← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) ကျူးမိသားစု၏ သမီးပျို

နောက်တစ်နေ့တွင် ကျန်းချဲ့သည် ရွှီဆန်းအာနှင့် ကန်းတာပြောင်တို့ကို ခေါ်ဆောင်ကာ အရန်စစ်သည်တပ်ဖွဲ့မှ ပြောင်းရွှေ့ထွက်ခွာလာခဲ့သည်။ လမ်းတစ်လျှောက်ရှိ အရန်စစ်သည်များအားလုံးက သူ့ကို အလွန်အမင်း အားကျငေးမောနေသည့် အကြည့်များဖြင့် ဝိုင်းကြည့်နေကြပေသည်။

စစ်မှုထမ်းရသည့် ဘဝမှ လွတ်မြောက်ပြီး လွတ်လပ်ခွင့်ရရန်ဆိုသည်မှာ သူတို့အားလုံး၏ အိပ်မက်ပင် ဖြစ်သည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုအိပ်မက်ကို အကောင်အထည် မဖော်နိုင်ခဲ့ကြပေ။

သေချာသည်ကတော့ လူအများစုမှာ သူတို့ကိုယ်သူတို့ ကျန်းချဲ့ကဲ့သို့ အရည်အချင်းနှင့် လုပ်ရည်ကိုင်ရည်မျိုး မရှိကြောင်း သိထားကြသည်။ ထို့ကြောင့် သူတို့ အမှန်တကယ် အားကျနေကြသည်မှာ ရွှီဆန်းအာနှင့် ကန်းတာပြောင်တို့ နှစ်ယောက်ကိုသာ ဖြစ်ပေသည်။

လူအများအပြား၏ ရင်ထဲတွင် နောင်တများလည်း ရနေကြသည်။ အကယ်၍ ကျန်းချဲ့ အခြေအနေ မကောင်းသေးခင် အချိန်တုန်းက သူ့ကို ဂရုစိုက်ပြီး ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားခဲ့လျှင် ယခုအချိန်တွင် စစ်မှုထမ်းဘဝမှ လွတ်မြောက်မည့်သူမှာ သူတို့ ဖြစ်နေမည် မဟုတ်ပါလား။

ဝမ်းနည်းစရာကောင်းသည်မှာ လောကကြီးတွင် အကယ်၍ဆိုသော စကားလုံးမျိုး မရှိခြင်းပင် ဖြစ်သည်။

လူအုပ်ကြားထဲတွင်တော့ ဝူချန်ဖုန်းတစ်ယောက် အကြောက်အလန့်တကြားဖြင့် နောက်ဘက်သို့ ပုန်းကွယ်နေသည်။ ကျန်းချဲ့ ထွက်ခွာသွားသော ကျောပြင်ကို မြင်လိုက်ရမှသာ သူ၏ ရင်ထဲရှိ ကြောက်ရွံ့မှုများက အနည်းငယ် လျော့ကျသွားတော့သည်။ ယခင်က ဂိုပုယီတို့ လူစုကို သေဒဏ်ပေးခဲ့ချိန်က သူ အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ညလယ်ခေါင်အထိပင် အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရသည်။

ကျန်းချဲ့က သူ့ကို ကလဲ့စားချေပြီး ခေါင်းနှင့်ကိုယ် အိုးစားကွဲမည့် အဖြစ်သို့ ရောက်သွားမည်ကို သူ အလွန် ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ကျန်းချဲ့က သူ့ကို လုံးဝ အရေးမစိုက်ခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် သူ၏ တွေးထင်မှုကတော့ လုံးဝ မှားယွင်းနေပေသည်။ ကျန်းချဲ့က ကလဲ့စားမချေခြင်း မဟုတ်ဘဲ ယခုအချိန်တွင် လက်စွမ်းပြရန် အဆင်မပြေသေးခြင်းသာ ဖြစ်သည်။ ဂိုပုယီနှင့် ဝူအမာရွတ်ကြီးတို့ကို သတ်ပစ်ပြီးခါစ ဖြစ်သဖြင့် အခြား အကြောင်းပြချက် တစ်ခုခုရှာကာ ဝူချန်ဖုန်းကိုပါ ထပ်သတ်လိုက်မည်ဆိုပါက သူသည် ပြဿနာကောင်ကြီး အဖြစ် အထင်ခံရနိုင်ပေသည်။

လျိုကျစ်က ပြောင်းရွှေ့ရမည်မှာ သေချာသွားပြီ ဖြစ်သော်လည်း သူ၏ အဆက်အသွယ်များက ရှိနေသေးသည်။ ထို့ကြောင့် အရာရာ သေချာစေရန်အတွက် လျိုကျစ်ထံတွင် သူ ကြိုတင် မှာကြားထားခဲ့ပြီး ဖြစ်သည်။ တပ်စခန်း မရွှေ့ပြောင်းမီ ဝူချန်ဖုန်းသည် စစ်တပ်ဥပဒေကို ချိုးဖောက်မိပြီးနောက် သေဒဏ်ပေးခံရမည် ဖြစ်သည်။

ကျန်းချဲ့က သူတို့နှစ်ယောက်ကို ခေါ်ဆောင်ကာ စစ်တဲအသစ် တစ်ခုအတွင်းသို့ ဝင်ရောက် နေရာယူလိုက်သည်။ လျိုကျစ်က ဝင်ရောက်လာပြီး နှစ်သိမ့်စကား အချို့ ပြောကြားပြီးနောက် တပ်မှူးချုပ်ကျူးက သူ့ကို ခေါ်ခိုင်းလိုက်ကြောင်း ပြောလာသည်။ သူ့ကို ခိုင်းစရာ ကိစ္စအချို့ ရှိနေပုံရသည်။

တပ်မှူးချုပ်ကျူးသည် ယခုအခါတွင် သူ၏ အထက်လူကြီး၏ အထက်လူကြီး ဖြစ်နေပြီဖြစ်ရာ ကျန်းချဲ့ လုံးဝ မလွန်ဆန်ရဲပေ။ သူက အိပ်ရာလိပ်များကို ရွှီဆန်းအာထံသို့ လွှဲပြောင်းပေးလိုက်ပြီးနောက် မှတ်ဉာဏ်ထဲရှိ လမ်းကြောင်းအတိုင်း အဓိကတဲကြီးဆီသို့ လျှောက်သွားလိုက်သည်။

"လာ... အရင်ထိုင်လိုက်ဦး..."

ကျန်းချဲ့ ဝင်လာသည်ကို မြင်သောအခါ တပ်မှူးချုပ်ကျူး၏ မူလက တည်ငြိမ်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ဟုတ်ကဲ့ပါ..."

"အရန်စစ်သည်တပ်ဖွဲ့ကနေ ပြောင်းရွှေ့မယ့် စာရွက်စာတမ်းတွေကို ငါ ခွင့်ပြုပေးလိုက်ပြီ... အခု ပြောင်းလာပြီမလား..."

တပ်မှူးချုပ်ကျူးက ပြုံးကာ မေးလိုက်သည်။

"အခုလေးတင်ပဲ ပစ္စည်းတွေ နေရာချပြီးတာပါ..."

ကျန်းချဲ့က မေးသမျှကို သေချာစွာ ပြန်ဖြေလိုက်သည်။

"မင်းရဲ့ ဇာတိက ယန်ဂူခရိုင်လို့ ငါ မှတ်မိနေတယ်... ဟုတ်တယ်မလား..."

"ဟုတ်ပါတယ်... ကျွန်တော်မျိုးက ယန်ဂူခရိုင်ကပါ..."

"ဒီတပ်မှူးချုပ်က ယန်ဂူခရိုင်ရဲ့ လုံခြုံရေးတပ်မှူးအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ရမယ့် အကြောင်းကို လျိုကျစ်က မင်းကို ပြောပြပြီးပြီ ထင်တယ်..."

တပ်မှူးချုပ်ကျူးက အစအဆုံး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

ကျန်းချဲ့က အချိန်ခဏမျှ တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။

"လျိုကျစ်ကို ယန်ဂူခရိုင် အနောက်မြို့တံခါးတပ်မှူးအဖြစ် ငါ တာဝန်ပေးလိုက်တယ်... မနေ့က သူက မင်းကို ဒုတိယတပ်မှူးအဖြစ် ခန့်အပ်ဖို့ ငါ့ဆီမှာ ထောက်ခံစာ တင်ထားတယ်... မင်း ကိုယ့်ကိုယ်ကိုယ် သေချာ လုပ်နိုင်မယ်လို့ ထင်လား..."

တပ်မှူးချုပ်ကျူးက လေးနက်သော လေသံဖြင့် ပြောလိုက်ရာ သူ၏ မျက်နှာပေါ်ရှိ အပြုံးများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ကျေနပ်သလား၊ ဒေါသထွက်နေသလား၊ ဝမ်းနည်းနေသလား၊ ပျော်ရွှင်နေသလားဆိုသည်ကို လုံးဝ ခန့်မှန်း၍ မရနိုင်ပေ။

သို့သော် ဤအချိန်တွင် ကျန်းချဲ့က လုံးဝ နောက်ဆုတ်၍ မရနိုင်ပေ။ သူက ခေါင်းမော့ကာ တပ်မှူးချုပ်ကျူးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

"ကျွန်တော်မျိုးမှာ အဲဒီလောက် ယုံကြည်မှု ရှိပါတယ်..."

"ယုံကြည်မှုရှိတာ ကောင်းတဲ့ကိစ္စပဲ... လူငယ်ပီပီ တကယ်ကို တက်ကြွနေတာပဲ... ကောင်းပြီလေ... ဒီတပ်မှူးချုပ်ကပဲ ခွင့်ပြုပေးလိုက်မယ်... အခုကစပြီး မင်းက ယန်ဂူခရိုင် အနောက်မြို့တံခါးရဲ့ ဒုတိယတပ်မှူးပဲ... နောက်ပိုင်း အလုပ်ကို သေချာ ကြိုးကြိုးစားစား လုပ်ပါ... ဒီတပ်မှူးချုပ်က မင်းကို ဘယ်တော့မှ မျက်နှာငယ်ရအောင် မလုပ်ပါဘူး..."

ထိုသို့ အားပေးစကားများ ပြောဆိုလိုက်ခြင်းဖြင့် လျိုကျစ်၏ မြေတောင်မြှောက်ပေးမှု ကျေးဇူးကို တပ်မှူးချုပ်ကျူးက သူ၏ ကျေးဇူးအဖြစ်သို့ ပြောင်းလဲယူလိုက်ခြင်းပင် ဖြစ်သည်။

"ဟုတ်ကဲ့ပါ... ကျွန်တော်မျိုး သေချာ မှတ်သားထားပါ့မယ်..."

ကျန်းချဲ့က ခါးညွတ်ကာ အရိုအသေပေးလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် ကျွန်တော်မျိုးလို့ သုံးနေတုန်းလား..."

တပ်မှူးချုပ်ကျူးက သူ့ကို ပြုံးရွှင်စွာ ကြည့်ရင်း မေးလိုက်သည်။

"ငယ်သား သေချာ မှတ်သားထားပါ့မယ်..."

ကျန်းချဲ့၏ ခါးက ယခင်ကထက် ပို၍ ညွတ်ကျသွားခဲ့သည်။

"ဟားဟားဟား..."

တပ်မှူးချုပ်ကျူးက လက်နှစ်ဖက်ကို လေထဲတွင် ခပ်ဟဟ မြှောက်ကာ ကျန်းချဲ့ကို ထရန် အချက်ပြလိုက်သည်။ အားအင်အပြည့် ပါဝင်နေသော ရယ်မောသံကြီးက စစ်တဲအတွင်း၌ ပဲ့တင်ထပ်သွားတော့သည်။

"မင်း တပ်စခန်းထဲမှာ ဆက်နေလည်း ဘာမှ လုပ်စရာ မရှိတော့ဘူးဆိုတော့... မင်းကို အလုပ်တစ်ခု ပေးမယ်..."

"တပ်မှူးချုပ် အမိန့်ပေးပါ..."

ကျန်းချဲ့က အသံကိုနှိမ့်ကာ ပြောလိုက်သည်။

"ဒီတပ်မှူးချုပ် ပြောင်းရွှေ့ရမယ့် သတင်းကို အိမ်ကလူတွေ မသိကြသေးဘူး... ဒါပေမဲ့ သူတို့ကို ငါနဲ့အတူ လိုက်ပြီး အခြေချခိုင်းမလို့ စီစဉ်ထားတယ်... အခုရက်ပိုင်း ငါက အလုပ်များနေတော့ အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်... ဒီခေတ်ကြီးက မတည်ငြိမ်သေးတော့ နေရာတိုင်းမှာ ဓားပြတွေ သောင်းကျန်းနေတယ်... အဲဒါကြောင့် မင်း လူခေါ်သွားပြီး သူတို့ကို ယန်ဂူခရိုင်မြို့ထဲအထိ လိုက်ပို့ပေးလိုက်ပါ..."

"ငယ်သားက ကတော်တို့ လူစုကို မြို့ထဲအထိ ဘေးကင်းကင်းနဲ့ ရောက်အောင် သေချာပေါက် လိုက်ပို့ပေးပါ့မယ်..."

"ဟားဟား... ပြောရမယ်ဆိုရင် ဒီတပ်မှူးချုပ်မှာ မင်းနဲ့ ရွယ်တူလောက်ရှိတဲ့ သမီးတစ်ယောက်လည်း ရှိသေးတယ်... သူ့စရိုက်က နည်းနည်း ဆိုးပေမဲ့ အခုထက်ထိ အိမ်ထောင်မကျသေးဘူး... မင်း လမ်းမှာ လိုက်ပို့ပေးတဲ့အချိန်ကျရင် သူ့ကို နည်းနည်း သည်းခံပေးလိုက်ပါ..."

တပ်မှူးချုပ်ကျူးက ပြောပြောဆိုဆိုဖြင့် 'ကျူး' ဟူသော စာလုံးကို ထွင်းထုထားသည့် တံဆိပ်ပြားတစ်ပြားနှင့် စာတစ်စောင်ကို ကျန်းချဲ့ထံ ကမ်းပေးလိုက်ပြီး ၎င်းတို့မှာ အထောက်အထားများဖြစ်ကြောင်း ပြောပြလိုက်သည်။

"အမိန့်အတိုင်းပါ..."

ကျန်းချဲ့က လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"သွားတော့..."

စစ်တဲသို့ ပြန်ရောက်သောအခါ တပ်မှူးချုပ်ကျူး၏ အစီအစဉ်ကို ကျန်းချဲ့က လျိုကျစ်အား ပြောပြလိုက်သည်။ လျိုကျစ်က ပင်မတပ်ရင်းမှ စစ်သည် အယောက်နှစ်ဆယ်ကို ထုတ်ပေးလိုက်ပြီး လူတိုင်းကို မြင်းစီးစေကာ ကျန်းချဲ့နှင့်အတူ အစောင့်အရှောက် တာဝန်ကို ထမ်းဆောင်စေသည်။

ကန်းတာပြောင်နှင့် ရွှီဆန်းအာတို့မှာ နေရာတကျ မဖြစ်သေးသော်လည်း ထိုလူစုထဲတွင် ပါဝင်နေကြသည်။

အချိန်အနည်းငယ် အကြာတွင် အရာအားလုံးကို စီစဉ်ပြီးစီးသွားခဲ့သည်။ ကျန်းချဲ့တို့ သုံးယောက်သည်လည်း တပ်စခန်းရှိ အဝတ်သံချပ်ကာများကို ပြောင်းလဲ ဝတ်ဆင်လိုက်ကြပြီး မြင်းများကို နှင်ကာ ဖုန်းတပ်ရင်း၏ တပ်စခန်းမှ ထွက်ခွာလာခဲ့ကြသည်။ နောက်သို့ လှည့်ကြည့်လိုက်ရာ တပ်စခန်းကြီးမှာ တဖြည်းဖြည်း သေးငယ်သွားပြီး ဝေဝါးပျောက်ကွယ်သွားတော့သည်။

သူသည်လည်း စစ်မှုထမ်းရသည့် ဘဝမှ အပြီးတိုင် လွတ်မြောက်သွားခဲ့ပြီး လွတ်လပ်ခွင့်ကို ရရှိသွားခဲ့လေပြီ။ သူ၏ အဆင့်အတန်းမှာလည်း သုံးဆင့်တိတိ ခုန်တက်သွားခဲ့ပြီး ယခုအခါတွင် ယန်ဂူခရိုင် အနောက်မြို့တံခါး၏ ဒုတိယတပ်မှူး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုက်အန်းပြည်နယ် ဖုန်းတပ်ရင်းသည် ထိုက်အန်းပြည်နယ်မြို့တော် အနီးတွင် တပ်စွဲထားခြင်း မဟုတ်ဘဲ ယန်ဂူခရိုင်၊ ချင်းကျန်းခရိုင်နှင့် ပြည်နယ်မြို့တော်တို့ ဆုံရာနေရာတွင် တပ်စွဲထားခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ဓားပြများနှင့် ဒုက္ခသည်များကို ရင်ဆိုင် ဖြေရှင်းရန်အတွက် ဖြစ်သည်။

တပ်မှူးချုပ်ကျူး၏ မိသားစုများမှာလည်း ပြည်နယ်မြို့တော်ထဲတွင် မရှိဘဲ ကျေးရွာတစ်ရွာတွင် နေထိုင်ကြသည်။ ထိုနေရာမှာ ဖုန်းတပ်ရင်း တပ်စွဲထားသော နေရာနှင့် သိပ်မဝေးလှပေ။ မြင်းစီးပြီး ခရီးနှင်မည်ဆိုပါက နေ့ဝက်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။

ထိုကျေးရွာ၏ အမည်မှာ ကျူးကျားပေါင်ဟု ခေါ်ပြီး နာမည်နှင့် လိုက်ဖက်စွာပင် တပ်မှူးချုပ်ကျူး၏ ဇာတိရွာ ဖြစ်ပေသည်။

ထို့အပြင် ၎င်းနာမည်မှာလည်း သူ့အရှိန်အဝါကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တပ်မှူးချုပ်ကျူး အခြေအနေ မကောင်းသေးခင် အချိန်က ဤနေရာသည် သာမန် လယ်ယာစိုက်ပျိုးသည့် ရွာလေးတစ်ရွာသာ ဖြစ်သည်။ နောက်ပိုင်းတွင် တပ်မှူးချုပ်ကျူးက လယ်ယာမြေများကို ဝယ်ယူပြီး နေရာအနှံ့တွင် မြေဝယ်ခဲ့ရာမှ ဤနေရာကို သူ၏ ပင်မစခန်းအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ကျန်းချဲ့တို့ လူစုက အလျင်စလို ခရီးနှင်ခဲ့ရာ သူတို့ ရောက်ရှိချိန်တွင် ကောင်းကင်ယံမှာ မှောင်မိုက်နေပြီ ဖြစ်သည်။ မလိုအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်အတွက် ကျူးကျားပေါင်အပြင်ဘက်တွင် အားလုံးကို အနားယူရန် သူက အမိန့်ပေးလိုက်ပြီး လူနှစ်ယောက် သုံးယောက်ခန့်ကိုသာ ခေါ်ဆောင်ကာ ရွာထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။

'ရွှီး...'

အနားယူရန် အမိန့်ကို ကြားလိုက်ရသောအခါ ရွှီဆန်းအာက မြင်းပေါ်မှ ကပျာကယာ ခုန်ဆင်းလိုက်ပြီး ပေါင်ရင်းကို အဆက်မပြတ် ပွတ်သပ်နေတော့သည်။ သူက သိုင်းပညာ လေ့ကျင့်ထားသူ မဟုတ်သဖြင့် ဤကဲ့သို့ အလျင်စလို ခရီးနှင်ရခြင်းမှာ သူ့အတွက် အလွန်တရာ နှိပ်စက်ခံရသကဲ့သို့ ဖြစ်နေပေသည်။

ကန်းတာပြောင်က သူ့ကို ကူညီပေးခဲ့လျှင်တောင်မှ ပွတ်တိုက်မှုကြောင့် ပေါင်ရင်းများမှာ နာကျင်နေဆဲ ဖြစ်သည်။

"အဆင်ပြေရဲ့လား..."

"ဘာ... ဘာမှ မဖြစ်ပါဘူး... ခဏလောက် နားလိုက်ရင် အဆင်ပြေသွားမှာပါ..."

ရွှီဆန်းအာက ခေါင်းကို ဆက်တိုက် ယမ်းပြလိုက်သည်။ ကျန်းချဲ့က သူ့ကို အလေးထား၍ တာဝန်ထမ်းဆောင်ရန် ခေါ်လာခြင်းဖြစ်ရာ သူက မည်သို့ ငြီးတွားရဲမည်နည်း။

ကျန်းချဲ့က သူ၏ အခက်အခဲကို မြင်သောအခါ ကန်းတာပြောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"တာပြောင်... မင်း ငါနဲ့အတူ ရွာထဲကို လိုက်ခဲ့..."

"ဟုတ်ကဲ့ပါ..."

ကျန်ရှိနေသော လူများကို သတိထားရန် မှာကြားပြီးနောက် ကျန်းချဲ့က မြင်းပေါ်သို့ ပြန်တက်ကာ ကျူးကျားပေါင် ရှိရာဘက်သို့ ဦးတည်သွားလိုက်သည်။ သူ ကိုယ်တိုင်လည်း မြင်းစီးပညာကို စနစ်တကျ သင်ယူထားခဲ့ဖူးခြင်း မရှိပေ။ သို့သော် သူ၏ ခွန်အားက အလွန် ကြီးမားလှသဖြင့် အချက်အချို့ကို သတိထားလိုက်ရုံဖြင့် မြင်းကုန်းနှီး၏ အကူအညီဖြင့် အလွယ်တကူ ကျွမ်းကျင်သွားခဲ့သည်။

အဝေးမှ လှမ်းကြည့်လိုက်ရာ ညအမှောင်ထုထဲရှိ ကျူးကျားပေါင် တစ်ရွာလုံးတွင် မီးရောင်များ ထိန်လင်းနေပြီး အလယ်ဗဟို အကျဆုံး နေရာတွင်မူ ကျူးမိသားစု၏ အိမ်တော်ကြီး ရှိနေပေသည်။

"ဒီလယ်ယာမြေတွေ အားလုံးက ကျူးမိသားစုပိုင်တွေချည်းပဲ... အခုခေတ် ပြည်သူတွေ အသက်ရှင်ရပ်တည်ဖို့ ဒီလောက်တောင် ခက်ခဲနေတာ အံ့ဩစရာ မရှိတော့ပါဘူး..."

လမ်းတွင် အမြဲတမ်း စကားနည်းတတ်သော ကန်းတာပြောင်က ဘေးပတ်ဝန်းကျင်ရှိ မြေဆီဩဇာကောင်းမွန်သော လယ်ယာမြေများကို ကြည့်ရင်း မနေနိုင်ဘဲ ပြောလိုက်သည်။

"မင်းတို့ ကန်းမိသားစုရွာတုန်းကလည်း ဒီလိုပဲ မဟုတ်ဘူးလား... ဒါက လက်တွေ့ဘဝပဲလေ..."

ထိုကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့၏ ရင်ထဲတွင် မည်သည့် ခံစားချက်မျှ မရှိပေ။

"ကျွန်တော် တွေးမိတာက... ဒီအရာရှိတွေက တစ်ခါတလေ အရမ်း လွန်လွန်းတယ်လို့ ခံစားရတယ်... တပ်မှူးချုပ်ကျူးရဲ့ လစာနဲ့ဆိုရင် တစ်သက်လုံး စုရင်တောင် ဒီလောက်များတဲ့ လယ်မြေတွေကို ဝယ်နိုင်မှာ မဟုတ်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် သာမန်လူတွေကို အသက်ရှင်ဖို့ လမ်းစလေး တစ်ခုလောက်တော့ ပေးသင့်တယ်..."

"ငါ့နောက်ကို လိုက်လာရင် မင်းလည်း ရာထူးတက်ပြီး ချမ်းသာလာမယ့် နေ့တစ်နေ့ ရောက်လာလိမ့်မယ်... အဲဒီအချိန်ကျရင်လည်း မင်း အခုလို ဆက်တွေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်..."

ကျန်းချဲ့က ပြုံးကာ ပြောလိုက်သည်။

ကန်းတာပြောင်က လယ်ယာမြေများကို ကြည့်လိုက်၊ ခံစားချက်မဲ့နေသော ကျန်းချဲ့၏ မျက်နှာကို ကြည့်လိုက်ဖြင့် တိတ်ဆိတ်သွားတော့သည်။

All Chapters