အခန်း ၂၁
Vol. 3 Ch. 21
အခန်း (၂၁) ဂိုပုရန်
"သေချင်နေတာပဲ..."
ဆုန့်ကျိ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
ကျန်းချဲ့က လုံးဝ အလှည့်စားမခံသည်ကို မြင်သောအခါ သူ အချိန်ဆက်ဆွဲနေရန် မလိုတော့ကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူက ချက်ချင်းပင် အမိန့်ပေးလိုက်ရာ မြားတံများက လေထုကိုခွင်းကာ လှည်းယာဉ်တန်းဆီသို့ အဆက်မပြတ် ပျံသန်းလာတော့သည်။
တစ်ချိန်တည်းမှာပင် လှည်းယာဉ်တန်း၏ နောက်ဘက်ရှိ မြင်းစီးသမား ဆယ်ယောက်ခန့်ကလည်း တိုက်ပွဲဝင်ရန် ဂအသင့်ပြင်လိုက်ကြသည်။ မြားမိုး ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် သူတို့က ချက်ချင်း ဝင်ရောက် တိုက်ခိုက်ကြတော့မည် ဖြစ်သည်။
ဤသည်မှာ သာမန် လုယက်မှု မဟုတ်ဘဲ အမြစ်ဖြတ် သတ်ဖြတ်မည့် အစီအစဉ်ပင် ဖြစ်ပေသည်။
"အားလုံးပဲ... လှည်းယာဉ်တန်းကို အကာအကွယ်ယူပြီး ခံစစ်ပြင်ထား... ဒီနေ့ ကတော်ကျူးကို အသက်ပေးပြီး ကာကွယ်ရမယ်..."
ကျန်းချဲ့က လက်ကိုမြှောက်ကာ မြားတစ်စင်းကို ဓားဖြင့် ရိုက်ချလိုက်ရင်း ပတ်ဝန်းကျင်သို့ အော်ဟစ် အမိန့်ပေးလိုက်သည်။
တောင်ပေါ်ဓားပြများ ပစ်ခတ်သော မြားများမှာ အားပျော့လှပြီး ပြင်းထန်သော အဟုန် မပါဝင်ပေ။
ယခုအခါ သူ၏ နွားရိုင်းအားအင်ကျင့်စဉ်မှာ အဆင့်ငယ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ ခွန်အားက ကျင်းရာဂဏန်းအထိ ရှိနေပေပြီ။ ထို့ကြောင့် သူက သတိထားနေသရွေ့ တစ်ဖက်လူများက သူ့ကို လုံးဝ ထိမှန်အောင် မပစ်နိုင်ပေ။ သူ အမှန်တကယ် စိုးရိမ်နေသည်မှာ မြားမိုးစဲသွားပြီးနောက် ဝင်ရောက်လာမည့် လူအုပ်ကြီး၏ ထိုးစစ်ကိုပင် ဖြစ်သည်။
ကျူးမိသားစု၏ အစောင့်အရှောက်များမှာ လယ်သမားများကိုသာ စုစည်းထားခြင်း ဖြစ်သဖြင့် ဟန်ရေးပြရုံသာ အသုံးဝင်ပြီး တကယ့် တိုက်ပွဲတွင်မူ လုံးဝ အသုံးမကျပေ။
ယခုအချိန်၌ပင် စနစ်တကျ လေ့ကျင့်ထားသော ပင်မတပ်ရင်းမှ ဝါရင့်စစ်သည်များက မြားများကို လျင်မြန်ဖြတ်လတ်စွာ ရှောင်တိမ်းနေနိုင်သော်လည်း ထိုအစောင့်အရှောက်များကမူ အချိန်မီ မရှောင်တိမ်းနိုင်ကြသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် လူအများအပြား မြားထိမှန်ကာ လဲကျသွားကြလေပြီ။
အမှန်တကယ် အားကိုးရမည်မှာ သူ၏ လက်အောက်ရှိ ဝါရင့်စစ်သည် အယောက်နှစ်ဆယ်သာ ဖြစ်ပေသည်။
ဤလူများမှာ ဖုန်းတပ်ရင်းမှ စစ်သည်များသာ ဖြစ်သော်လည်း နေ့စဉ်ရက်ဆက် စနစ်တကျ လေ့ကျင့်ထားသူများ ဖြစ်ကြသည်။ သူတို့ထဲမှ အများစုမှာ သိုင်းပညာကိုပင် စတင် လေ့ကျင့်နေကြပြီ ဖြစ်ရာ တစ်ဖက်မှ ဖရိုဖရဲ ဖြစ်နေသော တောင်ပေါ်ဓားပြများထက်တော့ အများကြီး သာလွန်လှပေသည်။
မြားများက မိုးပေါက်များကဲ့သို့ ဖရိုဖရဲ ကျဆင်းနေသဖြင့် ရှေ့သို့ တက်၍ မရနိုင်သေးပေ။ ထို့ကြောင့် ကျန်းချဲ့က မြင်းပေါ်မှ ဆင်းလိုက်ပြီး စစ်သည်အချို့နှင့်အတူ စုဝေးလိုက်သည်။
သူက မြင်းလှည်းပေါ်မှ သစ်သားပြား တစ်ချပ်ကို ဖြုတ်ယူကာ ဒိုင်းကာအဖြစ် အသုံးပြုလိုက်သည်။ ယခင်က မာနကြီးလှသော ကျူးချင်ချင်မှာမူ ယခုအခါတွင် အကြောက်လွန်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး ကျန်းချဲ့၏ နောက်ကျောတွင် ခေါင်းငုံ့ကာ ပုန်းကွယ်နေတော့သည်။
"ကတော်... အဆင်ပြေရဲ့လား..."
ကျန်းချဲ့တို့ လူစုမှာ မြားများကို ကာကွယ်ရင်း နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာလာကြရာ မြင်းလှည်း၏ အနီးသို့ ရောက်ရှိလာကြသည်။ ကျန်းချဲ့က မြင်းလှည်းထဲတွင် ခေါင်းပင် မဖော်ရဲဘဲ မှောက်လျက်သား ပုန်းနေသော ကတော်ကျူးကို ကြည့်ကာ အလျင်အမြန် မေးလိုက်သည်။
"တပ်မှူးကျန်း... တကယ်လို့ အခြေအနေ မကောင်းတော့ဘူးဆိုရင် ကျွန်မသမီး အရင်က ရိုင်းစိုင်းခဲ့တာတွေကို စိတ်ထဲမထားဘဲ သူ့ကို ခေါ်ပြီး အရင်ထွက်သွားပေးပါ... ကျွန်မကို ဂရုစိုက်စရာ မလိုပါဘူး..."
ကတော်ကျူးက ခေါင်းမော့ကာ အသနားခံသည့် လေသံဖြင့် ပြောလိုက်သည်။
"ကတော် ဘာမှ စိတ်မပူပါနဲ့..."
ကျန်းချဲ့က ခေါင်းညိတ်ပြလိုက်သည်။
အသက်သုံးဆယ်ရှူခန့် အချိန်ကြာပြီးနောက် တောင်ပေါ်ဓားပြများ၏ မြားမိုးရွာချမှုက တဖြည်းဖြည်း ရပ်တန့်သွားသည်။ ကျန်းချဲ့တို့ဘက်မှ စစ်သည်များ၏ မြားများလည်း ကုန်ခါနီး ဖြစ်နေလေပြီ။ အသေအပျောက်မှာလည်း မနည်းလှပေ။ စစ်သည် အတော်များများမှာ မြားထိမှန်ကာ ဒဏ်ရာများ ရရှိထားကြသည်။
ကျူးမိသားစု၏ အစောင့်အရှောက် တစ်ဝက်ခန့်မှာ မြေပြင်ပေါ်တွင် လဲကျနေပြီး အချို့မှာမူ လက်နက်များကို ပစ်ချကာ မြေပြင်ပေါ်တွင် ဝပ်နေကြလေပြီ။ တိုက်ခိုက်ရန် သတ္တိရှိသေးသူမှာ လက်တစ်ဖက်စာ အရေအတွက်ပင် မပြည့်တော့ပေ။
"တိုက်ကြ... တစ်ယောက်မှ အရှင်မထားနဲ့..."
ဆုန့်ကျိက အသံကုန် ဟစ်အော်လိုက်ရာ ဓားပြ တစ်ရာကျော်က နောက်ဆုံး အချီအဖြစ် စတင် ဝင်ရောက် တိုက်ခိုက်ကြတော့သည်။
ကျန်းချဲ့က မြင်းဇက်ကြိုးကို ဆွဲကာ မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး ကျူးချင်ချင်ကိုပါ တစ်ပါတည်း ဆွဲတင်လိုက်သည်။ ထို့နောက် အသံကို နှိမ့်၍ ပြောလိုက်သည်။
"မကြောက်နဲ့... ငါ့ကို တင်းတင်းကျပ်ကျပ် ဖက်ထား..."
"ကျေး... ကျေးဇူးတင်ပါတယ်..."
ကျူးချင်ချင်၏ ရင်ထဲတွင် အတိုင်းမသိ ကျေးဇူးတင်မှုများ လွှမ်းမိုးသွားခဲ့သည်။
သို့သော် ကျန်းချဲ့က သူမကို မြားကာရန် အသားတုံးဒိုင်းကာ အဖြစ် အသုံးပြုမည်ကို သူမ လုံးဝ မသိရှိခဲ့ပေ။ ဤသို့ ပြုလုပ်ခြင်းဖြင့် အကယ်၍ နောက်ပိုင်းတွင် အခြေအနေ ပြောင်းလဲသွားပါက သူ၏ အပြစ်မှာ သိပ်ကြီးမားမည် မဟုတ်တော့ပေ။ မည်သို့ပင်ဆိုစေ သူက သခင်မလေးကို ခေါ်ဆောင်ကာ ဖောက်ထွက်ရန် ကြိုးစားခဲ့သည် မဟုတ်ပါလား။
"တိုက်မယ်..."
ကျန်းချဲ့က ဓားရှည်ဖြင့် ချိန်ရွယ်လိုက်ရာ စစ်သည် ဆယ်ယောက်ကျော်က မြင်းပေါ်သို့ တက်ကာ တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်ကြသည်။
ယခင်က သူတို့သည် အရန်စစ်သည်တပ်ဖွဲ့မှ ရာထူးတက်လာသော ကျန်းချဲ့၏ အမိန့်များကို နာခံရန် သိပ်ပြီး သဘောမကျခဲ့ကြပေ။ သို့သော် စောစောက အေးစက်တည်ငြိမ်စွာ ညွှန်ကြားနိုင်ခဲ့မှုကြောင့် ယခုအခါ စစ်သည်များအားလုံးက သူ့ကို အားကိုးရာ မဏ္ဍိုင်ကြီးတစ်ခုအဖြစ် အပြည့်အဝ ယုံကြည်သွားကြလေပြီ။
"ငါ လမ်းရှင်းပေးမယ်..."
ကန်းတာပြောင်က သုံးပေခန့် ရှည်လျားသော သစ်သားပြားကြီး တစ်ခုကို ပိုက်ကာ အရှေ့ဆုံးမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် ဦးဆောင် တက်သွားလေသည်။
"ထွက်ပြေးဖို့များ အိပ်မက် မက်နေတာလား..."
ဆုန့်ကျိက ကျန်းချဲ့၏ အကြံအစည်ကို ရိပ်မိသွားပြီး အေးစက်စွာ ရယ်မောလိုက်သည်။ ထက်မြက်သော ဓားပြ တစ်ရာကျော်က ဝိုင်းရံထားသည့် ကြားမှ ကျန်းချဲ့တို့ လူစုကို ထွက်ပြေးခွင့်ပြုလိုက်မည်ဆိုပါက သူ့ကို အထင်သေးရာ ကျလွန်းပေလိမ့်မည်။
အမိန့်ပေးသံ အဆုံးတွင် ဓားပြ တစ်ရာကျော်က အနီးသို့ ချဉ်းကပ်လာပြီး နှစ်ဖက် အင်အားစုများ အနီးကပ် သွေးထွက်သံယို တိုက်ပွဲ စတင်တော့သည်။
ဆုန့်ကျိက ကျန်းချဲ့နှင့် သူ၏ အနောက်တွင်ရှိသော ကျူးချင်ချင်ကို ပစ်မှတ်ထားလိုက်သည်။ သူက မြေပြင်မှနေ၍ လေထဲသို့ တစ်လံကျော်ခန့် တစ်ဟုန်ထိုး ခုန်တက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချဲ့၏ အနီးသို့ ရောက်ရှိလာသည်။
သူ၏ လက်ဝါးများက စိမ်းပြာရောင် သန်းနေပြီး ဧရာမ တောင်ကြီး တစ်တောင် ဖိချလိုက်သည့်အလား ပြင်းထန်သော အဟုန်ဖြင့် ရိုက်ချလိုက်သည်။
''ဒိုင်း...''
လူ့အသားဖြင့် ဖွဲ့စည်းထားသော လက်ဝါးနှင့် သံမဏိ ဓားရှည်တို့ ရိုက်ခတ်သွားသော်လည်း သတ္တုချင်း ထိခိုက်မိသကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုလက်ဝါးမှ ပါလာသော ကြီးမားလှသည့် ခွန်အားကြောင့် ကျန်းချဲ့၏ သွေးလေများ လှုပ်ရှားသွားပြီး သူ စီးနင်းထားသော မြင်းပင်လျှင် ယိုင်နဲ့သွားခဲ့သည်။
တစ်ဖက်လူ၏ စွမ်းအားက သူ့ထက် အဆပေါင်းများစွာ သာလွန်နေပေသည်။
"သေစမ်း..."
ဆုန့်ကျိက လေထဲတွင် ကိုယ်ကိုလှည့်ကာ သစ်ပင်စည်ကို နင်း၍ အားယူပြီးနောက် နောက်တစ်ကြိမ် ထပ်မံ ထိုးနှက်လာပြန်သည်။
ကျန်းချဲ့၏ မျက်နှာက လေးနက်သွားပြီး ကျူးချင်ချင်ကို အကာအကွယ်အဖြစ် အသုံးပြုရန် ချက်ချင်း ပြင်လိုက်သည်။ သို့သော် သူ မလှုပ်ရှားရသေးမီမှာပင် အဝေးမှ လွင့်စင်လာသော ဖုန်တလုံးလုံးကို မျက်လုံးထောင့်မှနေ၍ လှမ်းမြင်လိုက်ရသည်။
ထိုဖုန်လုံးကြီးများကြားတွင် ကျူး ဟူသော စာလုံးကို ရေးထိုးထားသည့် အလံတစ်ခုက ဝေဝါးစွာ လွင့်ကဲနေပေသည်။
သူ၏ အတွေးများက လျင်မြန်စွာ ပြောင်းလဲသွားသည်။ ကျန်းချဲ့က လက်တစ်ဖက်ဖြင့် ကျူးချင်ချင်ကို ဖိချထားလိုက်ပြီး ဆုန့်ကျိကို လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။
''ဘန်း...''
လက်သီးနှင့် လက်ဝါး ထိခိုက်သံ ထွက်ပေါ်လာပြီးနောက် ဆုန့်ကျိမှာ အနောက်သို့ လွင့်စင်သွားခဲ့သည်။ သို့သော် ကျန်းချဲ့ စီးနင်းထားသော မြင်းမှာမူ ဒူးထောက် လဲကျသွားခဲ့ပြီး သူကိုယ်တိုင်လည်း မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လိမ့်ကျသွားခဲ့သည်။
သူ၏ လက်မောင်းမှာ အလွန်အမင်း နာကျင်နေပြီး ပြင်းထန်သော တုန်ခါမှုကြောင့် ဒဏ်ရာရသွားခဲ့သည်မှာ သေချာလှပေသည်။
သို့သော် သူတို့နှစ်ဦး တိုက်ခိုက်နေသည့် အချိန်လေးအတွင်းမှာပင် အဝေးမှ စစ်ကူများက အနီးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
''ရွှီး... ရွှီး...''
လေကိုခွင်းကာ ပျံသန်းလာသော မြားတံများကြောင့် ဓားပြ အများအပြားမှာ ပွဲချင်းပြီး သေဆုံးသွားကြလေသည်။
ဆုန့်ကျိ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ ဤကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်လာမည်ကို သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူက ကျန်းချဲ့ကို မကျေမနပ်ဖြင့် တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် လုံးဝ တွန့်ဆုတ်မနေတော့ဘဲ မြင်းတစ်ကောင်ကို လုယူကာ အလျင်အမြန် ထွက်ပြေးတော့သည်။
ထွက်ပြေးနေစဉ်အတွင်း သူက အသံကျယ်ကြီးဖြင့် အော်ဟစ်သွားခဲ့သည်။
"ဆုတ်... မြန်မြန်ဆုတ်..."
တကယ်တမ်းတွင် ဆုန့်ကျိ၏ အမိန့်ပင် မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် များပြားလှသော စစ်သည်များ ရောက်ရှိလာသည်ကို မြင်လိုက်ရကတည်းက မျက်စိရှင်သော ဓားပြများက ထွက်ပြေးနေကြပြီ ဖြစ်သည်။ တစ်ယောက်က စတင် ပြေးသည်နှင့် ကျန်လူများကလည်း ဖရိုဖရဲ ထွက်ပြေးကြတော့သည်။
"ကျန်းချဲ့... ကျန်းချဲ့... အဆင်ပြေရဲ့လား..."
မြင်းလဲကျသွားသဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာသော ကျူးချင်ချင်မှာ ဖုန်လုံးများကြားတွင် လူးလှိမ့်နေခဲ့ရသည်။ သူမက ကျန်းချဲ့ သူ၏ လက်မောင်းကို ကိုင်ထားသည်ကို မြင်သောအခါ အလျင်အမြန် ပြေးသွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်..."
"ခုနကကိစ္စ... တကယ် ကျေးဇူးတင်ပါတယ်..."
ကျူးချင်ချင်က ခေါင်းငုံ့ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
ဆုန့်ကျိ၏ လက်သီးမှ ထွက်ပေါ်လာသော လေပြင်းက သူမ၏ ပါးပြင်ကိုပင် ဖြတ်တိုက်သွားခဲ့သည် မဟုတ်ပါလား။ ထိုအချိန်က သူမ အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ဝိညာဉ်ပင် လွင့်ထွက်သွားမတတ် ဖြစ်ခဲ့ရသည်။ အကယ်၍ ကျန်းချဲ့ကသာ သူမကို ဆွဲမချထားခဲ့လျှင် သူမ သေချာပေါက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ သူမ၏ ရင်ထဲတွင် ယခင်က ရှိခဲ့ဖူးသော အထင်သေးမှုများ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သေမင်းနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ ကျေးဇူးတင်မှု တစ်ခုတည်းသာ ကျန်ရှိနေတော့သည်။
ကျန်းချဲ့၏ အကြည့်များက လိုက်လံတိုက်ခိုက်နေသော စစ်ကူများဆီသို့ ရောက်နေပြီး သူ၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
"သခင်မလေးကျူး ဘာမှမဖြစ်ရင် တော်ပါပြီ..."
ကျူးချင်ချင်၏ ကံကောင်းမှုကို သူ ရင်ထဲမှ ချီးကျူးနေမိသည်။ အကယ်၍ စစ်ကူများ ရောက်လာသည်ကိုသာ သူ မမြင်ခဲ့ပါက သူမကို အသားတုံး ဒိုင်းကာအဖြစ် သေချာပေါက် အသုံးပြုခဲ့မည် ဖြစ်သည်။ အကယ်၍ သူမသာ ထိုတိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်ခဲ့ပါက သူ ထွက်ပြေးလွတ်မြောက်ရန် သေချာသလောက် ရှိပေသည်။
သို့သော် အရာရာက မျှော်လင့်မထားသည့်အတိုင်း ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလား။
စစ်ကူများက ဓားပြများကို ဆက်လက် လိုက်လံ တိုက်ခိုက်နေကြစဉ် ကျန်းချဲ့က ထိခိုက်ဒဏ်ရာ ရရှိမှုများကို စတင် စစ်ဆေးလိုက်သည်။
သူနှင့်အတူ လိုက်ပါလာသော ဝါရင့်စစ်သည် အယောက်နှစ်ဆယ်တွင် တစ်ဝက်ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရသွားခဲ့သည်။ ကျူးမိသားစု၏ အစောင့်အရှောက်များထဲတွင် ငါးယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့ပြီး ကျန်လူများအားလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြသည်။
ကတော်ကျူးကတော့ တကယ်ပင် ကံကောင်းလှပေသည်။ သူမက မြင်းလှည်းထဲတွင် မှောက်လျက်သား ပုန်းနေသဖြင့် မည်သူကမျှ သတိမထားမိခဲ့ပေ။ အနည်းငယ် ထိတ်လန့်သွားသည်မှလွဲ၍ သူမ၌ မည်သည့် ထိခိုက်ဒဏ်ရာမျှ မရှိခဲ့ပေ။
ကန်းတာပြောင်၏ လက်မောင်းတွင်မူ ဒဏ်ရာအနည်းငယ် ရသွားခဲ့ပြီး ယခုအချိန်တွင် ပတ်တီး စည်းနှောင်နေပေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် စစ်ကူများ ပြန်လည် ရောက်ရှိလာကြသည်။ လူအတော်များများ၏ လက်ထဲတွင် သွေးများ စိမ့်ထွက်နေသော အထုပ်များကို ဆွဲကိုင်ထားကြရာ ထိုအထဲတွင် မည်သည့်အရာများ ရှိနေမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။ ကျန်းချဲ့ လုံးဝ ထင်မှတ်မထားခဲ့သည်မှာ ဤတစ်ကြိမ် စစ်ကူများကို ဦးဆောင်လာသူမှာ လျိုကျစ် မဟုတ်ခြင်းပင် ဖြစ်သည်။
သူက ဂိုပုရန် ဖြစ်နေသည်။
ဂိုပုရန်က ကတော်ကျူးကို အရင်ဆုံး အရိုအသေပေးလိုက်ပြီးနောက် ကျန်းချဲ့ရှိရာသို့ တည့်တည့်မတ်မတ် လျှောက်လာခဲ့သည်။ သူ စတင် ပြောလိုက်သည့် ပထမဆုံး စကားမှာ -
"ငါတို့ ထပ်တွေ့ပြန်ပြီနော်... ကျန်းချဲ့ ဟုတ်တယ်မလား..."
"ဟုတ်ပါတယ်... တပ်မှူးဂို..."
ကျန်းချဲ့က ခေါင်းမော့ကာ ပြုံးပြလိုက်သည်။
"မင်းက တော်တော် ပါးနပ်တာပဲ... စစ်ကူတောင်းဖို့ လူကို ကြိုလွှတ်လိုက်တယ်... ငါ လမ်းတစ်လျှောက်လုံး ဘယ်မှ မရပ်ဘဲ လာခဲ့တာတောင် လမ်းမှာ အတားအဆီးလေးတွေ တွေ့လိုက်ရလို့... မဟုတ်ရင် ဒီထက်တောင် စောရောက်ဦးမယ်... ပြီးတော့ ဒီတစ်ခေါက် ငါ မင်းအသက်ကို ကယ်လိုက်တာနော်... ငါ့ကို ဘယ်လို ကျေးဇူးဆပ်မလဲ…”