← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း (၂၂) ယန်ဂူခရိုင်သို့ ပြန်လည်ရောက်ရှိခြင်း

"အရင်က ဂိုပုယီကို သေဒဏ်ပေးတုန်းက... ကျွန်တော်ကိုယ်တိုင် ကြားဝင်ပြီး သူ့ကို မြန်မြန်ဆန်ဆန် အဆုံးသတ်ပေးဖို့ အမိန့်ပေးခဲ့တယ်လေ... ဒါက ကြိုတင်ပြီး ကျေးဇူးဆပ်လိုက်တာ မဟုတ်ဘူးလား..."

သူတို့ နှစ်ယောက်ကြားရှိ ရန်ငြိုးများက စောစောကတည်းက ဖွဲ့တည်နေခဲ့ပြီ ဖြစ်ရာ ဤနေရာတွင် ဟန်ဆောင်ပန်ဆောင် စကားပြောနေရန် သူ့၌ အချိန်မရှိပေ။

ဂိုပုရန်က ကျန်းချဲ့၏ စကားများကြောင့် ဒေါသထွက်သွားခြင်း မရှိဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

"လူငယ်တွေ အရမ်း ရောင့်တက်မနေနဲ့... ဘာမှ အသုံးမဝင်ဘူး..."

"လူငယ်ဆိုမှတော့... ကိုယ်လုပ်ချင်တာကို ပြတ်ပြတ်သားသား လုပ်ရမှာပေါ့..."

ဂိုပုရန်က သူ့ကို စိုက်ကြည့်ကာ တစ်ချက် ပြုံးလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ဂိုပုရန် တဖြည်းဖြည်း ဝေးကွာသွားသော ကျောပြင်ကို ကြည့်ရင်း ကျန်းချဲ့၏ မျက်နှာပေါ်ရှိ အပြုံးများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အကြည့်များက လေးနက်သွားခဲ့သည်။

သူသည် မူလကတည်းက သံသယ များတတ်သူ တစ်ယောက် ဖြစ်သည်။ ယခုတစ်ကြိမ် ဂိုပုရန် ရောက်ရှိလာပုံက အချိန်ကိုက်လွန်းနေပေသည်။ အကယ်၍ နည်းနည်းလောက် စောရောက်ခဲ့လျှင် မည်သည့် သေဆုံးမှုမျှ ရှိမည်မဟုတ်ဘဲ အကယ်၍ နည်းနည်းလောက် နောက်ကျခဲ့လျှင်လည်း ကျူးမိသားစုများ အားလုံး အသက်ခံရမည်မှာ သေချာလှပေသည်။

ထို့အပြင် စောစောက သူ ရှင်းပြခဲ့သည့် အကြောင်းပြချက်များကလည်း သံသယ မဝင်ဘဲ နေ၍ မရနိုင်လောက်အောင် ဖြစ်နေပေသည်။

ဝမ်းနည်းစရာကောင်းသည်မှာ သူ့တွင် မည်သည့် သက်သေအထောက်အထားမှ မရှိခြင်းပင် ဖြစ်သည်။

ကျန်းချဲ့၏ အစီအစဉ်ဖြင့် စစ်သည်များနှင့် ကျူးမိသားစု၏ အစောင့်အရှောက် အလောင်းများကို ထိုနေရာမှာပင် မြှုပ်နှံလိုက်ကြသည်။ ထို့နောက် အချိန်အနည်းငယ် အနားယူပြီးနောက် လူအများစုက ခရီးဆက်ရန် ပြင်ဆင်လိုက်ကြသည်။ ယခင်ကထက် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ် အစောင့်အရှောက် အင်အားမှာ ပိုမို ကြီးမားသွားခဲ့ပြီ ဖြစ်သည်။

"တပ်မှူးကျန်း... ဒီတစ်ခေါက် တကယ်ပဲ ကျေးဇူးတင်ပါတယ်..."

ကတော်ကျူးက ကျန်းချဲ့ကို လူကိုယ်တိုင် လာရောက်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ကျန်းချဲ့က ကျူးချင်ချင်ကို ကယ်တင်ခဲ့သည့် အကြောင်းများကို ကျူးချင်ချင်က သူမအား ပြောပြခဲ့ပြီးပြီ ဖြစ်သည်မှာ သိသာလှပေသည်။

ကျန်းချဲ့က ယဉ်ကျေးစွာဖြင့် ထိုကျေးဇူးတင်စကားကို ငြင်းပယ်လိုက်သည်။

ကတော်ကျူးက မြို့သို့ပြန်ရောက်ပါက ယနေ့ဖြစ်ပျက်ခဲ့သမျှကို တပ်မှူးချုပ်ကျူးအား သေချာပေါက် ပြောပြမည်ဖြစ်ပြီး သူကိုယ်တိုင် ကျေးဇူးဆပ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ ဤသည်မှာလည်း ဆုန့်ကျိ၏ တိုက်ခိုက်မှုကို သူ အရဲစွန့်ကာ ကာကွယ်ပေးခဲ့ရသည့် ရည်ရွယ်ချက်ပင် ဖြစ်ပေသည်။

ချုံခိုတိုက်ခိုက်မှု တစ်ကြိမ် ကြုံတွေ့ခဲ့ရပြီးနောက် လှည်းယာဉ်တန်း တစ်ခုလုံးမှာ ပိုမို သတိဝီရိယ ကြီးမားလာကြသည်။ အစောင့်အရှောက် တာဝန် အများစုကို ဂိုပုရန်က လွှဲပြောင်းယူလိုက်ပြီး သူက အစပိုင်းတွင် ပြောခဲ့သော စကားအချို့မှလွဲ၍ ကျန်းချဲ့ကို ထပ်မံ စကားလာပြောခြင်း မရှိတော့ပေ။

လမ်းတစ်လျှောက်လုံးတွင် အခြေအနေများ ငြိမ်သက်နေခဲ့သော်လည်း ကျန်းချဲ့ကမူ ဝေါ့ဟူတောင်မှ ချုံခိုတိုက်ခိုက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ အမြဲတမ်း စဉ်းစားနေခဲ့သည်။ ဤကိစ္စတွင် ကြီးမားသော ပြဿနာတစ်ခု ရှိနေသည်ဟု သူ အမြဲတမ်း ခံစားနေရသည်။

ဖုန်းတပ်ရင်း၏ တပ်မှူးချုပ်ဖြစ်ပြီး ယခုလေးတင် ယန်ဂူခရိုင်၏ လုံခြုံရေးတပ်မှူးအဖြစ် ခန့်အပ်ခံရသူ တစ်ဦးဖြစ်ရာ တပ်မှူးချုပ်ကျူး၏ မျက်နှာက အနီးတစ်ဝိုက်ရှိ ခရိုင်များတွင် အတော်လေး ဩဇာကြီးမားပေသည်။ သို့သော် ဝေါ့ဟူတောင်မှ ဓားပြများက ထိုမျက်နှာကို လုံးဝ မထောက်ထားဘဲ ဗြောင်ကျကျ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သူ လုံခြုံရေးတပ်မှူး ဖြစ်လာသည့်အခါ ဓားပြများကို လိုက်လံ နှိမ်နင်းမည်ကို သူတို့ မကြောက်ကြဘူးလား။

အကယ်၍ မကြောက်လျှင်တောင် အဘယ်ကြောင့် အကြောင်းမဲ့ သွားရောက် ရန်စနေရသနည်း။

နောက်တစ်ခုက...

ယခုတစ်ကြိမ် တပ်မှူးချုပ်ကျူး၏ မိသားစုကို ယန်ဂူခရိုင်သို့ လိုက်ပို့ရာတွင် လမ်းတစ်လျှောက်လုံး၌ သူက အလွန် တင်းကျပ်စွာ စောင့်ကြပ်နေခဲ့သည်။ ကင်းထောက်ရန် လွှတ်ထားသော စစ်သည်များမှလွဲ၍ မည်သူကမျှ သူ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။

ထိုသို့ဆိုလျှင် တစ်ဖက်လူများက မည်ကဲ့သို့များ ဤမျှ တိကျသော အချိန်နှင့် နေရာကို ရွေးချယ်ကာ ချုံခိုတိုက်ခိုက်နိုင်ခဲ့သနည်း။

ကျူးမိသားစု ပြောင်းရွှေ့မည့် သတင်းကိုလည်း သူက ကတော်ကျူးအား အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ကို သတိပြုရမည် ဖြစ်သည်။

ဤအချက်များက သူ၏ အတွေးများကို ပိုမို နက်ရှိုင်းသွားစေခဲ့သည်။

ယန်ဂူခရိုင်နှင့် ပတ်သက်၍ ကျန်းချဲ့၏ ခံစားချက်မှာ ရင်းနှီးသလိုလို စိမ်းသက်သလိုလို ဖြစ်နေပေသည်။ စိမ်းသက်နေရခြင်းမှာ သူ ဤကမ္ဘာသို့ ကူးပြောင်းလာကတည်းက အရန်စစ်သည်တပ်ဖွဲ့တွင်သာ ရှိနေခဲ့ပြီး ယန်ဂူခရိုင်သို့ တစ်ခါမျှ မရောက်ဖူးသောကြောင့် ဖြစ်သည်။

သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို လက်ခံရရှိထားသဖြင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေခြင်းလည်း ဖြစ်သည်။

မြို့တံခါးဝရှိ ကြီးမားသော 'ယန်ဂူ' ဟူသည့် စာလုံးကြီးကို မြင်လိုက်ရသောအခါ ထိုမှတ်ဉာဏ်များက ခေါင်းထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက်လာခဲ့သည်။

ကျန်းချဲ့သည် ယန်ဂူခရိုင်တွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။ သူ၏ ဘိုးဘွားများ ခေတ်က ယန်ဂူခရိုင်တွင် ချမ်းသာကြွယ်ဝသော သူဌေးကြီးများ ဖြစ်ခဲ့ကြသော်လည်း ဖခင်ဖြစ်သူ လက်ထက်တွင်မူ ပိုင်ဆိုင်မှုများ အားလုံးကို ဖြုန်းတီးပစ်ခဲ့လေသည်။

နောက်ဆုံးတွင် သူ့အတွက် ချန်ထားခဲ့သည်မှာ ပျက်စီးယိုယွင်းနေသော အိမ်အိုလေး အချို့နှင့် ငါးဖမ်းလှေ တစ်စင်းသာ ဖြစ်သည်။

သူ အရန်စစ်သည်အဖြစ် ဖမ်းဆီးခံရစဉ်က အဆက်အသွယ်များကို အသုံးပြုကာ လွတ်မြောက်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် လုံးဝ အသုံးမဝင်ခဲ့သည့်အပြင် ပိုမို တင်းကျပ်စွာ စောင့်ကြည့်ခြင်းကိုပင် ခံခဲ့ရသည်။ သူ၏ လက်ထဲတွင် ကျန်ရှိနေသော ငွေဆယ်လျန်ခန့်ကိုလည်း ဂိုပုယီအား ပေးလိုက်ရသေးသည်။

အကယ်၍ သူသာ ဤကမ္ဘာသို့ ကူးပြောင်းမလာခဲ့လျှင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ အခြေအနေမှာ မည်မျှအထိ ဆိုးရွားသွားနိုင်မည်ကို မှန်းဆကြည့်၍ ရနိုင်ပေသည်။

ရေကြောင်းကုန်သွယ်ရေးဂိုဏ်း...

ဤယန်ဂူခရိုင်၏ အင်အားကြီး ဂိုဏ်းတစ်ခုက သူ့ကို ဤအခြေအနေထိ ရောက်အောင် တွန်းပို့ခဲ့သော အဓိက တရားခံပင် ဖြစ်သည်။

သို့သော် ယနေ့အချိန်အထိ သူ့ကို အသေလိုချင်နေသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို သူ မသိရှိသေးပေ။

တပ်မှူးချုပ်ကျူးက ယန်ဂူခရိုင်တွင် အိမ်တစ်လုံးကို ကြိုတင် ဝယ်ယူထားခဲ့သည်။ ထိုအိမ်မှာ မြို့အရှေ့ပိုင်း ခရိုင်အစိုးရရုံးနှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး အလွန် ကျယ်ဝန်းခမ်းနားလှပေသည်။ တပ်မှူးချုပ်ကျူး ပြောင်းရွှေ့လာမည့် သတင်းကလည်း ပျံ့နှံ့နေပြီဖြစ်ရာ မည်သူကမျှ ပြဿနာ လာရှာရဲမည် မဟုတ်ပေ။

ထိုသို့ဖြင့် နောက်ထပ် နှစ်ရက်ခန့် အကြာတွင် တပ်မှူးချုပ်ကျူးသည် ရာထူးကို တရားဝင် လက်ခံရယူခဲ့ပြီး နောက်ပါ အခြွေအရံ ဆယ်ယောက်ခန့်ဖြင့် ယန်ဂူခရိုင် မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုနေ့က ကျန်းချဲ့နှင့် ကတော်ကျူးတို့ လူစုက မြို့တံခါးဝမှနေ၍ သွားရောက် ကြိုဆိုခဲ့ကြသည်။

ထို့အပြင် ယန်ဂူခရိုင်၏ ခရိုင်ဝန်၊ ဒုတိယခရိုင်ဝန်နှင့် မြို့တွင်းရှိ အရာရှိကြီးများ အားလုံးကလည်း တပ်မှူးချုပ်ကျူးကို အလွန် ကြီးကျယ်ခမ်းနားစွာ ကြိုဆိုခဲ့ကြသည်။ ဤသည်မှာလည်း ကျန်းချဲ့ အနေဖြင့် ယန်ဂူခရိုင်၏ အထက်တန်းလွှာများကို ပထမဆုံး အကြိမ် မြင်တွေ့ရခြင်းပင် ဖြစ်ပေသည်။

"ဒီတစ်ခေါက် မင်းက အချိန်မီ သတိထားမိပြီး အသက်စွန့် ကာကွယ်ပေးခဲ့လို့သာ တော်သေးတာပေါ့... ပြောပါ... မင်း ဘာဆုလာဘ် လိုချင်လဲ..."

ကျူးအိမ်တော်သို့ ပြန်ရောက်ပြီး သိပ်မကြာမီမှာပင် ကျန်းချဲ့သည် တပ်မှူးချုပ်ကျူး၏ စာကြည့်ဆောင်သို့ ခေါ်ယူခြင်း ခံလိုက်ရသည်။

ယနေ့ မွန်းတည့်ချိန်က ယန်ဂူခရိုင်ရှိ အရာရှိကြီးများနှင့် တွေ့ဆုံစဉ်က အပြုံးများဖြင့် ပြည့်နှက်နေသော မျက်နှာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်စွာ တပ်မှူးချုပ်ကျူး၏ မျက်နှာမှာ အလွန်တရာ မည်းမှောင်နေသည်ကို မြင်တွေ့နိုင်ပေသည်။

ဤသည်မှာလည်း လူ့သဘာဝပင် ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ မိမိ၏ မိသားစုကို လမ်းခုလတ်တွင် ချုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့ပါက မည်သူမဆို ဤထက်ပို၍ ဒေါသထွက်နေမည်မှာ သေချာလှပေသည်။

ရင်ထဲတွင် တွက်ဆမှုများစွာ ရှိနေသော်လည်း ကျန်းချဲ့က အပြင်ပန်းတွင်မူ မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်ဟန်ဖြင့် တိုက်ရိုက်ပင် ဖြေကြားလိုက်သည်။

"တပ်မှူးချုပ်က ဒီလောက် အရေးကြီးတဲ့ တာဝန်ကို ကျွန်တော့်ကို ပေးအပ်ထားတာဆိုတော့... ဒါက ကျွန်တော် လုပ်ရမယ့် တာဝန်ပါ..."

"ငါ့ရှေ့မှာ အဲဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး... မင်းက ရာထူးတက်တာ အရမ်း မြန်နေတယ်... လုပ်သက်နဲ့ စွမ်းဆောင်ချက်ကလည်း မရှိသေးတော့ တပ်မှူးရာထူးကို ပေးဖို့ကတော့ မဖြစ်နိုင်သေးဘူး... ဒါပေမဲ့ ငွေကြေးတချို့ကိုတော့ ဆုချလို့ ရပါတယ်... မငြင်းနဲ့နော်..."

ချုံခိုတိုက်ခိုက်မှု တစ်ကြိမ် ကြုံတွေ့ခဲ့ရပြီးနောက် တပ်မှူးချုပ်ကျူးနှင့် ကျန်းချဲ့တို့ကြားရှိ ဆက်ဆံရေးမှာ ပိုမို ရင်းနှီးသွားခဲ့ပြီး သူ့ကိုလည်း အလွန် အလေးထားလာပုံ ရပေသည်။

ကျန်းချဲ့က အချိန်ခဏမျှ စဉ်းစားလိုက်ပြီးနောက် အသံကို နှိမ့်ကာ ပြောလိုက်သည်။

"ကျွန်တော့်ကို ငယ်ငယ်ကတည်းက အရမ်း ဂရုစိုက်ခဲ့တဲ့ လူကြီးတစ်ယောက် ရှိပါတယ်... ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က အရမ်း အားနည်းနေတယ်... ဆရာဝန်ကို မေးကြည့်တော့ သမင်သွေးမြက်နဲ့ အရိုးကြံ့ခိုင်ပန်း တချို့ လိုအပ်တယ်လို့ ပြောပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာက ငွေကြေး မလုံလောက်လို့..."

စမ်းကြည့်၍ ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူ အရင်ဆုံး ပြောကြည့်လိုက်ခြင်း ဖြစ်သည်။

ယန်ဂူခရိုင်သို့ ရောက်ရှိပြီး ဤနှစ်ရက်အတွင်း သူ လုံးဝ အနားမယူခဲ့ပေ။ မြို့တွင်းရှိ ဆေးဆိုင် အတော်များများကို သွားရောက်ကာ သမင်သွေးမြက်နှင့် အရိုးကြံ့ခိုင်ပန်းတို့၏ အကြောင်းကို စုံစမ်းခဲ့သည်။

သမင်သွေးမြက်မှာ အလွန် ရှားပါးပြီး တစ်ပင်လျှင် ငွေဆယ်လျန် ပေါက်ဈေး ရှိကြောင်း သိရသည်။

အရိုးကြံ့ခိုင်ပန်းကမူ သိုင်းသမားများ အသုံးပြုသော တန်ဖိုးကြီး ဆေးဖက်ဝင် အပင်ဖြစ်ရာ ဈေးကွက်တွင် ဝယ်ယူ၍ပင် မရနိုင်ပေ။ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူများက ဈေးကြီးပေးကာ ဝယ်ယူသွားတတ်ကြရာ သူ့အနေဖြင့် ရှာဖွေရန်မှာ အလွန် ခက်ခဲလှပေသည်။

"သမင်သွေးမြက်... အရိုးကြံ့ခိုင်ပန်း..."

တပ်မှူးချုပ်ကျူးက ကျန်းချဲ့ကို အဓိပ္ပာယ်ပါပါ ပြုံးကြည့်လိုက်သည်။ သမင်သွေးမြက်က သွေးအားဖြည့်ရန်အတွက် အကောင်းဆုံး ဖြစ်သော်လည်း အရိုးကြံ့ခိုင်ပန်းကမူ ထိုသို့ မဟုတ်ပေ။ ၎င်းသည် သိုင်းသမားများသာ အသုံးပြုသော အရာ ဖြစ်သည်။

သို့သော် သူက ဖွင့်မပြောတော့ဘဲ ဤသို့သာ ပြောလိုက်သည်။

"မင်းက တော်တော် သိတတ်တာပဲ... မနက်ဖြန်ကျရင် သိုလှောင်ရုံမှာ သွားထုတ်လိုက်..."

ထိုပစ္စည်းများမှာ အလွန် တန်ဖိုးကြီးမားသော်လည်း မည်သူ့အတွက် ဆိုသည်အပေါ်တွင် မူတည်ပေသည်။ အနည်းဆုံးတော့ သူ့အတွက် ထိုပစ္စည်းများက သိပ်ပြီး အရေးမပါလှပေ။

"ကျေးဇူးတင်ပါတယ် တပ်မှူးချုပ်..."

ကျန်းချဲ့၏ ရင်ထဲတွင် အလွန် ဝမ်းသာသွားခဲ့သည်။ သူ ဤမျှ ခက်ခဲစွာ လိုက်ပါစောင့်ရှောက်ခဲ့ရသည်မှာ အချည်းနှီး မဖြစ်ခဲ့ပေ။ အခက်ခဲဆုံး အရာကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။

"အဲဒီ ချုံခိုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မင်း ဘယ်လို ထင်လဲ..."

ဆုလာဘ်များ ပေးပြီးနောက် တပ်မှူးချုပ်ကျူးက အဓိက အကြောင်းအရာသို့ ပြန်လှည့်လာခဲ့သည်။

ကျန်းချဲ့က ခေါင်းမော့ကာ လေးနက်သော လေသံဖြင့် ဖြေလိုက်သည်။

"ကျွန်တော့် အထင်တော့... ဒါက ယန်ဂူခရိုင်က လူတွေက ကျွန်တော်တို့ကို အစမ်းသပ်ခံ ခိုင်းလိုက်တာ ဖြစ်နိုင်ပါတယ်..."

ထို့နောက် လမ်းတစ်လျှောက် သူ စဉ်းစားထားမိသမျှကို အသေးစိတ် ရှင်းပြလိုက်သည်။

သို့သော် ထိုကိစ္စကို ဂိုပုရန်နှင့် သွားရောက် မပတ်သက်မိစေရန် သူ သတိထားခဲ့သည်။ ဒုတိယတပ်မှူး တစ်ယောက်အနေဖြင့် သက်သေ အထောက်အထား မရှိဘဲ စကားကို လွတ်လွတ်လပ်လပ် မပြောဆိုဝံ့ပေ။

ယခင်က ဂိုပုယီကို လုပ်ကြံခဲ့သကဲ့သို့ ယခုတစ်ကြိမ် ဂိုပုရန်ကို ထိုနည်းလမ်းမျိုးဖြင့် လုပ်ကြံ၍ မရနိုင်တော့ပေ။

တပ်မှူးချုပ်ကျူးက စားပွဲခုံကို လက်ချောင်းများဖြင့် ခေါက်နေရင်း ဖယောင်းတိုင်မီးရောင်အောက်တွင် သူ၏ မျက်နှာက အနည်းငယ် မှောင်မိုက်နေပေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ သူက စတင် စကားပြောလိုက်သည်။

"ဒါဆိုရင် ငါက ဘယ်လို တုံ့ပြန်သင့်တယ်လို့ မင်းထင်လဲ..."

"မဖျက်ဆီးဘဲ အသစ်ပြန်တည်ဆောက်လို့ မရပါဘူး... တပ်မှူးချုပ်က လုံခြုံရေးတပ်မှူး ရာထူးကို ရလာပြီဆိုတော့ ကိုယ်ပိုင်ဆိုင်ရမယ့် အရာတွေကို ရဖို့အတွက် သူတို့ဆီကနေ ပြန်လုယူရမှာပဲ... ဒီချုံခိုတိုက်ခိုက်မှုကို အကြောင်းပြပြီး ပထမဆုံး မီးတောက်ကို စတင်လိုက်တာ ပိုကောင်းပါလိမ့်မယ်..."

အခြေအနေများ မရှုပ်ထွေးဘဲ သူက မည်သို့ အကျိုးအမြတ် ထုတ်ယူနိုင်မည်နည်း။

"ဒီညစားပွဲကို မင်း ငါနဲ့အတူ လိုက်ခဲ့..."

တပ်မှူးချုပ်ကျူးက သဘောတူခြင်း၊ မတူခြင်း တစ်ခုမျှ မပြဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဟုတ်ကဲ့ပါ…”

All Chapters