ္စရဲ့ အဓိက သော့ချက်ပဲ... မင်းမှာ ပြောစရာ တစ်ခုခု ရှိလား..."

"ရှိပါတယ်..."

ကျန်းချဲ့သည် နောက်ဆုံးတွင်တော့ စကားပြောခွင့် ရရှိသွားပြီဖြစ်ရာ အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။

"ပြောလေ..."

တပ်မှူးချုပ်ကျူးက သူ့ကို ကြည့်သည့် အကြည့်များမှာ ယခင်ကထက် များစွာ နူးညံ့သွားခဲ့သည်။

"ကျွန်တော် ပြောချင်တာက တခြား ကိစ္စတစ်ခုပါ..."

"အင်း..."

"ကျွန်တော် ကျန်းချဲ့က တပ်မှူးချုပ်ရှေ့မှာ အသက်နဲ့ရင်းပြီး သက်သေခံပါတယ်... စားဖိုဆောင်တပ်ခွဲက တပ်ကြပ် ဂိုပုယီဟာ အကျင့်ပျက် ခြစားနေပါတယ်... သူက တပ်စခန်းထဲက ရိက္ခာအသားတွေကို ခိုးထုတ်ပြီး တခြားလူတွေကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းနေပါတယ်... လာဘ်ပေးလာဘ်ယူလုပ်ပြီး တပ်စခန်းရဲ့ ရိက္ခာတွေကို သူ့ကိုယ်ကျိုးအတွက် အသုံးချနေပါတယ်... ပြီးတော့ ဂိုဏ်းဖွဲ့ပြီး ဝူအမာရွတ်ကြီး ဝူချန်တုန်းတို့ အုပ်စုကိုလည်း ဒီကိစ္စကနေ အကျိုးအမြတ်တွေ ခွဲဝေပေးထားပါတယ်..."

ကျန်းချဲ့သည် မြေပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်ချလိုက်ပြီး စကားလုံးတိုင်းကို ရင်ခွဲပစ်မတတ် ပြတ်သားပြင်းထန်စွာ ပြောဆိုလိုက်သည်။

ထိုစကားများကို ကြားလိုက်ရသောအခါ ဂိုပုယီ၏ တစ်ကိုယ်လုံးတွင် ချွေးစေးများ ပျံထွက်လာပြီး ကျန်းချဲ့ကို လက်ညှိုးထိုးကာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"ကျန်းချဲ့... မင်း လျှောက်ပြောမနေနဲ့..."

"မင်းက ဝင်ပြောစရာ လိုလို့လား..."

တပ်မှူးချုပ်ကျူးက အေးစက်စွာ နှာမှုတ်လိုက်သည်။

"ကျွန်တော်..."

ဂိုပုယီက သူ့ကိုယ်သူ ကာကွယ်ပြောဆိုရန် ပြင်လိုက်သော်လည်း ဂိုပုရန်က မျက်ရိပ်ပြလိုက်သည်ကို မြင်သောအခါ အလျင်အမြန်ပင် ခေါင်းငုံ့သွားတော့သည်။

"မင်း ပြောသွားတာတွေကို သက်သေပြနိုင်လို့လား..."

တပ်မှူးချုပ်ကျူးက စားပွဲကို လက်ချောင်းများဖြင့် ခေါက်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။

ကျန်းချဲ့က လျိုကျစ်ကို တစ်ချက် ကြည့်လိုက်ရာ တစ်ဖက်လူက သတိမထားမိအောင် ခေါင်းညိတ်ပြလိုက်သဖြင့် သူက ဆက်ပြောလိုက်သည်။

"ကျွန်တော် ကိုယ်တိုင်က သက်သေပါပဲ... အရင်တုန်းက ကျွန်တော့်ရဲ့ ရွာသူရွာသား တချို့က အသားစားချင်လို့ စုံစမ်းကြည့်တော့ ဂိုပုယီဆီကနေ ဝယ်လို့ရတယ်ဆိုပြီး ကျွန်တော့်ကို သွားဝယ်ခိုင်းပါတယ်... ပေါက်ဈေးထက် သုံးဆလောက် ပိုများတဲ့ ဈေးနဲ့ ဝက်သားတချို့ကို ဝယ်ခဲ့ရပါတယ်... နောက်ပိုင်းမှ အဲဒီအသားတွေက ဂိုပုယီ အပြင်ကနေ ဝယ်လာတာ မဟုတ်ဘဲ တပ်စခန်းရဲ့ ရိက္ခာတွေထဲကနေ ခိုးထုတ်ပြီး အမြတ်ထုတ်နေတာကို ကျွန်တော် သိခဲ့ရပါတယ်... အဲဒီတုန်းက ကျွန်တော် အရမ်းလန့်သွားပြီး တပ်မှူးလျိုဆီကို ချက်ချင်း သတင်းသွားပို့ခဲ့ပါတယ်... ဒါပေမဲ့ တပ်မှူးလျိုက လတ်တလော ဘာမှမလုပ်သေးဘဲ ဖြည်းဖြည်းချင်း စုံစမ်းဖို့ ပြောခဲ့ပါတယ်... အဲဒါကြောင့်လည်း ဂိုပုယီက ကျွန်တော့်ကို အပြစ်ရှာပြီး လုပ်ကြံနေတာပါ... တပ်မှူးချုပ် ကိုယ်တိုင် မျှမျှတတ ဆုံးဖြတ်ပေးပါ..."

ဤသည်မှာ လမ်းတွင် လာစဉ်ကတည်းက လျိုကျစ်နှင့် သူ ကြိုတင် တိုင်ပင်ထားသော အစီအစဉ်ပင် ဖြစ်သည်။

သူ သိုင်းကျင့်စဉ်ကို ရောင်းချခဲ့သည်မှာ မှန်ကန်သော်လည်း လျိုကျစ်က ဤကိစ္စကို ဝင်ရောက် တာဝန်ယူပေးနိုင်ပေသည်။ သို့သော် ဂိုပုယီက တပ်စခန်း၏ အသားများကို ခိုးယူကာ တခြားလူများအား ဈေးကြီးကြီးဖြင့် ပြန်ရောင်းခြင်းမှာ ကြီးမားသော ပြစ်မှုကြီး ဖြစ်သည်။

တစ်ဖက်လူနှင့် သေခန်းပြတ် ရန်ငြိုးဖွဲ့ပြီးမှတော့ အဆုံးစွန်ထိ သွားပြီး တစ်ခါတည်း အမြစ်ပြတ် ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဂိုပုယီက သူ့ကို စတင် ပစ်မှတ်ထားကတည်းက ဤအတွေးမျိုး ကျန်းချဲ့၏ ခေါင်းထဲတွင် ရှိနေခဲ့ပြီး ဖြစ်သည်။

"ဂိုပုယီ... ဒီကိစ္စက တကယ်ပဲလား..."

တပ်မှူးချုပ်ကျူး၏ အကြည့်များက ဂိုပုယီအပေါ်သို့ ကျရောက်သွားရာ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများကြောင့် သူ၏ ခြေထောက်နှစ်ဖက်မှာ တုန်ယင်လာကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး စကားတစ်ခွန်းမျှပင် မဟထွက်နိုင်တော့ပေ။

ဤကိစ္စကို ငြင်းဆို၍လည်း အကျိုးမရှိပေ။ အဘယ်ကြောင့်ဆိုသော် သေချာပေါက် စုံစမ်း ဖော်ထုတ်နိုင်သောကြောင့်ပင်။

ယခုအချိန်တွင် သူ အနည်းငယ် နောင်တရနေမိသည်။ ကျန်းချဲ့ကို ပစ်မှတ်ထားမိသဖြင့် အခြေအနေများ ဤမျှလောက်အထိ ဆိုးရွားသွားခဲ့ရခြင်းကို နောင်တရနေခြင်း ဖြစ်သည်။ ဂိုပုရန်၏ အရှိန်အဝါကို အားကိုးကာ သူ၏ လျှို့ဝှက်ချက်များကို ကျန်းချဲ့ သိရှိနေသည်ကို လုံးဝ မေ့လျော့နေခဲ့မိခြင်းအတွက် နောင်တရနေမိသည်။

"ကျွန်တော့်ရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းလို့ပါ... တပ်မှူးချုပ် ကျေးဇူးပြုပြီး ဂိုပုယီကို သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးပါ..."

ဂိုပုရန်သည်လည်း ချက်ချင်း ဒူးထောက်ချလိုက်ပြီး ခေါင်းကို ကြမ်းပြင်နှင့် ထိသည်အထိ ဦးညွှတ်ကာ တောင်းပန်လိုက်သည်။

သက်သေအဖြစ် ခေါ်ဆောင်လာခြင်း ခံရသော ဝူချန်ဖုန်းမှာမူ အလွန်အမင်း ထိတ်လန့်သွားပြီး ကြောင်အမ်းအမ်းပင် ဖြစ်သွားခဲ့သည်။ အခြေအနေများက ဤမျှလောက်အထိ ကြီးထွားသွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

'ဂိုပုယီတော့... သွားပြီ... ဒါဆို ငါကရော...'

'ကျန်းချဲ့ကိုလည်း ရန်စမိသွားပြီ... လျိုကျစ်ကိုလည်း ရန်စမိသွားပြီ... အရန်စစ်သည်တပ်ဖွဲ့ထဲမှာ ငါ ဘယ်လိုဆက်ပြီး ရပ်တည်ရတော့မလဲ...'

ထိုအကြောင်းကို တွေးမိသောအခါ သူ၏ ခြေထောက်များမှာလည်း အလိုအလျောက် ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်သို့ ပြပ်ဝပ်ကျသွားတော့သည်။

"လျိုကျစ်... မင်း အမြင်ကရော... ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်တယ်လို့ ထင်လဲ..."

တပ်မှူးချုပ်ကျူးက စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး လျိုကျစ်ကို ကြည့်ကာ မေးလိုက်သည်။ သူ၏ ထင်မြင်ချက်ကို နားထောင်ချင်နေသည့်ဟန် ရှိပြီး နှုတ်ခမ်းထောင့်တွင်လည်း သတိမထားမိနိုင်လောက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"စစ်တပ်ဥပဒေဆိုတာ မျက်နှာမလိုက်ပါဘူး... နောင်လာနောက်သားတွေ သတိထားမိအောင် သေဒဏ်ပေးပြီး စံပြလုပ်သင့်ပါတယ်..."

လျိုကျစ်သည် တပ်မှူးချုပ်ကျူး ဘာကို နားထောင်ချင်နေသလဲဆိုတာကို ကောင်းစွာ သိရှိထားသည်။ မကြာမီ တပ်အတွင်း၌ အပြောင်းအလဲများ ရှိလာမည်ဖြစ်ပြီး သူနှင့် ဂိုပုရန်တို့ နှစ်ဦးစလုံး အခြားနေရာသို့ ပြောင်းရွှေ့ခံရမည် ဖြစ်သည်။

တပ်မှူးချုပ်ကျူး၏ အုပ်ချုပ်မှု စတိုင်မှာ ချိန်ခွင်လျှာ ညီမျှစေရန်ဖြစ်သည်။ သူတို့ နှစ်ဦးကို အမြဲတမ်း ပြိုင်ဘက်များအဖြစ် ရှိနေစေရန် ဖန်တီးထားခြင်း ဖြစ်သည်။ ဤကိစ္စကို တပ်မှူးချုပ်ကျူးက သူ့ကို ကြိုတင်၍ အရိပ်အမြွက် ပြသထားပြီး ဖြစ်သည်။ ထို့ကြောင့်လည်း ကျန်းချဲ့နှင့် ဂိုညီအစ်ကိုများကြားတွင် ပြဿနာဖြစ်ပွားချိန်၌ ကျန်းချဲ့ကို ကာကွယ်ပေးရန် ဝင်ရောက် စွက်ဖက်ခဲ့ခြင်း ဖြစ်ပြီး ကျန်းချဲ့ကို သူ၏ အရည်အချင်း ပြသခွင့် ပေးခဲ့ခြင်းပင် ဖြစ်သည်။

ယခုကဲ့သို့ အခြေအနေများ ကြီးထွားလာရခြင်းမှာ သူနှင့် ကျန်းချဲ့တို့ကြောင့် ပါဝင်သကဲ့သို့ တပ်မှူးချုပ်ကျူး၏ ချိန်ခွင်လျှာ ညှိချင်သော ဆန္ဒကြောင့်လည်း ပါဝင်နေသည်။ ဤအချက်ကို သူ ရှင်းလင်းစွာ မြင်တွေ့နေရသဖြင့် ယခုကဲ့သို့သော စကားကို ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

"တပ်မှူးချုပ် ကယ်ပါဦး... ကျွန်တော့်ကို ကယ်ပါဦး..."

ဂိုပုယီက အလျင်အမြန်ပင် ငိုယို တောင်းပန်တော့သည်။

လျိုကျစ်၏ အကြည့်များက တဲအတွင်းရှိ လူများပေါ်သို့ တစ်ချက် ဝေ့ဝဲသွားပြီးနောက် ဝူချန်ဖုန်းကို ရုတ်တရက် စိုက်ကြည့်ကာ မာထန်သော လေသံဖြင့် မေးလိုက်သည်။

"ဝူချန်ဖုန်း... ဂိုပုရန်က မင်းကို သက်သေအဖြစ် ခေါ်လာတာ... ဒါဆို ငါ မင်းကို မေးမယ်... ကျန်းချဲ့ သိုင်းကျင့်စဉ်ကို သင်ပေးတဲ့ကိစ္စက ငါပြောတာ မှန်လား... ဒါမှမဟုတ် ဂိုပုရန် ပြောတာ မှန်လား..."

"ကျွန်တော်... ကျွန်တော်..."

ဝူချန်ဖုန်း၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး ခေါင်းကို ငုံ့ထားကာ ဖြေလိုက်သည်။

"အားလုံးက... ဂိုပုယီက ကျွန်တော့်ကို အတင်းအကျပ် ခိုင်းပြီး ကျန်းချဲ့ကို လုပ်ကြံခိုင်းတာပါ... တပ်မှူးလျို... တပ်မှူးလျို ပြောတာက မှန်ပါတယ်... အဲဒီငွေတွေက ကျွန်တော်က ကျန်းချဲ့ကို ကျေးဇူးတင်လို့ လက်ဆောင်ပေးတာပါ..."

ကျန်းချဲ့နှင့် လျိုကျစ်တို့သည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။

ပြင်းထန်သော ဖိအားများအောက်တွင် ဝူချန်ဖုန်းသည် ထင်သည့်အတိုင်းပင် သူ၏ ထွက်ဆိုချက်ကို ပြောင်းလဲလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ လုပ်ဆောင်မှသာ သေဘေးမှ လွတ်ကင်းနိုင်မည်ဖြစ်ပြီး လျိုကျစ်နှင့် ကျန်းချဲ့တို့၏ ရှေ့မှောက်တွင်လည်း သူ၏ အသက်ကို ချန်လှပ်ထားနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်သောကြောင့်ပင်။

ယခုအခါတွင်တော့ အခြေအနေများက လုံးဝ ပြောင်းပြန်လှန်သွားခဲ့လေပြီ။ ဤကိစ္စကိုလည်း ပြတ်သားစွာ ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။

"ဂိုပုရန်... မင်း ငါ့ဘေးမှာ အမှုထမ်းလာတာ ခုနစ်နှစ်လောက် ရှိပြီနော်... လျိုကျစ်ကတော့ စစ်တပ်ဥပဒေဆိုတာ တောင်လိုပဲ ခိုင်မာတယ်... နောင်လာနောက်သားတွေ သတိထားမိအောင် သေဒဏ်ပေးပြီး စံပြလုပ်သင့်တယ်လို့ ပြောတယ်... မင်း အမြင်ကရော ဘယ်လိုလဲ..."

တပ်မှူးချုပ်ကျူးက မေးလိုက်သည်။

ဂိုပုရန်သည် တပ်မှူးချုပ်ကျူး၏ ဆိုလိုရင်းကို ကောင်းစွာ နားလည်သဘောပေါက်သည်။ သူက ဂိုပုယီကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သွားကို တင်းတင်းကိုက်ကာ ဦးညွှတ်လိုက်သည်။

"ဂိုပုယီက စစ်တပ်စည်းကမ်းကို ချိုးဖောက်ခဲ့ပါတယ်... ဥပဒေအရဆိုရင် သေဒဏ်... သေဒဏ် ပေးသင့်ပါတယ်... ကျွန်တော်... ကျွန်တော် ဘာမှ ကန့်ကွက်စရာ မရှိပါဘူး…”

All Chapters