← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) ကတော် ဘာမှစိုးရိမ်မနေပါနဲ့

ကျူးမိသားစု၏ အိမ်တော်မှာ ရှာဖွေရန် အလွန်လွယ်ကူလှသည်။ တစ်ရွာလုံးတွင် အကြီးမားဆုံးနှင့် ဩဇာအရှိဆုံး အိမ်တော်ကြီးပင် ဖြစ်သည်။ သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး မြင်းကြီးများကို စီးနင်းလာသော ကျန်းချဲ့နှင့် ကန်းတာပြောင်တို့ကိုမူ လမ်းတစ်လျှောက်ရှိ ပြည်သူများက မမြင်ဟန်ဆောင်ကာ လျစ်လျူရှုထားကြသည်။

မဟုတ်ပေ။ ထိုပြည်သူများ၏ မျက်လုံးများထဲတွင် ကျန်းချဲ့ မြင်တွေ့လိုက်ရသည်မှာ ထုံပေပေဖြစ်နေသော ခံစားချက်မဲ့မှုများသာ ဖြစ်ပေသည်။

အချိန်အနည်းငယ် ကြာပြီးနောက် ကျန်းချဲ့တို့နှစ်ယောက်သည် ကျူးအိမ်တော်၏ တံခါးဝသို့ ရောက်ရှိလာကြသည်။ မြင်းများကို တံခါးဝရှိ ကျောက်ခြင်္သေ့ရုပ်တွင် ချည်နှောင်လိုက်ပြီးနောက် ကန်းတာပြောင်က ရှေ့သို့တက်ကာ အနီရင့်ရောင် တံခါးကြီးကို ခေါက်လိုက်သည်။

'ဒေါက်... ဒေါက်...'

"မင်းတို့က... ဘယ်သူတွေတုန်း..."

တံခါးလာဖွင့်သူမှာ မျက်နှာတစ်ပြင်လုံးတွင် အရေတွန့်နေသော အဘိုးအိုတစ်ဦး ဖြစ်သည်။ သူက မျက်လုံးများကို မှေးကျဉ်းကာ သူတို့နှစ်ယောက်ကို အကဲခတ်နေသည်။ တံခါး၏ အနောက်ဘက်တွင် မီးရှူးတိုင်များကို မြှောက်ကိုင်ထားသော လူအချို့ ရှိနေသည်ကိုလည်း ဝေဝါးစွာ မြင်တွေ့နေရသည်။

ကျန်းချဲ့က လိုရင်းကိုသာ တိုက်ရိုက်ပြောရန် ဆုံးဖြတ်လိုက်ပြီး တပ်မှူးချုပ်ကျူး ပေးထားသော အမိန့်တံဆိပ်ပြားကို ထုတ်ပြကာ ပြောလိုက်သည်။

"တပ်မှူးချုပ်ကျူးရဲ့ အမိန့်နဲ့ ကတော်ကို အရေးတကြီး တွေ့ခွင့်တောင်းချင်လို့ပါ..."

အဘိုးအိုက အမိန့်တံဆိပ်ပြားကို လှမ်းယူကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။ အမှားအယွင်း မရှိကြောင်း အတည်ပြုပြီးနောက် ကျန်းချဲ့ထံသို့ ပြန်လည် ကမ်းပေးရင်း ပြောလိုက်သည်။

"တပ်မှူးတို့ ဒီမှာ ခဏလောက် စောင့်နေပေးပါ... ကတော့်ဆီ သွားပြီး သတင်းပို့လိုက်ပါဦးမယ်..."

"ဒုက္ခပေးသလို ဖြစ်သွားပြီ..."

ကျန်းချဲ့က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်သည်။

အချိန်သိပ်မကြာလိုက်ပေ။ ကျူးအိမ်တော်၏ တံခါးကြီးက တစ်ဖန် ပြန်လည် ပွင့်လာပြီး အဘိုးအိုက ကျန်းချဲ့ကို ကြည့်ကာ ပြောလိုက်သည်။

"ကတော်က အခု စာကြည့်ဆောင်ထဲမှာပါ... တပ်မှူးတို့ ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပါ..."

အိမ်တော်ထိန်း အဘိုးအို၏ နောက်မှလိုက်ကာ ကျန်းချဲ့နှင့် ကန်းတာပြောင်တို့သည် ကျူးအိမ်တော်အတွင်းသို့ ဝင်ရောက်လာကြသည်။ အပြင်ဘက်နှင့် နှိုင်းယှဉ်လျှင် အိမ်တော်အတွင်းပိုင်းမှာ အလွန်တရာ ခမ်းနားထည်ဝါလွန်းလှပေသည်။

ရေကန်များ၊ တောင်တုများ ရှိနေသည့်အပြင် နေရာတိုင်းလိုလိုတွင် အစေခံများနှင့် အစေခံမိန်းကလေးများကို မြင်တွေ့နေရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျူးမိသားစု၏ ကြွယ်ဝချမ်းသာမှုကို သိသာထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။

သို့သော် ဤအရာများကို ကျန်းချဲ့က လုံးဝ စိတ်ဝင်စားခြင်း မရှိဘဲ လျစ်လျူရှုထားလိုက်သည်။

တပ်မှူးချုပ်ကျူး လာဘ်စားသည်ဖြစ်စေ မစားသည်ဖြစ်စေ သူနှင့် သက်ဆိုင်ခြင်း မရှိပေ။ တကယ်တမ်းဆိုလျှင် တစ်ဖက်လူက လာဘ်စားသော အရာရှိတစ်ဦး ဖြစ်နေမည်ကိုပင် သူက မျှော်လင့်နေမိသေးသည်။ ထိုသို့ဆိုလျှင် နောင်တစ်ချိန် သူ လုပ်ဆောင်စရာရှိသည်များကို ပိုမို လွယ်ကူစွာ အကောင်အထည်ဖော်နိုင်မည် မဟုတ်ပါလား။

ကန်းတာပြောင်က စာကြည့်ဆောင်၏ အပြင်ဘက်တွင် ကျန်ရစ်ခဲ့ပြီး ကျန်းချဲ့ တစ်ယောက်တည်းသာ အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွားလိုက်သည်။

အခန်းတွင်း၌ ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေပြီး စာအုပ်စင်များပေါ်တွင် စာအုပ်များ ပြည့်နှက်နေပေသည်။ စားပွဲခုံ၏ ရှေ့တွင်မူ ဆံပင်ကို သပ်ရပ်စွာ ထုံးဖွဲ့ထားပြီး ကျက်သရေရှိလှသော အမျိုးသမီးကြီး တစ်ဦး ထိုင်နေပေသည်။

တောက်ပသော မျက်လုံးများ၊ ဖြူစင်သော သွားတန်းများနှင့်အတူ သူမ၏ အလှမှာ နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှု ရှိလှပေသည်။

ကျန်းချဲ့ ဝင်လာသည်ကို မြင်သောအခါ အလှပိုင်ရှင် ကတော်ကြီးက အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လွင်စွာဖြင့် မေးလိုက်သည်။

"သခင်ကြီး တစ်ခုခုများ ဖြစ်လို့လား... အဲဒါကြောင့် ညသန်းခေါင်ကြီး လွှတ်လိုက်တာလား..."

ကျန်းချဲ့က အမိန့်တံဆိပ်ပြားကို ထုတ်ပြလိုက်ပြီး စာအိတ်နှင့်အတူ တစ်ဖက်လူထံသို့ ကမ်းပေးကာ ဖြေကြားလိုက်သည်။

"ကတော် ဘာမှ စိုးရိမ်မနေပါနဲ့... ကျွန်တော်က တပ်မှူးချုပ်ကျူးရဲ့ လက်အောက်က ဒုတိယတပ်မှူး ကျန်းချဲ့ပါ... အခု လာရတာက ကတော်နဲ့ မိသားစုကို ယန်ဂူခရိုင်မြို့ထဲ ပြောင်းရွှေ့နေထိုင်ဖို့ တပ်မှူးချုပ်ကျူးက လာခေါ်ခိုင်းလိုက်လို့ပါ..."

ကတော်ကြီးက မျက်မှောင်ကြုတ်ကာ စာအိတ်ကို လှမ်းယူလိုက်သည်။ စာကို အလျင်အမြန် ဖတ်ရှုပြီးနောက်မှသာ သူမ၏ မျက်နှာပေါ်ရှိ စိုးရိမ်မှုများက လျော့ကျသွားပြီး အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"သခင်ကြီးက ယန်ဂူခရိုင်ရဲ့ လုံခြုံရေးတပ်မှူးအဖြစ် ပြောင်းရွှေ့ရတော့မှာကိုး... ဟင်းဟင်း... ကျွန်မက အပိုတွေ စိတ်ပူနေခဲ့တာပဲ..."

"ကတော် ဒီလို သတိထားနေတာက မှန်ကန်ပါတယ်..."

ကတော်ကြီးက အလွန် လှပသော်လည်း ကျန်းချဲ့က စည်းလွတ်ဘောင်လွတ် လုံးဝ မလုပ်ဝံ့ပေ။ အစပိုင်းက အကဲခတ်သည့် အကြည့်မှလွဲ၍ သူ၏ အကြည့်များကို မြေပြင်ပေါ်သို့သာ အမြဲတမ်း စိုက်ချထားလိုက်သည်။ လက်ရှိအချိန်တွင် သူသည် ထင်တိုင်းကြဲနိုင်သည့် အရည်အချင်းမျိုး မရှိသေးပေ။

"ဒီတစ်ခေါက်တော့ တပ်မှူးကျန်းကို ဒုက္ခပေးရတော့မယ်... ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ လူတွေကို အခုပဲ ခိုင်းလိုက်ပါ့မယ်... နောက်နှစ်ရက်လောက်နေရင် ငါတို့ ခရီးစထွက်ကြတာပေါ့... ဘယ်လိုလဲ..."

ကတော်ကျူးက ပြုံးကာ မေးလိုက်သည်။ သူမ၏ အမူအရာမှာ အလွန်တရာ ဖော်ရွေပျူငှာလှပေသည်။

"အရာအားလုံးကို ကတော့် အစီအစဉ်အတိုင်းပါပဲ..."

ကျန်းချဲ့က လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

"အမေ... ဘာတွေဖြစ်နေတာလဲ... အဖေက လူလွှတ်လိုက်တယ်ဆို..."

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် စာကြည့်ဆောင်၏ တံခါးက ပွင့်သွားပြီး ငန်းမွေးရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမငယ်လေး တစ်ဦး အလျင်စလို ဝင်ရောက်လာသည်။

ကျန်းချဲ့က ခေါင်းလှည့်ကာ အကဲခတ်ကြည့်လိုက်ရာ သူမ၏ ရုပ်ရည်က တပ်မှူးချုပ်ကျူးနှင့် အနည်းငယ် ဆင်တူသော်လည်း အလှအပဘက်တွင်မူ ကတော်ကျူးကို မီရန် အလှမ်းဝေးနေသေးပေသည်။

"ဒီလောက် အလောတကြီးနဲ့... မိန်းကလေး တစ်ယောက်ဖြစ်ပြီး အမူအရာက ဘယ်လိုဖြစ်နေတာလဲ..."

ကတော်ကျူးက မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည်။

သို့သော် အဝါရောင်ဝတ်စုံနှင့် မိန်းမငယ်လေးက လုံးဝ ဂရုမစိုက်ပေ။ ကျန်းချဲ့၏ ဘေးသို့ လျှောက်သွားကာ တစ်ချက် အကဲခတ်လိုက်သည်။ ကျန်းချဲ့၏ မျက်နှာကို သေချာစွာ မြင်လိုက်ရသောအခါ သူမ၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး မေးစေ့ကိုမော့ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"နင့်နာမည် ဘယ်လိုခေါ်လဲ... ငါ့အဖေက နင့်ကို ဘာလာလုပ်ခိုင်းတာလဲ..."

ကျန်းချဲ့က သူမကို ပြန်လည် ဖြေကြားခြင်း မရှိဘဲ ကတော်ကြီးကိုသာ လှမ်းကြည့်လိုက်သည်။

"ချင်အာ... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့... ဒီလူက တပ်မှူးကျန်းချဲ့တဲ့... သမီးအဖေက ယန်ဂူခရိုင်ရဲ့ လုံခြုံရေးတပ်မှူးအဖြစ် ပြောင်းရွှေ့သွားလို့ ငါတို့ကို လာခေါ်ဖို့ တပ်မှူးကျန်းကို လွှတ်လိုက်တာ..."

ကတော်ကျူးက ချက်ချင်းပင် မျက်နှာထား တင်းကျပ်စွာဖြင့် ဆူပူလိုက်သည်။

"တပ်မှူးတဲ့လား... နင် အသက်ဘယ်လောက်ရှိပြီမို့လို့ တပ်မှူးဖြစ်နေရတာလဲ..."

ကျူးချင်ချင်က သိပ်မယုံကြည်ဟန်ဖြင့် မေးလိုက်သည်။

"ဒုတိယတပ်မှူးပါ..."

ကျန်းချဲ့က သူမကိုကြည့်ကာ ပြုံးပြလိုက်သည်။

"ဪ... ဒုတိယတပ်မှူးကိုး... သမီး ထင်သားပဲ... ဒါပေမဲ့ သမီးက ဒီမှာပဲ နေချင်တာ... ယန်ဂူခရိုင်ကို သမီး မလိုက်ဘူး..."

ကျူးချင်ချင်က နှုတ်ခမ်းကိုမဲ့ကာ သူမအမေဘက်သို့ လှည့်ပြောလိုက်သည်။

"ကတော် အရင် ပြင်ဆင်လိုက်ပါဦး... ကျွန်တော်က ကျူးကျားပေါင် အပြင်ဘက်မှာပဲ စောင့်နေပါ့မယ်... ကိစ္စတစ်ခုခု ရှိရင် လူလွှတ်ပြီး အကြောင်းကြားလိုက်ပါ..."

နို့နံ့မစင်သေးသော မိန်းမငယ်လေး တစ်ဦး၏ ဆက်ဆံပုံကို ကျန်းချဲ့ လုံးဝ ဂရုမစိုက်ပေ။ သူမကို လိုက်ခဲ့ရန်အတွက်လည်း အောက်ကျခံကာ တောင်းဆိုနေမည် မဟုတ်ပေ။ ကတော်ကျူးကို လက်ယှက်ကာ အရိုအသေပေးပြီးနောက် သူက ချက်ချင်းပင် လှည့်ထွက်လာခဲ့သည်။

ကျန်းချဲ့ ထွက်သွားပြီးနောက် ကတော်ကျူးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ကလန်ကဆန်နဲ့... တပ်မှူးကျန်းက ဘယ်လိုပဲဖြစ်ဖြစ် သမီးအဖေရဲ့ လက်အောက်လူပဲလေ... ဘယ်လိုဖြစ်လို့ ဒီလောက် ရိုင်းစိုင်းနေရတာလဲ..."

"အမေပဲ ပြောတယ်လေ... သူက အဖေ့ရဲ့ လက်အောက်လူဆို... လက်အောက်လူ တစ်ယောက်ကို သမီးက ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေစရာ လိုလို့လား... နောက်ပြီး သမီးက သူ့ကို ဘာမှလုပ်တာလည်း မဟုတ်ဘဲနဲ့... အမေက သိပ်ပြီး အကဲဆတ်လွန်းနေတာပါ..."

ကျူးချင်ချင်၏ မျက်နှာပေါ်တွင် လုံးဝ ဂရုမစိုက်သည့် အမူအရာများ အပြည့်အဝ ပေါ်လွင်နေပေသည်။

"သမီးအဖေ စာထဲမှာ ရေးထားတာက... ဒီကျန်းချဲ့က သာမန်နောက်ခံကနေ လာတာဖြစ်ပေမဲ့ အရည်အချင်းကတော့ သာမန်မဟုတ်ဘူးတဲ့... အဲဒါကြောင့် သမီးတို့နှစ်ယောက်ကို သဘောတူချင်နေတာ..."

"တော်လိုက်တော့... အဖေတော့ ရူးသွားပြီလား မသိဘူး... ရာထူးသေးသေးလေးနဲ့ ဒုတိယတပ်မှူး တစ်ယောက်ကို သမီးက လက်ထပ်ရမှာလား... အိပ်မက်တောင် မမက်နဲ့... သမီးကတော့ လုံးဝ မယူဘူး..."

ကျူးချင်ချင်က မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

"ချင်အာ... သမီးအသက်က ဆယ့်ခုနစ်နှစ် ရှိနေပြီလေ... အိမ်ထောင်ပြုရမယ့် အရွယ်ရောက်နေပြီ..."

ကတော်ကျူး၏ မျက်နှာပေါ်တွင် စိုးရိမ်သောကများ ပေါ်လာခဲ့သည်။ ကျူးမိသားစုတွင် မိသားစုဝင် အလွန်နည်းပါးလှပြီး သူမတွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်သာ ရှိပေသည်။ သို့သော် သူတို့နှစ်ယောက်စလုံးက သူမကို စိတ်အေးရအောင် မထားကြပေ။

အထူးသဖြင့် ကျူးချင်ချင်သည် မိသားစု၏ အရှိန်အဝါကို အားကိုးကာ ကျူးကျားပေါင် တစ်ရွာလုံးတွင် ဗိုလ်ကျစိုးမိုးနေပြီး မည်သူ့ကိုမျှ ဂရုမစိုက်တတ်သော စရိုက်ဆိုးကြီးကို မွေးမြူထားခဲ့သည်။ ဤကိစ္စက သူတို့ ဇနီးမောင်နှံ နှစ်ဦးစလုံးအတွက် အလွန် ခေါင်းကိုက်စရာ ဖြစ်နေရပေသည်။

"သမီး အိမ်ထောင်ပြုမယ်ဆိုရင်တောင်... အရည်အချင်းရော ရုပ်ရည်ရော နောက်ခံအသိုင်းအဝိုင်းပါ ရှိတဲ့ ယောက်ျားကိုပဲ လက်ထပ်မှာ... ဒီကျန်းချဲ့က ရုပ်ရည်လည်း သာမန်ပဲဆိုတော့ သမီးကတော့ မျက်စိကျစရာ အကြောင်းမရှိဘူး..."

ကျူးချင်ချင်က မျက်လုံးများကို ကလည်ကလည် လုပ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ခုနက အမေပြောတော့ ဒီကျန်းချဲ့က သာမန်နောက်ခံက လာတာဆို... သူ့အိမ်က ဘာအလုပ်လုပ်တာလဲ..."

"သမီးအဖေရဲ့ စာထဲမှာတော့... တံငါသည် မိသားစုကလို့ ပြောထားတယ်..."

ကတော်ကျူးက စာထဲရှိ အကြောင်းအရာများကို ပြန်လည် စဉ်းစားရင်း ဖြေလိုက်သည်။

"ဒါကြောင့် သူ့တစ်ကိုယ်လုံးမှာ ငါးညှီနံ့တွေ ထွက်နေတာကိုး... ဘယ်လိုပဲဖြစ်ဖြစ် တံငါသည် တစ်ယောက်ကိုတော့ သမီး လုံးဝ လက်မထပ်နိုင်ဘူး... ယူချင် အမေသာ ယူလိုက်တော့..."

ကျူးချင်ချင်က နှာမှုတ်လိုက်ပြီး မေးစေ့ကို မော့ကာ ပြောလိုက်သည်။

"ဒီကလေးမ... ဘာတွေ လျှောက်ပြောနေတာလဲ..."

ကတော်ကျူး၏ မျက်နှာမှာ နီရဲသွားပြီး ကျူးချင်ချင်ကို တစ်ချက် ရိုက်လိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သမီးသဘောကတော့ အဲဒါပဲ... သမီးကို အတင်းအကျပ် လက်ထပ်ခိုင်းဖို့တော့ အမေနဲ့ အဖေ အိပ်မက်တောင် မမက်နဲ့..."

ကတော်ကျူးက မျက်မှောင်ကြုတ်လိုက်သည်။

"သမီးက ငယ်သေးလို့ နားမလည်တာပါ... ဒီလူက နောက်ခံနိမ့်ကျတဲ့အတွက် ငါတို့ မိသားစုက သူ့ကို ကောင်းကောင်း ထိန်းချုပ်ထားလို့ ရနိုင်တယ်... အကယ်လို့ သူက သမီးကို လက်ထပ်လိုက်ရင် သမီးအပေါ်ကို မကောင်းမွန်အောင် ဆက်ဆံရဲမှာ မဟုတ်ဘူး... မယားငယ် ယူဖို့ဆိုတာ ပိုတောင် မဝံ့ရဲသေးတယ်..."

"ဒါဆို မိန်းမအိမ်ကို အခစားဝင်ရတဲ့ ယောက်ျားမျိုး ဖြစ်သွားပြီပေါ့... ဒီကိစ္စကိုတော့ လုံးဝ စဉ်းစားမနေနဲ့... သမီး လက်ထပ်မယ်ဆိုရင် သူရဲကောင်း တစ်ယောက်ကိုပဲ လက်ထပ်မှာ... ဒီလိုလူမျိုးက သမီးနဲ့ လုံးဝ မတန်ဘူး..."

ကတော်ကျူးက မာနကြီးပြီး ခေါင်းမာလွန်းသော သမီးဖြစ်သူကို ကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

"ထားပါတော့လေ... သမီးမှ သဘောမတူတာဆိုတော့ သမီးအဖေ့ကို အမေ ပြန်ပြောလိုက်ပါ့မယ်... ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် သမီးက ကျန်းချဲ့ရဲ့ ရှေ့မှာတော့ စိတ်ပျက်ရွံရှာနေတဲ့ ပုံစံမျိုး မပြရဘူးနော်... ကြားလား..."

"ဘာလို့လဲ... သူ့ကို သမီးက အားနာနေရဦးမှာလား..."

"ဘယ်လိုပဲဖြစ်ဖြစ် သူက သမီးအဖေ့ရဲ့ လက်အောက်လူလေ... မျက်နှာလေး နည်းနည်း ပေးထားမှသာ အလုပ်ကို သစ္စာရှိရှိနဲ့ ကြိုးကြိုးစားစား လုပ်ပေးမှာပေါ့... ဒါက တပည့်မွေးတဲ့ နည်းလမ်းပဲ..."

ကတော်ကျူးက သွန်သင်ဆုံးမသည့် လေသံဖြင့် ပြောလိုက်သည်။

"သိပါပြီ... သိပါပြီ..."

ကျူးချင်ချင်က လက်ကို ယမ်းလိုက်သည်။ ထိုစကားများကို သူမ နားထဲသို့ လုံးဝ ဝင်ပုံမရပေ။

"မိုးလည်း ချုပ်နေပြီ... သမီးလည်း ပြန်ပြီး သေချာ အနားယူလိုက်ဦး... မနက်ဖြန်ကျရင် ပစ္စည်းတွေ သိမ်းဖို့ ပြင်ဆင်ရမယ်... သမီးအဖေ စောင့်ရတာ ကြာနေလိမ့်မယ်..."

"မနက်ဖြန်မှပဲ ကြည့်လုပ်တာပေါ့…”

All Chapters