← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) နောက်ခံနိမ့်ကျခြင်းက ရှက်စရာမဟုတ်ပါ

ကျူးမိသားစု ပြောင်းရွှေ့သယ်ဆောင်သွားရမည့် ပစ္စည်းများမှာ အလွန်များပြားလှပေသည်။ ကျန်းချဲ့သည် လူများကို ခေါ်ဆောင်ကာ နှစ်ရက်ခန့် စောင့်ဆိုင်းပြီးမှသာ ခရီးစတင်ထွက်ခွာရန် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ကတော်ကျူး၏ အကြောင်းကြားချက်ကို ရရှိခဲ့သည်။

ထိုစောင့်ဆိုင်းရသော နှစ်ရက်တာကာလအတွင်း စားနပ်ရိက္ခာများ အားလုံးကို ကျူးမိသားစုက အပြည့်အဝ ထောက်ပံ့ပေးထားခဲ့သည်။ ကတော်ကျူးသည် အခြေအနေကို ကောင်းစွာ သဘောပေါက် နားလည်သူ တစ်ဦးဖြစ်ရာ နေ့စဉ် ထမင်းသုံးနပ်စလုံးတွင် အသားဟင်းများ အမြဲတမ်း ပါဝင်လေသည်။

ဤသည်က အသားမစားရသည်မှာ ကြာပြီဖြစ်သော ကန်းတာပြောင်နှင့် ရွှီဆန်းအာတို့ နှစ်ယောက်အတွက်တော့ အလွန်တရာ အကြိုက်တွေ့စေခဲ့သည်။

"လခွီးပဲ... တကယ့်ကို ချမ်းသာလွန်းတာပဲ..."

ရွှီဆန်းအာက ပစ္စည်းများ အပြည့်အသိပ် တင်ဆောင်ထားသော ကျူးမိသားစု၏ မြင်းလှည်း ဆယ်စီးကျော်ခန့်ကို ကြည့်ရင်း အားလပ်ချိန်လေးတွင် မနေနိုင်ဘဲ ညည်းတွားလိုက်သည်။ သူ၏ စကားသံထဲတွင် အားကျမှုနှင့် မနာလိုမှုများက အထင်းသား ပေါ်လွင်နေပေသည်။

မြင်းလှည်း တစ်စီးပေါ်မှ ပစ္စည်းအနည်းငယ်လောက် လျှံကျလာလျှင်တောင် သာမန်အရပ်သားများ တစ်နှစ်စာ အသက်ဆက်ရန်အတွက် လုံလောက်လှပေသည်။

"တပ်မှူးပြောဖူးတယ်... နောက်ပိုင်းကျရင် ငါတို့လည်း ဒီလိုနေ့မျိုး ရောက်လာမှာတဲ့..."

လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းချဲ့ ပြောခဲ့သော စကားများကို ကန်းတာပြောင်လည်း အတန်အသင့် သဘောပေါက် နားလည်လာခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ ထိုနေရာတွင် ရှိနေခဲ့ပါက သူ၏ လုပ်ရပ်များကလည်း တပ်မှူးချုပ်ကျူးနှင့် သိပ်ပြီး ကွာခြားမည် မဟုတ်ပေ။

"ဒါကိုတော့ ငါ ယုံတယ်..."

ရွှီဆန်းအာက သွားဖြဲကာ ရယ်မောလိုက်ပြီး ကျန်းချဲ့ရှိရာဘက်သို့ အကြည့်ရွှေ့လိုက်သည်။ သူက မြှောက်ပင့်ဖော်လံဖားသော စကားအချို့ ပြောရန် ပြင်လိုက်သော်လည်း ကျန်းချဲ့၏ အကြည့်များက အလွန်တရာ လေးနက်တည်ငြိမ်နေပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရကြောင်း သတိထားမိလိုက်သည်။

"တပ်မှူး... ဘာများ ဖြစ်လို့လဲ..."

ရွှီဆန်းအာက မြင်းကို ဖြည်းညင်းစွာ စီးနင်းရင်း ကျန်းချဲ့၏ အနီးသို့ ကပ်သွားလိုက်သည်။

"အစ်ကိုရွှီ... ခင်ဗျားကို တာဝန်တစ်ခု ပေးစရာရှိတယ်..."

ကျန်းချဲ့က ခေါင်းလှည့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။

"တပ်မှူး အမိန့်ပေးပါ..."

ရွှီဆန်းအာ၏ မျက်နှာက ချက်ချင်းပင် လေးနက်သွားခဲ့သည်။

"အမြန်ဆုံး အရှိန်နဲ့ တပ်စခန်းကို ပြန်သွား... ပြီးရင် တပ်မှူးလျိုနဲ့ တပ်မှူးချုပ်ကျူးကို တွေ့ပြီး စစ်သည်တွေ အမြန်လွှတ်ပေးဖို့ အကူအညီတောင်းလိုက်... ကျူးမိသားစုက ပစ်မှတ်ကြီးလွန်းတော့ တောင်ပေါ်ဓားပြတွေရဲ့ အာရုံစိုက်တာကို ခံရနိုင်တယ်လို့ ပြောလိုက်..."

အစပိုင်းက ကျန်းချဲ့ တွေးထားသည်မှာ ကတော်ကျူးသည် ပေါ့ပေါ့ပါးပါးဖြင့်သာ ခရီးထွက်လာပြီး ကျူးမိသားစု၏ အဓိက အရေးပါသော အရာများကို ယန်ဂူခရိုင်သို့ ဖြည်းဖြည်းချင်းမှ ပြောင်းရွှေ့မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်လူက ဤမျှ ကြီးမားခမ်းနားသော လှည်းယာဉ်တန်းကြီးကို ပြင်ဆင်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ရွှေငွေရတနာများ အပြည့်တင်ဆောင်ထားသော မြင်းလှည်း ဆယ်စီးကျော်သည် သူတစ်ပါး၏ လောဘကို အလွန် လွယ်ကူစွာ ဆွဲဆောင်နိုင်လွန်းလှပေသည်။

သူ့အနေဖြင့် စစ်သည် အယောက်နှစ်ဆယ်ကို ခေါ်ဆောင်လာခဲ့သော်လည်း အင်အား မလုံလောက်သေးဟု ခံစားနေရဆဲ ဖြစ်သည်။

ကျူးမိသားစု၏ အစောင့်အရှောက်များမှာ ခွန်အားကြီးမားပုံပေါ်သော်လည်း တကယ်တမ်းတွင် သူတို့အားလုံးက တောင်သူလယ်သမားများကို လက်နက်တပ်ဆင်ပေးထားခြင်းသာ ဖြစ်သည်။ အမှန်တကယ် တိုက်ရည်ခိုက်ရည်ကို မသိနိုင်သေးသဖြင့် အစစအရာရာ သတိထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။

သူ ဤနေရာသို့ လာရခြင်းမှာ မျက်နှာရလိုခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ကတော်ကျူး တစ်ခုခု ဖြစ်သွားပါက သူ၏ အနာဂတ်လည်း လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။

"ဟုတ်ကဲ့ပါ..."

ကျန်းချဲ့၏ အမူအရာက အလွန်တရာ လေးနက်နေသည်ကို မြင်သောအခါ ရွှီဆန်းအာလည်း လုံးဝ ပေါ့ဆမနေဝံ့တော့ပေ။ သူက မြင်းခေါင်းကို အလျင်အမြန် လှည့်ကာ ဖုန်းတပ်ရင်း ရှိရာဘက်သို့ ဒုန်းစိုင်း နှင်သွားတော့သည်။

"တပ်မှူးကျန်း... ဒီတစ်ခေါက်တော့ ဒုက္ခပေးရတော့မယ်..."

ကတော်ကျူးက တင့်တယ်ယဉ်ကျေးစွာ လျှောက်လှမ်းလာပြီး သူမ၏ နွဲ့နှောင်းလှပသော ကိုယ်နေဟန်ထားဖြင့် ကျန်းချဲ့ကို ခပ်ဖွဖွ အရိုအသေပေးလိုက်သည်။ လေညင်းတစ်ချက် ဝေ့တိုက်သွားသည်နှင့်အတူ သင်းပျံ့သော မွှေးရနံ့တစ်ခုက ကျန်းချဲ့၏ ရင်ထဲကိုပင် လှုပ်ခတ်သွားစေသည်။

"ဒါက ကျွန်တော် လုပ်ရမယ့် တာဝန်ပါ..."

"ဒါဆို ကျွန်မတို့ ခရီးစထွက်ကြမလား..."

"ကတော့် အစီအစဉ်အတိုင်းပါပဲ..."

တကယ်တမ်းတွင် ယခုအချိန်၌ အလုံခြုံဆုံးသော နည်းလမ်းမှာ လျိုကျစ်က အစောင့်အရှောက် လူအင်အား ထပ်မံ ပို့ပေးသည်ကို စောင့်ဆိုင်းခြင်းပင် ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်မည်ဆိုပါက သူသည် အလွန်တရာ အသုံးမကျသူ တစ်ဦးအဖြစ် အထင်ခံရနိုင်ပေသည်။ ထို့အပြင် ကတော်ကျူးက ယဉ်ကျေးဖော်ရွေဟန် ပြနေသော်လည်း တကယ်တမ်းတွင်မူ သူ့ကို အလှမ်းခွာ၍သာ ဆက်ဆံနေခြင်း ဖြစ်သည်။

ထို့ကြောင့် သူ၏ အကြံပြုချက်ကို သူမက နားထောင်မည် မဟုတ်သည်မှာ သေချာသလောက်ပင် ရှိပေသည်။ ထိုသို့ တွေးမိကာ သူ၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် မပြောတော့ပေ။

မကြာမီမှာပင် ခရီးသွားအဖွဲ့ကြီး စတင် ထွက်ခွာလာကြလေပြီ။

စစ်သည် အယောက်နှစ်ဆယ်က အပြင်ဘက်ဆုံးမှ နေရာယူကာ အစောင့်အရှောက် တာဝန်ကို ယူထားကြပြီး ကျူးမိသားစု၏ အစောင့်အရှောက် ဆယ်ယောက်ကျော်ကမူ တုတ်များနှင့် ဓားများကို ကိုင်ဆောင်ကာ မြင်းလှည်းများကို အနီးကပ် လိုက်ပါ စောင့်ရှောက်နေကြသည်။ ကျန်းချဲ့ကလည်း ငြိမ်သက်မနေဘဲ မြင်းကိုစီးကာ ဟိုဟိုဒီဒီ လှည့်လည် ကြည့်ရှုနေပေသည်။

သူကိုယ်တိုင် တက်တက်ကြွကြွ လှုပ်ရှားနေရမည် ဖြစ်သည်။

ထိုသို့ ပြုလုပ်မှသာ သူ၏ စေတနာနှင့် ကြိုးစားမှုကို ကတော်ကျူးက မြင်တွေ့နိုင်မည် မဟုတ်ပါလား။

"ဒုတိယတပ်မှူးကျန်း..."

ထိုသို့ လှည့်လည် ကြည့်ရှုနေစဉ် အလယ်ဗဟိုရှိ ခမ်းနားထည်ဝါသော မြင်းလှည်းပေါ်မှ ကျူးချင်ချင်က လှည်းလိုက်ကာကို လှန်ကာ သူ့ကို လှမ်းခေါ်လိုက်သည်။

"သခင်မလေးကျူး ကိစ္စရှိလို့လား..."

ကျန်းချဲ့က အလွန် သဘောကောင်းသော အပြုံးတစ်ခုကို ဖန်တီးကာ မေးလိုက်သည်။

"ဘာမှတော့ မဟုတ်ပါဘူး... လမ်းမှာ ပျင်းနေလို့ စကားပြောဖော် ရှာမလို့ပါ... ဒုတိယတပ်မှူးကျန်း အခု အားတယ်မလား..."

ကျူးချင်ချင်က မျက်လုံးများကို ကလည်ကလည် လုပ်လိုက်ပြီး ချွဲနွဲ့သော အသံလေးဖြင့် မေးလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က တွေ့ခဲ့ရသည့် မာနကြီးပြီး ရိုင်းစိုင်းသော အမူအရာမျိုးကို လုံးဝ မတွေ့ရတော့ပေ။

"သခင်မလေး ပျင်းနေရင် စာအုပ် ဖတ်လို့ ရပါတယ်... ဒါမှမဟုတ်ရင်လည်း ခဏလောက် အိပ်လိုက်ပါလား..."

ကျူးချင်ချင်၏ ရုပ်ရည်က မဆိုးလှသော်လည်း ပျမ်းမျှထက် အနည်းငယ်သာ ပိုကောင်းရုံသာ ရှိသည်။ ထို့အပြင် ပထမဆုံး အကြိမ် တွေ့ဆုံစဉ်က အမြင်မကြည်ခဲ့သဖြင့် တပ်မှူးချုပ်ကျူးက သူ့ကို အရိပ်အမြွက် ပြထားခဲ့လျှင်တောင်မှ ကျန်းချဲ့၏ ရင်ထဲတွင် မည်သည့် ခံစားချက်မျှ မရှိသလို သူမနှင့်လည်း အရှုပ်အရှင်း မလုပ်ချင်ပေ။

ကျူးချင်ချင်က နှုတ်ခမ်းကိုမဲ့လိုက်ပြီး ကျန်းချဲ့က ဖမ်းချင်လျက်နှင့် လွှတ်ထားသည့် သဘောမျိုး လုပ်နေသည်ဟု ရင်ထဲတွင် တွေးလိုက်သည်။

သူမ၏ အမြင်တွင် ဖခင်ဖြစ်သူ၏ စာထဲ၌ အတိအလင်း ရေးသားထားချက် ရှိနေသည့်အပြင် ကျန်းချဲ့ ကိုယ်တိုင်က အစောင့်အရှောက် လိုက်ပါလာခြင်းဖြစ်ရာ သူက သူမကို သေချာပေါက် စိတ်ဝင်စားနေမည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော် တကယ်တမ်း လက်တွေ့တွင်မူ ခရီးစထွက်လာသည်မှ နေ့ဝက်ခန့် ကြာမြင့်လာသည်အထိ တစ်ဖက်လူက သူမထံသို့ ချဉ်းကပ်ရန် အရိပ်အယောင် လုံးဝ မပြခဲ့ပေ။

သူ့စိတ်ထဲတွင် လုံခြုံရေးကိုသာ အာရုံစိုက်နေပြီး သူ၏ စွမ်းဆောင်ရည်ကို ထုတ်ပြနေခြင်းသာ ဖြစ်သည်။

သူမ နေ့ဝက်ခန့် စောင့်ဆိုင်းခဲ့သော်လည်း နောက်ဆုံးတွင် သူမ၏ ရင်ထဲရှိ ဂနာမငြိမ်ဖြစ်မှုများကို မထိန်းချုပ်နိုင်တော့ဘဲ ကိုယ်တိုင် အရင်စတင်ကာ သူ့ကို လှမ်းခေါ်လိုက်ရခြင်း ဖြစ်သည်။

ထိုသို့ ပြုလုပ်ရခြင်းက ကျန်းချဲ့ကို သူမ အလွန်အမင်း သဘောကျနေ၍ မဟုတ်ပေ။ ထိုညက ကတော်ကျူးအား သူမ ပြောခဲ့သည့် စကားများမှာ သူမ၏ အမှန်တကယ် ရင်တွင်းခံစားချက်များသာ ဖြစ်သည်။ သို့သော် ယောက်ျားတစ်ယောက်က သူမ၏ နောက်မှ တကောက်ကောက်လိုက်ကာ အမြဲတမ်း မြှောက်ပင့်ဖော်လံဖားနေမည်ကို မလိုလားဘူးဟုတော့ မဆိုလိုပေ။

သို့သော် ယခု အခြေအနေကတော့ သူမကို အနည်းငယ် စိတ်ပျက်သွားစေသည်။

"ဒုတိယတပ်မှူးကျန်း ယန်ဂူခရိုင်ကို ရောက်ဖူးလား..."

ကျူးချင်ချင်က စိတ်ကို တည်ငြိမ်အောင်ထားကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"ကျွန်တော်က ယန်ဂူခရိုင် ဇာတိပါ..."

"အဲဒီမှာ လည်စရာပတ်စရာ နေရာကောင်းတွေ ရှိလား..."

"ချင်းလင်မြစ်ရဲ့ ရှုခင်းတွေကတော့ မဆိုးပါဘူး... နောက်ပိုင်း အခွင့်အရေးရရင် သခင်မလေး သွားကြည့်လို့ ရပါတယ်..."

"ချင်းလင်မြစ်..."

ကျူးချင်ချင်က မျက်လုံးများကို ကလည်ကလည် လုပ်လိုက်ပြီး ကျန်းချဲ့၏ နောက်ခံကို မသိချင်ယောင်ဆောင်ကာ ဆက်မေးလိုက်သည်။

"ဒုတိယတပ်မှူးကျန်းက ယန်ဂူခရိုင်ကဆိုတော့... မိသားစု နောက်ခံကလည်း သာမန် မဟုတ်ဘူး ထင်တယ်..."

ကျန်းချဲ့က ခေါင်းယမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ကာ အရာအားလုံး ဘေးကင်းလုံခြုံကြောင်း အတည်ပြုပြီးနောက် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"စစ်ထဲမဝင်ခင်တုန်းက ကျွန်တော်က တံငါသည် တစ်ယောက်ပါ... ပုံမှန်ဆို ချင်းလင်မြစ်ထဲမှာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်း ပြုပါတယ်..."

"ဪ... ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်း ပြုတာကိုး... ဒါကြောင့် ဒုတိယတပ်မှူးကျန်းက ချင်းလင်မြစ်ရဲ့ ရှုခင်းတွေကို ဒီလောက်တောင် ရင်းနှီးနေတာကိုး... အင်း... နင့်လို နောက်ခံနိမ့်ကျတဲ့ လူတစ်ယောက်က အနိုင်ကျင့် မခံခဲ့ရဘူးလား... ပြီးတော့ ဒုတိယတပ်မှူး နေရာအထိ ဘယ်လိုများ တွားသွားပြီး တက်လာခဲ့တာလဲ..."

ကျူးချင်ချင်က မျက်လုံးများကို ပြူးကျယ်ထားပြီး 'တွားသွား' ဆိုသည့် စကားလုံးပေါ်တွင် အသံကို ပိုမို ဖိ၍ ပြောလိုက်သည်။ ကျန်းချဲ့ မည်သို့ တုံ့ပြန်လာမည်ကို သူမ အလွန် သိချင်နေပေသည်။

သူမ၏ ဆိုလိုရင်းကို ကျန်းချဲ့က သဘာဝကျကျပင် နားလည်လိုက်သည်။ သူက ခေါင်းလှည့်ကာ သူမကို အဓိပ္ပာယ်ပါပါ တစ်ချက် စိုက်ကြည့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

"နောက်ခံနိမ့်ကျခြင်းက ရှက်စရာ မဟုတ်ပါဘူး... လိုအပ်ရင် ခေါင်းငုံ့ခံနိုင်ပြီး အချိန်တန်ရင် မတ်မတ်ရပ်နိုင်မှ တကယ့် ယောက်ျားကောင်းလို့ ခေါ်တာပါ... အတိတ်က ကိစ္စတွေကို ကျွန်တော် ဘယ်တော့မှ စိတ်ထဲမထားပါဘူး... ကျွန်တော် အလေးထားတာက အနာဂတ်ပါ..."

ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူက ခြေထောက်နှစ်ဖက်ဖြင့် မြင်းဗိုက်ကို ညှပ်ကာ မြင်းကို ရှေ့သို့ နှင်သွားလိုက်သည်။

ကျူးချင်ချင် တစ်ယောက်တည်းသာ လှည်းလိုက်ကာကို ဆွဲထားဆဲ အနေအထားဖြင့် ကျန်ရစ်ခဲ့ပြီး နှုတ်ခမ်းများမှ တီးတိုး ရေရွတ်လိုက်သည်။

"နောက်ခံနိမ့်ကျခြင်းက ရှက်စရာ မဟုတ်ဘူး... လိုအပ်ရင် ခေါင်းငုံ့ခံနိုင်ပြီး အချိန်တန်ရင် မတ်မတ်ရပ်နိုင်မှ တကယ့် ယောက်ျားကောင်းလို့ ခေါ်တာပါတဲ့လား..."

"ချင်အာ... အရှုပ်မလုပ်စမ်းနဲ့... အဲဒီညက သမီး ဘယ်လို ပြောခဲ့လဲ... အခု ဘာဖြစ်လို့ ဒီကိစ္စတွေကို သွားပြောနေရတာလဲ..."

သူတို့ နှစ်ယောက်၏ စကားပြောသံများကို ကတော်ကျူးက အစအဆုံး နားထောင်နေခဲ့ပြီး သူမ၏ မျက်မှောင်များမှာလည်း စောစောကတည်းက ကြုတ်ထားခဲ့ပြီး ဖြစ်သည်။

သူမသည် မျိုးရိုးမြင့် မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ငယ်စဉ်ကတည်းက စာပေကျမ်းဂန်များကို လေ့လာသင်ယူခဲ့သူ ဖြစ်ရာ သမီးဖြစ်သူ၏ အကျင့်စာရိတ္တ မကောင်းမွန်သော လုပ်ရပ်များကို လုံးဝ ကြည့်မရပေ။

ကျန်းချဲ့သည် သူတို့အပေါ် မည်သည့် ရန်ငြိုးမျှ မရှိသည့်အပြင် သစ္စာရှိရှိဖြင့် တာဝန်ထမ်းဆောင်ပေးနေသူ ဖြစ်ရာ မည်သို့များ နှိမ်ချသော စကားများကို ပြောဆိုရက်ရသနည်း။

မရည်ရွယ်ဘဲ ပြောမိသော စကားများကြောင့် ပြဿနာများ ဖြစ်ပေါ်လာပြီး အခြားသူများ၏ ရင်ထဲတွင် ရန်ငြိုးများ ဖွဲ့တည်သွားစေသည့် ဖြစ်ရပ်များကို သူမ မြင်တွေ့ခဲ့ရသည်မှာ များပြားလှပေပြီ။

ကျူးချင်ချင် သတိပြန်ဝင်လာပြီးနောက် ထူးထူးခြားခြားပင် မိခင်ဖြစ်သူ၏ စကားများကို ပြန်လည် ချေပခြင်း မပြုတော့ဘဲ လှည်းလိုက်ကာကို ချကာ တိတ်ဆိတ်သွားတော့သည်။

"ယန်ဂူခရိုင် မြို့ထဲကိုရောက်ဖို့ အချိန်ဘယ်လောက် လိုသေးလဲ..."

ကျန်းချဲ့က စစ်သည် တစ်ယောက်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ သူသည် ယန်ဂူခရိုင်တွင် မွေးဖွားသူ ဖြစ်သော်လည်း ဤလမ်းကြောင်းများနှင့် ပတ်သက်၍ သေချာ မသိရှိပေ။ အမှန်တကယ်ဆိုလျှင် ထိုစစ်သည်များလောက်ပင် မသိရှိပေ။

"အစီရင်ခံပါတယ် တပ်မှူး... အခု လက်ရှိ သွားနေတဲ့ အရှိန်နဲ့ဆိုရင် နောက်ထပ် အချိန်သုံးယံ(ခြောက်နာရီ)လောက် ခရီးဆက်နှင်ရပါဦးမယ်..."

"အင်း..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာက တည်ငြိမ်နေပေသည်။

ကျူးကျားပေါင်မှ စတင် ထွက်ခွာလာသည်မှာ ယခုဆိုလျှင် တစ်ရက်ခွဲခန့် အချိန် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ပေါ့ပေါ့ပါးပါး ခရီးသွားမည်ဆိုပါက တစ်ရက်ပင် မကြာဘဲ ရောက်ရှိနိုင်မည် ဖြစ်သော်လည်း ယခုခရီးစဉ်တွင် မြင်းလှည်းများကို အဓိက အသုံးပြုထားသဖြင့် အစိုးရ လမ်းမကြီးကိုသာ ရွေးချယ်သွားလာနေရသည်။

လမ်းတစ်လျှောက်လုံးတွင် သူက အလွန် သတိထားနေခဲ့ပြီး လမ်းတစ်လျှောက် အမှတ်အသားများ ချန်ထားခဲ့ကာ စစ်သည်များကိုလည်း ပတ်ဝန်းကျင်သို့ ကင်းထောက်ရန် စေလွှတ်ထားခဲ့သည်။ သို့သော် အကူအညီ တောင်းရန် သွားသော ရွှီဆန်းအာမှာ ယခုအချိန်အထိ ပြန်မလာသေးပေ။ ယခု အခြေအနေကို ကြည့်ရသည်မှာ ထိုအကူအညီများကို အသုံးပြုစရာပင် လိုတော့မည် မဟုတ်ပေ။

လှည်းယာဉ်တန်းကြီးက ဖြည်းညင်းစွာ ဆက်လက် ထွက်ခွာလာခဲ့သည်။ ကျန်းချဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေရင်း ရုတ်တရက် သူက လက်ကို အလျင်အမြန် မြှောက်ကာ အသံကို နှိမ့်၍ အမိန့်ပေးလိုက်သည်။

"ရပ်လိုက်…”

All Chapters