← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄) အဆုံးသတ် ရှင်းလင်းခြင်း

ရုတ်တရက် ထွက်ပေါ်လာသော အသံက တဲအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ဝူအမာရွတ်ကြီးနှင့် သူ၏လူများက တံခါးပေါက်ဆီသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။ ဝင်ရောက်လာသူမှာ ကျန်းချဲ့ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး မသိစိတ်၏ စေ့ဆော်မှုအရ ကြက်သေသေသွားကြသည်။

"ဘာလဲ... မမှတ်မိတော့ဘူးလား..."

ကျန်းချဲ့က ခပ်ဖွဖွ ပြုံးလိုက်သည်။

"ရိုင်းစိုင်းလိုက်တာ... ဘယ်သူက မင်းကို ဝင်လာခိုင်းလို့လဲ..."

ဝူအမာရွတ်ကြီးက ချက်ချင်းပင် ဟောက်မေးလိုက်သည်။ သို့သော် သူ၏ မျက်လုံးများထဲတွင်တော့ သံသယနှင့် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

'အခုအချိန်က ကျန်းချဲ့ ဂိုပုယီရဲ့ ဖမ်းဆီးအရေးယူခြင်းကို ခံနေရတာ မဟုတ်ဘူးလား...'

'သူက ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ...'

သူ၏ စကားသံ အဆုံးတွင် တဲအပြင်ဘက်မှ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော စစ်သည်တစ်စု အလုံးအရင်း ဝင်ရောက်လာကြသည်။ ဦးဆောင်လာသူမှာ တခြားသူမဟုတ်ဘဲ ကန်းတာပြောင်ပင် ဖြစ်နေပေသည်။

ဂိုပုယီသည် ဖမ်းဆီးထိန်းသိမ်းခံထားရပြီ ဖြစ်သည်။ လျိုကျစ်သည် စစ်သည်များကို စုစည်းပေးခဲ့သော်လည်း ဖမ်းဆီးရမည့် တာဝန်ကိုမူ ကျန်းချဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယခင်က ခြိမ်းခြောက်ခံခဲ့ရသည့် ရန်ငြိုးကို သူ့ဘာသာသူ ပြန်လည် ကလဲ့စားချေနိုင်ရန် အခွင့်အရေး ပေးလိုက်ခြင်းပင် ဖြစ်သည်။

စစ်သည်အားလုံးက လက်ထဲရှိ ဓားသွားများဖြင့် ဝူအမာရွတ်ကြီးတို့ လူစု၏ လည်ပင်းများကို ချိန်ရွယ်လိုက်ကြသည်။ ထိုလုပ်ရပ်က သူတို့ကို ချွေးစေးများ ပျံကျလာသည်အထိ ထိတ်လန့်သွားစေပြီး လက်တစ်လုံးမျှပင် မလှုပ်ဝံ့အောင် ဖြစ်သွားစေတော့သည်။

"ကျန်းချဲ့... မင်း ဘာလုပ်ချင်တာလဲ... ဘယ်သူက မင်းကို တခြားလူရဲ့ တဲထဲ အတင်းဝင်ခွင့် ပေးထားလို့လဲ..."

ဝူအမာရွတ်ကြီးက လက်ကောက်ဝတ်များ တုန်ယင်စွာဖြင့် ကျန်းချဲ့ကို လက်ညှိုးထိုးကာ မေးလိုက်သည်။

"တပ်မှူးချုပ်ကျူးက ငါ့ကို အခွင့်အရေးပေးထားတာလေ... မင်းမှာ ကန့်ကွက်စရာ ရှိလို့လား..."

ကျန်းချဲ့က လူတစ်ယောက်ကို အသာအယာ တွန်းဖယ်လိုက်ပြီး ခါးဆန့်ကာ ဝင်ထိုင်လိုက်သည်။ ထို့နောက် ပန်းကန်အသစ် တစ်လုံးကို ယူကာ အရက်ငဲ့ထည့်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

"မင်း... မင်း ဘာပြောလိုက်တယ်..."

ဝူအမာရွတ်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး လုံးဝ မယုံကြည်နိုင်သည့် အမူအရာများ အပြည့်အဝ ပေါ်လာခဲ့သည်။

ကျန်းချဲ့သည် သူ၏ ဤကဲ့သို့သော မျက်နှာအမူအရာကို မြင်ရသည်ကို အလွန် သဘောကျနေသည်။ သူက ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။

"ဂိုပုယီက စစ်တပ်ရိက္ခာတွေကို ခိုးထုတ်ပြီး ဈေးပေါပေါနဲ့ ဝယ် ဈေးကြီးကြီးနဲ့ ပြန်ရောင်းတဲ့ ကိစ္စ... ပြီးတော့ အာဏာသုံးပြီး အနိုင်ကျင့်တဲ့ ကိစ္စတွေ အကုန်လုံး ပေါ်သွားပြီ... အခု သူ့ကို သေဒဏ်ပေးတော့မယ်... မင်းတို့ကလည်း အားပေးကူညီသူတွေပဲ... အဲဒါကြောင့် ငါက မင်းတို့ကို လာဖမ်းတာ..."

"မင်း လျှောက်ပြောနေတာ..."

ဝူအမာရွတ်ကြီး၏ မျက်နှာအရောင်မှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ဒါဆိုရင် ငါက ဘယ်လိုလုပ်ပြီး တပ်စခန်းကို အတင်းဝင်လာရဲတယ်လို့ မင်း ထင်နေလဲ..."

"ငါ မယုံဘူး..."

"မင်း ယုံချင်ယုံ မယုံချင်နေ... ဓားက မင်းခေါင်းပေါ် ကျလာတဲ့အချိန်ကျရင်လည်း ဆက်ပြီး မယုံဘဲ နေလိုက်ပေါ့..."

"ဘယ်လိုလုပ်... ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ..."

ဝူအမာရွတ်ကြီးက မသိစိတ်မှ အလိုအလျောက် ရေရွတ်လိုက်မိသည်။ ဘာတွေ ဖြစ်ပျက်သွားသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။

"အပိုစကားတွေ အများကြီး မပြောတော့ဘူး... အတိုချုပ်ပြောရရင် မင်း အသက်ရှင်နိုင်မလား မရှင်နိုင်ဘူးလားဆိုတာက ဂိုပုယီရဲ့ အပြစ်တွေကို မင်း ဘယ်လောက်အထိ ထွက်ဆိုနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်... သေချာတာပေါ့... မင်း မပြောဘဲ နေဖို့လည်း ရွေးချယ်ခွင့် ရှိပါတယ်... ငါ့ရဲ့ ဒီညီအစ်ကိုက စစ်ထဲမဝင်ခင်က ဝက်သတ် နွားသတ်တဲ့ အလုပ် လုပ်ခဲ့တာ... အရေခွံဆုတ် အသားနွှာတဲ့ နေရာမှာ သူက အကျွမ်းကျင်ဆုံးပဲ... တကယ်တော့ ငါလည်း အဲဒါကို ကြည့်ချင်နေတာ..."

ကျန်းချဲ့က မြေပဲစေ့ တစ်စေ့ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ မြေပဲစေ့ကို ဝါးနေရင်း ကန်းတာပြောင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"မင်း... မင်းက ကိုယ့်သဘောနဲ့ကိုယ် နှိပ်စက်ရဲတယ်ပေါ့... ငါ မယုံဘူး..."

ဝူအမာရွတ်ကြီးက အေးစက်စွာ နှာမှုတ်လိုက်သည်။ ကျန်းချဲ့က သူ့ကို ခြောက်လှန့်နေခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။

"မင်းတို့အားလုံးက သေဒဏ်ပေးခံရမယ့် ကောင်တွေလေ... နည်းနည်းပါးပါး နှိပ်စက်လိုက်တော့ကော ဘာဖြစ်လဲ... မင်းကို ကယ်မယ့်သူ ရှိသေးတယ်လို့များ ထင်နေတာလား..."

ကျန်းချဲ့က ခေါင်းယမ်းလိုက်ပြီး လက်ကို ခပ်ဆတ်ဆတ် တစ်ချက် ဝှေ့ယမ်းပြလိုက်သည်။

ကန်းတာပြောင်က ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး ခါးနောက်မှ ချွန်ထက်သော ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်သည်။ ဘေးနားရှိ စစ်သည်အချို့ကလည်း ဝူအမာရွတ်ကြီးကို အလျင်အမြန်ပင် ချုပ်နှောင်လိုက်ကြသည်။

'စွပ်...'

ဓားသွားက အသားထဲသို့ စိုက်ဝင်သွားခဲ့သည်။ ကန်းတာပြောင်က မျက်နှာသေဖြင့် ဝူအမာရွတ်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဓားကို ပွတ်ဆွဲနေသည်။ တစ်ချိန်တည်းမှာပင် သူက ကျန်းချဲ့ကို ရှင်းပြနေသေးသည်။

"အစ်ကိုချဲ့... ကျွန်တော် အရင်က နွားသတ်တဲ့အချိန်တုန်းက ဒီလိုပဲ လုပ်တာဗျ... အရိုးနဲ့ အသားကို အရင်ဆုံး ခွာထုတ်ရတယ်... နေရာမှန်ကို ရှာတွေ့ပြီဆိုတာနဲ့ လူသတ်တာနဲ့ နွားသတ်တာက ဘာမှ မကွာတော့ဘူးဗျ..."

"အား... အား... အား..."

ဝူအမာရွတ်ကြီး၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး နာကျင်လွန်းသဖြင့် မထိန်းနိုင်ဘဲ အော်ဟစ်လိုက်တော့သည်။ သို့သော် မည်သူကမျှ ဝင်ရောက် တားဆီးခြင်း မရှိပေ။

"ကောင်းပြီ... သူ့ရဲ့ လက်တစ်ဖက်ကို အရင် ဖြုတ်လိုက်... ပြီးရင် တစ်ယောက်ချင်းစီ အလှည့်ကျ လုပ်..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး ကန်းတာပြောင်၏ လက်အသုံးအနှုန်းကို သေချာစွာ စောင့်ကြည့်နေလိုက်သည်။ ဘာကြောင့်မှန်းမသိပေမဲ့ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ကြည့်ရသည်မှာ သူ့အတွက် လုံးဝ နေရခက်သည့် ခံစားချက်မျိုး မရှိပေ။

"ကျွန်တော်... ကျွန်တော် ပြောပါ့မယ်... ကျွန်တော် အကုန်ပြောပါ့မယ်..."

ဝူအမာရွတ်ကြီးက ထွက်ဆိုခြင်း မရှိသေးသော်လည်း သူ၏ ဘေးနားရှိ ညီအစ်ကို တစ်ယောက်မှာ သွေးဆုတ်မတတ် ထိတ်လန့်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်တော့သည်။

"ပြောလေ..."

"ဂိုပုယီက..."

အစပြုသူ ရှိလာသည်နှင့် နောက်ဆက်တွဲများက အလိုလို ထွက်ပေါ်လာတော့သည်။ ထိုသူက စတင်လိုက်သည်နှင့် ကျန်ရှိနေသော လူများကလည်း ထိုကဲ့သို့ နှိပ်စက်ခံရမည်ကို ကြောက်ရွံ့သွားကြပြီး အရာအားလုံးကို အလုအယက် ထွက်ဆိုကြတော့သည်။ သူတို့သည် အသက်ရှင်ရန် မမျှော်လင့်တော့ဘဲ နာကျင်မှုကင်းစွာ သေဆုံးရရန်သာ ဆန္ဒရှိကြတော့သည်။

စစ်သည်များထဲမှ တစ်ယောက်ကမူ ထွက်ဆိုချက်များကို စုတ်တံဖြင့် သေချာစွာ မှတ်တမ်းတင်နေပေသည်။

ဝူအမာရွတ်ကြီးမှာ နာကျင်လွန်းသဖြင့် သတိလစ်သွားခဲ့ရာ ရေအေးတစ်ဇလုံဖြင့် ပက်လိုက်မှသာ သတိပြန်လည်လာခဲ့သည်။ သို့သော် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နာကျင်မှုများက သူ့ကို နာကျင်စွာ တွန့်လိမ်နေစေဆဲ ဖြစ်သည်။

"ပြောရင် မြန်မြန်လေး သတ်ပေးမယ်... မပြောဘူးဆိုရင်တော့... မင်းကို နည်းနည်းချင်းစီ အရေခွံဆုတ်ပစ်မယ်..."

ကျန်းချဲ့က သူ၏ ရှေ့သို့ လျှောက်သွားပြီး စကားလုံး တစ်လုံးချင်းစီကို ပြတ်သားစွာ ပြောလိုက်သည်။

"ငါ ပြောပါ့မယ်..."

ဝူအမာရွတ်ကြီးက ကျန်းချဲ့နှင့် မျက်လုံးချင်းဆုံကြည့်လိုက်ရာ တစ်ဖက်လူက နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိလိုက်သဖြင့် သွားကို တင်းတင်းကိုက်ကာ ထွက်ဆိုတော့သည်။

ဂိုပုယီ၏ အကျင့်ပျက် ခြစားမှု အမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်တရာ မြန်ဆန်လှပေသည်။ တပ်မှူးချုပ်ကျူး၏ အမိန့်ပါရှိသည့်အပြင် ဝူအမာရွတ်ကြီးတို့ လူစု၏ ထွက်ဆိုချက်များလည်း ရှိနေသဖြင့် ဂိုပုယီ၏ အသက်ရှင်လမ်းကို လုံးဝ ပိတ်ဆို့ပစ်လိုက်ပြီ ဖြစ်သည်။ နာရီအနည်းငယ်သာ ကြာပြီးနောက်တွင် သူသည် သေမင်းနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

တပ်စခန်းအတွင်းရှိ စစ်သည်အားလုံးကို စုစည်းလိုက်ပြီး အားလုံး၏ အကြည့်များက မြေပြင်ပေါ်တွင် ဆွဲခေါ်ခံလာရသော ဝူအမာရွတ်ကြီးတို့ လူစုနှင့် အရန်စစ်သည် အနွေးထည်ကို ဝတ်ဆင်ထားသော ကျန်းချဲ့အပေါ်သို့ ကျရောက်နေကြသည်။

"ကျန်းချဲ့..."

ဂိုပုယီက ခေါင်းမော့ကာ ဘေးနားရှိ အရိပ်ဆီသို့ လှည့်ကြည့်လိုက်သည်။

ကျန်းချဲ့က လုံးဝ ဂရုမစိုက်ပေ။

"အစ်ကိုချဲ့... ခွေးလေး မေးစရာလေး တစ်ခု ရှိလို့ပါ..."

ဂိုပုယီက သွားကို တင်းတင်းကိုက်ကာ အသံကိုနှိမ့်၍ ပြောလိုက်သည်။

ထိုအခါမှသာ ကျန်းချဲ့က ခေါင်းကို လှည့်လာခဲ့သည်။

"ဘာကိစ္စလဲ..."

"ဒီနေ့ အဓိကတဲကြီးထဲမှာ... တပ်မှူးချုပ်ကျူးနဲ့ ကျွန်တော့်အစ်ကိုရှေ့မှာ ခင်ဗျားက အသက်နဲ့ရင်းပြီး ကျွန်တော် အကျင့်ပျက် ခြစားနေတာကို တိုင်ကြားခဲ့တာလေ... အဲဒါက ရုတ်တရက် အကြံပေါ်လာလို့ လုပ်တာလား... ဒါမှမဟုတ် ကြိုတင်ပြီး ကြံစည်ထားခဲ့တာလား..."

ဂိုပုယီက ကျန်းချဲ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်းကကော ဘယ်လို ထင်လဲ..."

ကျန်းချဲ့က တိုက်ရိုက် မဖြေဘဲ ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"ကြိုတင်ပြီး ကြံစည်ထားခဲ့တာ ဖြစ်ရမယ်..."

ကျန်းချဲ့က ငြင်းဆိုခြင်း မရှိဘဲ ပြောလိုက်သည်။

"တကယ်တော့ ငါလည်း နည်းနည်း နားမလည်နိုင် ဖြစ်နေတာ... ငါ သိုင်းကျင့်စဉ် သင်ပေးတဲ့ ကိစ္စကို မင်းက ပြဿနာ ကြီးထွားအောင် လုပ်လိုက်တော့... ငါကလည်း အသက်ကို ပဓာနမထားဘဲ မင်း တပ်စခန်းရဲ့ ရိက္ခာတွေ လက်နက်တွေကို မှောင်ခိုရောင်းနေတာကို ပြန်တိုင်မယ်ဆိုတာကို မင်း မကြောက်ဘူးလား... အခု ရလဒ်ကို ကြည့်ရတော့ မင်းက တကယ်ကို မကြောက်ခဲ့တာပဲ..."

သူ လူအများရှေ့တွင် ဂိုပုယီကို ဖွင့်ချခဲ့ခြင်းမှာ သေချာပေါက် ကြိုတင် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခင်က သူသည် အရန်စစ်သည် တစ်ယောက်မျှသာ ဖြစ်သဖြင့် တိုင်ကြားနိုင်မည့် အရင်းအနှီး မရှိခဲ့သလို ကျောထောက်နောက်ခံ ပြုပေးမည့်သူလည်း မရှိခဲ့ပေ။

ထို့ကြောင့် သူ နွားရိုင်းအားအင်ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်နိုင်ပြီး လျိုကျစ်၏ အလေးထားမှုကို ရရှိလာသည့် အချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။ အမှန်တကယ်တော့ သူသည်လည်း အချိန်အတော်ကြာအောင် သည်းခံနေခဲ့ရခြင်း ဖြစ်သည်။

"ကျွန်တော်..."

ဂိုပုယီမှာ ခဏမျှ စကားပြောဆွံ့အသွားပြီးနောက် အသက်ရှူကြိမ် အနည်းငယ်ခန့် တိတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်သည်။

"ကျွန်တော်က အောင်မြင်မှုတွေနဲ့ ယစ်မူးပြီး မာနတက်နေတော့... ဒီကိစ္စကို သတိမထားမိခဲ့တာပါ..."

ဂိုပုရန်၏ အကာအကွယ်ပေးမှုကြောင့် တပ်စခန်းအတွင်းရှိ လူအများအပြားက သူ လုပ်နေသော အလုပ်များကို သိရှိထားကြသော်လည်း မည်သည့်အခါမျှ ပြဿနာ မဖြစ်ခဲ့ပေ။ ထို့ကြောင့် ခုခံနိုင်စွမ်းမရှိသော အရန်စစ်သည်လေး တစ်ယောက်ကို ရင်ဆိုင်ရချိန်တွင် ဤအချက်ကို သူ မည်သို့ သတိထားမိနိုင်မည်နည်း။

"ကိစ္စမရှိပါဘူး... နောက်ဘဝကျရင် နည်းနည်းလောက် ပိုသတိထားလိုက်ပေါ့..."

ကျန်းချဲ့က ပြုံးကာ ပြောလိုက်သည်။

အချိန်အတန်ကြာပြီးနောက် ညည်းညူသံ အချို့နှင့်အတူ ဂိုပုယီ၊ ဝူအမာရွတ်ကြီးတို့ လူစု၏ ခေါင်းများ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များက မြေပြင်ပေါ်တွင် အရုပ်ကြိုးပြတ် လဲကျသွားပြီး ပန်းထွက်လာသော သွေးများက ပေအနည်းငယ် အကွာအထိပင် လွင့်စင်သွားခဲ့သည်။

ဤတပ်စခန်းအတွင်းတွင် သူ ပထမဆုံး ကြုံတွေ့ခဲ့ရသော ရန်သူများသည် ဤနေရာတွင်ပင် နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်...

ကျန်းချဲ့၏ အကြည့်များက တပ်စခန်းအတွင်းရှိ နေရာတစ်ခုဆီသို့ လှည့်သွားခဲ့သည်။

ဂိုပုယီကို သူ ကိုယ်တိုင် သတ်ပစ်ခဲ့ပြီဖြစ်ရာ ဂိုပုရန်က သေချာပေါက် အလွယ်တကူ ကျေအေးပေးမည် မဟုတ်ပေ။ ထို့အပြင် ယန်ဂူခရိုင်မှ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းလည်း ရှိနေသေးရာ ယခုအချိန်တွင် သူ အနည်းငယ်မျှပင် ပေါ့ဆနေ၍ မရနိုင်သေးပေ။

"ဂိုပုယီကို သေဒဏ်ပေးလိုက်ရပြီဆိုတော့... အခု ရင်ထဲမှာ ဘယ်လို ခံစားရလဲ..."

စစ်တဲအတွင်း၌ လျိုကျစ်က ပြုံးကာ မေးလိုက်သည်။

"ရင်ထဲက အပူလုံးကြီး တစ်ခု ကျသွားသလိုပါပဲ..."

"ဒီနေ့ကိစ္စနဲ့ ပတ်သက်ပြီး မင်း ဘယ်လို မြင်လဲ..."

လျိုကျစ်က အရက်ကို ခပ်ဖွဖွ တစ်ငုံသောက်လိုက်ပြီး ကျန်းချဲ့ကို ပြုံးရွှင်စွာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေပေသည်။

ကျန်းချဲ့က ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖြေလိုက်သည်။

"ကျွန်တော့်ရဲ့ အမြင်ကျဉ်းမြောင်းမှုကြောင့်... သေချာ နားမလည်နိုင်ပါဘူး..."

"မင်း ဂိုပုယီကို သတ်နိုင်ခဲ့ရတဲ့ အဓိက အကြောင်းရင်းက မင်း တိုင်ကြားလိုက်လို့ မဟုတ်ဘူး... တပ်မှူးချုပ်ကျူးက သူ့ကို သေစေချင်နေလို့ပဲ... နားလည်လား..."

"တပ်မှူးက ဘာဖြစ်လို့ ဒီလို ပြောရတာလဲ..."

"ခိုင်မာတဲ့ ရာထူးအဆင့်အတန်း မရှိဘူးဆိုရင်... တခြားလူတွေထက် သာလွန်တဲ့ စွမ်းအား မရှိဘူးဆိုရင်... မင်းနဲ့ ငါတို့ရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းနဲ့ ရှေ့ရေးတွေက တခြားလူ တစ်ယောက်ရဲ့ ဆုံးဖြတ်ချက် တစ်ချက်ပေါ်မှာပဲ မူတည်နေတယ်ဆိုတာကို မင်းကို နားလည်စေချင်လို့ပါ..."

လျိုကျစ်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

All Chapters